ပေတများ
Dear villagers,
This is a really touching article.
I know, I should not easily copy & post the article,
But, I terribly want to share this article with our villagers &
I want to give very distinguished information to our villagers &
I would like to know how our villagers will respond on this article.
I think, about 2 to 3 months age ,
there were a lot of arguments between Doctors & some medias ( whistle Blowers ),
At that time, vast amount of Doctors unitedly blame to those Media people.
Now, one dutiful & sensible government specialist Doctor ( Dr. Soe Min ) started to reveal the real condition of our Myanmar Healthcare System.
Our system is totally paralyzed & suffering great corruption.
It makes me really painful in my heart.
OK, please read it & suffer it yourself.
ပေတများ
ဆေးရုံဆေးခန်း ဝန်းကျင်ဆိုတာ သူနာသူသေတို့ ဝင်လာမစဲ တသဲသဲ နေကြတာမို့ အပါယ်ဘုံသား ဖုတ်ပြိတ္တာ တစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာတို့လည်း ရှိနေမှာမလွဲပဲ လို့ ထင်ကြပါလိမ့်မယ်။ ကိုယ်တိုင်ရော မြင်ဖူး၊ ကြုံဖူးပါသလားလို့ မေးရင်ဖြင့် မမြင်အပ်သော ပုဂ္ဂိုလ်သတ္တဝါများမို့ မမြင်ဖူးသော်ငြားလည်း ကိုယ့်မျက်စိထဲမှာ အရှင်လတ်လတ် မြင်မိ၊ ကြုံမိ လိုက်လေတဲ့ အပါယ်ဘုံသား ပေတများကိုတော့ ဆေးရုံတက်ဖူးသူတိုင်း ဆုံမိကြပါလိမ့်မယ်။ လူတိုင်းကို ဝါးလုံးရှည်နဲ့ရမ်းပြီး မညှာမတာ ချိုးချိုးဖဲ့ဖဲ့ မပြောချင်ပါဘူး။ ကောင်းတဲ့လူတွေလည်း ရှိတော့ရှိတာပေါ့။ ဒါပေမယ့် မကောင်းတဲ့ အဲဒီအုပ်စုတွေက တစ်နေ့တခြား ပွားများလာပြီး သူတို့ကိုယ် သူတို့လည်း အဲ့ဒီဘဝရောက်နေမှန်း မသိကြလို့ရယ်။ အဲဒီသတ္တဝါတွေကို မွေးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတဲ့ အောက်လမ်းဆရာ တစ်ချို့ကို တွေ့နေရလို့ရယ် ကြောင့် သံပုံးတီး၊ တောထုတ်လုပ်လိုက်ရပါတယ်။
အသည်းအသန်၊ နာဖျားမကျန်းဖြစ်လို့ ဆေးရုံတက်နေရတဲ့ လူနာရဲ့ အောက်ခြေသိမ်း ဝေယျာဝစ္စ နဲ့ သန့်ရှင်းရေးလုပ်ပေးရင်း သူတို့က သဒ္ဒါလို့ ကျွေးတဲ့ မုန့်ဖိုး၊ ပဲဖိုးလေးနဲ့ စားရသောက်ရတဲ့ ဆေးရုံအလုပ်သမား ဘဝဟာ တကယ်တော့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ အသက်မွေးမှုတစ်ခုပါ။ သို့သော်ငြားလည်း ပညာကမတတ်၊ အသိတရားကမရှိ၊ အသုံးချသူတွေက အသုံးချခံရရင်းကနေ မတတ်ကောင်းတဲ့ အတတ်တွေ တတ်ကုန်တဲ့အခါမှာတော့ ငရဲအိုးထဲဇောက်ထိုးကျမယ့် တသက်လုံး လူမွှေးတောင်မပြောင်ပဲ အကုသိုလ်တွေသာ အထပ်ထပ် တတ်လာတဲ့ ဘဝကို ရောက်လို့လာပါတယ်။ အထောက်အထားမရှိပဲ ရမ်းသမ်းပြီး မစွပ်စွဲပါနဲ့လို့ ပြောမှာစိုးလို့ အထောက်အထားနဲ့ပဲ ပြောပါမယ်။ သမီးကိုမွေးတုန်းက လူနာခန်းဝကနေ ခြေလှမ်း (၂၀) ပြည့်အောင် မလှမ်းရတဲ့ ခွဲခန်းထဲကိုလှည်းနဲ့ တွန်းပို့ ရတဲ့ အလုပ်သမားခဟာ တစ်ယောက်ကို (၂၅၀ဝိ/) နဲ့ လေးယောက်တွန်းရတာမို့ (၁၀၀၀ဝိ/)ပါတဲ့။ အဲဒီအချိန်က ကျွန်တော့်ရဲ့ ဆရာဝန်လစာက (၇၅၀ဝိ/-) ပါ။ ကိုယ့်ကို ဆရာဝန်မှန်းလည်း သူတို့အားလုံးသိကြပါတယ်။ ဒါပေမယ့် ကျွန်တော့် အချစ်ဈေးမဆစ်နဲ့။ အဲဒါထုံးစံပါ။ ပိုမယူပါဘူး။ ဓါတ်လှေကားနဲက သယ်ရတဲ့ အဆောင်ပြောင်းလူနာဆို ဒီဈေးနဲ့မရပါ။ ကျေနပ်လောက် အောင် မပေးနိုင်လို့ ဆောင့်ကြီးအောင့်ကြီး တွန်းတိုက်နေရင် ခွဲခန်းထဲက ထွက်ကာစ မေ့ဆေးမပြယ်သေးတဲ့ လူနာနာနေမှာစိုးလို့ စကားကြောရှည်မနေတော့ပါဘူး။ လူနာတို်း အဲဒီလိုချည်းပါပဲ။ သူတို့ကို ကြောက်လို့မဟုတ်ပေမယ့် ကိုယ်ဆက်နေရဦးမှာ သူတို့ပတ်ဝန်းကျင် မှာ ဖြစ်ပြီး ပြဿနာ မဖြစ်ချင်တာနဲ့ ပေးသွားကြတာပါပဲ။ နှမျောတွန့်တိုတဲ့စိတ်တော့မရှိပါဘူး။ ဒါပေမယ့် စေတနာတော့ တစက်မှမရှိတာအမှန်ပါ။ အလုပ်သင်ဆရာဝန်ဘဝကတည်းက ကြုံတွေ့ခဲ့ရတဲ့ အဲဒီလိုလူမျိုးတွေဟာ အခုကိုယ့်လုပ်သက် (၁၅) နှစ်ကျော်လာတဲ့ အထိလည်း ပျောက်မသွားပါဘူး။ တင်းတင်းကျပ်ကျပ်ကိုင်တွယ်တဲ့ အုပ်ချုပ်သူ လက်ထက်ရောက်ရင် ခဏငြိမ်သွားတယ်။ နောက်တော့ရောဂါဟောင်း ပြန်ပေါ်တာပါပဲ။
လောက်ကိုင်ကို ရောက်တဲ့အခါ ပထမဦးဆုံး ခွဲစိတ်ရတဲ့ လူနာဟာ အူကျရောဂါနဲ့ ဦးပဇ္ဇင်းလေးတစ်ပါးပါ။ သံဃာတော်လည်းဖြစ်တာမို့ ဆေးဖိုးဝါးခကလွဲလို့ ဘာအထောက်အခံမှ မရှိပါစေနဲ့လို့ မှာထားတဲ့ကြားက နောက်မှ သတင်းပြန်ကြားတဲ့အခါ “အပြင်မှာ ခွဲတာနဲ့ဘာမှမထူးဘူး” လို့ ဆိုပါသတဲ့။ သေချာပြန်မေးကြည့်တော့ ခွဲခန်းအထွက်မှာ အဝတ်လျှော်ခ အလုပ်သမားတစ်ယောက်က တရုတ်ငွေ (၁၀၀) ယွမ်နဲ့ လေးယောက်စာ တောင်းသွားပါသတဲ့။ မြန်မာငွေ ခြောက်သောင်းခွဲလောက် ကျပါတယ်။ ချက်ချင်း အစည်းအဝေးလုပ်ပြီး အားလုံးခေါ်စစ်တော့ “လူနာက သထာလို့ ပေးတာ၊ မယူရဘူးလား”တဲ့။ အစည်းအဝေးပြီးတာနဲ့ ငိုယိုတောက်ခေါက်နေကြပြီ။ “ချဉ်ပေါင်နဲ့ ဝက်သား လဲချင်သပဆိုလည်း လဲပလိုက်မယ်။ သူသာမှန်အောင်နေပါ” “သူသာမှန်အောင် နေပါ” လို့ ကြိမ်းသဗျား။ ဆရာဝန်ကို အဲသလို ကလန်တဲ့ အလုပ်သမားများဟာ သူတို့ကို အုပ်ချုပ်တဲ့ ဆေးရုံအုပ်ကိုရော ဘယ်လိုဆက်ဆံတယ်ထင်ပါသလဲ။ ရွာတွေကို ကာကွယ်ဆေးထိုး ဆင်းတုန်းက အကူလိုက်သွားရတဲ့ ပိုက်ဆံတွေခွဲမပေးလို့ဆိုပြီး အိမ်ရှေ့ကစောင်းဆဲကြတာပါ။ ရဲစခန်းတိုင် အမှုဖွင့်ရုံပဲ ရှိတော့တာမို့ အဲဒီအလုပ်တော့မလုပ်ခဲ့ပါဘူး။
သူတို့တတွေ ဘာဖြစ်လို့ ဒီလိုသောင်းကျန်းရသလဲဆိုတာကတော့ ဆရာဝန်တွေအကြောင်းကို နောကျေနေလို့ပါ။ ရောက်တာနဲ့ လူနာတွေလူနာစောင့်တွေကို ကိုယ့်ဆီခေါ်လာမယ်။ အတင်းတနဲတော့ ခိုင်းမယ်။ ဒီဆရာဝန် အချိုကြိုက်သလား၊ အချဉ်ကြိုက်သလား အကဲခတ်တယ်။ကိုယ်က သူတို့က မမွေးရပဲ သူတို့က အရင်ကိုယ့်ကို မွေးယူပါလိမ့်မယ်။ သူတို့ကို သရဲမွေးသလို မွေးပြီး မြှောက်စား၊ ဟောက်စားလုပ်မယ့် ဆရာဝန်တွေနဲ့ တွေ့လို့များကတော့ ပွဲသိမ်းတာပါပဲ။ ပညာတွေအများကြီးတတ်ထားတဲ့ ဆရာဝန် ကိုယ်နှိုက်က ဆင်ခြင်တုံတရားမရှိမှတော့ ဘာပညာမှမတတ်တဲ့ အလုပ်သမားတွေ ဘယ်လောက်ထင်တိုင်း ကြဲကြမယ်ဆိုတာ တွေးသာကြည့်ပါတော့။ အဲဒီလို မကင်းရာမကင်းကြောင်း ရှိခဲ့သူများဟာ စောစောကပြောခဲ့သလို အရက်မူးပြီး ကလော်တုပ်နေတော့လည်း မကြားချင်ယောင် ဆောင်နေကြရတာပေါ့။ ကျောင်း ဒရဝမ်တိုင်လိုက်လို့ မြို့နယ်ပညာရေးမှူးကြီး ပြုတ်သွားတဲ့ အဖြစ်မျိုးတွေကို လေးတန်းလောက်ကတည်းက မြင်ဖူးထားပြီးသားပါ။ အဲ့ဒါကြောင့် ဆူးကြားက ဗူးခါး ဘဝမျိုးမရောက်အောင် သရဲလည်း မမွေးကြပါနဲ့။ သရဲက ကျွေးတဲ့မွေးတဲ့ အပင်းတွေလည်း မဝင်ပါဝေနဲ့လို့ သတိပေးချင်ပါတယ်။
အားလုံးကို မကောင်းဘူးပြောလို့တော့ မတရားဘူးပေါ့။ သူတို့ထဲမှာလည်း ကောင်းတဲ့သူတွေရှိသလို အဲဒီမကောင်းတဲ့လူတွေလည်း ထိမ်းသိမ်းအုပ်ချုပ်တဲ့လူ ကောင်းရင်တော်ရင် လူကောင်းပြန်ဖြစ်သွားပါတယ်။ ပညာမတတ်တဲ့သူကို လိမ္မာအောင် အုပ်ချုပ်ရတာ သွန်သင်ရတာဟာ ပညာတတ်ကြီးတွေကို ရေကင်းပြရတာလောက်မခက်ခဲပါဘူး။ ဒါပေမယ့်လည်း သူတို့ကို ထိန်းသိမ်းကွပ်ကဲအုပ်ချုပ်ပဲ့ပြင်ပေးမယ့်သူဆိုတာ သိကြားမင်းကြီးရဲ့ ဝရဇိန် လက်နက်လိုပါပဲ။ ရှိမှရှိပါမလားလို့ သံသယဖြစ်မိတာအခါခါပါ။ မကောင်းတဲ့ အကျင့်ဆိုတာမျိုးဟာ ကူးစက်ရောဂါတွေထက်ကို အကူးအစက်မြန်တတ်တော့ သူတို့အကျင့်တွေက သူတို့ကို အတက်က လူတွေဆီကို ကူးကုန်တာ မကြာခဏပါ။
အတန်းဖော် သူငယ်ချင်းတစ်ယောက်ဟာ ကရင်ပြည်နယ်နယ်စပ်က မြို့လေး တစ်မြို့မှာ တာဝန်ကျတဲ့အခါ လက်ယားယားနဲ့ လာသမျှ ထိုင်ခွဲလို့ချည်း နေခဲ့ပါတယ်။ တစ်နှစ်လောက်နေလို့ အတိုင်အတောတွေ တက်လာတော့မှ သူခွဲထားသမျှကို ဘောက်ချာဖြတ်သိမ်းနေတဲ့ အပြာဝတ်ကြီးက တိုက်ဆောက် ကားစီးပြီး တာ့တာပြလို့ အလုပ်ထွက်သွားပါတယ်။ ချိန်ခွင်ပေါ် တက်ထိုင်လောက်အောင် အတဲ့ ဆရာဝန်တွေကလည်း သိပ်တော့ မရှားလှပါဘူး။ အဲဒါကြောင့် ခွဲစိတ်ဆရာဝန်ဖြစ်လာရတဲ့ ဘဝမှာ ကိုယ့်ကို လက်ညိုးထိုးပြီး ရောင်းစားမယ့် ဓါးပြများလို နင်တစ်စုငါတစု ဝေနံချစားမယ့် သူတွေကို အင်မတန် ကြောက်ပါတယ်။ ဒါကြောင့် ဘူတန်မှာသွားအလုပ်လုပ်တာပါ။ အဲဒီမှာ ဒီကိစ္စတွေ ဘာမှ မရှိတော့ အနည်းဆုံး နှစ်နှစ်တော့ အကုသိုလ်လည်းကင်း စိတ်လည်း ချမ်းသာခဲ့ပါတယ်။
ဒီလိုလူတွေ ဘာလို့ ဒီလိုရှိနေရတာလည်းလို့ အရင်းစစ်ရင်တော့ အမြစ်မြေကလို့ပဲ မြင်ဦးမှာပါ။ အပြင်ဆေးခန်းကြီးတွေမှာလည်း ဒဒီလိုပဲ ခွဲစိတ်ကုသလုပ်ကိုင်နေကြတာပါပဲ။ ဘယ်မှာပြဿနာ တက်လို့တုန်း။ ဘယ်သူက ကြားထဲက ဝင်တောင်းရဲလို့တုန်း။ ဆေးရုံတွေမှာကျတော့ ဆေးဝါးပစ္စည်း ကိရိယာ လိုအပ်သမျှကို အပြင်ကဝယ်ယူရတာ ပြဿနာမရှိပါဘူး။ ဝန်ဆောင်မှုပိုင်းရောက်တဲ့ အခါကျတော့ “မယူရဘူး” နဲ့ “ကျေးဇူးသိတတ်တာပါ” ဆိုတာနဲ့ အကြားက ဝေဝါးဝါးနယ်ပယ် တစ်လျှောက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေရတာပါပဲ။ ဒါဆိုလည်း ရှင်းပါတယ်။ ကင်းအောင်နေလိုက် ကြတာ ပေါ့လို့ ပြောလို့လည်း မရပြန်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ လုပ်ရတဲ့ အလုပ်ဟာ ကိုယ်တစ်ယေက်တည်းနဲ့ ပြီးတဲ့ ကိစ္စမဟုတ်ပေတော့ ကိုယ်ကကင်းပေမယ့် သူများကိုလည်း ကြည့်ရပါသေးတယ်။ “ဌာန အကြီးအကဲဆိုတာ လက်အောက်ငယ်သားကို စားပေါက်ပိတ်အောင် မလုပ်ရဘူး။ ရှာကျွေးသင့်တာပေါ့” ဆိုတာ သူတို့ဟာသူတို့တစ်ထစ်ချယုံကြည်ထားတာပါ။ “ဒီလခနဲ့ သတာင်တောက်အောင် စားနိုင်လို့လား” လို သိသိသာသာအသံတွေ ပေးကြပြန်ပါတယ်။
နောက်ဆုံးတော့ ဆေးရုံမှာ လုပ်ရကိုင်ရတာတွေ အဆင်မချောတော့ပါဘူး။ လူနာက အဆောင်ထဲမှာ ကလေးခေါင်းထွက်လာလဲ ဆရာဝန်ခေါ်မပေးတော့ဘူး။ အရေးပေါ် ခွဲရစိတ်ရမယ်ဆိုရင်လည်း ဘယ်သူမှ အကူဝင်မပေးတော့ဘူး။ “ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွား မကျောင်းနိုင်ဘူး” ပြောင်ပြောင်ပြောလွှတ် ပါတယ်။ အဲဒါကိုယ်က သူတို့ ပြန်ပြီး တိုင်ရတောရလောက်အောင် အတင်းဝင်မထားလိုသာပါ။ သူတို့နဲ့ အပြိုင် ကျားစီး ဖားစီး နဘား ပါးယားရိုက်စားနေတဲ့သူဆို အားလုံးလက်မှတ်တွေထိုးပြီး တိုင်လိုက်ကြတာ မလေးရှား ရောက်သွားရော။ ရှိသမျှ ဘုရားသခင်တွေအားလုံးကို တိုင်တယ်ပြီး ပြောဝံ့ပါတယ်ဗျာ။ ငါသာ ဘကောင်း ဘယ်သူမှ မကောင်းဆိုတဲ့ စာမျိုးတွေ တစ်လုံး တစ်ပါဒမှ မရေးလိုပါဘူး။ ကျက်သရေယုတ် လွန်းလို့။ ကိုယ့်ကိုယ်ကိုလည်း ကောင်းတယ်လို့ ဘယ်တုန်းကမှ မမြင်ပါဘူး။ ဒါပေမယ့် ဒီအကြောင်းတွေ ဟာ ဆရာဝန်နဲ့ လူနာ၊ လူနာရှင်တွေအကြားမှာ သောက်ကျိုးနည်းလောက်အောင် နားလည်းမှုတွေ လွဲမှားကုန်တာမို့လို့ ဆရာဝန်နေရာကနေပြီး ဝင်တွေးကြည့်နိုင်အောင် သဘောကိုပြောပြတာပါ။
တစ်ခုတော့ စဉ်းစားကြည့်စေချင်ပါတယ်။ မြန်မာပြည်မှာ အချမ်းသာဆုံးဆိုတဲ့ ဆရာဝန်တွေ မြင်ဖူးပါလား။ ဘယ်နှစ်ယောက်လောက်များရှိပါလိမ့်။ သူတို့တစ်သက်လုံး ရှာဖွေစုဆောင်းထားသမျှတွေ ဟာ အရာကျသွားတဲ့ လူကြီးတစ်ယောက်နဲ့ မယားငယ်အိမ်က ပိုင်ဆိုင်မှုလောက်တောင် မရှိပါဘူး။ မယုံရင် အဲဒီပစ္စည်းတွေ လေလံပွဲလုပ်တာ ရောက်ဖူးတဲ့သူကိုမေးကြည့်။ အင်္ဂလန်မှာ အဋ္ဌမမြောက် ဟင်နရီဘုရင်က ဆာသောမက်စ်မိုးကို သက်သေလိမ်နဲ့ ပြစ်ဒဏ်ဒီရင်တဲ့အခါမှာ သောမက်စ်မိုးက အဲဒီ သက်သေရဲ့ ရင်ဘတ်က တံဆိပ်ကလေးကို “အဲဒါ ဘာပါလိမ့်” လိုမေးသတဲ့။ “ဝေလနယ်ရဲ့ တရားသူကြီး ရာထူး” လို သိလိုက်တဲ့အခါကျတော့ “ဪ . . . ဝေလနယ်ကလေး တစ်နယ်အတွက်နဲ့များကွယ်” လို ဆိုပါသတဲ့။ အမှန်တရားအတွက်ဆိုရင် ကမာ္ဘကြီးတစ်ခုလုံးနဲ့တောင် မလဲရဘူး မဟုတ်လား။ ဝေလနယ် ဆိုတာ တကယ်တော့ မသေးလွန်းဘူးလားခင်ဗျာ။
12 comments
PaukPhaw
August 14, 2011 at 6:47 pm
ပေတတွေကတော့ ပြောမနေပါနဲ ့တော့
နေမကောင်းလို ့သေမလား.ရှင်မလား..ဘုရားတနေရတဲ့ လူနာတွေကို သိန်းထောင်ချီပေါက်လို ့
ပျော်ပွဲစားထွက်လာတဲ့ သူတွေအလား စိတ်ထဲ နှလုံးသွင်းပြီး..သကာလ..
လူနာဆောင်ထဲ စဝင်တယ်ဆိုတာနဲ ့ပဲ..ပါးစပ်နှင့်မပြော..လက်သဘောနဲ ့ပဲ..လှေခါးကို လှမ်းတာလေ၏..
တစ်ခါမှလဲ မရောက်ဖူးလို ့..ဘုမသိဘမသိနဲ ့..”ဘာရဲ တိုရီး “ဆိုပြီး မေးတော့မှ..
“နှစ်ရာမပါရင် မတက်နဲ ့” ချိုပဲ….
အဲတော့မှ..သဘောပေါက်ပြီး..”ဪ…ဝုတ်ကဲ့” ဆိုပြီး ၃ ယောက်စာ ၆ ရာကျပ်ပေးခဲ့ရပါတယ်
စိတ်ထဲကတော့.igvdk;rom;၊ESrvdk;av;၊vD;aumif လို ့ပဲ ကြိတ်ဆဲခဲ့ရတယ်..
pan pan
August 15, 2011 at 10:35 am
စရိတ်မျှပေးကျန်းမာရေးတဲ့
မျှဝေပေးကြရတာပေ့ါ
ဆေးရုံမှာ သူတို့က ရာဂဏန်း ထောင်ဂဏန်းလောက်ပဲရတာပါ
သူတို့ဘက်လိုက်ပြောတာမဟုတ်ပါ
တွေးကြည့်တော့လည်း ဒါလေးပဲအောက်ဆိုဒ်ဆိုတော့ကာ….
ငွေမရတော့ ဘယ်ကျေနပ်မလဲ
ဒီလိုပဲ အောက်ခြေကနေ အထက်အထိ သူ့အဆင့်အလိုက် “စရိတ်မျှပေး”ရတာ ထုံးစံပါပဲ
thit min
August 14, 2011 at 7:05 pm
Hospitals change becoming like a dacoit-place. Does the poverty makes the poor morality??
captainamerica
August 14, 2011 at 7:24 pm
အစ်ကိုပြောတာတွေက အပြင်မှာဖြစ်နေတာကြာပေ့ါ….ကိုယ်တွေ.ခံစားရလို.တော်တော်လည်းပေါက်ကွဲပြီး
သာွးဖူးပါပီ….စိတ်ပျက်စရာတွေပဲဗျာ…………..
hmee
August 14, 2011 at 9:21 pm
သားလေးမွေးတော့ ကျွန်မလည်း ကြားဖူးတာတွေနဲ့ ကြောက်ပြီး ယောက်ကျားရော အမေ့ကိုရော ပြောထားတယ်။ တောင်းသလောက်ပေးလိုက်လို့ မတော် ဆောင့်ကြီးအောင့်ကြီးတွန်းရင် ကိုယ်ပဲနာမှာလေ။ ကိုယ်တော့ ဘာပြသနာမှ မကြုံခဲ့ဖူး။ သူငယ်ချင်းကတော့ ကြုံခဲ့လို့ တော်တော် စိတ်ဆင်းရဲရတယ်ဆိုပဲ။ ဈေးရုံတက်ရင် လက်ဝတ်လက်စား ဝတ်မသွားနဲ့တဲ့ အဲ့ဒါတွေ မြင်ရင် ငွေပိုညှစ်တယ်တဲ့။
windtalker
August 14, 2011 at 9:43 pm
အေးဗျာ
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်ဗျာ
အဲ့လောက်ကြီး
ဆိုးဝါး စုတ်ပဲ့နေ ပြီ ဆိုတာ
အခု မှ ပဲ သိရတော့တယ်
အဲဒီလူတွေ ကို
အမြန်ဆုံး ရှင်းထုတ် နိုင်မှသာ
ပြည်သူ ့ဆေးရုံဆိုတာကို
ပြည်သူ က ပြန်လည် ယုံကြည် အားကိုးလာကြလိမ့်မယ် လို ့ထင်ပါတယ်
pooch
August 14, 2011 at 10:59 pm
အဲ့ဒီအကြောင်းတွေက တစ်ထောင့်တစ်ည ပုံပြင်တွေလိုပါပဲ..ရက်မှသည်လ လမှသည်နှစ် ခုချိန်ထိလည်း မရိုးသေးဘူး..ပြောတဲ့သူတွေ ပြောလည်း လုပ်တဲ့သူတွေ လုပ်နေဆဲပါပဲ..
Foreign Resident
August 15, 2011 at 2:06 am
သမီးကိုမွေးတုန်းက လူနာခန်းဝကနေ ခြေလှမ်း (၂၀) ပြည့်အောင် မလှမ်းရတဲ့ ခွဲခန်းထဲကိုလှည်းနဲ့ တွန်းပို့ ရတဲ့ အလုပ်သမားခဟာ တစ်ယောက်ကို (၂၅၀ဝိ/) နဲ့ လေးယောက်တွန်းရတာမို့ (၁၀၀၀ဝိ/)ပါတဲ့။
ကိုယ့်ကို ဆရာဝန်မှန်းလည်း သူတို့အားလုံးသိကြပါတယ်။ ဒါပေမယ့် ကျွန်တော့် အချစ်ဈေးမဆစ်နဲ့။ အဲဒါထုံးစံပါ။
Foreign Resident
August 15, 2011 at 6:22 am
Interesting comment on Face Book,
Aung Sann Oo
ဆရာစိုးရေ..။ ခေတ်..ဗျ။ ခေတ်..။ ငရဲမကြောက်သူတို့ ခေတ်မှာ ပေတတွေ ပွားတာ ဘာဆန်းသလဲ။ အရင်ခေတ်က အလုပ်သမားကြီးတွေက မတရားတဲ့ငွေကို မစင်ဘင်ပုပ်လို စက်ဆုပ်ကြသူတွေပါ။ သံသရာ အပါမခံကြသူတွေပါ။
မန္တလေး ပြည်သူ့ ဆေးရုံ ဖျားနာကုသဆောင် (၃)က ဦးလေးကြီး ဦးသန်းထွန်းရဲ့ အကြောင်းကို ဆရာ ဦးအောင်ကြီး စာတစ်ပုဒ် ဖွဲ့ဖူးပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ အဘကွန်းတို့၊ ကြန်ကြန်တို့ ဆိုတဲ့ အလုပ်သမားကြီးတွေလည်း အဲဒီလိုဘဲ။
အလုပ်သမားတွေပေမယ့် ဆရာဝန်၊ ဆရာမတွေကို်ယ်တိုင်က ဦးလေးကြီးတို့၊ အဘကွန်းတို့လို့ တလေးတစား အခေါ်ခံရတာ၊ ကြန်ကြန်လို့ ချစ်စနိုးအခေါ်ခံရတာ သူတို့မှာ လေးစားစရာ ဂုဏ်သိက္ခာ ရှိလို့ပေါ့နော။
မနက် (၇)နာရီ မထိုးခင် ဆေးရုံရောက်တယ်။ မြင်သမျှအလုပ် ကုန်းရုန်းလုပ်တယ်။ အခိုင်းမစောင့်ဘူး။ မကပ်သပ်ဖူး။ လူနာစောင့်မရှိသူအတွက် ဆန်ပြုတ်၊စွပ်ပြုတ် ပြေးဝယ်ပေးဖို့လည်း ခြေမနှေး။ အဲဒီကာလက မုန့်ဖိုးလေး တစ်ကျပ်၊ နှစ်ကျပ်ပေးရင်ကို သူတို့မှာ အားနာလို့၊ ကျေးဇူးတင်လို့ မဆုံး။ သွေးလိုပြီဆိုရင် နေပူစပ်ခါးမရှောင် စက်ဘီးလေးဆွဲပြီး ဆေးရုံအရှေ့ထိပ် အနောက်ထိပ် ပြေးယူတယ်။ နေပူရင် သွေးပုလင်းပူသွားမှာ စိုးလို့တဲ့။ ကျွန်တော်တောင် သူ့လို မစဉ်းစားဖူးဘူး။ ကြည့်လိုက်ရင် လုံချည်လေးတိုတို ဝတ်ပြီး လက်ထဲမှာ တံမြက်စည်းတစ်ချောင်းနဲ့ နားနေတယ်လို့ကို မရှိတာပါ။ ပြောရရင် ကုန်စရာလည်းမရှိ၊ ယုံစရာလည်း မရှိ။
ကြန်ကြန်ပြောဖူးတယ်။ ဒီ(၃)လတော့ သားဖွားဆောင် ခန သွားလိုက်ဦးမယ်နော်၊ ဟိုမှာက မီးနေဝတ်လေး ဘာလေးလျှော်ရတော့ ငွေပိုလေးရရင် ကလေးကျောင်းဖွင့်ချိန် စာအုပ်ဖိုးလေး၊ ကျောင်းဝတ်စုံဖိုးလေး ကာမိတာပေါ့..တဲ့။ လုပ်အားနဲ့ မရင်းနှီးရတဲ့ မတန်မရာပိုက်ဆံကို လုံးဝကို မလိုချင်ကြတာဗျ။ ဆရာစိုးရဲ့စာကို တမလွန်ကနေ သူတို့ဖတ်ရရင် ရင်နာကြရှာမှာ။ အရင်ခေတ်ကို လွမ်းလှတယ်
ကြောင်ကြီး
August 15, 2011 at 8:45 am
ဦးဖောရင်းကြီးက ဒေါက်တာစိုးမင်းနဲ့ ဘာတော်သလဲ။ သူ့စာတွေကို တခုတ်တရ တင်ပေးတာ သတိထားမိလို့။ အပြုသဘောနဲ့မေးတာပါ၊ ဆရာစိုးမင်း စာတွေ ဖတ်ရတာ သုတ၊ ရသ နှစ်မျိုးစလုံးရလို့ နှစ်ဦးစလုံးကို ကျေးဇူးတင်ပါသည်။
Foreign Resident
August 16, 2011 at 2:45 am
Dear ကြောင်ကြီး ,
I am barely a fan of Dr. Soe Min in Face Book, that’s all. 😛
For your information,
Dr. Soe Min’s Notes will become a book, soon,
if Burmese Book Censor Board (စိစစ်ရေး) allowed. 😛
Myo Tha Htet
ဆရာစိုးက သူ့စာတွေ မဂ္ဂဇင်း၊ ဂျာနယ်မှာ ထည့်ဖို့ ကောင်းတယ်။ လုံးချင်းတွေလည်း ထွက်သင့်တယ်။ သူက တွန့်နေတယ်ဆိုလည်း အယ်ဒီတာတွေ ထုတ်ဝေသူတွေကလည်း တောင်းသင့်၊ ထည့်သင့်၊ ထုတ်သင့်တယ်။
Atta Kyaw
ဟုတ်ကဲ့ပါ ဆရာ Myo Tha Htet ။
ကျွန်တော် တောင်းထားလို့ ဆရာစိုးကလည်း ပေးထားပြီးပါပြီ။ ပထမ တစ်အုပ်စာ စုစည်းထားနှင့်ပြီးပါပြီ ခင်ဗျာ။ မကြာခင် စိစစ်ရေးတင်နိုင်အောင် ကျွန်တော့်စာအုပ်တိုက်က လုံးပမ်းလျက် ရှိကြောင်းပါ။
MaMa
August 15, 2011 at 8:58 am
သူငယ်ချင်းဆရာဝန်တစ်ယောက် သူ့အလုပ်သမလေး ကလေးမွေးတော့ လိုက်သွားတယ်။ သူတို့မှာ မရှိရှာရတဲ့အထဲ ခွဲမွေးရမယ်ဆိုတော့ ကောင်မလေးက သူငယ်ချင်းကို ဆရာမ ဘယ်လိုလုပ်ရမလဲမေးတော့ ဆေးရုံကလည်း ဆရာဝန်မှန်းသိသွားတယ်။ အဲဒီတော့ နာ့စ်က အမလည်း ဆရာဝန်ဆိုတော့ သိမှာပေ့ါလို့ ပြောတယ်တဲ့။ ဆိုလိုတာက ဘယ်သူ့ကို ဘယ်လောက်ပေးရမယ် ဆိုတာကို ပြောတာ။
🙁