ဒို့ဘာသာ (၁၁) သူတို့က ဒီလို

ashinindakaAugust 30, 20114min1962

ဘီစီ ၂၃၅ (၂၃၆) ခန့်မှာ ဘုရားရှင်ဟောကြားခဲ့တဲ့
ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို ကျင်းပရပြန်တယ်။

တတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့

တတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။

အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည်ကို

နာမည်ကြီးရှင်ဘုရင် အသောကမင်းကြီးအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ်။

အသောကမင်းကြီးအကူအညီနဲ့ တတိယသံဂါယနာတင်ပွဲကို ကျင်းပခဲ့ပါတယ်။

တကယ်တော့ အသောကမင်းကြီးအမျိုးအနွယ်တွေက

ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။

အသောကမင်းကြီးလဲ အစောပိုင်းက ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ဘူး။

ဂျိန်းဘာသာဝင်ဖြစ်တယ်။

ဂျိန်းဆိုတာ Jina ဆိုတဲ့ပုဒ်ကလာတာ။

Jina ဆိုတဲ့ ရိုမင်အက္ခရာကို မြန်မာအက္ခရာနဲ့ ဖလှယ်တော့

ဇိန ဖြစ်လာတယ်။ အဓိပ္ပါယ်က အောင်နိုင်သူ တဲ့။

ဂျိန်းဘုရား အခုအချိန်အထိ စုစုပေါင်း ၂၄ ဆူရှိတယ်တဲ့။

နောက်ဆုံးဘုရားရဲ့ နာမည်က မဟာဝီရ (သူရဲကောင်းကြီး) ဖြစ်တယ်။

မဟာဝီရ က ဗုဒ္ဓဘာသာဝင်တွေရဲ့ ဗုဒ္ဓဘုရားရှင်နဲ့ ခေတ်ပြိုင်ဖြစ်တယ်။

ဇီဝခေါ်ဝိညာဏ်တိုင်း ဇိနဘုရားရှင်တို့၏ နည်းအတိုင်း လိုက်နာကျင့်ကြံခြင်းအားဖြင့်

လွတ်မြောက်မှု ရရှိနိုင်ပြီး တန်ခိုးအာဏာများရရှိနိုင်သည်ဟု

ဂျိန်းဘာသာဝင်များက ယုံကြည်ကြတယ်။

ဂျိန်းဘုန်းကြီးတွေက အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံးနေကြတယ်။

အဝတ်ဝတ်နေရင် အဝတ်ကို ကပ်ငြိတွယ်တာတဲ့ တဏှာ လောဘရှိနေသေးတယ်။

အဝတ်ကို ကပ်ငြိတွယ်တာတတ်တဲ့တဏှာလောဘကို သူတို့က ပယ်သတ်ပြီးပြီ။

ဒါ့ကြောင့် သူတို့က အဝတ်ကို မဝတ်တော့ဘူးတဲ့။

အဝတ်ဝတ်စရာ မလိုတော့ဘူးတဲ့။

အဝတ်ဝတ်ချင်တဲ့စိတ်မရှိတော့ဘူးတဲ့။

အဝတ်မဝတ်တဲ့ အဝတ်မပါတဲ့ ကိုယ်တုံးလုံးတီး

ဂျိန်းဘုန်းကြီးတစ်ပါးကို

ဂျိန်းဘာသာဝင်မိသားတစ်စု ဆွမ်းလှူဒါန်းနေတဲ့ ဗီဒီယိုခွေကြည့်ဘူးတယ်။

ဂျိန်းဘုန်းကြီးက ကိုယ်တုံးလုံးကြီးနဲ့ မတ်တပ်ရပ်၊

လက်နှစ်ဖက်နဲ့ ဆွမ်းထမင်းတွေကို အလှူခံ၊

အဲဒီမိသားစုက ဂျိန်းဘုန်းကြီးလက်ထဲကို ဆွမ်းထည့်ပေး၊ စား။

ကုန်သွားတော့ ဆွမ်းဆက်အလှူခံ၊ စား။

လက်ထဲထည့်ပေးရတာဆိုတော့ အောက်ကို ဆွမ်း၊ ဆွမ်းဟင်းတွေ ဖိတ်တာပေါ့။

အောက်မှာ ပေပွလို့။

မတ်တတ်ရပ်စား၊ မတ်တတ်ရပ်လှူ၊

အမျိုးသမီးဒကာမကြီးတွေရှေ့မှာ၊ တန်းလမ်း တန်းလမ်းနဲ့။

သူတို့အစား မျက်နှာတောင် ပူမိတယ်။

သူတို့ကတော့ မျက်နှာမပူကြဘူးဗျာ။ ခပ်တည်တည်ပဲ။

ဒါမျိုး အိန္ဒိယနိုင်ငံမှာ အခုထိရှိနေပါသေးတယ်။

နောက်ပိုင်းမှာတော့ ဂျိန်းဘာသာမှာ

(၁) သေတမ္ဗရဂိုဏ်း (၂) ဒီဃမ္ဗရဂိုဏ်းဆိုပြီး နှစ်ဂိုဏ်းကွဲသွားတယ်။

သေတမ္ဗရဂိုဏ်းက ခေတ်နဲ့အညီ ပြုမူနေထိုင်ကြတယ်။

အဝတ်ဖြူဝတ်တယ်။

ဘုံဘေမှာ နေတုန်းက သေတမ္ဗရဂိုဏ်းဝင် ဂျိန်းဘုန်းကြီးတွေ

မနက်စောစော ဆွမ်းခံထွက်တဲ့သဘောမျိုး

တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်သွားလာနေတာ မကြာမကြာတွေ့ဘူးတယ်။

ဒီဂမ္ဗရဂိုဏ်းဝင်ဘုန်းကြီးတွေကတော့ ဒီနေ့ဒီအချိန်အထိ

အဝတ်မဝတ်ပဲ ကျင့်ကြံနေတုန်းပဲ။

အခုခေတ် လူတွေနေတဲ့မြို့ရွာတွေနဲ့ နည်းနည်းလှမ်းတဲ့

တောင်ကုန်းတွေမှာ နေတယ်လို့ သိရတယ်။

ဗုဒ္ဓဂယာဘုရားဖူးသွားသူများ ဒီဂမ္ဗရဂိုဏ်းဝင်ဘုန်းကြီးတွေကို

တွေ့လိုရင် ရာဇဂြိုဟ်တို့ ဗာရဏသီမြို့တို့ရောက်တဲ့အခါ

စုံစမ်းမေးမြန်းပြီး သွားရောက်ဖူးတွေ့နိုင်ပါတယ်။

အသောကမင်းကြီးမျိုးနွယ်တွေလဲ ဒီဂျိန်းဘာသာဝင်တွေပဲတဲ့။

အသောကမင်းကြီးလဲ ဗုဒ္ဓဘာသာမဖြစ်ခင်

ဒီလိုဂျိန်းဘုန်းကြီးတွေကို နေ့စဉ် နန်းတော်ထဲကို ပင့်ဖိတ်ပြီး

နေ့ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိတယ်တဲ့။

ဂျိန်းဘုန်းကြီးတွေ နန်းတွင်းထဲ အပြည့်ဘဲတဲ့။

အဝတ်မပါတဲ့ ကိုယ်တုံးလုံးတီး ကိုယ်တော်ကြီးတွေ ထောင်နဲ့သောင်းနဲ့ချီပြီး

အသောကမင်းကြီးရဲ့ နန်းတော်ထဲ

နေ့ဆွမ်းစားကြွတဲ့မြင်ကွင်းကို စိတ်ကူးနဲ့ မှန်းကြည့်မိတယ်။

ခုခေတ် အချို့ အချို့ ခပ်ကဲကဲဒကာမတွေလိုဘဲ

‘ဒါတပည့်တော်ချက်ထားတဲ့ ဟင်းလေးပါဘုရာ’ ဆိုပြီး

ကိုယ်တုံးလုံးတီး ဂျိန်းဘုန်းကြီးတွေ လက်ထဲ

ဆွမ်းဟင်းတွေ ကော်ထည့်ပေးနေသေးလားမသိဘူး။

(အရင်တင်ပြီးသားပို့စ်ဖြစ်ပါတယ်။ ဂျိန်းဘုန်းကြီးတွေ ဆွမ်းဘုဉ်းပေးနေတဲ့ဗီဒီယိုခွေကို FB မှာ တင်ထားပါတယ်။ ကြည့်လိုသူများ လင့်ပေးပါ့မယ်။)

2 comments

Leave a Reply