“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်)

“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း”
(ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်)

၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..)
ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊
ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။
မြန်မာသီချင်းတွေကိုပြောတာပါ။
ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။
တိတ်ရီကော်ဒါရှိမယ်။
နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။
တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။
ဒါအကုန်ပါဘဲ။
နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။
ဓါတ်စက်မရှိ။
တိတ်ရီကော်ဒါမရှိ။
ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။
ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။
ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့်
ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။
အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့
သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။
အထူးသဖြင့်ဝင်းဦးကားတွေမှာဆိုရင် သီချင်းပါတာပိုများသလို ရုပ်ရှင်ထဲက သီချင်းတွေကို လူတွေကလဲပိုကြိုက်ကြ
နှစ်သက်လို့လာကြပါတယ်။
ရုပ်ရှင်ကြော်ငြာမှာကို တေးသံစုံဇာတ်မြူးလို့ထည့်ကြော်ငြာတဲ့အထိ သီချင်းကို ဦးစားပေးလာကြပါတယ်။
အဲတော့ ရုပ်ရှင်သီချင်းကလဲ တစ်ခေတ်ဖြစ်သွားသပေါ့။
တစ်ချို့ဆိုရင် ကိုယ်ကြိုက်တဲ့သီချင်းကို အလွတ်မရမခြင်း ရုပ်ရှင်ကို သုံးလေးငါးကြိမ်ပြန်ကြည့်တဲ့သူတောင်ရှိပါတယ်။
ရှေးကတော့ မင်းသားမင်းသမီးတွေက သီချင်းနဲ့သရုပ်ဖော်ကြတဲ့အခါ ကိုယ်တိုင်ဆိုကြပါတယ်။
ဥပမာပေးရရင် (ပြည်လှဖေ ၊ခင်မောင်ရင်၊အေဝမ်းတင်မောင်၊မေရှင်၊မေမေဝင်း၊ကြည်ကြည်ဌေး)တို့က ကိုယ်တိုင်ဆိုနိုင်သလို
သရုပ်ဆောင်လဲလုပ်နိုင်သူတွေပေါ့။
ဒါပေမယ် နောက်ပိုင်းခေတ်မှာတော့ မင်းသားမင်းသမီးဖြစ်ပေမယ့်လဲ သီချင်းမဆိုတတ်သူတွေ
ပါလာပါတယ်။
ရုပ်ရှင်နောက်ခံတေးဆိုတဲ့နေရာမှာလဲ တကားတစ်လာသာ အပြင်မှာနာမည်ကြီးတဲ့သီချင်းယူသုံးပေမယ့်
အများအားဖြင့်တော့ ကိုယ့်ဇာတ်နဲ့လိုက်ဖက်တဲ့သီချင်းကို တေးရေးဆရာဆီမှာသီးသန့်အပ်ပါတယ်။
အဲဒီအခါမှာ မင်းသားမင်းသမီးက သီချင်းမဆိုတတ်ဘူးဆိုရင် သူတို့ကိုယ်စား သီဆိုပေးရတဲ့
ရုပ်ရှင်နောက်ခံတေးသီဆိုသူလူတန်းစားတစ်ရပ်ပေါ်ပေါက်လာလို့လာပါတယ်။
1960နဲ့ 1980 ပါတ်ဝန်းကျင်အလွန်ကာလမှာ ဝင်းဦး၊ညွန့်ဝင်း၊ခင်ယုမေ၊ကြည်ကြည်ဌေး၊တွံတေးသိန်းတန်၊ဇော်ဝမ်း၊
တို့လောက်သာ ကိုယ်တိုင်သီချင်းဆိုပေမယ့် ထွန်းထွန်းဝင်း၊ဇော်လင်း၊လင်းထင်၊ခင်သန်းနု၊စန္ဒာ၊တင်တင်ညို၊
မြင့်မြင့်ခိုင် နွဲ့နွဲ့မူ အစရှိတဲ့နာမယ်ကျော်မင်းသားမင်းသမီးတွေက သီချင်းကို ကိုယ်တိုင်မဆိုဘဲ နောက်ခံဆိုပေးထားနဲ့
ဘဲသရုပ်ဆောင်ကြတာများပါတယ်။
(သူတို့ရုပ်ရှင်လောကသားများ အခေါ်တော့ ပလေးဘက်ပေါ့။)
ရုပ်ရှင်နောက်ခံတေးသီဆိုပေးသူများမှာ နာမည်အကြီးဆုံးကိုတော့ မောင်သိန်းဝင်းနဲ့အေဝမ်းတင်တင်လှဆိုရင်မမှားလောက်ဘူးလို့ထင်ပါတယ်။
အခြားသော သီဆိုသူများလည်းရှိပေမယ့် သူတို့နှစ်ယောက်ကတော့ ဆိုပေးတဲ့ရုပ်ရှင်နဲ့သီချင်းအရေအတွက်
အများဆုံးဖြစ်မယ်ထင်ပါတယ်။

နောက်ရုပ်ရှင်သီချင်းများကနေအပြင်ကိုပျံ့နှံလာတဲ့ သီချင်းတွေထဲမှာအပုဒ်ရေ အများဆုံးကတော့ ဝင်းဦးရဲ့ရုပ်ရှင်သီချင်းတွေဖြစ်ပါတယ်။
မီးပုံပွဲ၊မေခင်ကျနော့်အချစ်တော်၊သီရိဂေဟာ၊ကျောက်မဲအကျဥ်းသား၊မေတ္တာပန်းဥယျာဉ်၊မမမိုး၊မြာပဒေသာ၊
ရုပ်ရှင်ရူးမလေး၊မုန်းတလှည့် ပြုံးတလှည့်၊ထူးခြားတဲ့အိပ်မက်၊ခေတ်လူပျို၊ရူပါရုံရှင်၊အလှကမ္ဘာမြေ၊
မပြီးသေးသောပန်းချီကား၊စတဲ့သီချင်းမြူးမြူးတွေရော၊
ရှေ့တော်ပြေးမလေး၊နွမ်းလျအိမ်ပြန်၊ကြက်ညီနောင်၊ကိုယ်ပြန်လာပြီ၊အိပ်မပျော်သောညများ၊တေလေငှက်၊
တိမ်လွှာမို့မိုလွင်၊ပိတောက်ရိပ်ဝယ်၊မောင်တို့ချယ်ရီမြေလို့ အဆွေးသီချင်းတွေပါ လူထုကြားမှာ နှစ်သက်လို့
ခေတ်စားခဲ့ပါတယ်။
အအောင်မြင်ဆုံးသီချင်းကတော့ “မူံရွှေရည်”နဲ့ “မျက်ဝန်းလဲ့ပြာပြာ”လို့ဆိုရင်မလွဲနိုင်ပါဘူး။
ဒါကျနော်မှတ်မိသလောက်လေးပြောပြတာပါ။
နောက် သီချင်းအကြောင်းနဲ့ဆက်နွယ်လု့ိရိုက်ထားတဲ့ “တစ်ကျော့နှစ်ကျော့တေးကိုသီ”
မှာဆိုရင်အပြင်မှာလဲတကယ့်အဆိုတော်တွေဖြစ်တဲ့ တင်တင်မြ ချိုပြုံးတို့နှစ်ယောက်ကို ရုပ်ရှင်လောကထဲ
ကိုရောက်အောင် တွန်းပို့လိုက်ပါတယ်။
“မောင်လေးရေ ထပါတော့ ရောင်နီလာမှာပေ့ါ……………တစ်ကျော့နှစ်ကျော့တေးကိုသီ………………”
ဆိုတဲ့ကဗျာလေးက နေရုပ်ရှင် သီချင်းအဖြစ်ပုံစံပြောင်းလို့မြန်မာပြည်တနံတလျားပျံ့လွင့်သွားခဲ့ပါတယ်။
“ ဘဝသံသရာ “၊”ရတနာပုံ”၊“ ဂုဏ် “၊“ သက်ဆိုင်သူသို့“၊“ ဆယ်နှစ်လရာသီ“၊”က္ကတ္ထိယ”၊”ဖူးစာနှစ်ခိုင်”
စတဲ့သီချင်းတွေကလည်း ရှေးခေတ်အဆက်ဆက်နာမယ်ကြီး ခဲ့တဲ့ ရုပ်ရှင်သီချင်းတွေပါဘဲ။

အဒီခေတ်ရဲ့နောက်ပိုင်းမှာတော့ “ ချစ်သူ့နယ်မြေ “၊“ ရွှေလည်တိုင်“၊“ကိုလူပျို “၊“ ပျို့မောင်ဖုန်း “၊“နှင်းပျောက်တဲ့နွေ “၊
” မန်ဒါလီ“၊”မြခြူသံ “၊”နေ့စဉ်ပိတောက်ပွင့်ပါစေ “၊” ကိုယ်လိုချင်သောပန်း“၊ဒီအရွယ်တင့်တင့်တို့အရွယ်” ပျော်ပျော်ပါးပါး”
“ ချစ်၍ရွာသောမိုး “၊“ ဗေဒါလမ်း“၊“ မီးဇာလဲကြွေ အသည်းလည်းကြွေ “၊“သည်သောင်ယံက မခွာရက်နှိုင်တယ်” ၊“စိတ်”
ဆိုတဲ့သီချင်းလို သီချင်းပေါင်းများစွာကလူတိုင်းပါးစပ်ဖျားမှာရောက်လာခဲ့ပါတယ်။
ကျနော်ငယ်ငယ်က “ဒါဘဲနော် အကို…………အကို……..”မူနွဲ့နွဲ့အသံလေးနဲ့ဆိုလိုက်တဲ့ အတွေ့ဇာတ်ကားထဲကသီချင်းကို
အတော်လေးသဘောကျမိခဲ့ပါတယ်။
နောက် ထွန်းဝေနဲ့မြတ်မွန်တို့ရဲ့ ဒေါင်းမလေး ဇာတ်ကားထဲမှာထင်ပါတယ်။
“ဒီမှာအလုပ်တွေရှုပ်နေတယ်……………….လာပါအုံးဆို……….”ဆိုတဲ့ သီချင်းလေးကလဲအမှတ်ရစရာပါ။
ရုပ်ရှင်သီချင်းတွေအကြောင်းပြောမယ်ဆိုရင်တော့ ပြောလို့တောင်မကုန်နိုင်အောင်ပါဘဲ။
ကျနော်အခုသတိရသလောက်လေးပြန်ပြောတာဖြစ်ပေမယ့် ကျနော်ထက်ပိုမှတ်မိသူတွေလဲရှိနေမှာအမှန်ပါ။
ရုပ်ရှင်သီချင်းတွေနဲ့ပါတ်သက်လို့ အအောင်မြင်ဆုံးလို့ပြောရမယ်ဆိုရင်တော့ “ သင်္ကြန်မိုး “
လို့ပြောရင် လွန်မယ်မထင်ပါဘူး။

၂။ (နှစ်သက်ခဲ့ တဲ့ ………..ခုထိမမေ့သေးတဲ့ …………………………)

ကျနော်နည်းနည်းလေးအရွယ်ရောက်လာတော့ အဒေါ်တွေအမတွေနဲ့ ရုပ်ရှင်မလိုက်ချင်တော့ပါဘူး။
သူတို့နဲ့သွားရတာ မလွတ်လပ်တော့ တာရယ် အမြဲတမ်းညကိုးနာရီပွဲချည်းဘဲကြည့်ရတာကြောင့်ပါ။
သူငယ်ချင်းတွေနဲ့ဘဲကိုယ်ကြိုက်တဲ့ကားကို ရွေးကြည့်ချင်တာလဲ အကြောင်းတစ်ခုပေါ့။
လူ့သဘောသဘာဝက ဒီအတိုင်းပါဘဲ။
ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်ပြီလို့ ထင်မိတဲ့အခါမှာ အရင်က ကိုယ်အားကိုးခဲ့ဘူးတဲ့ အမှီအတွယ်တွေကို
ဖယ်ထုတ်ချင်တယ်လို့ဆိုနိုင်ပါတယ်။
ကျနော်တို့ကလေးတုန်းက တကယ်ကြိုက်ခဲ့တဲ့ကားကတော့ ညွန့်ဝင်းရဲ့” ဗန်ဒိုလူလေးနဲ့သူဇာ“၊
ညွန့်ဝင်းသရုပ်ဆောင်တာကလဲ ခပ်မိုက်မိုက် ခပ်လန်းလန်း ခပ်ကြမ်းကြမ်း ကျနော်တို့ သိပ်ကြိုက်ခဲ့တာပေါ့။
ရုပ်ရှင်ကြည့်ပြီးတာနဲ့ ရုပ်ရှင်ထဲက ညွန့်ဝင်းလုပ်သလို တအိအိ …တအားအားနဲ့အော်ဟစ်ပြီး ……ပြီးဗန်တိုသိုင်းချတမ်း
ကစားခဲ့ကြရတာလဲမမောနိုင်မပန်းနိုင်အောင်ပါဘဲ။
နောက်ထပ်အဲလိုကားတစ်ကားကတော့ ”ကေသွယ်ရယ် ကော့မိုင်ရယ် “၊
ညွန့်ဝင်းနှစ်ကိုယ်ခွဲလို့သရုပ်ဆောင်တဲ့ကားပါ။
ငယ်ကတည်းက ကွဲသွားတဲ့ညီအကိုမှန်းမသိကြ။
တစ်ယောက်ကလူကောင်း နောက်တစ်ယောက်ကလူဆိုး ။
လူဆိုးလုပ်တဲ့လူက လူကောင်းနေရာမှာ ဝင်ပြီး အယောင်ဆောင်တဲ့ဇာတ်လမ်း။
ခပ်ကြမ်းကြမ်းဖိုက်တင်ချတဲ့ကားပေါ့။
မင်းသမီးကလည်း ကချင်မင်းသမီး ခေါန်ဂျီးထင်ပါတယ်။
(ဒီမင်းသမီးကလဲ ဒီတစ်ကားဘဲရိုက်တယ်ထင်ပါတယ်)
တောင်ပေါ်မှ ကားမောင်းရင် းသေနတ်အပြိုင်ပစ်တဲ့အခန်းဆို လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။
အဲဒီကားထဲမှာညွန့်ဝင်း(လူဆိုး)လုပ်တဲ့လူက ကုလားထို်င်ကို ပြောင်းပြန်ထို်င်ပြတတ်ပါတယ်။
အိမ်မှာ ကုလားထို်င်ကို ထိုင်ရင်တောင် ညွန့်ဝင်းစတိုင်နဲ့ ပြောင်းပြန်ထိုင်လို့ ခေါင်းအခေါက်ခံရတာလဲ ခဏခဏပါ။
နောက်ငယ်ငယ်က ကြိုက်ခဲ့တဲ့ကားတစ်ကား ကတော့ ကောင်းဘွိုင်းကားဆန်ဆန်ရိုက်ထားတဲ့
” လူစွမ်းကောင်းခုနှစ်ယောက်“၊
သေနတ်ပစ်တာတော်တဲ့လူ၊ဒါးပေါက်တာ တော်တဲ့လူ၊ကြာပွတ်ရိုက်တာတော်တဲ့လူ။
တစ်ယောက်တစ်မျုးိစီတော်ကြတဲ့ သူရဲကောင်းတွေပေါ့။
မှတ်မှတ်ရရ အောင်ကျော်ဆိုတဲ့မင်းသားက အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျတဲ့အခန်းပါဘဲ။
အိမ်ပေါ်ကနေ တလိမ့်လိမ့်ကျလာတာ မြင်ရတာ အသဲတယားယား။
(နောက်ကြီးလာမှ နိုင်ငံခြားကားကို မှီးရိုက်တာဆိုတာသိလာရပါတယ်။)

မှတ်မှတ်ရရကားတစ်ကားပြောရရင်တော့ မိဘမေတ္တာကိုဖော်ကျုးတဲ့ကားလေးပါ။
“မြခြူသံ”ရုပ်ရှင်ပါ။
အရုပ်မလှပေမယ့် အနုပညာလှလွန်းတဲ့ မာမာအေးကို မင်းသမီးတင်ရိုက်တဲ့ကား။
မာမာအေးက နောက်ခံသီချင်းဆိုသူအဖြစ်သရုပ်ဆောင်ပါတယ်။
ကုလားကာ နောက်ကွယ်မှာ သီချင်းဆိုရင်းမိန်းကလေးသဘာဝအတိုင်း အချဉ်ပေါင်းထုပ်စားနေ၊
ချဉ်လွန်းလို့မျက်နှာလေးရှုံ့ပြတဲ့အမူအယာလေးကိုလူတိုင်းနှစ်သက်ခဲ့ကြပါတယ်။
ကျနော်တို့ညီအကိုနှစ်ယောက်အဲဒီကားကို ရွှေနဂါးရုပ်ရှင်ရုံကို သွားကြည့်ကြတာပါ။
ရုပ်ရှင်ထဲမှာ မီးလောင်တဲ့အခန်းပါ ပါတယ်။
တို်က်တိုက်ဆိုင်ဆိုင် အဲဒီမီးလောင်တဲ့အခန်းလဲရောက်တဲ့အချိန်နောက်ဆုံးတန်းကနေ
”မီး မီး မီး “ဆိုပြီး အော်သံကြားလို့လှည့်ကြည့်လိုက်တော့ အဲဒီနောက်ဆုံးနံရံက လျှပ်စစ်ဘုတ်ခုံမှာဝါယာရှော့ဖြစ်ပြီး
မီးလောင်နေတာကို တွေ့ တော့ ရုံတံခါးတွေဖွင့်လို့ထွက်ပြေးကြပါတယ်။
ဆယ့်ငါးမိနစ်လောက်ကြာ သွား ပြီး မီး ငြိမ်းမှဆက်ပြပါတယ်။

နောက်ကျနော်တို့ငယ်ငယ်က ကြည့်ခဲ့ဘူးတဲ့ ဟာသကားတွေထဲမှာ အမှတ်မိဆုံးကတော့
သန်းနွဲ့တို့ ဖိုးပါကြီးတို့ ရဲ့ကားတွေပေါ့။
မှတ်မိတာလေးတစ်ခုက ဖိုးပါကြီးရဲ့ ဗို်လ်ကာတွန်း ဇာတ်ကားမှာပါ။
သူတို့ က လမ်းမပေါ်လာတဲ့ကားကို လမ်းပိတ်ပြီး ဓါးပြတိုက်ဘို့လုပ်တဲ့အခါ လမ်းမှာကားတစ်စီးလာတာလဲမြင်ရော ဗိုလ်လုပ်တဲ့သူက လမ်းပေါ်မှာ သစ်ကိုင်းချပြီး လမ်းပိတ်လိုက်ဆိုတဲ့အခါ တပည့်လုပ်သူက လမ်းမပေါ်မှာသစ်ကိုင်းသေးသေးလေးချတော့ သူတို့တိုက်မယ့်
ကားလွတ်သွားတာတို့။
အိမ်တစ်အိမ်ကို ဓါးပြဝင်တိုက်တော့ အိမ်ရှင်မိန်းမက ဒုက္ခရောက်လို့ငိုပြတာနဲ့ ဓါးပြမတိုက်ရဘဲ ထမင်းဘိုးပိုက်ဆံထုတ်ပြီးကူညီခဲ့ရတာတွေပေါ့။
သန်းနွဲ့ကတော့ စစ်တန်းလျားတစ်ခုမှစစ်သားတွေ တန်းစီပြီး စစ်ရေးပြနေချိန်မှာ
ရှေ့က ခေါင်းဆောင်ကနေ စစ်သားတွကို ဘယ်လှည့်ညာလှည် အမိန့်ပေးနေတဲ့အချိန်
သူက တလွဲတွေ လျှောက်အော်နေတာနဲ့ ကမောက်ကမဖြစ်တာတို့
နန်းဝတ်နန်းစားနဲ့ မင်းသားအသွင်အိပ်မက် မက်တာတို့၊
ဘောလုံးဂိုးသမားနေရာမှာနေပြီး ဂိုးဘားတန်းပေါ်တက်ထို်င်နေတာတွေကတော့ ခပ်ရေးရေးလေးမှတ်မိလို့ နေပါတယ်။

ခပ်ရေးရေးလေးမှတ်မိတဲ့ကားဆိုရင် ကောလိပ်ဂျင်နေဝင်းနဲ့ထားထားနွယ်တို့ ရဲ့” မတည့်အတူနေ”ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်မတည့်တော့ ကားမောင်းတဲ့အခါ ထားထားနွယ် ဆံထုံးကြီးပြုတ်ကျအောင်မောင်းတာတို့၊
ထားထားနွယ်ကလဲ ကားပျက်ချင်ယောင်တောင်ပြီး ကားတွန်းခိုင်းတာ လောက်တော့မှတ်မိပါတယ်။
ကောလိပ်ဂျင်ဆိုတဲ့ကားမှာ သရုပ်ဆောင်တာကနေ နေဝင်းဆိုတဲ့နာမယ်ရှေ့မှာ ပရိသတ်က ပေးတဲ့ကောလိပ်ဂျင်ဆိုတဲ့
နာမယ်ကိုသေသည်အထိယူသွားတဲ့ ကောလိပ်ဂျင်နေဝင်းရဲ့ကားတွေထဲမှာ “ပယင်းရောင်”ဆိုတဲ့ကားကိုတော့
အတော်လေးနှစ်သက်ခဲ့ကြပါတယ်။
ကော်ပီသီချင်းဖြစ်ပေမယ့် ကောလိပ်ဂျင်နေဝင်း တယောထိုးပြီးဆိုတတ်တဲ့
” အိုကွယ် သူလေး…………..ရှောင်ပုန်းလို့ပြေးရက်တယ်………..“၊ဆိုတဲ့သီချင်းကတော့ လူတွေရဲ့စိတ်ထဲမှငြိသွားတဲ့သီချင်းပါဘဲ။
ပညာတတ်တစ်ယောက်အရက်ကျေးကျွန်ဖြစ်ပြီး ဘဝမှန်ကိုဖျောက်ပြီး တောမှာသွားနေတဲ့ဇာတ်လမ်းလေးပေါ့။
အဲဒီကားမှာ လူကြိုက်များပြီးထင်ရှားတာကတော့ မင်းသမီးဒေစီကျော်ဝင်းရဲ့အမူအယာလေးပါ။
နှာခေါင်းက ကျလာတဲ့နှပ်ရည်ကို လက်ညိုးလေးနဲ့ရှလွတ်ဆိုသုတ်ပြတဲ့ချစ်စဖွယ်အမူအယာလေးပေါ့။
အဲဒီအမူအယာလေးက အဲဒီရုပ်ရှင်ရဲ့ထူးခြားချက်ဖြစ်လို့သွားပါတယ်။
ကောလိပ်ဂျင်နေဝင်းကတော့ ကျနော်တို့သိပ်မသိတတ်ခင်အရွယ်ကနေမင်းသားဖြစ်လိုက်တာကျနော်တို့အရွယ်
ရောက် အိမ်ထောင်ရက်သားကျတဲ့အထိ အောင်မြင်ဆဲ အားလုံးကလက်ခံဆဲမင်းသားတစ်လက်ဆိုတော့
အတော်ကို တော်ပြီးထူးခြားသူလို့ဆိုနိုင်ပါတယ်။
ကောလိပ်ဂျင်နေဝင်းကားတွေမှာလူကြိုက်များတဲ့ကားတွေက မရည်မတွက်နိုင်အောင်ပါဘဲ။
ကျောက်ဘီလူးနဲ့ပပဝင်းတို့ ရင်ပွင့်လေသောအခါတို့ ကတော့ အစောပိုင်းကားတွေပေါ့။
နောက်ပိုင်းမှာ ဘမှန်ဘဇံအကြောင်းပေါ့။
နောက်တစ်ချက်က ကောလိပ်ဂျင်နေဝင်းက မြန်မာ့ရုပ်ရှင်မင်းသားထဲမှာ စကားပြောကောင်းတယ်ဆိုတဲ့
မြတ်လေးနဲ့အပြိုင်သရုပ်ဆောင်နိုင်သူဖြစ်သလို စကားပြောတဲ့လေယူလေသိမ်း မှာသူများနဲ့မတူတဲ့
ပုံစံကိုဖန်တီးထားနိုင်သူ လိုအပ်ရင် ဇာတ်ဝင်တေးများကိုလဲဆိုနုှိင်သူ တစ်ယောက်ဖြစ်ပါတယ်။
ကောလိပ်ဂျင်နေဝင်းကတော့ ဟာသမှာလဲပိုင်အလွမ်းမှာလဲပိုင်တဲ့ ရှာမှရှားတဲ့သဘာဝမင်းသားစစ်စစ်ပါ။
ကြုံတုန်းလေးတော်ကီပွားလိုက်ရရင် ရာဇာနေဝင်းက သူ့အဖေကို မမှီပါဘူး။

ကျနော်တို့ငယ်ငယ် ကျနော်တို့အကိုတွေလက်ထက်မှာ နာမယ်ကျော်ခဲ့တဲ့မင်းသားတစ်လက်ကတော့ “ဇော်ခင်”ပါ။
အခုထိအသက်ထင်ရှားရှိနေပါသေးတယ်။
သူနာမည်ကြီးခဲ့တဲ့ကားကတော့ “ချိန်းမိလေသောည”ထင်ပါတယ်။
စီးကရက်ကို ပါးစောင်မှာ ခပ်စောင်းစောင်းလေးခဲထား။
သားရေဂျာကင်ကိုအပေါ်ကဝတ်၊
အကျှီကော်လံကိုထောင် ရင်ဘတ်ကြယ်သီးမတတ်ဘဲ ဟပြဲထား ဘောင်းဘီဖင်ကျပ်ကျပ်ဝတ်၊
ဖိနပ်ဦးချွန်ကိုစီး ထားတဲ့ သူရဲ့ခပ်မိုက်မိုက်ဒီဇိုင်းကို အဲဒီခေတ်ကလူငယ်များကကြိုက်ခဲ့ကြတာပါ။
ဒါပေမယ့် သူကတော့ ရုပ်ရှင်လောကမှာ ဝုန်းကနဲ့နာမယ်တက်လာပြီး ခဏလေးနဲ့ပျောက်သွားခဲ့ပါတယ်။

ကျနော်တို့ငယ်ငယ်က မင်းသားဆိုရင ်ဝင်းဦး ကြည်စိုး စိုးနိုင် ဇော်ခင် ဇော်လွင် မောင်ယဉ်ထွေး ကောလိပ်ဂျင်နေဝင်း မြတ်လေး ထွန်းဝေ
ဝင်းညွန့်၊ မင်းသားရဲ့သူငယ်ချင်းများနေရာမှာဆိုရင် အောင်လွင်တို့ အောင်မိုးတု့ိ ရှိခဲ့ပါတယ်။ဒါတွေကကျနော်မှတ်မိသလောက်လေးပါ။
မင်းသမီးဆိုရင် ထားထားနွယ် ဒေစီကျော်ဝင်း နှင်းဆီ ခင်ယုမေ ခင်သန်းနု ဝါဝါဝင်းရွှေ တင်တင်နွဲ့ မြင့်မြင့်ခင် သီသီ ဖျာပုံမယ်တင်တင်အေး၊
အရင်ခေတ်က ရုပ်ရှင်များမှာ တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့ဇာတ်ရံတွေရှိပါတယ်။
မကောင်းတဲ့အခန်းဆိုရင် အေးကြူတို့ ဝေသာလီမောင်ဖုန်းတို့ ဦးကျောက်လုံး ဦးကျော်ဇောတို့ အံ့ကျော်တို့ပေါ့။
ဟာသဆိုရင် လဲ ဖိုးပါကြီး ဒေါ်ခင်စိန်တို့ အေးကို တို့ မြင့်ဖေတို့ ဂျော်လီဆွေတို့ သာဆန်း ရွှေလုံး မသေးသေး မသန်းရွှေတို့ရှိပါတယ်။
ဗီလိန် မိန်းမကြမ်းနေရာမှာဆိုရင်လဲ ဘေဘီနွဲ့တို့ ခင်မိုးမိုး တို့ဒေါ်မြလေးတို့ရှိပါတယ်။
မာနကြီးတဲ့သူဌေးခန်းဆိုရင်လဲ သီတာခင်ထွေးတို့ ဒေါ်ခင်ညွန့်တို့ရှိသလိုသနားကမားအခန်းဆိုရင်လဲ
ဒေါ်ဂျမ်းစိန် မေသစ် မအေးကြည် တို့ရှိပြီး လူကြီးခန်းဆိုရင်လဲဗိုလ်ဗကိုတို့ ဦးသိန်းမောင်တို့ ဦးဘချစ်တို့ရှိပါတယ်။
လူကြမ်းအခန်းဖိုက်တင်ခန်းဆိုရင်လဲ နေစိုးတို့ သိုက်စိုးတို့ အပြင်မင်းသားရွှေဘနဲ့အတူသရုပ်ဆောင်ကြတဲ့ သမ္မတလူကြမ်းအဖွဲ့ဝင်
ချီးဗူး တို့ ညိုအေးကြီးတို့ အပြင် ချန်ပီယံတင်ညွန့် ဒိုင်ဗင်တင်လှတို့ ဌေးဝင်းတို့ လှံမင်းသားစံတင်တို့ရှိကြပါတယ်။
အဲဒီခေတ်က သရုပ်ဆောင်သူတွေကလဲ အရည်အချင်းပြည့်ဝ၊ဇာတ်ရုပ်နေရာမရွေးသရုပ်ဆောင်နိုင်သူတွေဖြစ်ကြပါတယ်။
ဒါကြောင့်လဲအဲဒီခေတ်က ရုပ်ရှင်ကားတွေကလဲ တစ်ကားဆို ဆိုသလောက် ကြည့်လို့ကောင်းတာကို တွေ့မြင်ခဲ့ရပါတယ်။
(အရည်အချင်းပြည့်ဝတဲ့ တတ်ကျွမ်းတဲ့ဒါရိုက်တာတွေရဲ့စကားကိုနားထောင်ကြတာလဲ ပါမယ်ထင်ပါရဲ့)
ကျနော်မမှတ်မိတဲ့သရုပ်ဆောင်ကောင်းတွေလဲ ရှိနိုင်ပါသေးတယ်။

မှတ်မိသလောက်ပြောရရင် မင်းသားတွေထဲမှာ ထွန်းဝေတို့ဇော်လွင်တို့ဆိုရင်စစ်ကားတွေ ခပ်ခန့်ခန့်နေရာတွေမှာသရုပ်ဆောင်တတ်ပြီး
ကြည်စိုးတို့ မောင်ယဉ်ထွေးတို့ စိုးနိုင်တို့ဆိုရင် ခပ်အေးအေးစရိုက်နဲ့သရုပ်ဆောင်သူတွေပေါ့။
ကျော်ဆွေကတော့ နိုင်ငံခြားမင်းသားစတိုင်နဲ့သရုပ်ဆောင်တတ်သူ။
စကားပြောလဲမပွင့်တပွင့်နဲ့ မိန်းမတွေအရမ်းကြိုက်ပေါ့ ကျော်ဆွေစတိုင်ကို။
ကျနော်တို့အကိုတွေခေတ်မှာ အေဝမ်းရုပ်ရှင်အုပ်စုက ညီအကိုတွေစုပြီး မင်းသားတစ်ဖွဲ့ပေါ်လာပါတယ်။
ရုပ်ဖြောင့်တဲ့ ဝင်းလှိုင်နဲ့စိုင်းဝဏ္ဏ ရုပ်ဆိုးတဲ့ ကိုမြင့်နဲ့ တိုးညွန့်။
သမန်းကျားဆိုတဲ့ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကိုရောက်လာခဲ့ကြပါတယ်။
နောက်လူငါးယောက်ကားတစီးနဲ့ခရီးသွားတဲ့ ခေတ္တရာခရီးသည်လဲရိုက်ပြီးရော ပျောက်သွားသလိုပါဘဲ။
“ဟေဟေဟေ…………….မိုးရေ တိမ်ကြိုတိမ်ကြားထဲက မိုးရေ………………………”ဆိုတဲ့သီချင်းကတော့
လူငယ်များကြားမှာရေးပန်းစားခဲ့ပါတယ်။

နောက်ကျနော်တို့ခပ်ငယ်ငယ် “ဖိုးပြုံးချို”တဲ့ဇာတ်ကားမှာ အေဝမ်းအုပ်စုက ဝင်းမာလေးဆိုတဲ့ ကောင်မလေးကို ယောကျာ်းလေးဇာတ်ဆောင်တစ်ယောက်လို ပုံစံဖမ်းလို့ နာမယ်ကျော် ဖိုးပါကြီး နဲ့တွဲဖက်ပြီး သရုပ်ဆောင်ခိုင်းတာ အကယ်ဒမီရခဲ့ပါတယ်။
“နှစ်မွှာအသဲ”ဆိုတဲ့ ကားထဲမှာ အဆင်မပြေလို့ ကွဲကွာနေတဲ့ အဖေနဲ့အမေကို
ပြန်လည်သင့်မြတ်အောင်အမွွှှာညီမနှစ်ယောက်က ဝိုင်းဝန်းလို့ ကြုးိစားတဲ့ ဇာတ်လမ်းလေးမှာ ဝင်းမာလေးရဲ့ညီမစန္ဒာကို ကလေးသရုပ်ဆောင် အနေနဲ့နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ခိုင်းတာ အကယ်ဒမီလဲရ၊တနိုင်ငံလုံးအတိုင်းအတာနဲ့အုံးအုံးကြွက်ကြွက်
နဲ့နှစ်သက်ကြတာတင်မက အဲဒီထဲက ကလေးမလေးတွေညှပ်တဲ့ဆံပင်ပုံစံကိုတောင် “စန္ဒာကေ”လို့နာမယ်ပေးပြီးလိုက်ညှပ်ကြပါတယ်။
ထူးခြားချက်ကတော့ အမဖြစ်သူ ဝင်းမာလေးကတော့ အသက်အရွယ်ရတဲ့အခါ ရုပ်ရှင်ဆက်မရိုက်ဘဲ သူ့ညီမ စန္ဒာကတော့အောင်မြင်တဲ့ရုပ်ရှင်သရုပ်ဆောင်ကောင်းဘဝနဲ့ရုပ်ရှင်တွေအများကြီးရိုက်သွားခဲ့ပါတယ်။
ဒီကားလေးနဲ့သိပ်မကြာခင်မှာဘဲ “ နုနုငယ်ငယ်” “ဖူးစာလမ်းဆုံ” ဆိုတဲ့ကားတွေမှာ မင်းသားသစ်ကျော်ဟိန်းကိုတွဲခေါ်လိုက်တာ
နောက်တော့အိမ်ထောင်ဖက်တွေဖြစ်သွားပါတယ်။
မင်းသားကျော်ဟိန်းကလဲ နောင်မှာတော့ မြန်မာရုပ်ရှင်လောကရဲ့ ဂုရုကြီးတစ်ပါးအဖြစ်ကိုရောက်သွားခဲ့ပါတယ်။
ရုပ်ရှင်ထဲက မင်းသမီးများ ရဲ့ဆံပင်ပုံစံကို အပြင်လူတွေလိုက်ထားကြတာ နောက်ထပ်ပုံစံကတော့ “အိုမီဂါကေ”ပါဘဲ။
အငယ်အနုလေးတွေကြိုက်တဲ့ မင်းသား ကောလိပ်ဂျင်နေဝင်းကို ဇနီးဖြစ်တဲ့ စံရှားတင်က သူ့ကိုစိတ်လည်လာအောင်
နုအောင် အောက်ခြေမှာအကောက်ကလေးနဲ့ ရောမအက္ခရာ အိုမီဂါ ပုံစံလေးညှပ်လိုက်တာကို လူတွေက သဘောကျလို့
လိုက်ညှပ်ကြတာပါ။
အဲဒီထဲက ဇာတ်ဝင်တေး အိုမီဂါ ဆိုတဲ့သီချင်းကိုတော့ ဝင်းဦးက ဆိုပေးထားပါတယ်။
ရုပ်ရှင်နာမည်က တော့ ကညာပျိုနဲ့ဇရာအို ဆိုတဲ့ စိတ်ကစားတတ်တဲ့ယောက်ျားတွေကို သရော်ပြီးရိုက်ထားတဲ့ ကားပါ။

နောက်မိန်းကလေးသရုပ်ဆောင်တွေသာပါတဲ့ ကျောင်းဆရာမများရဲ့မေတ္တာကိုဖော်ကျူးတဲ့ “မေတ္တာစိမ်းစိမ်း”ဇာတ်ကားပါ။
အဆောင်နေကျောင်းသူများနဲ့အုပ်ချုပ်သူဆရာမကြားနားလည်မူ့လွဲတာလေးတွေကို ရိုက်ပြတဲ့ကားပေါ့။
အဲဒီကားထဲမှာ ကျနော်ဘယ်တော့မှ မမေ့တဲ့အခန်းလေးရှိပါတယ်။
မေသစ်က အဲဒီထဲမှာ စည်းကမ်းတင်းကျပ်လို့ အားလုံးကအမြင်မကြည်လင်တဲ့ မုန်းတာကို ခံယူရတဲ့ဆရာမအဖြစ်သရုပ်ဆောင်ပါတယ်။
တစ်ရက်ကျောင်းသူတစ်ယောက် မြွေကိုက်ခံရတဲ့အချိန်မှာ ရှေးဦးသူနာပြုနည်းကို သုံးလို့ မြွေကိုက်ခံရတဲ့နေရာကို
သူ့ပါးစပ်နဲ့အဆိပ်တွေစုပ်ထုတ်ပေးလို့ အသက်ကို ကယ်ခဲ့ပါတယ်။
နောက်သူ့အခန်းထဲရောက်မှ မှန်ကလေးကိုထောင်ပြီး သူ့ပါးစပ်ထဲမှာ အနာရှိမရှိ စိုးရိမ်စွာနဲ့ ပြန်ကြည့်တဲ့အခန်းလေးပါ။
(မတော်လို့များ အနာရှိခဲ့ ပါးစပ်ထဲမှာအပေါက်အပြဲများရှိခဲ့ရင်မြွေဆိပ်မိလို့သေနိုင်ပါတယ်။)
သူများတွေတော့ မသိဘူး ဒီအခန်းလေးကို ကြည့်ရတာ ရင်ထဲမှာ ဆို့နင့်လာပါတယ်။

ကျနော်အလယ်တန်းကျောင်းသားဘဝမှာ အနှစ်သက်ဆုံးရင်ထဲကို အထိဆုံးရုပ်ရှင်ကတော့
စွယ်စုံမင်းသား ဝင်းဦးရဲ့ မူံရွှေရည်ပါဘဲ။
ဝင်းဦးက လူကြိုက်များတဲ့ကားအများကြီး ချန်ထားခဲ့သူဆိုရင်မမှားသလို
သူစန်းထတဲ့အချိန်မှာ လူကြီးလူငယ်မရွေးကြိုက်ခဲ့ကြတာကလဲ ထူးခြားချက်တစ်ခု။
နိုင်ငံ့ခြားကားကို မှီးပြီးရိုက်တတ်သူလို့ဆိုရင်လဲ မမှားပြန်ပါဘူး။
အတွယ်အတာ၊တိမ်ဦးလေပြေမောင့်ကိုစေ၊မုန်းပါတယ်မောင့်ကို၊တစ်ကျော့နှစ်ကျော့တေးကိုသီ၊
ဆိုတဲ့ကားတွေကတော့ဇာတ်ဝင်သီချင်းများလဲအတော်လေးနာမယ်ကြီးသလိုကြည့်မိသူများကလဲနှစ်ခါပြန်ကြည့်ကြတယ်လို့ဆိုပါတယ်။
တစ်ရက်မနက်စောစော ကျနော်ကျောင်းရောက်တဲ့အချိန် ပီတာဆိုတဲ့သူငယ်ချင်းတစ်ကောင်က ပြူတင်းပေါက်ဘောင်ကိုမှီပြီး
“ အို ချစ်ခြင်းမေတ္တာ သင့်အတွက်နေရာ ကိုယ့်အသဲမှာ…………ထိကပါးရိကပါး ကြည်စားသူလိုများမပြုအားရက်ပါ…………”
လို့ ဖီလင်အပြည့်နဲ့သီချင်းဆိုနေတာကိုတွေ့ရပါတယ်။
ကြားကြားချင်းသီချင်းလေးကို ကြိုက်သွားတာတော့အမှန်ပါဘဲ။
အဲတော့ မေးရတော့တာပေါ့ ဘာသီချင်းလဲ ဘယ်ကားထဲကလဲဆိုတော့
ဝင်းဦးရဲ့ မူံရွှေရည် ထဲက “မျက်ဝန်းလဲ့ပြာပြာ”သီချင်းပါတဲ့။
အဲဒါနဲ့အိမ်ရောက်တော့” မူံရွှေရည်” လို့ပြောလိုက်တော့ တစ်အိမ်လုံးကကြည့်ပြီး ပြီတဲ့။
ကျနော်တစ်ယောက်ဘဲကျန်တာပေါ့။
ညကျတော့ အရပ်ထဲက ရုပ်ရှင်သီချင်းသစ်မှန်ရင်အကုန်ရတဲ့ကိုပြုံးချိုဆီပြေး စာသားကူးရေး
ပြီးသူ့ကို အဆိုခိုင်း သေသေချာချာနားထောင် မိတော့ ပိုကြိုက်သွား။
ဒါနဲ့နောက်နေ့ကျတော့ အိမ်ကို ညနေ သုံးနာရီခွဲပွဲလက်မှတ်ကို ဝင်းလိုက်ရုံမှာ တန်းစီအခိုင်းထား၊
(အဲဒီခေတ်က လက်မှတ်မှောင်ခိုတွေအလုပ်ဖြစ်တဲ့ခေတ်၊ တန်းစီနှိုင် တိုးနိုင်မှရတာလေ)
အဲဒီတုန်းက ကျနော်က အခုအမှတ်ကိုး အထက်တန်းကျောင်း(အရင်စိန်ပီတာ)မှာကျောင်းနေတာ။
ရုပ်ရှင်ပြီးတာနဲ့ ဝင်းလိုက်ရုံကို ဒုန်းစိုင်းပြေး။
ကျောင်းလွယ်အိတ်ကို အိမ်ကလက်မှတ်တန်းစီပေးထားသူနဲ့ပြန်ပေးလိုက်၊
(အိမ်ကလဲ ရုပ်ရှင် ကို တအိမ်လုံး အားလုံးကြိုက်တော့ အလိုလိုက်ကြပါတယ်)
ချွေးသံတရွှဲရွှဲနဲ့ မူံရွှေရည်ကို အားပါးတရခံစားပါတော့တယ်။
မူံရွှေရည် အကြောင်းပြောမယ်ဆိုရင် ကလေးသရုပ်ဆောင် စန္ဒာလင်းမပါလို့မရပါဘူး။
အောင်လွင်မပါလို့မရပါဘူး။
မှုံရွှေရည်ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။
လူတိုင်းသိပြီးသားဖြစ်နေလို့ပါ။
ကျနော်ရင်ထဲမှာစွဲကျန်နေတဲ့ အခန်းကတော့ အောင်လွင်က ခင်သန်းနုကို သူ့နောက်လိုက်ဘို့ သင်္ဘောဆိပ်မှာချိန်းထားပါတယ်။
ဒါပေမယ် ့ခင်သန်းနုကရောက်မလာ သင်္ဘောက အချိန်တန်တော့ထွက်တဲ့အချိန် လက်ထဲမှာကိုင်ထားတဲ့ နှင်းဆီပန်းလေးကို
ရေထဲလွှင့်ပစ်လိုက်တဲ့အခန်း ပန်းကလေးနဲ့အတူ သူ့အသဲနှလုံးလေးတောင် ပါသွားသလိုခံစားရပါတယ်။
နောက်တစ်ခန်းကတော့ စန္ဒာလင်းလေးသင်္ကြန်ကားနဲ့ကတာကို ဝင်းဦးသိသွားတော့ ကလေးကိုရိုက်တဲ့အခန်းလေးပါ။
ဝင်းဦးသရုပ်ဆောင်တာရော စန္ဒာလင်းရော နံဘေးက ဇာတ်ပို့တွေရော အပိုအလိုမရှိကွက်တိ။
ကြည့်ရင်းနဲ့မျက်ရည်ကျလာပါတယ်။
နောက် ဖိုးပါကြီးကို ဝင်းဦးက မချိ်တင်ကဲလေသံနဲ့ “သူ့အမေလိုဖြစ်သွားမှာစုးိလို့ရိုက်ရတာပါဗျာ”ဆိုတဲ့အခန်းအရမ်းကိုကောင်းပါတယ်။
နောက်ဝင်းဦး အရက်သောက်လို့ပျက်စီးလာတော့ သူတို့ရဲ့ အဖွဲ့လည်း အရည်အသွေးကျဆင်းလာတာကို ဖုးိပါကြီးက
ပြောပြောပြီး ဝင်းဦးကို ဆုံးမတဲ့အခန်းတွေ အင်မတန်မှ သရုပ်ပါလှပါတယ်။
မြန်မာမင်းသားတွေထဲမှာ ဝင်းဦးရဲ့ပုဆိုးကို ခါးပုံစလေးထုတ်ဝတ်ပုံက အများနဲ့မတူပါဘူး။
အကျှီဖြူဘောင်းဘီဖြူ၊စပို့ရှပ်လက်တိုကျပ်ကျပ်နဲ့ဘောင်းဘီဖင်ကျပ်၊အင်မတန်ကို ဘိုဆန်ဆန်ဝတ်တတ်သူက လိုအပ်ရင် ပုဆိုးနဲ့တိုက်ပုံဝတ်လို့
မြန်မာဆန်ဆန်ဝတ်စားပြတတ်တာ ဘောင်းဘီမချွတ်ချင်တဲ့ အခုခေတ်သရုပ်ဆောင်များ သတိထားစရာလေးပေါ့။
အရင်ငယ်ငယ်က ပျော်ပျော်ပါးပါးအော်ဆိုခဲ့တာလေးကို ပြန်သတိရလာပါတယ်။
ဝင်းဦးနဲ့ဝါဝါ လမ်းလျောက်လို့လာ၊
ဝါဝါက စိတ်ဆိုး ဝင်းဦးထိပ်ကိုထိုး၊
ဝင်းဦးက မခံနှိုင် ဖိုးပါကြီးကိုတိုင်၊
ဖိုးပါကြီးက……..
ဝင်းဦးနုတ်ခမ်းမွှေး။
အရင်က ဝင်းဦးနဲ့ဝါဝါဝင်းရွှေကို အရွယ်ညီလှပ အင်မတန်လိုက်ဖက်တဲ့အတွဲလို့ သတ်မှတ်ပေမယ့် နောက်ပိုင်းမှာလုံးဝတွဲမရိုက်သလို၊
အရင်ဝင်းဦးကားတိုင်းမှာ ပါနေကျ ယောက်ျားပီသတဲ့ရုပ်ရည်သန့်ပြန့်တဲ့အောင်လွင် နဲ့ဝင်းဦးလဲ နောက်ပိုင်းမှာလုံးဝမတွဲကြတော့ပါဘူး။
အောင်လွင်ကတော့ ကချင်ပြည်နယ်က ရေခဲတောင်ကို အခက်အခဲပေါင်းများစွာကြားကနေပြီး ပထမဆုံးသွားရောက်လို့ ရုပ်ရှင်ရိုက်ကူးပြီး
မြန်မာ့သမိုင်းမှာ ကချင်ပြည်နယ်ရဲ့အလှအပနဲ့ရေခဲတောင်ရဲ့အလှအပတွေကို ရိုက်ပြခဲ့ပါတယ်။ဒါရိုက်တာ စံရွှေမောင်အဖြစ်နဲ့ပေါ့။
နောက်ပိုင်းမှာရုပ်ရှင်လောက ကနေပျောက်သွားခဲ့ပေမယ့် အခုအချိ်န်မှာတော့ ရုပ်မြင်သံကြားက ကြော်ငြာပေါင်းစုံမှာတွေ့နေရပါသေးတယ်။

ရုပ်ရှင်နဲ့ပါတ်သက်လို့ ငယ်ဘဝများမှာ မှတ်မိနေသူ အကြောင်း ကို်ယ်နဲ့သိကျွမ်းသူအကြောင်းလေးကိုလဲပြောပြချင်ပါသေးတယ်။
မန္တလေးမြို့ 81လမ်း 24-25ကြားမှာ ဂျီကြင်စိ်န်ဆေးတိုက်ဆိုတာရှိပါတယ်။
အဲဒီအိမ်က ကိုကံထူး ဆိုတဲ့ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ထွက်ပေါ်ခဲ့ပါတယ်။
အရပ်မြင့်မြင့်ရုပ်ဖြောင့်ဖြောင့် မျက်နှာထားက ခပ်ပြုံးပြုံး သဘောကောင်းတဲ့ ကိုကံထူးကို ကျနော်တို့ကလေးများအခေါ်ကတော့
“လေးကံထူး”ပေါ့။
သူက ရုပ်ရှင်သရုပ်ဆောင်ဘို့ ဝါသနာပါသူ။
သူနဲ့တွဲဖက်က “လူကြမ်းမောင်လေး” မန္တလေး 29လမ်း ဗဟိုမီးသတ်ရှေ့မှာနေသူပေါ့။
သူတို့က ရုပ်ရှင်ကားအတော်များများမှာ ဇာတ်ရံအဖြစ်သရုပ်ဆောင်ပါတယ်။
သူတို့ရုပ်ရှင်ရိုက်ဘို့ရန်ကုန်ကိုသွားကြတယ်ဆိုရင် ကျနော်တို့ ဦးလေးတွေအကိုတွေ လဲအတူလိုက်လေ့ရှိတာကိုတော့ မှတ်မိနေပါတယ်။
မီးရထားကို တွဲတစ်စီးစာလောက်ကြီး လူများများနဲ့ သွားကြတယ်လို့ ထင်ပါတယ်။
ကိုကံထူး ပါတယ်ဆိုတဲ့ကားကို သူနဲ့တစ်ရပ်ကွက်ထဲနေကြတဲ့ ကျနော့်တို့ သူဌေးတန်းဝင်းက လူတွေအားလုံးလောက်နီးပါး သွားအားပေးတတ်ကြပါတယ်။
မှတ်မှတ်ရရ မြတ်လေး ရဲ့ ချစ်သူကနေ့ ကိုယ်ကည ဆိုတဲ့ကားမှာထင်ပါတယ်။
သူကရဲအဖြစ်သရုပ်ဆောင်ပါတယ်။
ဇာတ်ဝင်ခန်းတစ်ခုမှာ သူက လူဆိုးဖြစ်သူကိုလိုက်ဖမ်းတဲ့အခန်းပေါ့။
မီးရထား ဘူတာရုံ ရပ်ထားတဲ့ရထားတွဲပေါ်မှာလူဆိုးနဲ့ရဲ လိုက်တမ်းပြေးတမ်းကစားကြတဲ့အခန်း။
လေးကံထူးကိုလဲ ရဲအရာရှိဝတ်စုံနဲ့မြင်လိုက်ရော ကျနော်တို့သူငယ်ချင်းတွေမှာ လက်ခုပ်တဖြောင်းဖြောင်းတီးလို့အားပေး။
သူက မီးရထားတွဲကြီးကိုလှည့်ပါတ်ပြီးလူဆိုးနောက်ကိုလိုက်၊
သူကဒီဘက်ကလိုက်ရင် လူဆိုးကဟိုဘက်ပြေးပေါ့
ရုပ်ရှင်ဆိုတော့ ချက်ခြင်းမမိအောင်လှည့်ပါတ်ပြေးပြတာကို သဘောမပေါက်တဲ့ကျနော်တို့ကလေးတွေက
လူဆိုးက ဟိုဘက်ကိုပြေုးပြီဆိုတာနဲ့ “လေးကံထူး ဟိုဘက်ပြေးပြီ လိုက် လိုက် “ ဆိုပြီး ဝိုင်းအော်ကြ ၊
ရုပ်ရှင်ကြည့်နေတယ်ဆိုတာတောင်မေ့နေသလို၊
ကျနော်တို့ သောင်းကျန်း လွန်းအားကြီးတော့ ရုပ်ရှင်ရုံအပေါက်စောင့်တဲ့ဦးလေးကြီးက လာဆူမှ ခဏငြိမ်။
လေးကံထူးပါတဲ့အခန်းဆို ပြန်ပြီး ဝိုင်းအော်လို့အားပေး ပျော်စရာကလေးဘဝကို သတိရမိပါရဲ့။
ကိုကံထူး ကတော့ ဝါသနာပါတဲ့သရုပ်ဆောင်ဘဝကို သူ့အိတ်ထဲက ငွေအကုန်ခံလို့ သရုပ်ဆောင်ခဲ့သူပါ။
မှတ်မှတ်ရရ တစ်ကျော့နှစ်ကျော့တေးကိုသီမှာတော့ ခေတ်ပေါ်ပင်ကို လိုက်လွန်းတဲ့ သီချင်းထုတ်လုပ်သူတစ်ယောက်
အဖြစ်မာန်ပါပါ သရုပ်ဆောင်ခဲ့တာလေးကိုတောင် ပြန်မြင်ယောင်မိပါသေးတယ်။
နောက်တစ်ယောက်ကတော့ အရင်ကဘာလုပ်ခဲ့တယ်ဆိုတာမသိပေမယ့် ကျနော်တို့ သိတဲ့အချိန်မှာတော့
ဝင်းလိုက်ရုပ်ရှင်ရုံထဲမှာ မုန့်ဆိုင်ဖွင့်ထားတဲ့ “ဂင်ဇာရင်ရင်”ဆိုတဲ့ သရုပ်ဆောင်အမျိုးသမီးကြီးပေါ့။
သူကတော့ လူကြီးခန်းနေရာမှာအတော်များများပါခဲ့တာကိုလဲ သတိရမိပါရဲ့။
ဒါကတော့ မန်းလေးက ထင်ရှားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် သုံးယောက်ကို သတိရမိလို့ ပြန်ပြောပြတာပါ။

နောက်မန်းလေးဖက်ကိုရုပ်ရှင်ရိုက်ဘို့လာတယ်ဆိုတာနဲ့ ကျနော်တို့အိ်မ်ကို ခဏလေးဖြစ်ဖြစ်အမြဲဝင်လို့ တွေ့သူကတော့
ဟာသ သရုပ်ဆောင်သန်းနွဲ့ပါ။
သန်းနွဲ့ ကျောင်းဆရာဖြစ်သူကျနော့်အဖိုးရဲ့တပည့်ဖြစ်ဘူူးတယ်လို့သိရပါတယ်။
မန်းလေးရောက်တိုင်းအဘိုးဆီဝင်ကန့်တော့ လက်ဆောင်တွေပေး။
(ကျနော်တို့အိမ်စည်းကမ်းအရ ဧည့်သည်အနားကို ကလေးကပ်ခွင့်မရှိတော့ ခန်းဆီးနောက်ကဘဲချောင်းကြည့်ပေါ့)
အဖိုးကလဲသူ့ကိုအရက်လျှော့သောက်ဘို့ဆုံးမ သူကလဲ ဟုတ်ကဲ့ပါဆိုပြီး ခဏနေတော့ပြန်ပြေးရပါတယ်။
(ကျနော်မှတ်မိသလောက်သူက သောက်ရေလုံးဝမသောက် ဘီယာဘဲသောက်၊သူသွားလေရာ သူ့ဂျစ်ကားနောက်မှာ
ဘီယာပုလင်းတွေ သေတ္တာနဲ့ထဲ့ယူလာ၊ကွမ်းနဲ့ပါးစပ်မပြတ်သူလို့ သိခဲ့ရ။
ဘဝအဆုံးသတ်ချိန်မှာတော့ လည်ချောင်းကင်ဆာကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။)
တစ်ခါတစ်လေ သူနဲ့အတူပါလာတဲ့ မင်းသား မင်းသမီးတွေ ရုပ်ရှင်လောကသားတွေလဲ အိမ်ကို တော့ ခဏဝင်ထိုင်တတ်ကြပါတယ်။
သူတို့လာပြီးနောက်နေ့ဆိုရင်တော့ အရပ်ထဲက သူငယ်ချင်းတွေ ကျောင်းကသူငယ်ချင်းတွေကို အိမ်ကိုရုပ်ရှင်ထဲကလူတွေလာတဲ့
အကြောင်းကို လွှတ်ကြွားလို့ကောင်းပေါ့။
သူငယ်ချင်းတွေက မင်းတို့အိမ် ဘယ်သူလာသွားသလဲမမေးရင်တောင်မှ ရှာကြံပြီး အစဖော်လို့ အရသာရှိရှိကြွားခဲ့ရသပေါ့။

အရင်က ရူ့မဝရုပ်ရှင်ဆိုတာ သရုပ်ဆောင်အသစ်ကလေးတွေကို တင်ပေးတဲ့နေရာမှာနာမယ်ကြီးသလို
အနုပညာဂုဏ်မြောက်တယ်ဆိုတဲ့ကားတွေကိုရိုက်ကူးထုတ်လုပ်တတ်ပါတယ်။
အဲဒီရူ့မဝ အသိုင်းအဝိုင်းက မင်းသားမင်းသမီးထဲမှာ
မင်းသမီး စမ်းစမ်းအေးနဲ့မောင်ယဉ်ထွေး ကလိုက်ဖက်ညီကြတဲ့ သရုပ်ဆောင်နှစ်ဦးပါ။
နှစ်ယောက်စလုံးရူ့မဝ ဦးကျော်ရဲ့ လက်ထွက်တပည့်တွေဆိုရင်လဲမမှားသလို၊
အေးဆေးတည်ငြိမ်တဲ့ ဇာတ်ရုပ်တွေမှာပီပြင်အောင်မောင်ယဉ်ထွေးက သရုပ်ဆောင်နှိုင်သလို
သနားစရာ ကရုဏာသက်စရာ ဇာတ်ရုပ်တွေမှာဆိုရင်လဲ စမ်းစမ်းအေးက ပိုင်နိုင်ပါတယ်။
(မင်းသမီးကြီး မေသစ်လိုပေါ့။ မေသစ်ကလဲ သနားစရာ ကောင်းတဲ့အခန်းတွေမှာ ပိုင်နိုင်ပါတယ်)
ရူ့မဝစမ်းစမ်းအေးရဲ့ နာမည်အကျော်ဆုံးကားကတော့ ဘုရားကျွန်လို့သတ်မှတ်ခံရတဲ့လူတန်းစား
အကြောင်းကို အခြေခံလို့ရိုက်ထားတဲ့ “အပယ်ရတနာ”ဇာတ်ကားပါ။
စမ်းစမ်းအေးကို ပိုအရောင်တက်အောင် ဇာတ်ပို့ပေးသူကတော့ “ခင်မိုးမိုး”
ဒီကားလေးက ပရိသတ်ပါးစပ်ဖျားမှာ တသသနဲ့ဖြစ်လို့ နှစ်သက်ခဲ့ကြသလို
ဝေဖန်သူတွေရဲ့ကြားမှာလဲ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဝေဖန်ခဲ့ကြလို့ရေပန်းစားခဲ့တဲ့ကားပေါ့။

မီးရထား ဝန်ထမ်းတစ်ဦးနဲ့ ရထားကိုအမှီပြုလို့ ဘဝဝမ်းကျောင်းရတဲ့အမျိုးသမီးတစ်ဦးတို့ရဲ့
သနားစရာ ဘဝကို ရိုက်ပြထားတဲ့ “ချွေးကလေးစိုစို”ဆိုတဲ့လူတန်းစားသရုပ်ဖော်ဇာတ်ကားလေးမှာ
မထင်မရှားဇာတ်ရံလေးတစ်ယောက်ကို ထုတ်သုံးခဲ့ပါတယ်။
မင်းသားကတောထဲမှာ မျက်စေ့လည်နေတဲ့အခန်းမှာမင်းသားရဲ့လည်ပင်းမှာတောငှက်ပျောသီးလေး တဖီး
ဆွဲထားပါတယ်။(ထမင်းငတ်နေတယ်ဆိုတဲ့သဘောပေါ့)
အဲဒီအချိန်မှာ အရပ်ပုပု (အသားလဲမဲပုံရပါတယ်)၊ပါးစပ်ပြဲပြဲ ကောင်ငယ်ငယ်လေးက လည်ပင်းမှာကင်မရာလေးဆွဲလို့
မင်းသားကို လမ်းပြပေးတဲ့ သူပေါ့။
နောင်တစ်ချိန် သင်္ကြန်မှာ ဆိုလို်က်တဲ့ သီချင်းတပုဒ်ထဲနဲ့နာမယ်ကျော်သွားမယ်၊
“အဟတ် ဟတ် ဟာ ဟ”ဆိုတဲ့အသံနဲလှောင်ရီ ရီတတ်တယ်။
အသားမဲ ဂုတ်တိုလို့ ရုပ်မလှပေမယ့် သဘာဝမင်းသားအဖြစ်ထင်ရှားလာမယ်၊
သူနဲ့အတူ မျက်နှာသစ်ရုပ်ရှင်သရုပ်ဆောင်သုံးယောက်တစ်ပြိုင်ထည်းနာမယ်ကြီးလာမယ်။
ပထမဆုံးရုပ်ရှင်ကားမှာ စစ်ဆွယ်တာ တစ်ထည်ထဲနဲ့သရုပ်ဆောင်သွားလိ်မ့်မယ်။
ဆိုတာကိုတော့ အဲဒီအချိန်က ဘယ်သူမှထင်မထားမိ သတိမထားမိလိုက်ကြပါဘူး။
အဲဒီသရုပ်ဆောင် လေးကတော့ ……………………………………..

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(9-9-2011)

12 comments

  • koyinmaung

    September 15, 2011 at 11:15 am

    ဆရာပေါက်ရေ ဒါလောက်စုံစုံလင်လင်နောက်ကြောင်းပြန် ပြောပြနိုင်တာ
    မှတ်စုစာအုပ်များရှိနေလို့လား…
    ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ရုပ်ရှင်ကာတွေအကြောင်း
    ပြန်သတိရနေမိပါတယ်…
    ကြည်နူးလွမ်းမောစရာလေးတွေပါဘဲ…
    ကျေးဇူးပါဆရာပေါက်ရေ…

  • windtalker

    September 15, 2011 at 12:22 pm

    ကိုပေါက် ပြောတာ..မင်းသားကြီးဇော်ဝမ်း ပေါ့နော်
    စကားမစပ်
    မန်းတလေး မြို ့မှာ
    နာမည်ကြီး ဇော်ဝမ်း ၂ ယောက် ရှိတယ်ဆို
    ဟီဟိ

  • hmee

    September 15, 2011 at 12:52 pm

    လေးပေါက်ရေးထားတာ ဖတ်လိုက် ရုပ်ရှင်ထဲက ဇတ်ကွက်ကို မြင်လိုက် ဖြစ်သွားပါတယ်။ မှီတို့ ငယ်ငယ်က စန္ဒာကေ၊ဒိုင်ယာနာကေ အမြဲညှပ်ခဲ့ရတာ။ ဘုရားပွဲတိုင်း ရုပ်ရှင်ကို သုံးည မိုးအလင်းပြတာ တရက်မှ အလွတ်မခံပဲ အမေကြီးနဲ့ အတူကြည့်ခဲ့ကြတာ။ ဝင်းဦးကားမှာ “ကလေးကငို သေးကဆို ရသေ့ကြီးမှာ ဂျုတီတွေပို” “လက်ညှိုးက ထွက်တော့ လက်တိုဂျင် ချိုချို” သီချင်းတွေကို အရမ်းကြိုက်ခဲ့တာ။ မာမာအေး ရုပ်ရှင်ဆို ငိုလိုက်ရတာ ရှိုက်တောင် ရှိုက်တယ်။ 🙂

  • နွယ်ပင်

    September 15, 2011 at 1:50 pm

    လေးပေါက်ရေးထားတာ အရမ်းကိုပြည့်စုံတာပဲ
    နွယ်ပင်တို့ သိတာတွေရော မသိတာတွေရော ရေးထားတာ ဗဟုသုတပါပဲ
    တော်တော်လေး စွဲလန်းခဲ့တယ်ထင်တယ်နော် အခုချိန်ထိမှတ်မိနေတုန်းဆိုတော့ ………

  • koyinmaung

    September 15, 2011 at 2:49 pm

    ဆရာပေါက်ရေ ဆရာပေါက်ရေးတဲ့စာတွေဖတ်ရတော့
    ငယ်ငယ်က ဝင်းဦးသရုပ်ဆောင်တဲ့ ရည်းစားဓါပြ ဆိုတဲ့
    ဇာတ်ကားကြည့်ပြီး ကားထဲမှာပါတဲ့တောင်ကမ်းပါးယံပေါ်ကနေ
    အောက်ကိုကြိုးတွေနဲ့သွယ်ပြီးအောက်မှာရှိတဲ့ကုလားဖြူတွေကိုစစ်တိုက်တဲ့အခန်းကို
    သဘောကျလွန်းလို့ အိမ်လဲပြန်ရောက်ရော ရေပုံးကြိုးကိုတံခါးဘောင်နှစ်ခုမှာချည်
    စက်သီးနဲ့ဟိုဘက်ဒီဘက်ဆင်းပေါ့
    လူကြီးတွေဆူးလိုက်တာ မပြောပါနဲ့တော့ဆရာပေါက်ရေ ကံကောင်းလို့အရိုက်မခံရတယ်…..

  • koyinmaung ရေ

    ရုပ်ရှင်အကြောင်းရေးပေးပါလို့ ပြောတုန်းက ဇူလိုင်လ။
    စက်တင်ဘာလကျမှရေးဖြစ်ပါတယ်။
    အပွင့်လင်းဆုံးပြောရရင် ကျနော်မှာ မှတ်တမ်းတွေ ဒိုင်ယာရီတွေမရှိပါ။
    စိတ်ကိုနောက်ကြောင်းပြန်ပြီးခံစားလို့ မှတ်ဉာဏ်ကိုအားကိုးပြီရေးပါတယ်။
    နည်းနည်းလေး ဒွိဟဖြစ်သွားရင် ကျနော့်သူငယ်ချင်းကိုပြန်မေးပါတယ်။
    သူကလဲ မှတ်မိတဲ့သူလေ။
    စာအုပ်တော့ပြန်မလှန်ဘူး။
    ကြီးကျယ်တာတော့ မဟုတ်ပါဘူး အတွေးပါးပါးထဲကို သူများအတွေးတွေရောသွားမှာစိုးလို့ပါ။
    အဲလိုစာအုပ်ပြန်မလှန်တော့ ကျနော်မှတ်မိသလောက်လေးပြောတော့ သိပ်တော့ မပြည်စုံပါဘူး။
    ငယ်ဘဝကို မှတ်မိရုံလေးပေါ့နော်။
    ကျနော်ရေးရင်း ရေးရင်း တာဝန်ကြီးလာသလို မှားမှာစိုးသလိုခံစားရပါတယ်။
    အဲတော့ အတော်လေး သတိထားရေးပါတယ်။
    အခုအပိုင်းသုံးထိရေးပြီးသွားပါပြီ။
    လေးကတော့ စရေးနေပါပြီ။
    ရီးစားဓမြဇာတ်ကားအကြောင်းရေးပြိးမှသတိရတာတစ်ခုရှိလာပါတယ်။
    နောက်ဆုံးအခန်း ဝင်းဦးက ဓါးအထိုးခံထားရတဲ့ဒဏ်ရာနဲ့ ဂျွမ်းပစ်လိုက်တာ ခြေထောက်က တဲခေါင်မိုးမှာပြောင်းပြန်ချိတ်မိနေပါတယ်။။
    အားလုံးကလက်ခုပ်တီးတာပေါ့ မင်းသားမသေဘူးဆိုပြီး၊
    ဒါပေမယ့် ပြန်ကြားရတဲ့သတင်းကတော့ နိုင်ငံခြားက အစက ဒီကားကိုဝယ်မလို့ပါတဲ့။
    အဲဒီအခန်းကြောင့်သဘာဝ မကျဘူးဆို မဝယ်တော့တာတဲ့။
    မှန်မမှန်ကတော့ အတိအကျမသိပါ။
    ငယ်တုန်းက ကြားရတာလေးပေါ့။
    windtalkerရေ
    ဇော်ဝမ်းကတော့ နှစ်ယောက်ရှိမရှိမသိဘူးမောင်။.
    မန်းလေးမှာ ဝင်းဦးကတော့ အများကြီးဘဲဗျာ။

  • koyinmaung

    September 15, 2011 at 6:43 pm

    အဟတ် ဟတ် ဟာ ဟ” ဆိုတဲ့အသံလေးက
    ဇော်ဝမ်းရဲ့ မူပိုင်အသံပါ….
    ဟုတ်တယ်မို့လား ဆရာပေါက်…

    • မီးမီး သော်

      September 15, 2011 at 7:58 pm

      မှတ်သားစ ရာတွေအများကြီးမို ့ကိုပေါက်ရေ ကျေးဇူးပါ။ဆက်ရေးဖြစ်အောင် ရေးပါနော့်။အားပေးလျှက်ပါ။
      “”နောက်ဝင်းဦး အရက်သောက်လို့ပျက်စီးလာတော့ သူတို့ရဲ့ အဖွဲ့လည်း အရည်အသွေးကျဆင်းလာတာကို ဖုးိပါကြီးက
      ပြောပြောပြီး ဝင်းဦးကို ဆုံးမတဲ့အခန်းတွေ အင်မတန်မှ သရုပ်ပါလှပါတယ်။
      မြန်မာမင်းသားတွေထဲမှာ ဝင်းဦးရဲ့ပုဆိုးကို ခါးပုံစလေးထုတ်ဝတ်ပုံက အများနဲ့မတူပါဘူး။
      အကျှီဖြူဘောင်းဘီဖြူ၊စပို့ရှပ်လက်တိုကျပ်ကျပ်နဲ့ဘောင်းဘီဖင်ကျပ်၊အင်မတန်ကို ဘိုဆန်ဆန်ဝတ်တတ်သူက လိုအပ်ရင် ပုဆိုးနဲ့တိုက်ပုံဝတ်လို့
      မြန်မာဆန်ဆန်ဝတ်စားပြတတ်တာ ဘောင်းဘီမချွတ်ချင်တဲ့ အခုခေတ်သရုပ်ဆောင်များ သတိထားစရာလေးပေါ့။””ကြိုက်လို ့ပါနော်။

  • မေဓါဝီ

    သေးက ထပ်တလဲစို ကလေးကပါးစပ်ဖြဲငို
    ရသေ့ကြီးဂျူတီတွေပို ငါ့လက်က ထွက်လိုက်ဟ ချိုချို
    ဘူးမမူတ်နဲ့သမီးရေ ဖေဖေ့ကိုချစ်တယ်ဆို ဒယ်ဒီလေးကိုးချစ်တယ်ဆို ဆိုဆို ဆို …..

  • koyinmaung

    September 15, 2011 at 7:29 pm

    အလောင်းတော်ရာမ ဆိုတဲ့ဆေးရောင်စုံဇာတ်ကားကြည့်ခဲ့ဘူးသေးတယ်
    မင်းသားကခင်မောင်ဇင်လို့ထင်ပါတယ်..ဂျပန်မှာရိုက်တယ်လို့ကြားဘူးတယ်
    ဟုတ်မဟုတ်တော့မသိပါ..
    ဆရာပေါက်သိယင်ပြောပြပေးပါလား..ဗဟုသုတရတာပေါ့..

  • ကိုပေါက်(မန္တလေး)

    September 15, 2011 at 10:22 pm

    ငယ်ငယ်ကကြည့်ဘူးတဲ့ရာဇဝင်ကားထဲမှာ ခင်မောင်ဇင်က အတော်ချောပါတယ်။
    သရုပ်ဆောင်လဲကောင်းပါတယ်။
    အခုခေတ်မှာလူကြီးခန်းသရုပ်ဆောင်ကောင်းတဲ့ ဇော်ဦးရဲ့ဖခင်လို့ သိထားရပါတယ်။
    အရင်က ဆေးရောင်စုံကားဆိုရင်နိုင်ငံခြားမှာဘဲ ကူးရပါတယ်။
    ကျနော်သိပ်မမှတ်မိတာမို့ထည့်မရေးတာပါ။
    နောက်အဲဒီကားထဲမှာ တောင်ကြီးတစ်ခုလုံးက ဟနုမာန်ကသယ်သွားတာ။
    နောက်ဘီလူးပါးစပ်ထဲမှာစစ်တိုက်ကြတာ။
    မျောက်အမြီးမှာ မီးတွေချည်ပြီး ရှို့တာတော့နည်းနည်းမှတ်မိတယ်။

Leave a Reply