ဒို့ဘာသာ (၂၀) မီးကင်းစောင့်

ashinindakaSeptember 13, 20111min1130

သီရိလင်္ကာလို့ခေါ်တဲ့သီဟိုဠ်နိုင်ငံမှာ
Vesak Festival လို့ခေါ်တဲ့ ဝိသာခါပွဲသဘင်ကို ခန်းခန်းနားနားကျင်းပလေ့ရှိတယ်။
ဝိသာခါပွဲသဘင်ကို ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လရဲ့ လပြည့်နေ့မှာကျင်းပတယ်။
ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လဆိုတာ မြန်မာလမှာတော့ ကဆုန်လဖြစ်တယ်။
အင်္ဂလိပ်လမှာတော့ မေလဖြစ်တယ်။
ကဆုန်လ (မေလ)ရဲ့ လပြည့်နေမှာ ဝိသာခါပွဲသဘင်ကို ကျင်းပလေ့ရှိတယ်။

ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင် ကဆုန်လ လပြည့်နေ့မှာ
မွေးဖွားတယ်၊ ဘုရားအဖြစ်သို့ ရောက်တယ်၊ ပရိနိဗ္ဗာန်စံတယ်။

(ဗျာဒိတ်တော်ခံယူတာလဲ ကဆုန်လပြည့်နေ့ပါဘဲ)

ဘုရားရှင်ရဲ့ ဘဝဖြစ်တော်စဉ်မှာ ဒီလိုအရေးကြီးတဲ့ ဖြစ်ရပ်ကြီးသုံးခုက
တိုက်တိုက်ဆိုင်ဆိုင် ဒီကဆုန်လရဲ့ လပြည့်နေ့မှာ ဖြစ်ပျက်ခဲ့တာ။
ဒါ့ကြောင့် ကဆုန်လပြည့်နေ့ဆိုရင် သီဟိုဠ်ဗုဒ္ဓဘာသာဝင်တွေ လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် လမ်းမတွေပေါ်ထွက်ပြီး ဝိသာခါပွဲသဘင်ကို ကျင်းပကြတယ်။
ကဆုန်လ (မေလ) လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်
တကယ့်ကို နေ့ထူးနေ့မြတ်ကြီးပေါ့။

ဒါပေမဲ့ အခြားအခြားသောဘာသာဝင်တွေရဲ့ တမန်တော်နေ့တွေလို
ဗုဒ္ဓဘာသာဝင်တွေရဲ့  ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အရင်က တရားဝင်ရုံးပိတ်ရက်မသတ်မှတ်ပေးဘူး။
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကမှ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့
သီဟိုဠ်နိုင်ငံရဲ့ ဦးဆောင်ကြိုးပမ်းမှုကြောင့်
နှစ်စဉ် ကဆုန်လ (မေလ) လပြည့်နေ့ကို (ကမ္ဘာ့နိုင်ငံများအားလုံး)
တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ခဲ့တယ်။

သီဟိုဠ်နိုင်ငံသားတွေရဲ့ အခြား ဗုဒ္ဓဘာသာသာဝင်တွေရဲ့ ဂုဏ်ယူဖွယ်ရာအချက်တွေက
ဗုဒ္ဓမြတ်စွယ်တော်နဲ့ မဟာဗောဓိပင်ဖြစ်တယ်။

ဗုဒ္ဓမြတ်စွယ်တော်က သီဟိုဠ်နိုင်ငံရဲ့
ဒုတိယမြောက်အကြီးဆုံးမြို့တော်ဖြစ်တဲ့ ကန္ဒီမြို့မှာရှိပါတယ်။
ကန္ဒီမြို့က တောင်ပေါ်မြို့လေး။ သာယာတယ်။
သီဟိုဠ်နိုင်ငံက တခြားမြို့တွေနဲ့စာရင် ကန္ဒီမြို့လေးက သန့်ရှင်းသပ်ယပ်တယ်။
ရာသီဥတုက မပူလွန်း မအေးလွန်းဘူး။

ကန္ဒီမြို့သူမြို့သားတွေလဲ ကုလားတော့ ကုလားတွေပါဘဲ။
ဒါပေမဲ့ အသားအရေ ညက်ညောတယ်။
ကန္ဒီမြို့သူမြို့သားတွေရဲ့ အသားအရေက ကိုလံဘိုမြု့ိသူမြို့သားတွေရဲ့
အသားအရေလောက် မမဲဘူး၊ မကြမ်းတမ်းဘူးလို့ ထင်တယ်။

အညာသူဆိုပေမဲ့ မွဲခြောက်ခြောက်ကြီးဖြစ်မနေတဲ့
ညက်ညောတဲ့အသားအရေရှိတဲ့
မြန်မာပြည် အညာကျောက်ပန်းတောင်းသူတွေရဲ့ အသားအရေနဲ့ ခပ်ဆင်ဆင်ပဲ။

အဲ့ဒီမြို့မှာ မြန်မာဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
မြန်မာဘုန်းကြီးကျောင်းက ဘုရားရှင်စွယ်တော်ထားရှိရာ စွယ်တော်တိုက်နဲ့ မဝေးဘူး။
လမ်းလျှောက်သွားလို့ရတယ်။

မြန်မာကျောင်းနဲ့ မလှမ်းမကမ်းတောင်ပေါ်မှာ
သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
တပေါဒါရုံကျောင်းလို့ခေါ်တယ်။
တောင်ပေါ် သစ်တောကြားမှာ၊ တောင်အောက်ဆင်းလိုက်ရင်တော့
မြို့ထဲ တန်းရောက်တာ။ တောင်ပေါ်ကျောင်းဝိုင်းထဲမှာဆိုရင်တော့
အရပ်လေးမျက်နှာ ဘာမှ မမြင်ရဘူး။ သစ်ပင်တွေချည်းပဲ။
လူသံသူသံ မကြားရဘူး။
ကျေးငှက်သာရကာအသံလေးတွေကလွဲလို့ ဘာသံမှကို မကြားရဘူး။
ကျောင်းတည်ဆောက်ပုံလေးလဲ ကောင်းတယ်။
တောင်လေးပေါ်မှာ ဘုန်းကြီးတွေအတွက် သီးသန့်၊
ယောဂီတွေအတွက် သီးသန့်နေရာ သတ်မှတ်ထားပြီးဆောက်ထားတာဆိုတော့
မရောယှက်ဘူး။

၂၀၀၉၊ နိုဝင်ဘာလ သီဟိုဠ်သွားတုန်းက
အဲ့ကျောင်းလေးမှာ တည်းခိုဘူးတယ်။ အတော်စိတ်ချမ်းသာခဲ့တယ်။
တည်းခိုနေတုန်း ဒီကျောင်းလေးကို လာပြီး
တရားအားထုတ်အုံးမှဘဲ လို့ စိတ်ကူးပေါက်ဖူးတယ်။
ဒီတပေါဒါရုံကျောင်းကနေပြီး စွယ်တော်အထိ လမ်းလျှောက်ဖူးမျှော်လို့လဲ ရပါတယ်။

ဗုဒ္ဓမြတ်စွယ်တော်လှည့်ပွဲကို တစ်နှစ်တစ်ခါ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတယ်။
ဝါတွင်းကာလလောက်မှာ ကျင်းပတာဆိုတော့
သီဟိုဠ်နေတုန်းက တစ်ကြိမ်ပဲ ဗုဒ္ဓမြတ်စွယ်တော်လှည့်ပွဲ သွားဖူးဘူးတယ်။

သီဟိုဠ်နိုင်ငံသားတွေရဲ့  ဂုဏ်ယူဖွယ်ရာနောက်တစ်ချက်က
မဟာဗောဓိပင်ဖြစ်တယ်။
မဟာဗောဓိပင်ကတော့ အနုရာဓမြို့မှာရှိတယ်။
ဒီ မဟာဗောဓိပင်က ဘုရားရှင်တရားအားထုတ်ခဲ့တဲ့
မဟာဗောဓိပင်အစစ်က ကိုင်းတစ်ကိုင်းကို ကူးပြီး (ပွါးပြီး)
စိုက်ပျိုးထားတဲ့အပင်ဖြစ်တယ်။

အသောကမင်းကြီးက သားတော် အရှင်မဟိန္ဒကို သီဟိုဠ်ကို သာသနာပြုစေလွှတ်ခဲ့တယ်။
ဘိက္ခုနီ (ရဟန်းမ) သာသနာအတွက် သမီးတော် သံဃမိတ္တာထေရီကို သီဟိုဠ်ကို
ဆက်ပို့တယ်။ သံဃမိတ္တာထေရီနဲ့အတူ မဟာဗောဓိပင် ကိုင်းပွါးကိုပါ ထည့်ပေးလိုက်တယ်။
အဲ့ဒီကိုင်းပွါးကို သီဟိုဠ်နိုင်ငံ၊ အနုရာဓမြို့မှာ စိုက်ပျိုးထားတာ
ယနေ့အထိ original အပင်အတိုင်း ဆက်လက်ရှင်သန်တုန်းပဲ။
မဟာဗောဓိပင်အစစ်ပေါ့။

အခုအိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိပင်က
ဘုရားရှင် ဘုရားဖြစ်ဖို့ ထိုင်ပြီးတရားကျင့်ခဲ့တဲ့ မဟာဗောဓိပင် အစစ်မဟုတ်တော့ဘူး။
နောက်ထပ် စိုက်ပျိုးထားတဲ့အပင်ဖြစ်တယ်တဲ့။

ကြားဘူးတာကတော့
အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာပြီးတဲ့နောက်
ဒီမဟာဗောဓိညောင်ပင်ကို ခဏခဏ လာတယ်တဲ့။
ရေလောင်းမယ်။ မသေအောင် ပြုစုမယ်၊ ပျိုးထောင်မယ်၊ စောင့်ရှောက်မယ်ပေါ့။
ဒါကို အသောကမင်းကြီးရဲ့ ဘုရင်မကြီးက မကျေနပ်ဘူးတဲ့။
ဒီညောင်ပင်ရှိနေလို့ ဘုရင်ကြီး ငါနဲ့အတူမနေတာ၊
ဒီညောင်ပင်မရှိမှ အဆင်ပြေမယ်လို့ ဘုရင်မကြီးစဉ်းစားမိပြီး
မဟာဗောဓိညောင်ပင်ကြီးကို ခုတ်ခိုင်းလိုက်သတဲ့။
အသောကမင်းကြီးသိတော့ ဘုရားရှင် တရားကျင့်၊ သစ္စာသိ၊ ဘုရားဖြစ်ခဲ့တဲ့နေရာ
မဟာဗောဓိညောင်ပင်ပြန်စိုက်မယ်ဆိုပြီး အဓိဋ္ဌာန်ပြုကာ ပြန်စိုက်ထားသတဲ့။
ဒီလိုကြားဘူးတာပါ။ ဒီအကြောင်းပြည့်ပြည့်စုံစုံတော့ မဖတ်ဖူးသေးပါဘူး။

ဘာပဲဖြစ်ဖြစ်၊ သင်္ခန်းစာ ထုတ်ယူရမှာက
အခုခေတ် ဗုဒ္ဓဘာသာဝင်တွေ လင်နဲ့မယားဖြစ်လာပြီဆိုရင်
တစ်ယောက်က ဘာသာရေးစိတ်ဝင်စားပြီး
ကျောင်း ကန် ဘုရားမှာပဲ အချိန်ကုန်နေရင်
ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ အချိန်ပေးတာ ဂရုစိုက်တာ နည်းလာရင်
အသောကမင်းကြီးရဲ့ မိဖုရားလိုမျိုး မကျေမနပ်ဖြစ်လာနိုင်တယ်။
မကောင်းတဲ့ဆိုးကျိုးတွေ တွေ့ကြုံလာနိုင်တယ်။
ဒါ့ကြောင့် ဆင်ဆင်ခြင်ခြင် နေသင့်တယ်၊ နေရမယ်။

မဟာဗောဓိပင်နဲ့စပ်လို့
မဟာဗောဓိပင် တောင်ကိုင်းက သစ်သားကို ခုတ်ပြီး
ဘုရားရှင်ရုပ်တုပြုလုပ်ကိုးကွယ်ကြတာတွေ ရှိတယ်။
မဟာဗောဓိပင် တောင်ဘက်က အကိုင်း။
တောက်ဘက်ကို ဒက္ခိဏ၊ အကိုင်း အခက်ကို သာခါ။
ဆိုတော့ ဒက္ခိဏသာခါပေါ့။ ဒက္ခိဏသာခါဘုရားပေါ့။

မဟာဗောဓိအသားက ရှားပါးတော့
ရသလောက်အသားလေးနဲ့ ဘုရားရုပ်တု ထုထားတယ်ထင်ပါရဲ့။
ဒက္ခိဏသာခါဘုရားက အတော့်ကို အချိုးအစားမပြေပြစ်တာ။
ပုတက်တက် ပုကွကွနဲ့။
ဖူးရတာ သက်တောင့်သက်သာ မဖြစ်လှဘူး။

တကယ်တမ်းဖြစ်သင့်တာက သစ်သားကောင်းကောင်းနဲ့
ဘုရားရှင်ရုပ်တုကို သေသေချာချာ သပ်သပ်ယပ်ယပ် ထုလုပ်ပြီး
ကိုးကွယ်တာ ပိုကောင်းပါတယ်။ ဘုရားရှင် အတူတူပါဘဲ။
တချို့က ဒက္ခိဏသာခါဘုရားက မီးကွင်းတယ်တဲ့။
မီးကွင်းတယ်ဆိုပြီး အိမ်မှာ ထားကြတယ်။

အင်း၊
ဘုရားရှင်ကို မီးကင်းစောင့်တာဝန်ပေးထားတဲ့ ဗုဒ္ဓဘာသာဝင်တွေကို
အံ့ပ။