“ကြိုးစင်ပေါ်က ဧရာဝတီ” အပိုင်း (၃)

Minn ZinSeptember 14, 20111min1875

ထိုနည်းတူ မိုးရာသီတွင်လည်းရေအားလျှပ်စစ်ထုတ်ယူမှုကြောင့် ပုံမှန်ရေထုထည် စီးနှုန်းထက် လျှော့နည်းသွားမည်ဖြစ်ရာ သဘာဝရေကြီးကွင်း၊ ရေနက်ကွင်း ဧရိယာ များလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်ပါသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်ဆုံရာ သဘာဝ ရေနက်ကွင်းများ၊ ငဝန်မြစ်အနောက်ခြမ်းရေနက် ကွင်းများ စသည့်ဧရိယာများတွင် သဘာဝရေမရောက်တော့သဖြင့် ဆောင်းသီးနှံများ စိုက်ပျိုး နိုင်ခြင်း မရှိတော့၍အလုပ်လက်မဲ့ဖြစ်ကြပေတော့မည်။ သို့သော်မြစ်ဆုံတမံကြောင့် မိုးရာသီရေကြီးမှုအမြင့် လျော့နည်းသွားသဖြင့် မြစ်ဝကျွန်းပေါ်ရေဘေး ကာကွယ် ရေးတာတမံများအတွက် အသက်ရှုပေါက်ချောင်သွားနိုင်၏။ ဒါပေမယ့် သိပ်စိတ်ချ ၍တော့မဖြစ်သေး။ မိုးရွာခြင်း၊ရေကြီးခြင်း စသည်တို့မှာ ကျဘမ်းကိန်းစဉ် (Random Phenomena) များဖြစ်ကြ၏။ စာရင်းအင်းပညာ (Statistics) ဖြင့် တွက်ချက်၍ သဘာဝရေကြီးခြင်းကိုခန့်မှန်းနိုင်၏။ ယခုဤသို့မ ဟုတ်နိုင်တော့။ သဘာဝရေကြီး ခြင်းမဟုတ်၊ လူကလုပ်သည့် (Man-made) ရေကြီးခြင်းဖြစ်ရာ ခန့်မှန်းရန် ခက်ခဲသွား၏။ ရေကြီးပါက ဆည်အကျိုးမခံဘဲ ရေလွှတ်ချမည်သာဖြစ်သည်။ ရေကြီးမှုဖြစ်စဉ်တွင် ဧရာဝတီက သုံးပုံ နှစ်ပုံပါဝင်၍ ချင်းတွင်းက သုံးပုံ တစ်ပုံသာ ပါဝင်သည်။ မြစ်ဝကျွန်းပေါ်တာတမံများကို ခါတိုင်းထက်ပင်တိုး၍ စောင့်ကြပ်ရ မည့် သဘောရှိပေသည်။ နမူနာအားဖြင့် ထိုင်းနိုင်ငံအတွင်းရှိ “ဘူမိဘော” ရေလှောင် တမံမှ ဘာမပြော ညာမပြောနှင့် သူ့ဆည်လုံခြုံရေးအတွက် ရေလွှတ်ချလိုက်ရာ မြန်မာနိုင်ငံ သောင်ရင်းမြစ်အတွင်း သေလိုက်ကျတဲ့ မြန်မာတွေ….

မြစ်ဆုံတမံရေကြီးမှုကို တရုတ်ကြီးက ချုံကင်း သို့မဟုတ် ပီကင်းမှ အဝေးထိန်းစနစ် (Remote Control) နှင့် ထိန်းသိမ်းနိုင်၏။ ရေကြီးမှုသည်၊ စိုက်ပျိုးရေး၊ ရေကြောင်း၊ ဆောက်လုပ်ရေး၊ ဆည်မြောင်း၊ တာတမံ၊ စည်ပင်၊ လမ်းတံတား တသည့်ကဏ္ဍအား လုံးနှင့် ဆက်စပ်နေ၏။ ရေကြီးပါက မည်သူနှင့် ညှိနှိုင်းရမည်နည်း? တရုတ်ကြီးက “ဝ-မတိဘူးလေ၊ လု တို့ကိစ္စဘဲ” ဟုတ်ဆိုသော် မခက်ပါလော?

“မြစ်ဆုံစီမံကိန်းရဲ့ တမံအမျိုးအစားဟာ ကွန်ကရစ် မျက်နှာဖြင့် ကျောက်ဖြည့်တမံ (Concrete Face Rock Fill Dam-CFRD) အမျိုးအစားဖြစ်ပါတယ်။ အဲဒီ CFRD အမျိုးအစားဟာ Zone Type အမျိုးအစားထက်၊ ငလျင်ဒဏ်ခံနိုင်ရည်ရှိပါသည်” ဟုတ်ဖော်ပြထားပါသည်။ CFRD အမျိုးအစားတမံသည် ဖော်ပြပါအားသာချက်ရှိသ ကဲ့သို့ အခြားအားနည်းချက်များလည်း ရှိသည်ကိုမမေ့သင့်ပါ။ တမံတည်ဆောက် မည့်နေရာ မြစ်ကြမ်းပြင်အောက်ခံ ကျောက်အမျိုးအစား အလွန့်အလွန် (အလွန့် အလွန်) ကောင်းမွန်ရန်လိုအပ်ပါသည်။ အဘယ်ကြောင့်နည်း? မြစ်ကြမ်းပြင်တွင် သပ်ကျင်းတူးပြီး ကွန်ကရစ်မျက်နှာပြင်အ ပြားကိုစောင်း၍ ပေ(၄၅၀) အမြင့်အထိ တည်ဆောက် မည်ဖြစ်ရာကုတ်အားကောင်းရန်အတွက် အောက်ခံကျောက် အထူးကောင်းမွန်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ကွန်ကရစ် (ဘိလပ်မြေ) အကုန်အကျနည်းရန် အရေးကြီးသော ရှေ့ကာ အပြားကိုသာ ကွန်ကရစ်ထား၍ နောက်ဘက်က ကျောက်စီခြင်း ဖြစ်ပါသည်။ ယင်းတမံမျိုးှား တရုတ်နိုင်ငံတွင် သုံးစွဲနေကြသော်လည်း နိုင်ငံတကာ တွင်မူ ခေတ်မစားလှသေးပါ။ “အချို့စိုးရိမ်သ လိုတမံကျိုးတဲ့အဆင့်၊ ရေတွေဖွင့်ချရ တဲ့အဆင့်ရောက်လာ ဖို့ဆိုတာ လုံးဝမ ဖြစ်နိုင်ပါဘူး” ဟုရေးသားဖော်ပြချက်ကို လက်ခံရန် ခက်ခဲလှပါသည်။ ရေကြီးသဖြင့် ရေလှောင်ကန်တစ်ခု ရေဖွင့်ချရသည်မှာ မဆန်းပါ။ မကြာမီက အမေရိကန်နိုင်ငံတွင် မကြုံစဖူး မစ္စစပီမြစ်ရေကြီးရာ ရေတံခါးများ ဖွင့်ချခဲ့ရသဖြင့် မြို့ကြီးများစွာ ရေနစ်မြုပ်ခဲ့ရသည်။ သို့သော်ကြိုတင်ကြေငြာထားသဖြင့် အခက်အခဲကို ကျော်လွှား နိုင်ခဲ့သည်။ အဓိက တမံရေဆင်းဧရိယာအတွင်း မိုးရာသီတွင် မိုးကြီးနိုင်၏ ရေကြီးနိုင်၏ တောင်ပြိုနိုင်၏ နွေရာသီတွင် ဟိမဝန္တာရေခဲတောင် များအရည် ပျော်နိုင်၏။ ဆည်အမျိုးစားကောင်းကောင်း၊ ဒီဇိုင်းကောင်းကောင်း၊ ရေထုတ်အား ကောင်းကောင်း Monitoring စံနစ်ကောင်းကောင်း လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် မည်သည့်ဆည် အမျိုးအစားမှ ရာနှုန်းပြည့် စိတ်ချရမှုအတွက် အာမခံချက်မရှိပါ။ ကြိုတင်အသိရှိပြီး ကာကွယ်နိုင်ခြင်းဖြင့်သာ၊ အခက်အခံ လျော့နည်းသွားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် အီတလီနိုင်ငံရှိ Concrete Arch Dam ကြီးတစ်ခု၏ ရေလှောင်ကန်အ တွင်း ညအချိန်တောင်ကြီးတစ်ခုလုံး ရုတ်တရက်ပြိုကျသွားရာ တမံအောက်ဘက်ရှိ မြို့ကြီးတစ်မြို့လုံး စိစိ ညက်ညက် ကြေသွားသည်ကို ယနေ့တိုင်လေ့လာနိုင်ရန် ပြသထားပါသည်။ မြစ်ဆုံတမံ တစ်ခုခု ဖြစ်သွားပါက ဧရာဝတီမြစ်ဖျားမှ ပင်လယ်ဝအထိ မြစ်ကိုဖြတ်၍တည်ဆောက်ထားသော တံတား ကြီးများ သမိုင်းယဉ်ကျေးမှု နှစ်ပေါင်းထောင်ချီရှိခဲ့သော မြို့ပြအိမ်ယာ များသည် ဘင်္ဂလားပင်လယ်အော်အတွင်း သက်ဆင်းသွားနိုင်ပေသည်။

“ပိတ်ဆို့မှု (Sanction) ဆိုတာကြီးကြောင့်၊ ချေးငွေဆိုတာ နတ္ထိဖြစ်၍ တရုတ် နိုင်ငံက Foreign Direct Investment (FDI) နှင့် တာဝန်ယူ တည်ဆောက်ရသည်” ဟုဖော်ပြထားချက်အတွက် စိတ်မကောင်းပါ။ သို့ရာတွင် တရုတ်နှင့်ချုပ်ဆိုသော စာချုပ်စာတမ်းများကို ထုတ်ပြန်ခြင်းမရှိ၍ အကျိုးအကြောင်း မသိရသော်လည်း (FDI) ဆိုခြင်းကြောင့် ဆည်နှင့်တကွ ရေဝေ ရေလဲ ဧရိယာထိန်း ချုပ်မှုအားလုံး တရုတ်လက်တွင်းသို့ နှစ်အကန့်အသတ်မရှိ ရောက်ရှိသွားကြောင်း ယူဆ ဖွယ်ရာရှိပါသည်။ တရုတ်၏ အကျင့်အတစ်ခုမှာ ဥပမာ သစ်ခုတ်ခွင့်သဘော တူညီမှုရစဉ်က အမြစ်ပါတူး၍ မြေလှန်ပြီး ရသမျှယူသော အကျင့်ဖြစ်ပါသည်။ ယခုလည်း မြစ်ဆုံစီမံကိန်းလုပ်ငန်းများစသည်နှင့် ရွှေထွက်သော မြစ်ဆုံမြေများကို အကြောင်း အမျိုးမျိုးပြ၍ နေ့စဉ်အလုံပိတ်ကားကြီးများဖြင့် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း အစစ်အဆေးအမေးအမြန်းမရှိ သယ်ဆောင်ပြီး ရွှေကျင်ရယူနေ ကြသည်။ ထို့ပြင် မြစ်ဆုံကျောက်ဟုခေါ်သော ကျောက်စိမ်း လည်းထွက်သေး၏။ ရသမျှသယံဇာတ များမှာ အဖိုးထိုက်တန်သော ကုန်ကြမ်းပစ္စည်းများဖြစ်ရာ၊ မိမိပိုင် ပစ္စည်းများ လျော့နည်းမသွားစေရန် ထိန်းသိမ်းထားရေးမှာ နိုင်ငံသားတိုင်း၌ တာဝန် ရှိပါသည်။

ရေအရင်းအမြစ်ကို သားစဉ်မြေဆက်ရေ ရှည်တည်တဲ့ခိုင်မြဲစေနိုင်သော နည်းလမ်း များဖြင့် ထိန်းသိမ်း အသုံးချသွားနိုင်ရေးသည်၊ အနာဂတ်လူ့အဖွဲ့အစည်း အတွက် အလွန်အရေးကြီးသော စိန်ခေါ်မှုများအနက် တစ်ခုဖြစ်ကြောင်းဖော်ပြရင်း၊ မြစ်ဆုံ တမံ တည်ဆောက်ရေးကို စဉ်းစဉ်းစားစား လုပ်ပါဟုသာ တင်ပြလိုပါသည်။

(၂၀၁၁ ခုနှစ် ဩဂုတ်လ ၉ ရက် နှင့် ၁ဝ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများကို ရည်ညွှန်းပါသည်)

 

ဧရာဝတီကိုချစ်သူ

ဆည်မြောင်းမှ ငြိမ်းစားအရာရှိတစ်ဦး

 

5 comments

  • ပေါက်ဖော်

    September 14, 2011 at 4:21 pm

    ကြိုက်တယ်..ဦးဒဲ့ရေ..
    အပင်ပန်းခံရေးပေးရကျိုးနပ်မယ်လို ့ မျှော်လင့်ပါတယ်.

    ဧရာဝတီကတော့ ခေါင်းစဉ်အတိုင်းပဲ ကြိုးစင်ပေါ်မှာရောက်နေပါပြီ
    စဉ်းစဉ်းစားစား လုပ်ကြပါတော့

  • piti

    September 15, 2011 at 12:54 pm

    အချက်အလက် တိတိကျကျ တင်ပေးထားတဲ့အတွက် ကျေးဇူးပါ…
    တရုတ်နိုင်ငံရဲ့ အကြီးဆုံးရေလှောင်တမံဖြစ်တဲ့ တောင်ကြားသုံးသွယ်ရေလှောင်တမံ Three Gorges Dam ကြောင့် ပန်စီမြစ်နဲ့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်ဖွယ်အနေအထားဖြစ်ကြောင်း တရုတ်အာဏာပိုင် တွေကိုယ်တိုင် ဝန်ခံထားရတယ်ဆိုတဲ့အချက်ကို မမေ့သင့်ဘူးနော်…
    အခုဟာက ဦးဒဲ့ပြောသလို အဝေးကနေ စီမံထိမ်းချုပ်နိုင်တော့ တစ်ခုခုဖြစ်ရင် သူတို့နဲ့မဆိုင်…
    ခံပေရော့ မြန်မာပြည်သူတွေ လို့ မျက်နှာပြောင်တိုက်နေကြမှာ သေချာပါတယ်….
    ဧရာဝတီကို ကြိုးစင်ပေါ်က အောက်ကိုပြန်ချပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်….
    ဦးဒဲ့လို အတတ်ပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ရေးသားပေးကြပါလို့ တောင်းဆိုပါတယ်…

    • Maung Dae`

      September 15, 2011 at 5:47 pm

      piti ရဲ့စာကိုဖတ်လိုက်ရတော့ လူတောင် နည်းနည်းမြောက်သွားသလိုပဲ.. ဟဲ ဟဲ..
      ကျွန်တော်က အတတ်ပညာရှင်မဟုတ်ရပါဘူးဗျာ.. အပိုင်း (၂) မှာတုန်းက ပြောထားပါတယ်.. တကယ့် အတတ်ပညာရှင်က ကျွန်တော်တို့ ရုံးက အန်ကယ်ကြီးတစ်ယောက်ပါ.. သူက ကျွန်တော့်ကို အင်တာနက်ပေါ်တင်ပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်က တင်ပေးတာ.. ကျွန်တော် အားစိုက်တာ စာရိုက်တာပဲရှိတယ်… ဒါပေမယ့်လည်း တစ်ရက်လောက် လူအထင်ကြီးခံရနည်းလား… ဟီး ဟီး…

  • မီးမီး သော်

    September 15, 2011 at 9:02 pm

    ဘယ်လိုဖြစ်ပါစေ မောင်ဒဲ့ရေ။ဒါပေမယ့်လေ ဘယ်လောက်ကောင်းတဲ ့နည်းပညာဘဲဖြစ်ပါစေ သဘာဝတရားရဲ ့ဒဏ်ခတ်တဲ့ ဘေးတွေကို ဘယ်သူလွန်ဆန်နိုင်မှာလဲ။ငလျင်ကြီးလှုပ်မယ်ဆိုရင်တော့ ခက်ပီ။အားလုံးကုန်ပီတောင် အော်ခွင့်ရပေါ့မလား။

  • ပေါက်ဖော်

    September 19, 2011 at 11:20 am

    ကိုဒဲ့ရေ..
    “Water Resources Specialist တဦး”
    ဆိုတာ ဘသူလဲ မသိ..(သို ့မဟုတ်)
    တခြား ဆိုဒ်တွေကို စာမူပို ့ထားသေးလားခင်ဗျ
    စိတ်တော့မရှိနဲ ့..ဦး..
    ဒီပို ့စ်ကို တခြားဆိုဒ်မှာ မှီငြမ်း ကူးယူထားပြီး “Water Resources Specialist တဦး” ဆိုပြီး Credit ပေးထားလို ့….မရှင်းလို ့ မေးကြည့်တာပါ

    အားတဲ့အခါ ကြိုးစင်ပေါ်က ဧရာဝတီကို ပီဒီအက်ဖ် လုပ်ပေးမလို ့စဉ်းစားနေတုန်းရှိသေး..ခုတော့ လုပ်စရာမလိုတော့ဘူး..
    http://www.naytthit.net/wp-content/uploads/2011/09/Irrawaddy-on-the-gallows.pdf

    ဒီအောက်မှာကောပဲ..
    http://freedomnewsgroup.com/2011/09/19/irrawaddy-on-gallow/

    ဝမ်းသာပါတယ်..

Leave a Reply