မှတ်မိသမျှ ဂယာ (၂)

black chawSeptember 14, 20111min1962
DSC00760

MaMa ရေ

အုန်းမောင်းခေါက်သံကြားမှ အိပ်ယာမှ နိုးကြပါတယ်။ နီလာအဖွဲ့ တာဝန်ခံက ညကတည်းက ကြိုပြောပြထားတဲ့အတွက် ပထမအုန်းမောင်းမှာ ဘုန်းကြီးများ အာရုံဆွမ်းစား ဘို့အတွက်ဖြစ်ပြီး ဒုတိယအုန်းမောင်းခေါက် မှ ဘုရားဖူးများ မနက်စာစားရမည်ဖြစ်ကြောင်း သိနေကြပါတယ်။ ပထမအုန်းမောင်းခေါက်ကတည်းက အခန်းအသီးသီးက လူတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြပါပြီ။ မျက်နှာသစ်ကြ၊ ရေချိုးနိုင်တဲ့ လူက ရေချိုးကြ၊ အဝတ်အစားလဲကြဖြင့် ဂယာမှာဘုရားဖူးကြဘို့ ပြင်ဆင်နေကြပါပြီ။ ၅ နာရီ ခွဲခန့်မှာ မနက်စာစားဘို့ အုန်းမောင်း ခေါက်သံကြားတာနဲ့ ကျွန်တော်တို့ မိသားစု စားသောက်ခန်းမကြီးဆီ ချီတက်ကြပါတယ်။ စားသောက်ခန်းမကြီးက အတော်ကျယ်ဝန်းပြီး သန့်ရှင်းပါတယ်။ ဒီနေ့ မနက်စာက နို့ခေါက်ဆွဲ နဲ့ လက်ဖက်ရည်ပါ။ ပန်းကန်၊ ဇွန်းနဲ့ လဖက်ရည်သောက်ဖို့ ခွက်တွေကို စားပွဲတစ်ခုမှာ စံနစ်တကျ တင်ပေးထားပါတယ်။ ကိုယ်တိုင်ယူစံနစ်ပါ။ ခေါက်ဆွဲဖတ်နဲ့ အကြော် ဘဲဥ တို့ကို လူတစ်ယောက်က တာဝန်ယူထည့်ပေးပါတယ်။ ဟင်းရည်ထည့်ပေးတာက တစ်ယောက်၊ လဖက်ရည်ထည့်ပေးတာက တစ်ယောက်ပါ။ အားလုံး ဗမာတွေပါပဲ။ ရန်ကုန်မှာ ဘူဖေးစားသလိုပဲ တန်းစီပြီး ယူရပါတယ်။ ကျွန်တော်တို့ စုံတွဲက ဖားသားကြီးနဲ့မားသားကြီးအတွက်ပါ ယူပေးပါတယ်။ နို့ခေါက်ဆွဲအရသာက အတော်ကောင်းပြီး အဝစားလို့ ရပါတယ်။ နေ့လယ်စာ ဘယ်အချိန်စားရမယ်မသိတာကြောင့် နို့ခေါက်ဆွဲအဝစားပြီး လက်ဖက်ရည်ချိုချိုလေးနဲ့ အချိုတည်းလိုက်ပါတယ်။ လက်ဖက်ရည်ကလည်း အစပ်တည့်နေပြန်ပါရောဗျာ။ မနက်စာစားပြီး ဘုရားဖူးတွေ ကိုယ့်အခန်းကိုယ်ခဏပြန်နားကြပါတယ်။ အနားယူချိန်ပေါ့ ခင်ဗျာ။ ကျွန်တော်ကတော့ ခရီးသွားရင် ဆေးလိပ်သောက်တတ်တဲ့ အကျင့်ကရှိနေတော့ ကျောင်းအပြင်ထွက်ပြီး ကုလားစီးကရက်တစ်ဗူး ဝယ်ပါတယ်။ စီးကရက်လေးတွေက တိုတိုလေးတွေပါ။ ဈေးကလည်း ပေါပေါလေးပါပဲ။ အခုဒီစာကိုရေးတဲ့အချိန်မှာ ကျွန်တော်မှတ်မိတာက ဂယာက မြန်မာပြည်ထက် တစ်နာရီနောက်ကျသလားလို့ပါ။ သွားဘူးတဲ့ ရွာသူရွာသားတွေလည်းရှိနေတော့ လွဲသွားရင်မကောင်းဘူးပေါ့ဗျာ။ ကံလေးကောင်းလို့ နောက်တစ်ခါများ ထပ်သွားခွင့်ရခဲ့ရင် ဒီထက်ပိုပြီး တိတိကျကျရေးနိုင်မှာပါ။ အခုတော့ ခွင့်လွှတ်ကြပါ။ ကျွန်တော်ဟိုရေးဒီရေးနဲ့ လျှောက်ရေးနေတာ၊ အရေးကြီးတဲ့ အိမ်သာ ရေချိုခန်းတို့၊ သောက်ရေတို့ အကြောင်းတွေ မပါသေးဘူးဗျ။ အိမ်သာ ရေချိုးခန်းက တွဲလျက်ပါ။ ဗိုလ်ထိုင်ပါ။ ဘေစင်လည်းပါပါတယ်။ ရေက ရေပန်းရှိပါတယ်။ တော်တော်သန့်တယ် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ သောက်ရေကတော့ နီလာ က ရေသန့်ဗူးတွေဝေပေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မိသားစုကတော့ အယ်လ်ပိုင်း ဗူး ၃၀ လောက်ကို ပါကင်ထုတ်ပြီး သယ်သွားပါတယ်။ ကိုယ့်ဟာကိုယ်သယ်သွားတော့လည်း စိတ်ချရတာပေါ့ခင်ဗျာ။ နောက် အိမ်က အကြော်အလှော်လေးတွေလုပ်ယူသွားရင်လည်းမမှားပါဘူး။ ကျွန်တော်တို့က ဂယာတစ်ခုတည်းမှာ ကျောက်ချတာဆိုတော့ ပြသနာမရှိဘူးပေါ့။ ခရီးစဉ်အစအဆုံးဆိုရင်တော့ ဗိုက်ဆာတဲ့ အချိန် ကိုယ့်မှာ ပါတာလေးနဲ့ အဆာပြေအောင်လုပ်ထားလို့ရတာပေါ့ဗျာ။ အဓိကကျတဲ့ နောက်တစ်ခုက အိန္ဒိယငွေ ရူပီး ကိစ္စပါ။ မသွားခင် ရန်ကုန်မှာကတည်းက ကျပ်ငွေနဲ့ ရူပီးချိန်းခဲ့တာက ကျပ် တစ်သိန်းကို ရူပီးလေးထောင်ပါ။ ဟိုရောက်လို့ ဂယာမှာဈေးဝယ်ထွက်တဲ့အခါ ဆိုင်ရှင်ကို ကျွန်တော်က မေးကြည့်ပါတယ်။ ဆရာလိုလိုဘာလိုလိုပေါ့ဗျာ။ ဒေါ်လာနဲ့ ရှင်းလို့ ရလားဆိုတော့ ရပါတယ်တဲ့။ ၁ ဒေါ်လာကို ၄၄ ရူပီး ပေးပါတယ်တဲ့။ အဲဒီအချိန်က ဒေါ်လာဈေးက ၉၀ဝ ကျော်ကျော်လေးပါ။ ဆိုတော့ ဒေါ်လာကိုင်သွားတာက ပိုအဆင်ပြေတဲ့ သဘောပေါ့ဗျာ။၂၀၁၀ နိုဝင်္ဘာ ၂၉ ရက် ပေါက်ဈေးကိုပြောတာနော်။ အခုတော့ တစ်နှစ်လောက်ရှိပြီဆိုတော့ မလျှောက်တတ်တော့ဘူး။ ထားပါတော့။

မြန်မာကျောင်းမှာ ဝှီးချဲ နှစ်စီးရှိတယ်ဗျ။ ယောက်ခမကြီးအတွက် ဝှီးချဲလည်း အဆင်ပြေသွားပါတယ်။ ထပ်အဆင်ပြေပြန်တာက ကျွန်တော်တို့က ဂယာမှာပဲ ငါးရက်လုံးလုံးကျောက်ချပြီး ဘုရားဖူးမှာဆိုတော့ တခြားလူတွေလို ဗျာမများတာပါ။ ကျွန်တော်တို့ မိသားစုအတွက်အိန္ဒိယနိုင်ငံထုတ် ပရာဒို လိုကားအသစ် တစ်စီး သီးသန့်စီစဉ်ပေးပါတယ်။ မသိရင် ဗီအိုင်ပီလိုလိုဘာလိုလိုပေါ့ဗျာ။  ခရီးစဉ်အစအဆုံးသွားမယ့်သူတွေကတော့ လေအိတ်ကားကြီးတွေနဲ့ပါ။ ကျွန်တော်တို့လိုပဲ တခြားအဖွဲ့တစ်ခုလည်း သီးသန့် ကားလေးတစ်စီးနဲ့ပါ။

မနက် ရ နာရီလောက်မှာ ကျောင်းက ကားတွေစထွက်ပါတယ်။ ကျွန်တော်တို့ကားကို မောင်းတဲ့ ကောင်လေးက အင်္ဂလိပ်စကားတော်တော်ပြောနိုင်ပါတယ်။ ဒါတောင် အခြေခံပညာ အဆင့်ပဲရှိတယ်လို့ဆိုပါတယ်။ နာမည်က ဘီနွတ် ပါ။ ဟိုပြောဒီပြောနဲ့ ကျွန်တော်တို့ တော်တော်ရင်းနှီးသွားပါတယ်။ ကောင်လေးက ဆက်ဆံရေးလည်းကောင်းပြီး ဒေသန္တရ ဗဟုသုတလည်း တော်တော်ရှိပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကြီးက သိတ်မဝေးပါဘူး။ ဥပမာပေးရရင် လှည်းတန်းမှတ်တိုင်နဲ့ အင်းလျားကန်စပ်က အိုင်ဘီစီ အဆောက် အဦ လောက်ရှိလိမ့်မယ်။ ဂယာက လမ်းတွေက အရမ်းကျဉ်းပါတယ်။ ကားချင်းရှောင်ရင် တော်တော်ကပ်ကပ်ကနေ ရှောင်ကြတာပါ။ ရှေ့ခန်းမှာထိုင်တဲ့ ကျွန်တော် ခဏလေးစီးတာ ခေါင်းတောင်မူးသွားပါတယ်။ ဘီနွတ်က ဒီမှာ ကားလေးနဲ့ ခရီးသွားတာထက် ကားကြီးနဲ့ သွားတာက ပိုလုံခြုံတဲ့ အကြောင်းနဲ့ အက်စီးဒင့် ဖြစ်ရင် ကားလေးပေါ်ကလူတွေ သေကြေကြတာများတဲ့ အကြောင်း ပြောပြပါတယ်။ ကားပါကင်ကနေ ဘုရားကြီးရောက်ဖို့ တော်တော်ဝင်ရပါတယ်။ ကားပေါ်ကဆင်းတာနဲ့ လက်ဆောင်ပစ္စည်းရောင်းတဲ့ လမ်းဘေးဆိုင်တွေက အလုအယက်ခေါ်ကြပါတယ်။ လူတွေကလည်း ရှုပ်ယှက်ခတ်နေတာပါပဲ။ နိုင်ငံခြားဘုရားဖူးတော်တော်များတဲ့ နေရာပါ။ ကျွန်တော်က ဝှီးချဲကို တွန်းလို့ရသလောက်တွန်းပြီး ယောက်ခမကြီးကို ခေါ်သွားပေးပါတယ်။ ဝှီးချဲတွန်းလို့မရတဲ့နေရာရောက်မှ ယောက်ခမကြီးက ဒူးနာနေတဲ့ကြားက ဘုရားဖူးချင်တဲ့စိတ်နဲ့ လမ်းထလျှောက်ပါတယ်။ ပထမဆုံးလုပ်ရတာကတော့ နီလာ က စီစဉ်ပေးတဲ့ ကြာသင်္ဃန်းကို ဘုရားကပ်ဖို့ပါ။ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ကို မြန်မာကျောင်းက ဘုန်းကြီးတစ်ပါးက ဦးဆောင်ပြီး ဂိုက်လုပ်ပေးပါတယ်။ ဘုန်းကြီးဘွဲ့ အမည်က အရှင် ကောသလ္လ ပါ။ သက်တော် ငယ်ငယ်ပဲရှိပါဦးမယ်။ နီလာအဖွဲ့တွေ အကုန်လုံး အဝါရောင်ကြာသင်္ဃန်းကြီးကို ဖြန့် ပြီး တစ်ဖက်တစ်ချက်စီက ကိုင်ရင်းစေတီတော်ကြီးရှိရာ တဖြေးဖြေးလျှောက်ကြရပါတယ်။  မုခ်ဦးကို ရောက်တော့ စေတီတော်ကြီးရှိရာ လှေခါးထစ်တွေက ဆင်းရပါတယ်။

မဟာဗောဓိ စေတီတော်ကြီးက  ဗုဒ္ဓ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကြီးနဲ့ အပရာဇိတပလ္လင်တော် အရှေ့ဘက်မှာ မိုးပြီးတော့ တည်ထားတာပါ။ စတုဂံပုံ နှစ်ထပ်စေတီတော်ကြီး ဖြစ်ပါတယ်။ ဘီစီ ၃ ရာစုလောက်က အသောက မင်းကြီး တည်ထားခဲ့တယ်လို့ ဆိုပါတယ်။ အေဒီ ၁၂ ရာစု မှာ မွတ်စလင် တွေက ဖျက်ဆီးခဲ့ကြပြီး အေဒီ ၁၄ ရာစု မှာတော့ မြန်မာ မင်းများက ထိန်းသိမ်း ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။ စေတီတော်ကြီးအတွင်းပိုင်းမှာ ရုပ်ပွားတော်တစ်ဆူ ရှိပါတယ်။ ရုပ်ပွားတော်ကို တာဝန်ယူစောင့်ရှောက်နေတဲ့ တရုတ်နဲ့တူတဲ့ ဘုန်းကြီးတစ်ပါး လည်းရှိနေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ မြန်မာဘုန်းကြီးဦးဆောင်ပြီး ကြာသင်္ဃန်းကို ဘုရားကပ်ကြပါတယ်။ ကျွန်တော်လည်း ရသမျှ ဘုရားရှစ်ခိုး အကုန်ရွတ်ပြီး ဘုရားရှစ်ခိုးခဲ့ပါတယ်။ နောက်တစ်ကြိမ်လာဖူးဘို့လည်းဗုဒ္ဓမြတ်စွာဘုရားထံမှာ ဆုတောင်းခဲ့ပါတယ်။ ရုပ်ပွားတော်ရှေ့မှာ သစ်သီးတွေ ကပ်ထားတာလည်းမနည်းပါဘူး။ တာဝန်ခံဘုန်းကြီးက ဘာစိတ်ကူးပေါက်တယ်မသိပါ။ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သားတွေကို ပန်းသီးတွေ စွန့်ပေးပါတယ်။ ကျွန်တော်က သုံးလုံးလောက်ရခဲ့ပါတယ်။ တချို့လူတွေက အသင့်ယူလာတဲ့ ပုတီးတွေကို ဘုရားရင်ငွေ့လှုံရန် ဘုန်းကြီးထံ ခွင့်ပန်သောအခါ ဘုန်းကြီးကလည်း စီစဉ်ပေးပါတယ်။ ကျွန်တော်တို့ ကတော့ ပုတီးတွေ မပါခဲ့တာနဲ့ နောက်နေ့လာသော အခါမှ ယူလာကြရန် အမျိုးသမီးနှင့် ပြောဖြစ်ပါတယ်။ သင်္ဃန်းကပ်ပြီးသည်နှင့် အရှင် ကောသလ္လ မှ ဦးဆောင်ပြီး သတ္တ သတ္တာဟ ရ ဌာနကို တစ်ခုချင်းလိုက်လံရှင်းလင်းပြသပါတယ်။ကျေးဇူးပါ ဘုရား၊ သာဓု သာဓု သာဓု ပါဘုရား။

ဤနေရာ၌​ ဗုဒ္ဓသည် ရ ရက်စီ၊ ရ ဌာန၌ ၄၉ ရက် သီတင်းသုံးနေခဲ့သည် ဟု ဆိုပါတယ်။ အရှင် ကောသလ္လမှ ရှင်းပြပေးပြီးသည်နှင့် ကိုယ်ပိုင်ဘုရားဖူးရန်၊ တရားထိုင်ရန် အချိန်ပေး ပါတယ်။ ယောက်ခမကြီးလင်မယားနှင့် အမျိုးသမီးတို့ အနောက်ဖက်ရင်ပြင်တွင် တရားထိုင်နေစဉ် ကျွန်တော်က ညောင်ပင်ကြီးကိုမော့ကြည့်ပြီး စိတ်ဧ။်ချမ်းသာခြင်းကို ခံစားနေမိပါတယ်။ ဗုဒ္ဓ ပွင့်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၂၅၀ဝ ကျော်ပြီဖြစ်တဲ့ အတွက် မူလညောင်ပင်ကြီးဖြစ်ရန် မသေချာပါ။ ဒါပေမယ့် ပီတိဖြစ်နေတဲ့ စိတ်ခံစားမှုကတော့ လျော့မသွားပါ။  နာရီဝက်ခန့်ကြာတော့ ဘုရားကြီး လေးဖက်လေးတန် အကုန်လိုက်ကြည့်ပါတယ်။ အနောက်ဖက် ရင်ပြင်တစ်ခုလုံး တိဗက် ဘုရားဖူးများ၊ ဘုန်းကြီးများနှင့် ပြည့်နှက်နေပါတယ်။ ၎င်းတို့ ထုံးစံ မတ်တပ်ရပ်လိုက် တစ်ကိုယ်လုံးဝမ်းလျားမှောက်ပြီးဘုရားဝတ်ပြုလိုက်နှင့် ကြည့်ရတာတစ်မျိုးဆန်းနေပါတယ်။ တရုတ်ဘုရားဖူးလင်မယားနှစ်ယောက်ကတော့ အချိုရည်ဗူးတွေ လိုက်ဝေပြီး စတုဒီသာ လုပ်နေတာ တွေ့ရပါတယ်။ ကျွန်တော်တောင်လာပေးသဖြင့် နှစ်ဗူးယူထားလိုက်ပါသေးတယ်။ စုတ်စုတ်ပြတ်ပြတ် ကုလားလေးများ လိုက်တောင်းတော့ မပေးပါဘူး။ မိတ်ဆွေများမှာလိုက်သောညောင်ရွက်အစစ်ရရန် ယူနီဖေါင်းဝတ်ထားသော ဘုရားလုံခြုံရေးတစ်ယောက်ထံ ကပ်သွားပါတယ်။ ပြီးတော့ ထိုလုံခြုံရေးက မျက်ရိပ်ပြပြီး ကျွန်တော့်ကို အပြင်ဘက်ကို ခေါ်ပါတယ်။ ကျွန်တော်လိုက်သွားတဲ့အခါ သူ့ ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး လုံးချေထည့်ထားတဲ့ ညောင်ရွက် သုံးလေးရွက်ကို ထုတ်ပေးပါတယ်။ ပိုက်ဆံနဲ့ လဲရမယ့် သဘောပေါ့။ ဒါပေမယ့် ကျွန်တော် တော်တော်စိတ်ကုန်သွားပါတယ်။ ကျွန်တော်တို့က ရိုရိုသေသေ ဆောင်ထား မယ့်  ဗုဒ္ဓပွင့်ရာ ညောင်ပင်ကြီး ရဲ့ အရွက်တွေကို သူက မရိုမသေ ဘောင်းဘီအိတ်ထဲထည့်ထားတာတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်လည်း မယူဖြစ်လိုက်ပါဘူး။ ယောက်ခမကြီးတွေ ဘုရားဝတ်ပြု တရားထိုင်ပြီးတဲ့အခါ ကျွန်တော်တို့ ကျောင်းကိုပြန်ဖို့ လုပ်ရပါတယ်။ စေတီတော်ကြီးထဲက ပြန်အထွက် လှေခါးထစ်တွေကို ကျွန်တော့် ယောက်ခမကြီးတွေ တော်တော်တက်ရပါတယ်။ အပေါ်မုခ်ဦးဝအနားရောက်တော့ အပေါ့သွားချင်ကြတယ်ဆိုတော့ အိမ်သာဘယ်နားရှိလဲဆိုတာ အနားက လုံခြုံရေးတစ်ယောက်ကိုမေးကြည့်ရပါတယ်။ သူက ဝမ်းသာအားရနဲ့ ဒီကိုလာဆိုပြီး ဗီအိုင်ပီတွေလာရင် ဧည့်ခံတဲ့ တစ်ထပ် အဆောက်အဦထဲက အိမ်သာကိုခေါ်သွားပေးပါတယ်။ ဧည့်ခန်းမှာ ဆိုဖာဆက်တီတွေဘာတွေနဲ့ အဲကွန်းနဲ့ တော်တော် သပ်ယပ်တဲ့ နေရာလေးပါ။ ဗီအိုင်ပီလိုလို ဘာလိုလိုပေါ့၊ ရူပီး တော့ ပေးရတာ ထုံးစံအတိုင်းပေါ့ဗျာ။ ကားပေါ်ရောက်တော့ ဘီနွတ်က သွားနိုင်တဲ့ နေရာတွေကို ပြောပါတယ်။ ကျွန်တော်တို့က ဒီနေ့တော့ နားလိုက်တော့မယ့် အကြောင်းနဲ့ မနက်ဖြန်မှ သွားကြမယ့်အကြောင်းပြောရပါတယ်။ ဘီနွတ်က လက်ဆောင်ပစ္စည်းဝယ်ရင် မြန်မာကျောင်းထဲမှာပဲ ဝယ်သင့်ကြောင်း အကြံပေးပါတယ်။ ကျောင်းရောက်တော့ ဘုန်းကြီးထံလျှောက်ပြီး ယောက်ခမကြီးတွေအတွက် ထမင်းကို အခန်းထဲယူပေးလိုက်ပါတယ်။ ကျွန်တော်တို့ စုံတွဲက စားသောက်ခန်းမထဲမှာပဲ စားလိုက်ကြပါတယ်။ ဒီနေ့တော့ ကြက်သားနဲ့အာလူးဆီပြန်ပါ။ အရည်သောက်ကုလားဟင်းလည်းပါပါတယ်။ အင်မတန်ကောင်းသော မြန်မာလက်ရာပါခင်ဗျာ။ ထမင်းစားသောက်ပြီးတော့ အင်တာနက်ဆိုင်ရှိမရှိ စုံစမ်းတဲ့ အခါ ကျောင်းရှေ့က လမ်းသွယ်လေးတစ်ခုထဲမှာ ကွန်ပျူတာ ၆ လုံးလောက်ရှိတဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာ တွေ့တဲ့အတွက် ကျွန်တော့်အတွက် အိုကေသွားပါတယ်။  ကော်နက်ရှင်ပြသနာလည်း မရှိတော့ အင်တာနက်သုံးရတာ အရသာတော်တော်ရှိပါတယ်။ ဒီမှာ ဖွင့်မရတဲ့ဆိုက်တွေ အကုန်လိုက်ဖွင့်ကြည့်နေမိတာနဲ့ ညနေ ၃ နာရီလောက်ဖြစ်သွားပါတယ်။ ကျောင်းထဲကို ပြန်ရောက်တော့ နီလာက လဖက်ရည်နဲ့ ဆမူစာ ကျွေးနေပါတယ်။ တစ်ယောက်ကို တစ်ခွက်တစ်ခုစီပါ။ လဖက်ရည်ကတော့ကောင်းပါတယ်။ ဆမူစာက သိတ်မစွံပါ။ ဂယာမှာ လက်ဖက်ရည်ဆိုင်ရယ်လို့ သီးသန့်မရှိပါ။ ကော်ဖီဆိုင်လေးတစ်ခုတွေ့ပေမယ့် ထိုင်သောက်လို့ရတဲ့ ဆိုင်မျိုးမဟုတ်ပဲ တစ်ခါသုံးခွက်လေးတွေနဲ့ ပါဆယ်သာရောင်းပေးပါတယ်။

မဟာဗောဓိ စေတီနဲ့ ညောင်ပင်ကို ပန်းပုထုပြီးရောင်းနေတာပါ။ စေတီနဲ့ ညောင်ပင်ကြားမှာပလ္လင်ရှိပါတယ်။

2 comments

  • MaMa

    September 14, 2011 at 9:08 pm

    ဗုဒ္ခဂါယာဘုရားဖူးအဖွဲ့တွေ အများကြီးရှိတာ တချို့က တော်တော် အဆင်မပြေဘူး ပြောသံကြားတယ်။ အခု နီလာကတော့ အဆင်ပြေပြေ စီစဉ်ပေးနိုင်ပုံပဲ။ ဂဃနဏ ရေးပြထားလို့ ကျေးဇူးတင်တယ် blackchaw ရေ။

  • blackchaw

    September 14, 2011 at 10:01 pm

    ခရီးစဉ်အစအဆုံးသွားတဲ့လူတွေ အဆင်ပြေမပြေတော့ ကျွန်တော်လည်းမသိဘူးနော်။
    တစ်ခုအကြံပေးချင်တာက ဂယာတစ်ခုတည်းသွားရင် မြန်မာဘုန်းကြီးကျောင်းက ဆရာတော်တွေက အကူအညီပေးကြတာကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားလို့တောင် အဆင်ပြေနိုင်ပါတယ်။ ကုန်ကျစရိတ်လည်းသက်သာသွားတာပေါ့။ ခရီးစဉ်အစအဆုံးဆိုရင်တော့ ဘုရားဖူးအဖွဲ့ တစ်ခုခုနဲ့မှ အဆင်ပြေမှာပါ။ အဖိုးကြီးအဖွားကြီးတွေကို နှစ်ယောက်တည်းမလွှတ်သင့်ဘူးဗျ။ ခရီးပန်းတယ်။ အဖွဲ့နဲ့သွားတဲ့အတွက် ကြိတ်မှိတ်လိုက်ရတဲ့အခါ ဒုက္ခများတာပေါ့။

Leave a Reply