မီးခိုးရောင်အက်ဆေး…
သူမကို စကားတွေအများကြီးပြောဖို့ အချိန်ရသောနေ့ (သူမကလည်း နားထောင်ဖို့အဆင်ပြေသောနေ့) တွင် နွေဦးရာသီ၏ လတ်ဆတ်သော ငှက်အော်သံများအကြောင်းကို ပြောပြချင်မိသည်။ အချစ်ဆိုသည်မှာ ဒုတိယအကြိမ် ထပ်မံဖြစ်နိုင်ကြောင်း သူမနားလည်ပေးဖို့ မလွယ်မှန်း ကျွန်တော်သိပါသည်။ အဝေးကြီးဆီမှ လိုအပ်သည့် ရယ်မောသံများသည် ကျွန်တော်တို့နှစ်ယောက်၏ အတိတ်စိမ်းစိမ်းတွေဖြစ်ကြ၏။
ကျွန်တော်ဆိုလိုသည်မှာ တစ်ချိန်တုန်းက အနာဂတ်သည် အခုပစ္စုပ္ပန်အချိန်ဖြစ်ကြောင်းနှင့် ဘာမှန်းမသိသေးသော နောက်ထပ်အနာဂတ်များကမူ ကျွန်တော်တို့၏ ဘဝများကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ပိတောက်ပန်းရနံ့တွေက လေထဲတွင် ဝေ့ခနဲပါလာသည်။ ဒါမျိုးကို တချိန်တုန်းကဆိုရင် သူမက ပြုံးရယ်လိုက်မှာ သေချာပါသည်။ ကျွန်တော်က သူမရယ်မောဖို့ စကားလုံးတွေကို အမြဲမပြတ် ရှာဖွေတတ်သူလည်း ဖြစ်ပါသည်။ သို့သော် ထိုရှာဖွေမှုဖြင့် ကျွန်တော်က အသက်မွေးဝမ်းကျောင်းသူ တစ်ယောက်မဟုတ်ပါ။
ညက သူမနှင့် ပတ်သက်သော အိမ်မက်ဆိုးတွေမက်သည်။ မိုးလင်းတော့မှ ကျွန်တော်က အိမ်မက်တွေမှန်း သဘောပေါက်ခဲ့သော်လည်း သူမအတွက် စိုးရိမ်မိနေဆဲဖြစ်သည်။
“အိပ်မက်ဆိုတာ လူတွေရဲ့ အဇ္ဈတကို ဖော်ပြတာဟ”
တစ်ချိန်တုန်းက သူမစကားသံတို့သည် ဒီအချိန်တွင် ပြန်လည် ကြားယောင်ဖို့ မသင့်လျော်တော့သော်လည်း အမှတ်တရဆိုသည်မှာ မေ့ဖို့ရန် ခက်လှပေသည်။ ဘဝ၏ ပျော်ရွှင်စရာအချိန်များအတွင်း မိုးလေဝသအပြောင်းအလဲများသည် ကျွန်တော်တို့၏ နာမည်ပျက်ခဲ့သော အချစ်တွေဖြစ်ခဲ့ပါလိမ့်မည်။ တစ်ခါတုန်းက သွားခဲ့ကြသော ခရီးများသည်လည်ကောင်း၊ လျှောက်ခဲ့ကြသော လမ်းများသည်လည်ကောင်း၊ ထိုင်ခဲ့ဖူးသော ထိုင်ခုံပုလေးများသည်လည်ကောင်း၊ ကျွန်တော် မှတ်ဉာဏ်ထဲ၌ ထင်ကျန်ရစ်ဆဲဖြစ်သည်။ ဘယ်ဆီမှလာမှန်းမသိသော သီချင်းတစ်ပုဒ်က ကျွန်တော်တို့၏ အတိတ်ကို ပိုပီပြင်စေပါသည်…။
“““ ဟိုအရင်လို ပျော်ရွှင်ချိန်များ…. ရာထောင်ချီ တိမ်တွေရဲ့ကြား မျောလွင့်တဲ့
ခရီးရှည်များနဲ့ …. နာရီတွေဖြတ်သန်းခဲ့ကြ…. မေ့မရပါ တို့ရဲ့ ဇာတ်လမ်း… ခုတော့လေ
အဝေးဆုံးမှတ်တမ်း …….. လမ်းခွဲရင်း ကိုယ့်ဘဝကိုယ်လှမ်း …. အချိန်တွေဖြတ်ရင်း…………..
(နားထဲမှာ…. အရင်လိုအသံများ… အမြဲကြားယောင်ဆဲပါ…)၂ နားထဲမှာ..
နားလည်ပါ… နားလည်ပါ… ချစ်သူရာ …….. (ဘဝထဲမှာ…) နားလည်ပါ….
ဘယ်လိုကံတရား နှိပ်စက်တာလဲကွာ…………. နားလည်ပါ……….. ”””
ခရေပင်အောက်ရှိ ခရေပွင့်ခြောက်တို့သည် လုကောက်တတ်သော သူမလက်ကလေးများကို မျှော်နေပေလိမ့်မည်။ အင်းလျားကန်အစပ်ရှိ လှိုင်းဂယက်ငယ်လေးတွေကိုလည်း ကျွန်တော် လွမ်းပါသည်။ တစ်ယောက်နှင့်တစ်ယောက် ထိုနေရာတွင် ဆုံးရှူံးရမှာကို ကြောက်လန့်စွာ စိုက်ကြည့်နေခဲ့ဖူးသည်။ လမ်းလျှောက်ရင်း မတော်တဆ အသားချင်းထိခတ်သွားသောအခါများတွင် ကျွန်တော်က အားနာတတ်သူ တစ်ယောက်ဖြစ်ပြီး၊ သူမက မသိချင်ယောင်ဆောင်နေတတ်သူ ဖြစ်သည်။
“ကိုတို့မှာ မဖြစ်ဖူးဆိုတာမရှိဘူး။ လူလေးစိတ်မပျက်နဲ့ သိလား”
ကျွန်တော်က သူမကို အဲ့ဒီစကားမျိုးပြောပြီး အားပေးနေချိန်တွင် ကျွန်တော်က သူမခံစားမှုကို ဘယ်လို ဝတ္ထုရေးရင်ကောင်းမလဲဟု စဉ်းစားနေခဲ့သည်။
တိုက်ခတ်လိုက်သော လေနုအေးအေးလေးများကို မျက်နှာချင်းဆိုင်၍ ကျွန်တော်က မာနထားကြည့်မိသည်။ နေလုံးသည် အင်လျားရေပြင်ထဲသို့ တဖြည်းဖြည်း ငုပ်ဝင်သွားနေသည်။ ဒီအချိန်မျိုးကို သူမနှင့် အတူတူကြည့်ဖို့ ဆိုသည်မှာ အခုတော့ ပို၍ ဝေးကွာသွားခဲ့ပြီဖြစ်ပါသည်။ သူမသည် ကျွန်တော် အတ္တတို့ကို နောင်တရချင်စရာ မကောင်းလောက်အောင် ဖြားယောင်းထားနိုင်ခဲ့၏။
မွှေးပျံ့သော လေထဲက ပိတောက်ရနံ့များကို သူမက ကြိုတင်လက်ခံထားခဲ့ဖူးသည်။
“ကို…သင်္ကြန်ဆို ဆံပင်တွေ တော်တော်ရှည်နေပြီနော်…”
သူမက ကျွန်တော့် ပုခုံးတစ်ဖက်ပေါ် လက်ကိုတင်ရင်း ထိုစကားကို ပြောခဲ့ပါသည်။
လောကသည် မရှိခြင်းများကို သယ်ဆောင်လျက် ကျွန်တော်တို့နှစ်ယောက်ကြားကို ရောက်လာခဲ့၏။ ဘာဖြစ်ရမည်နည်း။
သို့သော် ကျွန်တော်တို့က ထိုအခြေအနေ၌ ရယ်မောဖို့မေ့လျောနေခဲ့သည်။ အမြဲမဖြစ်နိုင်သော အချစ်များတွင် ကျွန်တော်တို့ ဘဝများကို ရဲရင့်ခဲ့လေသည်။
ကျွန်တော်သည် လှည်းတန်းက ခေါက်ဆွဲသုတ်များကို သတိရလာသည်။ ခေါက်ဆွဲသုတ်တစ်ပွဲမှာပြီး တစ်ယောက် တစ်ဇွန်းစားပြီး၊ ကော်ဖီတစ်ခွက်ကို တစ်ယောက်တစ်ငုံသောက်ခဲ့ကြသည်။
နောင်တွင် ကျွန်တော် သဘောပေါက်ခဲ့သည်မှာ ဘဝ၏ တစ်ယောက်တဝက်ကိစ္စများသည် ခဏတာမျှသာဖြစ်ပါသည်။ ကျွန်တော်တို့၏ ကမ်းကုန်အောင် လွတ်လပ်ပေါ့ပါးခြင်းများသည် မလွတ်လပ်သော ကိစ္စရပ်များမှ ပေါက်ကွဲတိုးဝှေ့လာကြသည် ထင်ပါသည်။ ပင်လယ်ပြင်ထဲရှိ မုန်တိုင်းအခြေအနေကို ခန့်မှန်းရာတွင် ကျွန်တော်တို့သည် သူမတူအောင် ညံ့ဖျင်းနေဆဲဖြစ်ပါသည်။
ဘယ်တော့မဆို ခံစားမှုအကြောင်းကို ပြော၍ အချိန်တန်လျှင် ဉာဏ်ဖြင့်သာ ဆုံးဖြတ်ကြသော မိန်းမများကို ကျွန်တော်က ပြက်ရယ်ပြုခဲ့ဖူးသည်။ သူမက ထိုအချက်ကို မကြိုက်ဟန်ဖြင့် တုံ့ပြန်ခဲ့သော်လည်း လအနည်းငယ် ကြာပြီးသောအခါ သူမကိုယ်တိုင် ထိုကဲ့သို့ ပြက်ရယ်ပြုခဲ့သည်။
ပြောင်းလဲခြင်းဆိုသော ခေါင်းစဉ်အောက်တွင် သူမက ကျွန်တော်ကို အောက်ပါအတိုင်းပြောခဲ့ဖူး၏။
“ကိုလည်း ရည်းစားအသစ်ထားချင်ထားလေ… မင်္ဂလာဆောင်ရင် ညီမကို ဆက်ဆက်ဖိတ်နော်….”
ထိုစဉ်တုန်းက သူမစကားကို ပြင်းထန်စွာ ခေါင်းယမ်းဆန့်ကျင်ခဲ့သော်လည်း အခုတော့ သူမ မဟုတ်သော တခြားမိန်းမတစ်ယောက်ကို သူမထက်မလျော့စွာ ချစ်နိုင်သေး၍ ကျွန်တော့်မှာ အံ့ဩရပါသည်။
ဒီအခြေအနေနှင့် ဒီအချိန်ကာလတွင် တစ်စုံတစ်ရာသော စိတ်လှုပ်ရှားမှုများကို ကျွန်တော်က ငြင်းဆန်ပစ်လိုက် ချင်ပြီ။ မလိုလားအပ်သည့် အမှားအယွင်းများသည် သူမနှင့် ကျွန်တော်၏ကြားတွင် အကြိမ်ပေါင်းများစွာ ရှိခဲ့သော နတ်ဆိုးတွေဖြစ်ကြသည်။
ကောင်းကင်၏ အပြာရောင်သည် ကြည်စင်သော အဓိပ္ပါယ်တချို့ကို သယ်ဆောင်လျက် လူတို့ကို ငြိမ်းချမ်းစွာ နေထိုင်တတ်အောင် သင်ကြားပေးနေသည်။ ပန်းပွင့်များ၊ လူနေအိမ်ရာများ၊ တိမ်တိုက်များ၊ လမ်းသစ်များ၊ လိပ်ပြာများ၊ မွန်းလွဲကြယ်များ၊ အစိုးရရုံးများ၊ လမ်းဘေးဈေးသည်များ၊ ခေတ်ပေါ် သီချင်းများ၊ ကားများ၊ လက်ဖက်ရည်ဆိုင်များ စသည်တို့သည် ငြိမ်သက်စွာ ရွေ့လျားနေဆဲဖြစ်သည်။
ကန်သာယာလမ်းတစ်လျှောက်တွင် နွေဦးညနေခင်းသည် လင်းချင်းဝင်းပလျက်ရှိ၏။ ထိုညနေခင်းမျိုးတွင် အစစအရာရာသည် လှပနေတတ်ပါသည်။
ကျွန်တော်က ဒီလမ်းပေါ်တွင် လက်တွဲလမ်းလျှောက်သွားသော စုံတွဲတစ်တွဲကို ငေးကြည့်နေမိသည်။ စာရေးဆရာတစ်ယောက်ကတော့ ဒီလိုရေးခဲ့ဖူးသည်။
ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲတဲ့….။ ဟုတ်ချင်ဟုတ်မှာပါဟု… ကျွန်တော် စိတ်ထဲတွေးလိုက်မိပြီး သူမလက်ကလေးတွေကို လွမ်းလာမိသည်။ လျှောက်ခဲ့ရသော ခရီးတွေကို သတိရလာမိသည်။
ဒါပေမဲ့ သူမနှင့် ကျွန်တော်သည် ကျွန်တော်တို့၏ ဆက်ဆံရေးပြီးဆုံးသည်အထိ လက်ချင်းတွဲပြီး တစ်ခါမှ လမ်းမလျှောက်ခဲ့ဖူးပါ။ လက်ကိုင်သည်က သတ်သတ်၊ လမ်းလျှောက်ကြသည်က သတ်သတ်၊ ဘယ်လိုမှ ရောထွေး သွားစရာမရှိသော သီသန့်အဖြစ်အပျက်တွေမှန်း ပြန်လည်မှတ်မိစေ၏။
နေရောင်သည် လုံးဝမှိန်ဖျော့သွားပြီး ဆည်းဆာထဲသို့ အနက်ရောင်ငှက်များက ပြေးလွှားပျံသန်းသွားကြသည်။ ဒီလိုပါပဲ ဘဝဆိုသည်မှာ ဘာရယ်လို့မဟုတ်သည့် ကိစ္စများကို အမှတ်မထင် လုပ်လိုက်မိခြင်းသက်သက်လည်း ဖြစ်နိုင်သည်။
ကျွန်တော် ငြိမ်သက်စွာ စဉ်းစားနေမိဆဲ နေဝင်ချိန်သည် ပိုမိုပီပြင်လာသည်။ မုန်းတီးမှုနှင့် မာနသည် သူမ မျက်နှာပေါ်တွင် ခုန်ပေါက်နေပြီး ကျွန်တော့်ကို တမင်စူးစူးရဲရဲ ကြည့်နေသော သူမမျက်လုံးများကိုတော့ ကျွန်တော် ဝမ်းနည်းနေမိပါသည်။
စက်ရုံတစ်ခု၏ မီးခိုးခေါင်းတိုင်တစ်ခုမှ အဝေးသို့လွှင့်ထွက်လာသော မီးခိုးငွေ့တွေကိုပဲ ကျွန်တော် သေသေချာချာ ကြည့်မိသွားသည်။ မီးခိုးငွေ့တို့သည် ပါးလွှာသေးငယ်သော်လည်း အောက်သို့ ပြန်ဆင်းလာရိုး ထုံးစံမရှိကြပါ။
ကျွန်တော် ပေါ့ပေါ့ပါးပါးပင် ရယ်မောပစ်လိုက်ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ အပြန်လမ်းတွင် တွေ့မြင်ရသော လူတွေ၏ မျက်နှာက တစ်မျိုးဖြစ်နေသည်။
ဘာတွေလဲ…. ဘာတွေလဲ…
ဘာတွေလဲ…
ဘာတွေလဲ….
စဉ်းစားရင်းနဲ့ ရှူပ်ရှက်ခတ်လာသည်။ ထိုရှုပ်ရှက်ခတ်ခြင်းသည် အိမ်သို့ပြန်ရာ လမ်းတစ်လျှောက်လုံးတွင် ဖြစ်နေခဲ့သော်လည်း နောက်ဆုံး အိမ်သို့ ပြန်ရောက်သောအခါ ဘာမှ မရှိတော့သည်ကို တွေ့ရလေသည်။
ကျွန်တော် စိတ်ပျက်ပျက်နှင့် ရေသန့်ဘူးကို တစ်ဝက်လောက်ကုန်သည်အထိ မော့သောက်ပစ်လိုက်သည်။ ဘယ်သူမပြု မိမိမှု ဆိုသော်လည်း ကျွန်တော်တို့၏ ဆင်ခြင်တုံတရားသည် ဘယ်ကိုမှ မမှုနိုင်လောက်အောင် မာကျောကျစ်လစ်နေခဲ့လေပြီ။ ကျွန်တော်က အခန်း၏ ပြတင်းတံခါးကို ခပ်ပြင်းပြင်းတွန်းဖွင့် လိုက်ပါသည်။ အလင်းရောင်က ရှိသလောက်အရှိန်ဖြင့် တဟုန်ထိုးပြေးဝင်သွားသည်။ စာကြည့်စားပွဲပေါ်ရှိ သူမပေးထားသော ဓါတ်ပုံ သေးသေးလေးသည် ကျွန်တော့်ကို လှမ်းကြည့်နေသည်ဟု ထင်မိလာသည်။ နောက်တော့ လေစိမ်းတစ်ချက် အခန်းထဲ ဖြတ်၍တိုက်သည်။ ရုတ်တရက် ပွဲတော်ခေါ်သံတွေက ရင်ထဲဆူညံလာသည်။ ကျွန်တော် စားပွဲပေါ်ရှိ အားကစား ဂျာနယ်တစ်စောင်ကို စိတ်ပေါက်ပေါက်နှင့် ပြတင်းပေါက်မှ လွှင့်ပစ်လိုက်သည်။ ပြန်စဉ်းစားကြည့်သောအခါ ကျွန်တော်ဝယ်ထားခြင်းမဟုတ်… သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားခြင်းဖြစ်သည်။
လူတို့သည် အလကားရလျှင် (သို့မဟုတ်) ပေါများစွာရလျှင် သိပ်တန်ဖိုးမထားတတ်။
သူမနှင့် ကျွန်တော်၏ ဆက်ဆံရေးသည်ရော အလကားရခဲ့ပါသလား။ ပေါများလွယ်ကူစွာ ရခဲ့ပါသလား။
ကျွန်တော် အိပ်ရာပေါ်ပက်လက်လှန်ရင်း စဉ်းစားနေမိသည်။
မျက်နှာကြက်နှင့် နံရံများပေါ်တွင် သူမလှုပ်ရှားမှုတွေက အပြည့်ပေါ်လာပြန်သည်။ ခဏကြာတော့ ဘာမှမရှိတော့ဘဲ ဗလာတွေ ဖြစ်သွားသည်။
အကယ်၍ဖြစ်နိုင်ဦးမည်ဆိုလျှင် သူမကို ဗလာနယ်၏ ခွန်အားတွေအကြောင်း ပြောပြချင်ပါသေးသည်။ အားလုံးထက် ပိုမိုခိုင်ခံ့များပြားမှုများသည် ဗလာတွေဖြစ်ကြောင်း သူမသိသွားလျှင် ရယ်မောဦးမည် သေချာသည်။ သို့သော် အံ့ဩဖိုတော့ မသေချာလှပါ။
ချစ်ခင်စွာဖြင့်
ကိုရင်စည်သူ
6 comments
pyinlepyaw
September 3, 2011 at 12:00 am
အရေးအသားကောင်းပါသည်။ အားပေးနေပါမည်။ သို့သော် အချစ်ဆိုသည်မှာ အချစ်သာလျှင်ဖြစ်သည်။
yetazar
September 3, 2011 at 3:04 pm
ကြိုက်ပါတယ် ။ အက်ဆေးကောင်းလေးတစ်ခုပါ ။ အားပေးနေပါမယ် ။ စာပေလောကစာမျက်နှာတွေပေါ်မှာ မျှော်လင့်မိပါတယ် ။
ကျွန်တော် စိတ်ပျက်ပျက်နှင့် ရေသန့်ဘူးကို တစ်ဝက်လောက်ကုန်သည်အထိ မော့သောက်ပစ်လိုက်သည်။ ဘယ်သူမပြု မိမိမှု ဆိုသော်လည်း ကျွန်တော်တို့၏ ဆင်ခြင်တုံတရားသည် ဘယ်ကိုမှ မမှုနိုင်လောက်အောင် မာကျောကျစ်လစ်နေခဲ့လေပြီ။ ကျွန်တော်က အခန်း၏ ပြတင်းတံခါးကို ခပ်ပြင်းပြင်းတွန်းဖွင့် လိုက်ပါသည်။ အလင်းရောင်က ရှိသလောက်အရှိန်ဖြင့် တဟုန်ထိုးပြေးဝင်သွားသည်။ စာကြည့်စားပွဲပေါ်ရှိ သူမပေးထားသော ဓါတ်ပုံ သေးသေးလေးသည် ကျွန်တော့်ကို လှမ်းကြည့်နေသည်ဟု ထင်မိလာသည်။ နောက်တော့ လေစိမ်းတစ်ချက် အခန်းထဲ ဖြတ်၍တိုက်သည်။ ရုတ်တရက် ပွဲတော်ခေါ်သံတွေက ရင်ထဲဆူညံလာသည်။ ကျွန်တော် စားပွဲပေါ်ရှိ အားကစား ဂျာနယ်တစ်စောင်ကို စိတ်ပေါက်ပေါက်နှင့် ပြတင်းပေါက်မှ လွှင့်ပစ်လိုက်သည်။ ပြန်စဉ်းစားကြည့်သောအခါ ကျွန်တော်ဝယ်ထားခြင်းမဟုတ်… သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားခြင်းဖြစ်သည်။
ဒီအပိုဒ်လေးအကြိုက်ဆုံးပဲ ။
မီးမီး သော်
September 3, 2011 at 3:29 pm
“”လူတို့သည် အလကားရလျှင် (သို့မဟုတ်) ပေါများစွာရလျှင် သိပ်တန်ဖိုးမထားတတ်။
သူမနှင့် ကျွန်တော်၏ ဆက်ဆံရေးသည်ရော အလကားရခဲ့ပါသလား။ ပေါများလွယ်ကူစွာ ရခဲ့ပါသလား။
ကျွန်တော် အိပ်ရာပေါ်ပက်လက်လှန်ရင်း စဉ်းစားနေမိသည်။
မျက်နှာကြက်နှင့် နံရံများပေါ်တွင် သူမလှုပ်ရှားမှုတွေက အပြည့်ပေါ်လာပြန်သည်။ ခဏကြာတော့ ဘာမှမရှိတော့ဘဲ ဗလာတွေ ဖြစ်သွားသည်။
အကယ်၍ဖြစ်နိုင်ဦးမည်ဆိုလျှင် သူမကို ဗလာနယ်၏ ခွန်အားတွေအကြောင်း ပြောပြချင်ပါသေးသည်။ အားလုံးထက် ပိုမိုခိုင်ခံ့များပြားမှုများသည် ဗလာတွေဖြစ်ကြောင်း သူမသိသွားလျှင် ရယ်မောဦးမည် သေချာသည်။ သို့သော် အံ့ဩဖိုတော့ မသေချာလှပါ။””
ဒီနေရာလေးကအကြိ ုက်ဆုံးပါ။လူတိုင်းကိုယ်စီ မေ့မရနိုင်တဲ့အတိတ်လေးတွေရှိစမြဲ မို ့ပြန်စဉ်းစားမိတိုင်း လွမ်းငွေ ့တွေရှင်သန်ဆဲပါ။
min min san
October 5, 2011 at 2:19 pm
emotional and miss somethings feeling ,,,,,,,,nice and inspiirations post,,,hope you can make it more.
min min san
May 21, 2012 at 6:18 pm
ko yin!
i read again today,,,,,,,,after read i really miss somethings,,,thanks.
windtalker
May 21, 2012 at 8:20 pm
မီးခိုးရောင်အက်ဆေး
အထီးကိုးကောင်ထွက်ပြေး
ညီးဆိုးပေါင်ခွက်သေး
ကြီးဆိုးမောင်မျက်ချေး။