သန်းကြွယ်သူဌေးအစစ် (Fwd message တခုကရတာပါ သဘောကျလို့ share လိုက်တယ်နော် ။ )
အဖိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေလမ်းလျှောက်နေတဲ့ တစ်နေ့ မှာပေါ့။ အဖိုးအိုဟာ လမ်းမှာ လူငယ်တစ် ယောက် နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဖိုးအိုကမေးလိုက်တယ်။ ” ကလေး.. မင်းဘာဖြစ်နေတာလည်းကွ..ဟေ။ မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဖိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဖိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
” ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။ နေစရာ အိမ်လည်းမရှိ။ သား မယားဆိုတာကတော့ ဝေလာဝေး။ အလုပ်ကလည်း မရှိတော့ ဝင်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့။ ရေသောက် ဘိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ။ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ” ..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဖိုးအိုက ပြုံးရယ်ပြီး..
” မင်းက.. တကယ့် ငတုံး အရူးဘဲကွ..ဟေ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး။ ဘာလို့လည်း ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးလို့ဘဲကွ “
လူငယ်လည်း အဖိုးအို စကားကြောင့် တအံ့တဩ ဖြစ်မိပြီး ” ဘာလို့လည်းအဖိုးရ။ အဖိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။
” အေးလေကွာ။ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်..မင်းမသိဘူးလား ” လို့ အဖိုးအိုက ပဟေဌိ ဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။
ဒီတော့ လူငယ်က ” သန်းကြွယ် သူဌေး ဟုတ်လားအဖိုး..? ကျွန်တော့်လို ကောင် ငမွဲကို အဖိုးက လှောင်နေတာလားဗျာ ” လို့ ဝမ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဖိုးက ..
” မင်းကို ငါဘယ်လှောင်ရက်ပါ့မလည်းကွယ်။ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ။ ဖြေကြည့်စမ်းပါဦး ” အဖိုးအိုက ဒီလိုလည်းပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။
” ဘယ်လို မေးခွန်းများလည်းခင်ဗျာ။ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”
အဖိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။
” မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်။ မင်းငါ့ထက် ပိုအိုသွားမှာပေါ့ကွာ။ မင်းရောင်းဖို့ သဘောတူမလား ” ။
လူငယ်က ခေါင်းခါပြီး ” သဘောမတူဘူး ” လို့ ပြောလိုက်တယ်။
” ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား ” ။
” ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးအဖိုး “လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။
” ဒါဆို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်။ မင်းကတော့ ငါ့လို အရည်တွန့် မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့ ။ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က ” လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘော မတူနိုင်ဘူး အဖိုး ” လို့ ပြောလိုက်တယ်။
” အင်း.. နောက်ထပ်နှစ်သိန်း တိုးပေးမယ်။ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဉာဏ်တွေ ငါဝယ်ယူမယ်။ ဘယ့်နှယ့်လဲ ” လို့ပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး ” အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ ” လို့ ပြောပြီး လှည့်ထွက် သွားမလို့လည်း လုပ်ရော အဖိုးအိုက…
” ခဏလေး နေပါဦးကွယ်။ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်။ မင်း လူတွေကို သတ်ပေးရမယ်။ အိမ်တွေကို မီးတင်ရှို့ပေးရမယ်။ မင်းရဲ့ စိတ်ကောင်း နှလုံးကောင်းကို ဝယ်ယူတဲ့ သဘောပေါ့။ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ပြောပြန်တယ်။
ဒီတော့ လူငယ်က ” ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဖိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။
” အေးကွယ်.. ကောင်းပါပြီ။ စောစောက မင်းကို အဖိုး ဆယ်သိန်းဈေးပေးပြီး ဝယ်ပေမယ့် မင်းကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း။ မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား။ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့။ ပြောစမ်းပါဦး။ “
အဖိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဉာဏ်ထဲ လင်းကနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေး တဲ့ အဖိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာဘဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။
အဲ့ဒီ အချိန်ကစပြီး လူငယ်ဟာ ဘယ်တော့မှ သက်ပြင်းချ ညည်းတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘဝ တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့တယ်။
3 comments
kopauk mandalay
May 11, 2010 at 8:05 am
စာထဲမှာတော. မှန်ပါတယ် ဝယ်မယ်ဆိုရင်ရောင်းလို.မရသလို
ရောင်းမယ်ဆိုရင်လဲ ဝယ်သူမရှိလောက်ဘူးနော်။
zinkokothant
May 11, 2010 at 10:40 am
အင်း…..စဉ်းစားစရာပဲ
susunosuki
May 12, 2010 at 7:19 am
သိပ်ကောင်းတဲ့ ပိုစ့်ပါ
ကျွန်တော်ဆို ချက်ချင်းပဲ ချမ်းသာသွားတယ်