မြန်မာ့ပညာရေး ဘာလို့အောက်တန်းကျနေတာလဲ(ဒုတိယပိုင်း)
အခြေခံပညာရေးအစ
အခြေခံပညာရေးဆိုတဲ့ အပိုင်းကို စပြီးတော့ ကြည့်ရအောင်။သမိုင်းကြောင်းကို ခြုံငုံပြီးစောင်းငဲ့ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၁ရာစုကစပြီး ပညာဆိုတာရှိလာခဲ့တယ်။ဗုဒ္ဒဘာသာ သာသနာထွန်းကားလာတာနဲ့အမျှ ဘုန်းတော်ကြီးကျောင်းပညာရေး ပေါ်ထွန်းလာတယ်။ အဲဒါမြန်မာ့အခြေခံပညာရေးရဲ့ မြစ်ဖျားခံရာပါပဲ။
ဘုန်းကြီးက ယောက်ျားလေးတွေဖြစ်တဲ့ မောင်ကျောင်းသားလေးတွေကို သင်ပုန်းကြီးကုန်အောင် စပြီးသင်ပေးတယ်။ပြီးတော့ ဘုရားရှိခိုးအမျိုးမျိုးနဲအပါအဝင် ပရိတ်ကြီး၁၁သုတ်ကို နှုတ်တက်ရွရွ ဆိုနိုင်အောင် ကျက်မှတ်ခိုင်းတယ်။အဲဒီအဆင့်ကကျော်လွန်သွားရင် သဒ္ဒါ၊သဂြိ င်္ုလ်ပိုင်းတွေ အထိ စသည်ဖြင့် အဆင့်ဆင့် တက်သွားတယ်။မိန်းကလေးတွေကတော့ လူကြီးတွေထံက သေစာရှင်စာ သင်အံ ကြရတယ်လို့ ဆိုပါတယ်။ဘာအတွက် သင်အံလေ့ကျက်ကြတာလဲ။အဓိကကတော့ လောကုတ္တရာ အကျိုးအတွက် ဖြစ်ပါတယ်။လောကီအကျိုးအတွက်ကတော့ အဲဒါတွေ လွန်မြောက်ပြီးတဲ့အခါ ဗေဒင်ကျမ်း၊ဆေးကျမ်း၊ဓာတ်ကျမ်း၊လင်္ကာကျမ်းတွေနောက်ကို လိုက်ကြတယ်။၁၈၂၄ခုနှစ် မတိုင်ခင်အထိ အဲဒီပညာရေးစနစ်ပဲ ရှိနေခဲ့ပါတယ်။
၁၈၂၆ခုနှစ်နောက်ပိုင်းမှာတော့ အင်္ဂလိပ်သိမ်းပိုက်အုပ်ချုပ်တဲ့ဒေသတွေမှာ အစိုးရကျောင်းတွေဟာ ခရစ်ယာန်သာသနာပြုကျောင်းတွေနဲ့အပြိုင် ပေါ်ထွန်းလာခဲ့တယ်။အီးကျောင်းတွေမှာ အင်္ဂလိပ်သဒ္ဒါ၊ ဂဏန်းသချာင်္အစရှိတဲ့ ဘာသာရပ်တွေကို အထူးပြုပြီးသင်ကြားပေးခဲ့ပါတယ်။အစိုးရကျောင်းတွေမှာ မြေတိုင်းပညာလို့ခေါ်တဲ့ ပထဝီဝင်ဘာသာကိုလည်း သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ဒီပညာရေးကတော့ ရှေ့ကို ဆက်သွားနိုင်တဲ့နယ်ပယ် အကျယ်ကြီးရှိတယ်။စက်မှုတော်လှန်ရေးက ပေါ်ထွက်လာတဲ့ ပညာရပ် တွေနောက်ကို ဆက်လိုက်မယ်ဆိုရင် အများကြီးကျန်နေခဲ့ပါသေးတယ်။
ဒီပညာရေးနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘုန်းတော်ကြီးကျောင်းပညာရေးက တွေးခေါ်မြော်မြင်၊ တီထွင်ဖန်တီး၊သွားလာစွန့်စား၊သဘောတရာလက်တွေ့အစရှိတဲ့ အခြင်းအရာမျိုးတွေပေးတဲ့ နေရာမှာ သူနဲ့ပြိုင်ဖက်ဖြစ်လာတဲ့ ပညာရေးကို မယှဉ်နိုင်ဘူး။ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုထဲမှာ စွဲမြဲနေပြီ ဖြစ်တဲ့ အတွက် ခိုင်ခိုင်မာမာပဲ ဆက်လက်ရှင်သန်နေခဲ့တယ်။
၁၈၆၆ခုနှစ်နောက်ပိုင်းမှာ အိမ်ကျောင်း(လူကျောင်း)တွေပေါ်လာခဲ့တယ်။ပညာမင်းကြီးရုံးက ချမှတ်တဲ့ နည်း စနစ်တွေနဲ့ သင်ရိုးညွှန်းတမ်းတွေကို အဲဒီကျောင်းတွေမှာ သင်ကြားပေးတာဖြစ်ပါတယ်။မိန်းကလေးတွေကို လက်ခံသင်ကြားပေးတဲ့အတွက် မြန်မာကျောင်းသူလေးတွေကို အဲဒီခေတ်မှာမှ စတင်တွေ့မြင်ကြရတာဖြစ် ပါတယ်။အဲဒီအိမ်ကျောင်းတွေက ဗြိတိသျှအစိုးရရဲ့ အထောက်အပံ့ရတဲ့အတွက် ဘုန်းတော်ကြီးကျောင်း ပညာရေးကို ပြိုင်ဆိုင်လာနိုင်ခဲ့ပါတယ်။
ရန်ကုန်မှာ ၁၈၇၂ခုနှစ်က ဘက်ပတစ်အထက်တန်းကျောင်းတစ်ကျောင်း တည်ထောင်ခဲ့တယ်။ ကျောင်းအုပ်ကြီး ဘုန်းတော်ကြီးဂျေအန်ကူရှင်၁၈၉၂မှာ ရောက်လာပြီးတဲ့နောက် သူနာမည်ကိုအစွဲပြုပြီး ကူရှင်ကောျငးလို့ ဒေါ်ခဲ့ကြတယ်။အဲဒီကျောင်းကနေ ဘက်ပတစ်ကောလိပ်ဖြစ် နောက်တော့ ၁၉၁၈ခုနှစ်မှာ ဂျပ်ဆင်ကောလိပ်ရယ်လို့ ဖြစ်လာခဲ့တယ်။၁၈၇၄ခုနှစ်တုန်းက ရန်ကုန်မှာပဲ အထက်တန်းကျောင်း တစ်ကျောင်း ဖွင့်ခဲ့ပြန်ပါတယ်။၁၈၇၈ခုနှစ်မှာ တက္ကသိုလ်ပညာကို တစ်ဆင့် တက်လှမ်းနိုင်အောင် ပို့ဆောင်ပေးမယ့် ကောလိပ်ဌာနတစ်ခု အဲဒီကျောင်းနဲ့ တွဲဖက်ထားရှိခဲ့ပါတယ်။
မြန်မာ့မူလဘူတ အခြေခံပညာရေးဟာ ဘုန်းတော်ကြီးကျောင်းတွေထဲကနေ အပြင်ကိုရောက်လာခဲ့တာဟာ လောကီပညာဖွံ့ဖြိုးလာစေဖို့ အကြောင်းခံတရားဖြစ်တယ်ဆိုတာကို မြန်မာလူထု သိရောသိခဲ့ကြရဲ့လား။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
အခြေခံပညာရေး ပိုမိုရှုပ်ထွေးလာခြင်း
သမိုင်းကြောင်းကို ပြန်ပြီးစောင်းငဲ့ကြည့်မယ်ဆိုရင် ၁၉၃ဝပြည့်လွန် စစ်ကြိုခေတ်မှာ မြန်မာ့အခြေခံ ပညာရေးဟာ သူ့အတိုင်းအတာနဲပသူ တည်မိနေပါပြီ။ဒါပေမယ့် အင်္ဂလိပ်အစိုးရက ပညာရေးအသုံးစရိတ်ကို ထိန်းပြီးတော့သုံးခဲ့တယ်။အစိုးရထောက်ပံ့တဲ့စနစ်နဲ့ လုံးဝအပြည့်အစုံတာဝန်ယူတဲ့စနစ်ဆိုပြီး သတ်မှတ် ထားခဲ့ပါတယ်။ပထမစနစ်နဲ့ ဖွင့်ခွင့်ပေးထားတဲ့ကျောင်းတွေမှာ အစိုးရအထောက်အပံ့က တစ်ခြမ်း၊ ကျောင်းတည်ထောင်သူဖက်က တစ်ခြမ်း အဲသည်လိုသွားပါတယ်။ဒုတိယစနစ်နဲ့ဖွင့်တဲ့ ကျောင်း အရေ အတွက်က တော်တော်နည်းခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ ကျောင်းအမျိုးအစားက ၃မျိုးရှိတယ်။တိုင်းရင်းဘာသာစာသင်ကျောင်း၊အင်္ဂလိပ်နဲ့ တိုင်းရင်း ဘာသာစာသင်ကျောင်း၊အင်္ဂလိပ်ဘာသာစာသင်ကျောင်းတို့ ဖြစ်ပါတယ်။တတိယအမျိုးအစားကို တက်နိုင်ဖို့ အတွက် ခက်ပါတယ်။ဘာလို့လဲဆိုတော့ စရိတ် စကကြီးလွန်းတယ်။နောက်တစ်ချက်က တိုင်းရင်းသား တွေကို ၁ဝရာခိုင်နှုန်းပဲ တက်ရောက်ခွင့်ပြုဖို့ ကန့်သတ်ထားခဲ့တာကြောင့်ပါပဲ။အင်္ဂလိပ်တွေရဲ့ Divide and Ruleဆိုတဲ့ ခွဲခြားကန့်သတိ်ပြီးရန်တိုက် အုပ်ချုပ်တဲ့စနစ်ဟာ ပညာရေးထဲမှာလည်း စိမ့်ဝင်ခဲ့တယ်။ အဲဒီမှာ စပြီး မြန်မာ့ပညာရေးအရှုပ်တော်ပုံ စတင် ခဲ့တာပါ။ဒိအရင်က ဘုန်းတော်ကြီး ကျောင်းပညာရေးပုံစံနဲ့ အင်္ဂလိပ်တွေတင်သွင်းလာတဲ့ပညာရေးပုံစံ အားပြိုင်ရုံသက်သက်ပဲ ရှိရာကနေ နောက်ပိုင်းမှာ ပိုရှုပ် လာတာဖြစ်ပါတယ်။ရှုပ်လာတယ်ဆိုပေမယ့် အင်္ဂလိပ်အစိုးရအလိုကျပညာရေးဟာ ဘဝတက်လမ်းအတွက် အလုပ်အကိုင်အခွင့်အလန်းတွေအတွက် သေချာရေရာစေခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းပညာရေး မှေးမှိန်ကွယ်ပျောက်သွားခဲ့ရပါတယ်။
ဘာတွေထပ်ရှုပ်လာသလဲ
စစ်ကြိုခေတ်မတိုင်ခင်ကတည်းက ပညာရေးကို တစ်ပြေးညီဖြစ်အောင်မလုပ်ဘဲ ခွဲခြားမှုတွေပြုလုပ် ထားတဲ့အတွက် တက္ကသိုလ်ကျောင်းသားသပိတ်တွေပေါ်ပေါက်လာစေတဲ့အထိ အခြေအနေ ဆိုးလာခဲ့ပြီး နောက်ဆုံးမှာတော့ အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ တပ်လှန့် ဆော်ဩမှုဟာ ကျောင်းသား တွေကနေ မြန်မာတစ်မျိုးသားလုံးအထိ ပြန့်နှံ့သွားခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသားကျောင်းတွေဆိုတာ ပေါ်လာ ပြန်တော့ တစ်ရှုပ်ကနှစ်ရှုပ်ဖြစ်လာခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)