ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၃)
ဗိုလ်ချုပ်အတော်နေထိုင်မကောင်းဖြစ်ပြီဆိုတော့ ထုံးစံအတိုင်း ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီပေါ့။ နေမကောင်းတာက အမှန်ကတော့ ဝမ်းချုပ်တာပါ။ ဒီတော့ ဖျားလည်းဖျားတော့တာပေါ့။ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းဟာ ဒီသတင်းကိုရတာနဲ့ သူနာပြုဆရာမတစ်ဦးကို ဗိုလ်ချုပ်ကိုပြုစုဖို့လွှတ်လိုက်ပါတယ်။ သိပ်မကြာပါဘူး၊ သူနာပြုဆရာမလေးဟာ ရှိုက်ကြီးတငင်ငိုပြီးပြန်လာပါတယ်။ သူ့အပြောကတော့ ဗိုလ်ချုပ်က ဆဲလွှတ်လိုက်တယ်ပြောပါတယ်။ နောက်ဘယ်လိုချော့မော့ လွှတ်လွှတ် မသွားတော့ပါဘူး။ ဒီအချိန်မှာ ဒေါက်တာဘသန်းဟာ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ပြီးလွှတ်လိုက်ပါတယ်။ အဆင်ပြေသလားမပြေသလားတော့မသိဘူး၊ တော်တော်နဲ့ကို ပြန်မလွှတ်တော့ပါဘူး။ ဒီလိုနဲ့ပဲ ဒေါ်ခင်ကြည်ဟာ နေ့စဉ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်မသွားတဲ့နေ့ဆိုရင်တောင် တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တဲ့အဆင့်ကိုရောက်လာပါတယ်။ နေကောင်းသွားတဲ့အချိန်မှာ ယခင်က မှုံကုတ်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာဟာရွင်လန်းအသက်ဝင်လာပါတယ်။ တစ်ခါမှ မလာဖူးတဲ့ ဆေးရုံကြီးဘက်ကို လမ်းလျှောက်လို့ လာပါတော့တယ်။
ဒီဆေးရုံကြီးမှာက ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်ရီညီအစ်မနှစ်ဦးစလုံးသူနာပြုအလုပ်လုပ်ကြပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ်ဖက်ကဖြစ်ပါတယ်။ ရန်ကုန်ရောက်ခါစမှာတော့ ဗဟန်းမှာ အခန်းငှားပြီးနေပါတယ်။ နောက်ပိုင်းမှာတော့ ဆေးရုံကြီးမှာပဲ ပြောင်းရွှေ့နေထိုင်ပါတယ်။ သူတို့နှစ်ဦးနေတဲ့အခန်း က အဆောက်အဦရဲ့ အနောက်တောင်ဘက်အရပ် အပေါ်ဆုံးထပ်မှာဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီအခန်းကို အတော်ရှာရပါတယ်။ နောက်ဆုံးတော့ရှာတွေ့ပါတယ်။ အဲဒီအခန်းရဲ့ အရှေ့နားမှာ ကော်ရစ်ဒါအကျယ်ကြီးရှိပါတယ်။ ဒီကော်ရစ်ဒါကတော့ ဗိုလ်ချုပ် ရည်းစားရှာခဲ့တဲ့နေရာဖြစ်ပါတယ်။ ညနေမှောင်ရီဝိုးတဝါးမှာ ဗိုလ်ချုပ်ဟာ ဒီကော်ရစ်ဒါကိုလာပါတယ်။ ဒေါက်တာ ဘသန်းဟာ အဆိုအတီးကောင်းသူတစ်ဦးဖြစ်ပါတယ်။ ဒါနဲ့ ဒီကော်ရစ်ဒါမှာထိုင်ကြပြီး စိန်ခြူးကြာညောင်သီချင်းကို သီဆိုကြပါတယ်။ သစ်ပင်ကြီးတွေကလည်းအုပ်ဆိုင်းနေ၊ တေးဂီတကလည်းမြိုင် ချစ်ရသူကလည်းနံဘေးနားမှာထိုင်နေဆိုတော့ ဗိုလ်ချုပ်အတွက် ဘဝမှာ အကောင်းဆုံး အချိန်လေးလို့တောင်ဆိုနိုင်မယ်ထင်ပါတယ်။
7 comments
forever
August 21, 2011 at 6:06 pm
ခင်ဗျားရဲ.စာတွေကိုဖတ်ရတာ
ကျေးဇူးအရမ်းတင်တယ်ဗျာ
asiamasters
August 21, 2011 at 6:10 pm
ကျွန်တော့်စာတွေကိုဖတ်တဲ့အတွက်လည်း ကျွန်တော် က forever ကို ကျေးဇူးတင်ပါတယ်။
ဆူး
August 21, 2011 at 8:01 pm
အချစ်ရေး ဇတ်လမ်းလေး အခုလို သေချာ မသိပါဘူး။
ကြားဖူးတာ နေမကောင်းလို့ ဆေးရုံတက်ရင် သူနာပြုနဲ့ ကြိုက်တာလောက်ပဲ သိတယ်။
ကောင်းတယ် ကောင်းတယ်။
မသိသေးတာတွေ အများကြီး ရှိသေးတာ စောင့်ဖတ်ပေးနေမယ်။
စုန်းထီး
August 21, 2011 at 8:32 pm
ဗိုလ်ချုပ်ဆိုတာ..
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ဝန်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ဝန်ကြီးချုပ်
– ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် – ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘဝ၊ လူ့ ဘဝရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေက အဖုံဖုံ
အသက်က ၃ဝ မရှိတရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမဝင်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် –
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
– ငါတို့ အားကိုးပါရစေ – ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
– ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ – ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
– ငါတို့ စွန့်ပါရစေ – ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ဝိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇဝင်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်…။
– မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
မောင်ဘလိူင်
August 22, 2011 at 11:07 am
ဗိုလ်ချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ မှာ ၉၆နှစ်ပြည့်ခဲ့ပြီလေ။
စုန်းထီး
August 22, 2011 at 11:14 am
ဒါက လွန်ခဲ့တဲ့ ၃ နှစ်က စာလေး
မူရင်းအတိုင်း ပြန်ကူးပေးလိုက်တာ … 😛
manawphyulay
August 22, 2011 at 11:15 am
ဖတ်ကောင်းတုန်း ဇာတ်လမ်းလေးက ဘယ်လိုဖြစ်ပြီး ရပ်သွားပါလိမ့်… ရှေ့ဆက်ဘာဖြစ်သေးလဲ