ဧရာဝတီအရေး အပေါ် သူတို့ အမြင်
မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ရဲ့ စတင် မြစ်ဖျားခံရာဖြစ်တဲ့ မေခ၊ မလိခ မြစ်ဆုံဒေသမှာ မြန်မာ အစိုးရရဲ့ သဘောတူညီချက်အရ တရုပ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ တွေ့ရသမျှ ပုဂ္ဂိုလ်အသီးသီးရဲ့ထင်မြင်ယူဆချက်တွေကို စုစည်း တင်ပြလိုက်ရပါတယ်။
“မြစ်ကော”
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။ ။
“ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ လူတိုင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်ဗျာ။ ပါတီနိုင်ငံရေးထက် အများကြီး မြင့်တယ်လို့ ယုံကြည်တယ်ဗျာ။ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။ ဒါက ပိုကျယ်ပြန့်တယ်လေ”
မောင်စိန်ဝင်း (ပုတီးကုန်း)
“အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်”
ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
“အကျိုးအမြတ်ဆိုတာက နိုင်ငံရေးအကျိုးအမြတ်လည်း ရှိချင်ရှိမယ်၊ ဂုဏ်သိက္ခာအကျိုးအမြတ်လည်း ရှိချင်ရှိမယ်၊ တချို့ဟာတွေကျလည်း အချုပ်အခြာ ရှိချင်ရှိမှာပေါ့။ တချို့ဟာတွေကျလည်း ငွေရေးကြေးရေး အကျိုးအမြတ် ရှိချင်ရှိမှာပေါ့။ ပစ္စည်းပစ္စယျ အကျိုးအမြတ်ဆိုတာလည်း ရှိချင်ရှိမှာပေါ့။ အကျိုးအမြတ်ဆိုတာ တခုခုတော့ ရှိရင် သင့်တော်တယ်လို့တော့ ကျနော်ထင်တာပဲလေ။ ဆုတ်ယုတ်တာရှိရင်လည်း အကျိုးအမြတ်နဲ့ ဘယ်ဟာက ပိုများလဲ အဲလိုပဲ ယှဉ်ရမယ်လေ။ ဒါတွေကတော့ ပညာရှင်ပိုင်းနဲ့ဆိုင်သွားပါပြီ။ သာမန် အရပ်သူ အရပ်သားနဲ့ မဆိုင်ပါဘူး။ ခင်ဗျား ဂျာနယ်ထဲ ရေးရင်လည်း အပိုပဲလို့ ထင်တယ်”
ဦးတင်ဝင်း (ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး)
ရေအားလျှပ်စစ် ဓာတ်အားဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်တာကြောင့် ကမ္ဘာက ကြိုဆိုလက်ခံတဲ့ Green energy ဖြစ်တယ်။ မြစ်ဆုံစီမံကိန်းမှာ ဧရာဝတီမြစ်ရေရဲ့ ရ ရာခိုင်နှုန်းပဲ သုံးမှာ ဖြစ်တဲ့အတွက် မြစ်ကြောင်း တိမ်ကောရေးအတွက် စိုးရိမ်ပူပန်စရာမလိုဘူး။ စက်မှုနိုင်ငံထူထောင်ရေးမှာ လျှပ်စစ်ဓာတ်အား မရှိမဖြစ် လိုအပ်တဲ့အတွက် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်နေရခြင်း ဖြစ်တယ်။
ဒုဗိုလ်ချုပ်ကြီး သိန်းဌေး (နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
“နိုင်ငံတော်အစိုးရအနေနဲ့လည်းဘဲ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်အောင်လို့၊ ကိုယ့်ဧရာဝတီမြစ်ကြီး ပျက်စီးသွားအောင် မလုပ်ပါဘူး။ ကျနော်တို့တွေက ကိုယ့်တိုင်းပြည်ကို ချစ်သလား။ နိုင်ငံတော်အစိုးရကို ချစ်သလား၊ ဒါလေးတွေ မျှမျှတတ စဉ်းစားကြည့်စေချင်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ကလည်းဘဲ ကိုယ့်တိုင်းပြည် ကောင်းအောင်ဘဲ လုပ်မှာပါ။ ကိုယ့်တိုင်းပြည် ဒုက္ခရောက်အောင်၊ ပျက်စီးအောင် လုပ်ဖို့ မရှိဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ချင့်ချင့်ချိန်ချိန် ညှိညှိနှိုင်းနှိုင်း လေ့လာပြီးမှသာ လုပ်သွားရမှာ ဖြစ်ပါတယ်”
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (12.8.2011 သတင်းစာ ရှင်းလင်းပွဲမှ)
“ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ် ……. မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်”
ဒေါက်တာထွန်းလွင် (မိုးလေဝသ ပညာရှင်)
“နံပါတ် ၁ အချက်ကတော့ ရေကာတာဆောက်မယ့် ခံနေတဲ့ မြေသားက မခိုင်တဲ့အတွက် ရေစိမ့်မယ်၊ ငလျင်လှုပ်မယ်၊ နောက်ပိုင်း ရေကြီးမယ်၊ နုန်းတွေများလာမယ်၊ နောက်ဆုံး မြစ်ဆုံကနေ ဧရာဝတီ မြစ်ဝကျွန်းပေါ်ထိအောင် တောက်လျှောက် ထိခိုက်မှုတွေ ရှိနိုင်တယ်”
ဦးအုန်း (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်)
“ဧရာဝတီမြစ်ဆုံ နဲ့ မြစ်ကြီးနားအထက် ရေကာတာစီမံကိန်းမှာ တရုတ်ပညာရှင်တွေနဲ့ အတူတူလုပ်ခဲ့တဲ့ မြန်မာပညာရှင် တယောက်အနေနဲ့ ချိန်ဆလိုက်တဲ့အခါမှာ ဒီမြစ်ဆုံမှာ ရေကာတာဆောက်တာက စီးပွားရေးအရကြည့်ရင် တွက်ခြေကိုက်ပေမဲ့ ပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်တော့ ဒီနေရာဟာ မလုပ်သင့်တဲ့ နေရာဖြစ်တယ်လို့ ကျနော်တို့ရဲ ့ အစီရင်ခံစာမှာလည်း အတိအကျ ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေကလည်း သူတို့ရဲ ့ မြစ်ဆုံဒေသကို သူတို့ရဲ ့ heartland ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။ နောက်တခုကတော့ မြစ်ဆုံကို လုပ်မယ့်အစား မြစ်ဆုံရဲ ့ အပေါ်ဘက် မေခနဲ့ မလိခမှာ တခုစီ alternative နဲ့ လုပ်ပါလို့ အကြံပေးထားပါတယ်။ Sustainable development အတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်”
ဦးညိုမောင် (သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် (BANCA))
“ကျနော့်ရဲ့ သီးခြား ပုဂ္ဂလိက အမြင်နဲ့ ပြောရရင် မြစ်ဆုံဆည် ဆက်ဆောက်မယ်လို့ ပြောတာကို ကျနော် လက်မခံ ဘူးပေါ့ဗျာ၊။ သို့သော်လည်းပဲ ဆောက်ပြီးသားဖြစ်နေတဲ့အတွက် ဒီအပေါ်မှာတော့ ၂ ဖက်မျှအောင် နောက်ပြီး စီးပွားရေးရာနဲ့ ပတ်ဝန်း ကျင်ရေးရာနဲ့ ဒီအပေါ်မှာ ၂ ခု မျှအောင် ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတယ်”
ဦးဝင်းမျိုးသူ (EcoDov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ)
“ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်”
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)
“ဧရာဝတီမြစ်ဆိုတာ ကျနော်တို့ တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ကျနော်က သတင်းစာသမားတယောက် ဖြစ်တဲ့အတွက် ဒီမြစ်ဆုံစီမံကိန်းက အကျိုးရှိလား၊ မရှိဘူးလားဆိုတာကို ကျနော်တို့ထက် ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး ပြောချင်ပါတယ်။ ဒီမြစ်ဆုံ စီမံကိန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ဆိုးကျိုး ရှိတယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။ မြစ်ဆုံစီမံကိန်းဟာ ကောင်းတယ်လို့ ရေးထားတဲ့ ပညာရှင်တွေရဲ့ စာတမ်းတော့ ကျနော် တခုမှ မဖတ်ဖူးသေးဘူးဗျ။ အများစုက မကောင်းဘူးလို့ ပြောနေကြတဲ့အတွက် ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီးမှပဲ ဆောင်ရွက်သင့်တယ်လို့ ကျနော်ထင်တယ်။ ဒီစီမံကိန်းက အရင် အစိုးရ လက်ထက်တည်းက ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ အခုအစိုးရကလည်း အရင်က တသွေး၊ တသံ၊ တမိန့်နဲ့ သွားနေတဲ့ တပ်မတော်အစိုးရကနေ ဒီမိုကရေစီ အစိုးရအဖြစ်နဲ့ သွားနေပြီဖြစ်ပါတယ်။ အများပြည်သူရဲ့ အသံကို နားထောင်ပြီး သွားရတဲ့ ခေတ်မှာတော့ ဒီစီမံကိန်း ရှေ့ဆက်တိုးဖို့ကို ပြည်သူတွေ၊ ပညာရှင်တွေရဲ့ အသံကို နားထောင်ပေးကြပါ”
ကိုကို (စက်မှုတက္ကသိုလ်) (CEO၊ Yangon Media Group )
“အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။ အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲဒါတွေ မဟုတ်ဘူး ဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက်ဖျက်ရေး ခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင် နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက် ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်”
ဆရာမောင်ဝံသ
“ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀ဝ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ် စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀ဝ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မ သဘောလည်း ဖြစ်တယ်လို့ ဝန်ကြီးကို ပြောချင်ပါတယ်”
ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)
“ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာ မဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသန ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို ဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေ အားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာ ဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ဝိုင်းဝန်း တောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာ ဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့ နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့ သူတွေမှာ တာဝန်မရှိဘူး”
လူထုစိန်ဝင်း (သတင်းစာ ဆရာကြီး)
“(၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်”
ဦးနေမျိုးဝေ (ဥက္ကဋ္ဌ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)
‘‘လောလောလတ်လတ်ခံရမှာကဒေသခံ ကချင်လူမျိူးတွေပါ၊ ဒီနေရာမှာ ငလျင်မလှုပ်ဘူးလို့ ဘယ်သူပြောနိုင်လဲ။ ဒီဆည် က နည်းနည်းနောနော ဆည်မဟုတ်ဘူး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ၁၅ ခုမြောက်ဆည် ဖြစ်တယ်၊ ဒီလောက်ကြီးမားတဲ့ ဆည်ကြီး တခုကို တရုတ်ရဲ့ နည်းပညာနဲ့တော့ ကျနော်စိတ်မချဘူး။ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်’’
ဦးဇိုးဇမ် (ချင်းအမျိူးသားပါတီ ဥက္ကဌ)
“ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး”
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)
“အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့လာ တိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့ သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့ အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်”
ဒေါက်တာဒေါ်မြင့်မြင့်ခင်
“တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊ မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ပြောရမယ့်အချိန်ပါ။ မြစ်ဆုံကိုဆက်လုပ်ခြင်းနဲ့ ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး မကောင်းတာကို ယူမလာစေချင်ဘူး”
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)
“ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန်တန်ဖိုးကြီးပါတယ်။ နောက်ပိုင်း နှစ်များစွာအထိ မြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်”
ဆရာမ ဂျူး
“ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်း ပြောပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို နားထောင်သင့်တယ်။ အများပိုင်ပစ္စည်း ဖြစ်တဲ့အခါမှာ အများရဲ့ဆန္ဒလိုပါတယ်”
ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
“ဒီပရောဂျက်ကို စပြီးလုပ်ကတည်းက ပွင့်လင်းထင်သာမှု မရှိခဲ့ပါဘူး။ ဧရာဝတီဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်း မဟုတ်ပါဘူး။ ကိုယ်ပစ္စည်းလိုလုပ်လို့မရပါဘူး။ နိုင်ငံသားတိုင်းကိုချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေသိအောင်ချပြရမယ်။ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြီးမီဒီယာတွေက တစ်ဆင့်ပြောရမှာပါ။ အခုက ဘွားခနဲပေါ်လာပြီမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆက်ပြီးလုပ်မယ်ဆိုတော့ ဝမ်းနည်း ဆို့နင့်ရပါတယ်။ တရုတ်နိုင်ငံမှာတောင် သူတို့ရဲ့ Three Gorges Dam အတွက် နောင်တရတာတွေ၊ ပြန်ပြီးသုံးသပ်တာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးပါဘူး။ ပြန်ပြီးပြုပြင်လို့ ရပါတယ်။ နောက်ဆုံးမဖြစ်မနေ ဆောက်ရမယ်ဆိုရင်တောင် လျှော့ချလို့ရပါသေးတယ်”
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)
“သဘာဝသယံဇာတဆိုတာက တကယ်တမ်းပြောရရင် ပြည်သူလူထုက ပိုင်တာလေ။ ဒါကိုစီမံခန့်ခွဲနိုင်ဖို့ အတွက် ပြည်သူလူထုက ပေးထားတဲ့ နေရာတစ်ခုကိုအစိုးရလို့ ပြောလို့ရတယ်။ ဒါကြောင့်ဒီကိစ္စကဘယ်သူမှ ပိုင်တယ်လို့ ပြောလို့မရဘူး။ အများစုရဲ့ ဆန္ဒသဘောထားနဲ့ ဖြစ်သင့်တယ်လို့ထင်တယ်။ ဒါကိုမှအစိုးရတစ်ရပ် အနေနဲ့လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်ဆိုပြီး လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်သလို သမိုင်းရဲ့တရားခံတွေတော့ ဖြစ်လာမှာပဲ လေ။ ဒါကြောင့် ဆက်လုပ်မယ်ဆိုရင်တော့ တစ်ပြည်လုံးရဲ့ သဘောဆန္ဒကိုခံယူ တာမျိုးလုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှမဟုတ် သီးခြားလွတ်လပ်ပြီး တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့အကြံဉာဏ်တွေကိုယူသင့်တယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး အားလုံးကတော့ စိုးရိမ်တကြီးဖြစ်နေကြပြီ။ အဓိကတော့ ဧရာဝတီမြစ်ဖြစ်နေလို့ပါပဲ။ သီးခြားလွတ်လပ်တဲ့ တတ်သိနားလည်သော ပညာရှင်တွေဆီက အကြံဉာဏ်တွေရယူသင့်ပါတယ်။ကျွန်တော့်သဘောအရ ဆိုရင်တော့ ဒီရေကာတာ ဆက်လုပ်မယ်ဆိုတဲ့ အချက်ကို သဘောမတူပါဘူး”
မင်းထင်ကိုကိုကြီး (ဒါရိုက်တာ)
“မြစ်ဆုံနဲ့ ပတ်သက်လို့ သတင်းတွေ အများကြီး ကြားရပါတယ်။ နောက် အခုတလောမှာလည်း ထူးထူးခြားခြားပေါ့ တော်တော်လူပြောသူပြောများတဲ့ သတင်းတွေ ကြားရပါတယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပြောကြတာပါ။ တစ်ကယ်တမ်း တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် လုပ်ကြမှာပေါ့။ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုရင်လည်း ဘယ်သူမှ မလုပ်ပါဘူး။ တတ်ကျွမ်းတဲ့၊ နားလည်တဲ့ ပညာရှင်တွေ ဒီလို စုဆွေးနွေး ပြီးတော့ ပြောကြမယ်ဆိုရင် ပိုပြီးသင့်တော်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အရင်က ကျွန်တော် လယ်/ဆည်ဝန်ကြီးဟောင်း လုပ်ခဲ့ပါတယ်။ မျိုးစုံပြောပါတယ်။ ကျွန်တော် ဆည်တစ်ခု ဆောက်ပြီးတိုင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပျက်စီးမယ်တို့၊ ဘာတို့ ပြောကြတာပေါ့။ အကျိုးရှိတာလည်း ရှိပါတယ်။ တစ်ဖက်ကလည်း ရေမြုပ်သွားတာ လည်းရှိပါတယ်။ ဒီနှစ်ခုမှာ ဘယ်ဟာက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမလဲဆိုတာကိုပဲ ကျွန်တော်တို့ စဉ်းစားပြီး ဆုံးဖြတ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်”
ဦးဌေးဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“ကျွန်မတို့ မြစ်ဆုံဒေသမှာ နေတဲ့သူဖြစ်တဲ့အတွက် မြစ်ဆုံက လူထုနဲ့ နီးစပ်ပါတယ်။ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တကယ် ကျွန်မတို့ ကချင်ပြည်နယ်ထဲက လူထုက စိုးရိမ်နေတာ အမှန်ပါပဲ။ ကျွန်မလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ကလည်း လူထုထဲကပါပဲ။ ကျွန်မတို့ ကချင်လူမျိုးတွေအနေနဲ့လည်း ဒီအင်မတန် ရှားပါးတဲ့ မြစ်တစ်ခုဆုံတာကို ဒီအတိုင်းပဲ ထာဝရစီးဆင်းနေချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ဒီဟာကို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမယ်ဆိုတဲ့ကိစ္စ အသုံးပြုမယ်ဆိုရင် ကျွန်မတို့က တစ်ခုလိုချင်ရင် တစ်ခုကို ဆုံးရှုံးရမယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ လောလောဆယ်မှာ ကျွန်မတို့ စိုးရိမ်နေတာကတော့ ဒီ Dam ကြီး ပေါက်ကွဲလာလို့ရှိရင် ကျိုးပဲ့သွားလို့ရှိရင် ကျွန်မတို့ မြစ်ကြီးနားကလူတွေ အရင်သေမယ်။ ဒါကိုပဲ အကြီးအကျယ် စိုးရိမ်နေကြပါတယ်”
ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“ကျွန်တော်တို့ရဲ့ သမိုင်းအတွေ့အကြုံ၊ ကမ္ဘာ့သမိုင်း အတွေ့အကြုံအရ စေတနာရဲ့နောက်မှာ အတတ်ပညာ၊ အသိပညာ၊ ဆင်ခြင်တုံတရား၊ တခြားသော နည်းစနစ်မှန်တွေ မရှိရင် အလကားပဲဆိုတာ ဒီနေရာမှာ ထပ်ပြောချင်ပါတယ်။ ဆည်ဆောက်တာ နဲ့ပတ်သက်ပြီး ကောင်းသည်၊ ဆိုးသည်ကို ဒီအထဲမှာ တစ်စုံတစ်ရာ ဝေဝါးနေတဲ့သူတွေ ရှိရင် ကျွန်တော်အခု ဖတ်ပြချင်ပါတယ်။ အဲဒါကတော့ ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀ဝ ကျော်ရှိတဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ ‘မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တကယ်ပူပန်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန်မလိုချေ’ တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ တခြားတခြားသော ပညာရှင်တွေရဲ့ အဆိုအရလည်း ဒီဆည်မရှိသင့်ဘူး ဆိုပါတယ်။ ဒါတွေ ကျွန်တော်တို့ချပြဖို့ လိုပါတယ်။ ဒါတွေ မရှိသင့်ဘူးဆို တဲ့ ရဲရဲရင့်ရင့်လှုပ်ရှားမှု၊ ပြောဆိုမှုတွေ ကျွန်တော်တို့ လုပ်ကြဖို့လိုပါတယ်။ ဒါ EIA ထဲက တစ်ချက်ကို အခြေခံပြီး ပြောတာပါ”
ကိုမြင့်ဇော်
မြန်မာနိုင်ငံလို့ ဆိုလိုက်တိုင်းမှာ ဧရာဝတီဆိုတာ အမြဲတမ်းတွဲပြီး ပါလာခဲ့တာပါပဲ။ နိုင်ငံတွေ နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဆိုတာဟာလည်း ဟိုးသမိုင်း အစဉ်အဆက်ကိုပဲ ကြည့်ကြည့်၊ လက်ရှိအခြေအနေကိုပဲ ကြည့်ကြည့် အဓိက မြစ်ကြီးတွေ၊အဲဒီမြစ်ကြီးတွေရဲ့ မြစ်ဝှမ်းဒေသတွေ၊ အဲဒီနေရာကနေပဲ ယဉ်ကျေးမှုတွေ စတင်ပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဒီလိုပါပဲ မြန်မာနိုင်ငံနဲ့ ဧရာဝတီဆိုတဲ့ ဟာကလည်း ဘယ်လိုမှကို ခွဲခြားလို့ မရပါဘူး။ ဒီမြစ်ကြီး စီးဆင်းနေသမျှ ကာလပတ်လုံး ကျနော်တို့ နိုင်ငံရဲ့ သွေးတွေကလည်း ဒီမြစ်ထဲမှာ စီးဆင်းလာသလို ခံစားခဲ့ကြရတာပါ။ အဲအတွက်ကြောင့် မို့လို့ နိုင်ငံကို ချစ်တာနဲ့ တူညီစွာနဲ့ပဲ ကျနော် ဧရာဝတီမြစ်ကိုချစ်ပါတယ်။ တန်ဖိုးထားပါတယ်။
ဇေယျာသော် (ဟစ်ပ်ဟော့ပ် အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း)
“ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါတို့နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြေ၊ ဒါတို့မြေ တို့ပိုင်တဲ့မြေလို့။ အခုတော့ ငါတို့ပိုင်သေးလား။ ငါတို့ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်းကလည်း ဒီသယံဇာတတွေကြောင့် ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲ့ဒီတုန်းက ဘယ်လိုခေါ်လဲဆိုတော့ rape of Burma တဲ့။ ဗမာပြည် သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတယ်။ အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိသေးဘူး။ အဲဒီသယံဇာတ လိုချင်တဲ့နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။ ကျွန်တော် တစ်ခါပြောဖူးတယ်။ Ecological rape of Burma သယံဇာတတင် မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ အနိုင်ကျင့်ခံနေရတာပေါ့”
ကိုတာ (ဆရာဝန် စာရေးဆရာ)
မြစ်ဆုံရေကာတာကို တည်ဆောက်ဖို့ မသင့်တော်ဘူးလို့ မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အစီရင်ခံစာမှာ အတိအလင်း ဖော်ပြထားပါတယ်။ (တရုတ်ပညာရှင်တွေနဲ့ ပူးတွဲလေ့လာခဲ့တဲ့ ရန်ကုန်အခြေစိုက် ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း Biodiversity and Nature Conservation Association က ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ရေးသားထား) သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို မြန်မာဘက်ကရော တရုတ်ဘက်ကရော တကယ်ပဲ စိုးရိမ်တယ်ဆိုရင် မြစ်ဆုံမှာ ရေကာတာကို မတည်ဆောက်သင့်ဘူးလို့ ဆိုပါတယ်။
……… ရေကာတာ တည်ဆောက်မယ်ဆိုရင် လူ့အဖွဲ့အစည်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်နိုင်တယ် ဆိုတာကို လေ့လာအကဲဖြတ်ဖို့ လိုအပ်ကြောင်း၊ တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဥပဒေမှာ ဖော်ပြထားတာကြောင့် စတိအနေနဲ့ ဧရာဝတီ ရေကာတာ လေ့လာရေးမှာ တရုတ်ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။ မြန်မာမှာလည်း ၂၀၀၆ မှာ ပြဋ္ဌာန်းတဲ့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေနဲ့ သက်ဆိုင်ရာ ဦးစီးဌာရှိပေမယ့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒလမ်းစဉ် မရှိပါဘူး။ ဒါကြောင့် ၂၀၀၉ ခုနှစ် ဧရာဝတီ ရေကာတာ အစီရင်ခံစာကို လုံးဝဂရုမစိုက်ကြတာ ဖြစ်ပုံရပါတယ်။
ဦးအောင်ခင် (VOA သတင်းဌာန)
“ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး”
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
“အကျိုးစီးပွါး ပျက်သုံးမှုတွေက ပိုပြီးတော့ ကြီးမားနေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်ပြီးတော့ လေ့လာရမယ်၊ သုံးသပ်ရမယ်၊ လူတွေရဲ့ သဘောထားတွေကို နားထောင်ရမယ်လို့ ကျနော် ပြောချင်ပါတယ်”
ဦးဝင်းတင် (သတင်းစာ ဆရာကြီး)
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေးတရားနှင့် သဟဇာတဖြစ်ခြင်းကို ချစ်မြတ်နိုးသူများ အားလုံးတို့အား အာရှတိုက်၏ အရေးပါဆုံး မြစ်တစ်ခုဖြစ်သည့် ဧရာဝတီကို ခြိမ်းခြောက်နေသည့် အန္တရာယ်များအား ကမ္ဘာတဝှမ်းမှ သိရှိနားလည်ကြစေရန် ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် (“ဧရာဝတီအတွက် ပန်ကြားချက်” မှ)
19 comments
kai
September 17, 2011 at 7:51 am
ဧရာဝတီရဲ့..ပင်မအသက်က..ချင်းတွင်းမြစ်မှာလည်း ရှိပါတယ်..။
သတင်းတွေကို မျက်စိမှောက်နေမှာစိုးလို့..။
အင်း.ဧရာဝတီခမြာလည်း.. တရုတ်ကဆော်လိုက်..ကုလားက..ချလိုက်နဲ့..။
ဒီလောက်လျှပ်စစ်ဓါတ်အားတွေလိုချင်နေကြရင်.. သတင်းစာထဲပါနေတဲ့ ကိန်းဂဏန်းတွေကနေ.. လျှပ်စစ်ဓါတ်တွေထုတ်ပေးလိုက်ကြဟေ့.. 🙂
ပုံ။ ။ သူကြီး
==
India’s NHPC to develop hydro power projects in Myanmar
MUMBAI | Mon Aug 1, 2011 5:13pm IST
Aug 1 (Reuters) – India’s state-run hydro power developer NHPC Ltd plans to develop two hydro power projects in neighbouring Myanmar, it said on Monday.
At present, NHPC is preparing detailed project report for 1,200 mega watts (MW) Htamanthi and 660 MW Shwezaye hydro power projects on Chindwin river in Myanmar, it said in an emailed statement.
==
ချင်းတွင်းမြစ်ပေါ် ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယပြန်လည်အသက်သွင်းမည်
September 17, 2010
By Popular News
အိန္ဒိယနိုင်ငံသည် ချင်း တွင်းမြစ်ပေါ်တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ ရေအား လျှပ်စစ် တည်ဆောက်ရေးစီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုး ပမ်းလျက်ရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းတွင် ရေအား လျှပ် စစ် စီမံကိန်း တည်ဆောက် ကာ ထွက်ရှိလာသော လျှပ် စစ်များကို အိန္ဒိယ အနောက် မြောက် ပြည်နယ်များသို့ စေလွှတ်မည့်အဆိုပြုချက်များသည် ၂ဝဝ၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး အမျိုး သားရေအားလျှပ်စစ် ကော်ပိုရေးရှင်း (NHPC) က အိန္ဒိယပြည်ပရေးရာ ဌာနသို့ ယင်းအဆိုပြုချက်ကို ပြန် လည်တင်သွင်းရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီနှင့် ရွှေစာရံရေလှောင်တမံများသည် လျှပ်စစ်ဓာတ်အား ၁၈၄ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
အိန္ဒိယလေ့လာတိုင်းထွာရေး အဖွဲ့များသည် ရေလှောင်တမံတည် ဆောက်မည့်နေရာများသို့ သွား ရောက်လေ့လာကာ အိန္ဒိယဝန်ကြီး ဌာနသို့ စီမံကိန်းလက်ရှိအခြေအနေ ကိုတင်ပြရန် စီစဉ်နေကြောင်း (NHPC) ဦးဆောင်ညွှန်ကြားရေးမှူး SK Garq ၏အဆိုကို ကိုးကား၍ နယူးဒေလီသတင်းစာတွင် ဖော်ပြ ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လျှပ်စစ် ဓာတ်အား လိုအပ်ချက်မြင့်မားနေ သော ဒါကာအတွက် ရခိုင်ပြည်နယ် တွင် ရေအားလျှပ်စစ်စီမံကိန်း ၂ ခု တည်ဆောက်ရန် မြန်မာအစိုးရ နှင့် သဘောတူညီမှုရရှိအပြီး တစ် ပတ်အကြာတွင် ချင်းတွင်းမြစ် ပေါ်မှ ရေလှောင်တမံများကို (NHPC) ၏ စိတ်ဝင်စားမှု ပြန် လည် အသက်ဝင်လာခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ချင်းတွင်း ရေ အားလျှပ်စစ်စီမံကိန်း ၂ ခုနှင့် ဓာတ်အားပို့လွှတ်မှုအခြေခံ အဆောက်အအုံများအတွက် ၅ ဒသမ ၄ ဘီလျံ ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း Hindustan Times က ဖော် ပြထားသည်။
မင်းထက်စံ
Ref:weekly Business Roundup
In all NHPC has 14 operational power stations with a total installed capacity of 5,295 MW. (Reporting by Ketan Bondre;Editing by Harish Nambiar)
Zaw Wonna
September 17, 2011 at 5:07 pm
ကျေးဇူးပါ ခင်ဗျာ၊ ဒါထက် စကားမစပ်၊ သူကြီးအနေနဲ့ရော ရွေးကောက်ပွဲ တုန်းကလို စစ်တမ်းကောက်ခံချက် (vote) လုပ်ပေးဖို့ ရည်ရွယ်ချက် ရှိ၊ မရှိ သိလိုပါတယ်။ ကျနော့် အနေနဲ့တော့ လုပ်ပေးစေချင်ပါတယ်။
ဖိုရမ်မှာလည်း စကားရည်လုပွဲ (debate ) လုပ်ကြစေချင်ပါတယ်။ နိုင်ငံသားတိုင်းရဲ့ အရေး ဖြစ်လို့ပါ။
kai
September 18, 2011 at 1:22 am
စစ်တမ်းလုပ်ဖို့မလိုပါဘူး..
နိုင်ငံရေးရေချိန်ဒီလောက်တက်နေတာ… ရေကာတာမဆောက်ဖို့ဖက်ကချည်း ဗုတ်ကြမှာပေါ့..။
တပ်မတော်ထဲကသူတွေတောင်.. မနေဘူး..ဗုတ်ခွင့်ရရင်.. မဆောက်ရတဲ့ဖက်က ဗုတ်မှာ..။
မြစ်ဆုံဆည်ဆောက်ရမဲ့ဖက်က.. ခံရေးပေးမဲ့သူရှိရင်တော့.. ဒီဘိတ်လုပ်ချင်လုပ်ပါ..။
လူမရှိရင်.. ကျုပ်ကပဲ..ပွဲဆူအောင်.. မဆောက်ရတဲ့ဖက်က ခံရေးပေးမယ်..။ 🙂
ကြောင်ကြီး
September 18, 2011 at 9:37 am
ဆောက်သင့်တယ်…။ 😐
eveningstar
September 17, 2011 at 11:13 am
ရှိသမျှအကြွေးတွေကို ဧရာဝတိံနဲ့ ထိုးဆပ်ဖို့ကြံတာ။ တော်တော်ကြိံးကိုပက်စက်တာဗျ။
piti
September 17, 2011 at 1:20 pm
ဧရာဝတီနဲ့ပတ်သက်တဲ့ မတူညီတဲ့အမြင်တွေ စုစည်းပေးထားတာ ကောင်းပါတယ်ဗျာ
အကျိုးအမြတ်များရင် လုပ်သင့်တယ်ထင်တယ်… ဒါပေမယ့် ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မယ် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရဘူးဆိုတဲ့ အာမခံချက်ကောင်းကောင်းတော့ ပြရမယ်…..။
တရုတ်ရဲ့ နည်းပညာနဲ့ ဆောက်မှာကိုတော့ အမှန်အတိုင်းပြောရရင် လုံးဝ (လုံးဝ) လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ တရုတ်ပြည်မှာတောင် တောင်ကြားသုံးသွယ်ရေကာတာ Three Gorges Dam နဲ့ပတ်သတ်ပီး ဘေးအန္တရာယ်ကျရောက်မှာ စိုးရိမ်နေရတဲ့ဘဝ ရောက်နေပီလေ… တရုတ်အစိုးရကိုယ်တိုင် မှားယွင်းတယ်… အန္တရာယ်ရှိတယ်လို့ အတိအလင်း ဝန်ခံနေရပီလေ…
ဒီလို ရှေ့ပြေးရှိနေမှတော့ ….. နောက်တစ်ခု… ဧရာဝတီမြစ်ဆုံဒေသဆိုတာ ငလျှင်ကြောလွတ်ကင်းရဲ့လား
အချိန်မရွေး လှုပ်ရှားနိုင်တဲ့ ငလျှင်ကြောပေါ်မှာပါ… အဲဒီအချက်ကိုရော ထည့်တွက်ကြပါရဲ့လား…
အကျိုးအမြတ်တော့ရပါရဲ့… ဘယ်နေ့ ဒုက္ခရောက်မလဲ တစိမ့်စိမ့်တွေးကြောက်နေရတဲ့ဘဝတော့ လုံးဝ (လုံးဝ) မရောက်ချင်ပါ…
cobra
September 17, 2011 at 3:12 pm
မြန်မာနိုင်ငံသားတိုင်းနဲ ့ဆိုင်တဲ့ကိစ္စပါ။
အသက်ကြီးနေပြီဖြစ်တဲ့ဆရာကြီးလူထုစိန်ဝင်းလိုသူမျိုးတောင်
ကတ်ကြွစွာပါဝင်လှုပ်ရှားနေတာကိုအားကျသင့်ပါတယ်။
Arkar11
September 17, 2011 at 5:26 pm
မြစ်ဆုံစီမံကိန်း ပတ်သတ်လို့ CPI က လုပ်ထားတဲ့ Survey ရဲ့ အချက်အလက်တွေကို ဒီ
http://www.burmapartnership.org/2011/07/analysis-of-environmental-impact-study-on-hydropower-development-of-irrawaddy-river/ မှာ ဖတ်နိုင်ပါတယ်….
unclegyi1974
September 17, 2011 at 11:17 pm
လုပ်ငန်းတခုမှာအကျိုုုးအပြစ်ဆိုတာရှိပါတယ်
ကောင်းကျိုးများရင်လုပ်သင့်ပြီးကောင်းကျိုးနည်းရင်မလုပ်သင့်ပါဖူး
ဒါကပုံသေနိယာမပါ ကောင်းတာတွေမကောင်းတာတွေအသာထား
ရလာမယ့်ဓာတ်အားကိုခွဲဝေပုံကိုကဘယ်လိုမှလက်ခံနိုင်စရာမရှိပါဖူး
တရုတ်ကငွေအားလုံးစိုက်ထုတ်တယ်ဆိုပေသိမြန်မာနိုင်ငံကသူ့ငွေထက်အများကြီးပိုအဖိုးတန်
တဲ့သဘာဝရင်းမြစ်တွေပေးဆပ်လိုက်ရမှာပါ
သူတို့ငွေကပြန်ရှာလို့ရပါတယ်
ကိုယ့်သဘာဝရင်းမြစ်တောတောင်ရေမြေတွေကငွေနဲ့ပြန်ဝယ်လို့မရပါဖူး
ဘယ်သူ့ရင်းနှီးမှုကပိုအဖိုးတန်တယ်ဆိုတာပြောပြစရာမလိုဖူးထင်ပါတယ်
ဒီကြားထဲပွဲစားခက ၁ဝရာခိုင်နှုန်းဆိုတာသူကဘာတွေများစိုက်ထုတ်လိုက်လို့ဒီလောက်တောင်
ရသင့်တယ်ထင်လို့ပေးလိုက်ရတာပါလိမ့် ဘယ်သူတွေများရကြမှာပါလိမ့်
သူတို့နိုင်ငံမှာမလုပ်လိုတော့လို့ဒီမှာလာလုပ်တာအစိုးရချင်းဆွေးနွေးရင်ဖြစ်ရဲ့သားနဲ့
မြန်မာကကောတရုပ်အစိုးရနဲ့စကားမပြောလို့ပွဲစားကလိုနေတာလား
သဘာဝကသိပ်မကျဖူးနဲ့တုူတာပါပဲ
သဘာဝတောတောင်ရေမြေဆိုတာရောင်းစားဖို့မဟုတ်ပါဖူး
သဘာဝရင်းမြစ်တွေရောင်းစားမှဆို စကာင်္ပူဘာကိုရောင်းစားရပါ့နော်
linnyones
September 18, 2011 at 2:32 am
ဧရာဝတီ နဲ့ပတ်သက်ပြီးတော့ ပညာရှင် တွေရဲ့ အမြင်ကို ဖော်ပြတာ ကြိုဆိုပါတယ်။
ကျေးဇူးတင်ပါတယ် ကို Zaw Wonna ရေ…..
နောက်ထပ် လဲ ဖော်ပြ ပေးပါဦး လို့ တောင်းဆိုပါတယ် …..
ုhtoosan
September 18, 2011 at 10:37 am
အများစုကတော့ ဘာမသိ ညာမသိ နဲ့ဘဲ သဘာဝမပျက်စီးစေချင်တဲ့ စေတနာနဲ့ ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။
ဒါပေမဲ့ တစ်ယောက်မှ၊ ထပ်ပြောပါရစေ ၊ တစ်ယောက်မှ မီးမလာလဲ နေပါ့မယ်လို့ပြောတဲ့သူလည်းမတွေ့မိပါ။
ကျောက်မီးသွေးက နေထုတ်တော့လဲ …သဘာဝ
နူကလီးယား ကျတော့လဲ ဒုတ်ခ ………. အင်း…….
မှော်ဆရာ
September 21, 2011 at 10:28 am
အခုလဲ ကိုယ့်ဟာကိုယ် ဒီဇယ်နဲ့ မောင်းနေရတာပဲဗျာ…
ဖွတ်မရ ဓါးမဆုံးဆိုတာလဲ မဖြစ်ချင်ဘူး။
တခြားနေရာ သွားဆောက် ဧရာဝတီတော့ လာမလုပ်နဲ့၊
ကျွန်တော်က မြစ်ကမ်းဘေးနေတဲ့ကောင်
အခုတောင် မြစ်က အိုလှပြီ။ သောင်ထွန်းတာလဲ တနှစ်ထက်တနှစ် ပိုပိုကြီးလာပြီ။
အဲဒါကို ဆည်ထပ်ဆောက်ရင်တော့ မြစ်က ကောတော့မှာပဲ။
မယုံရင် တံတားဆောက်ထားတဲ့ နေရာတွေကို သွားကြည့် သောင်ဆိုတာတမျှော်တခေါ်ဖြစ်နေပြီ …။
မေးချင်သေးတယ် ရဲရွာတို့ ဘာတို့ ကနေ တခြားနိုင်ငံတောင် ရောင်းစားလို့ရအောင် လျှပ်စစ်တွေထွက်နေပါတယ်လို့ပြောနေပြီး ဘာကြောင့် ဧရာဝတီကို ထပ်မျက်စောင်းထိုးရသေးတုန်း။
kolulay
September 18, 2011 at 2:25 pm
ဒါဆို ကျုပ်ပြောမယ်လေ။ ဧရာဝတီက လျှပ်စစ်မရလည်းနေပါစေ။ ကျုပ် တို့ဖာသာ အမှောင်ထဲနေတော့မယ်(ဘယ်တုန်းကကော လင်းဖူးလို့လည်း)။
သူကြီး
ကျုပ်လည်း သိချင်တယ် ဧရာဝတီ ကရလာမယ့် အကျိုးကျေးဇူးကော ၊ နစ်နာမှုကို ကော သေသေချာချာပြောပြရင်ကောင်းမယ်။ အရင်တုန်းကလို ဘာမှပြန်မမေးနဲ့ ဒါလုပ်ဆိုလုပ် ဆိုတဲ့ အချိုးမျိုးကို တော့ မဖြစ်စေချင်ဘူးလေ။ ကောင်းမယ်ဆိုလည်း ဘာကြောင့် မကောင်းဘူးဆိုလည်း ဘာကြောင့်ပေါ့ သူကြီး သိရင်လည်း မျှပေးဦးနော်။
ုhtoosan
September 18, 2011 at 2:53 pm
စနေနေ့ က အလုပ်ရုံဆွေးနွေပွဲလုပ်ပြီး လွှတ်တော်တင်မယ်လို့တော့ဖြစ်လာပြီ။
အကျိုးကျေးဇူးမရရင်နေပါစေ။မီးမလာလဲနေပါစေ။သဘာဝမပျက်စီးယင်တော်ပါပြီဆိုပြီး ကန့်ကွက်တာဆိုယင် လက်ခံပါတယ်။
kokothandar
September 20, 2011 at 4:25 pm
တကယ်တော ့ရေကာတာမှာရေလှောင်ပြီး အငွေ ့ပျံအောင်လုပ်ပြစ်မှာမဟုတ်ပါဘူး ဒီဧရာဝတီမြစ်ထဲဘဲပြန် လွှတ်မှာပါ
ရေလှောင်တဲ ့ကာလကျော်သွားရင် ဧရာဝတီက စီးမြဲစီးနေမှာပါ လျပ်စစ်ထုတ်တာ ရေ မဆုံးရှုံးပါဘူး မြစ်ဆုံနေ သူတစ်ချို ့တော ့
ကာလအပိုင်းအခြားတစ်ခုလောက် ကသီလင်တ နိူင်ပါတယ် တပြည်လုံးမီးလင်းဖို ့အရေးမို ့အစိုးရနဲ ့သက်ဆိုင်ရာ Coကလျော်ကြေး
အပြင် အခြေမကျနိူင်သေးတဲ ့ကာလအတွက်နစ်နာကြေးအလုံအလောက် နဲ ့ထူထောင်စရိတ် လုံလုံလောက် လောက် ပေးသင့် ့ပါတယ်အထူးထောက်ပံ ့ကြေးပေးသင် ့ပါတယ်တပြည်လုံးကအကျိုးရှိ သူတို ့ကတော ့ခါးစည်း ခံ ဆိုတာတော့မဖြစ်ကောင်းပါဘူး
ဒါတွေမလုပ်ပေးရင် K I A ဘက်ကဒါတွေကြောင် ့ပါလို ့အကြောင်းပြစရာရသွားပါလိမ် ့မယ်
လျပ်စစ်စီမံကိန်းကြီးလုပ်သင် ့တာအမှန်ပါ လျပ်စစ် မီးလုံလောက်ရင် စက်မှု ့လုပ်ငန်းတွေအလိုလို ဖြစ်ထွန်းလာမှာပါ
ထောင်မြင်ရင် ရာစွန် ့တာမမှားပါဘူး
မှော်ဆရာ
September 21, 2011 at 10:21 am
ထောင်မြင်လို့ ရာစွန့်တာတော့ လုပ်ချင်တာပေါ့…
အခုဟာက ရာမြင်လို့ သောင်းစွန့်ရတာ ဖြစ်နေပြီ။
kai
September 21, 2011 at 12:29 am
ကမ္ဘာပေါ်ကမြစ်ကြီးတိုင်းလိုလိုက..ရေကာတာဆောက်.. လျှပ်စစ်ထုတ်..ပြီးနေကြပြီ..။ အဲဒီလိုနဲ့.. နိုင်ငံတွေလူယဉ်ကျေးမှုတွေဖွံ ့ဖြိုးတိုးတက်လာတာပဲ..။
ပြဿနာက..ဒီခေတ်..
ဒီခေတ်ကျမှ.. လူတွေက..(ဖွံ ့ဖြိုးပြီးနိုင်ငံကလူတွေက)သူတို့အားရပါးရဖျက်ခဲ့တဲ့.. ဂေဟစံနစ်တွေကို ပြန်လှည့်ကြည့်မိကြတယ်..။
နောက်တေ့ာ.. အဲဒီလိုဂေဟစံနစ်ဖက်ကရပ်တည်လုပ်တဲ့သူတွေ..အဖွဲ့တွေကို နိုဗဲလ်ဆုတွေ..အော်စကာတွေ.. ဆုတွေ..ဆုတွေ..ပလူပျံအောင်ပေးလာတာပေါ့…။
ဆိုတော့.. မြန်မာပြည်က..လျှပ်စစ်စွမ်းအားလိုတာလည်းမှန်တယ်..။ နှုကလီးယားကထုတ်ဖို့.. လိုအပ်တဲ့..ထောက်ပံ့မှုမရှိတာလည်းမှန်တယ်..။ မြစ်ကြီးတွေက..”စွမ်းအင်အပျိုစင်”ဘဝရှိနေတာလည်းမှန်တယ်..။
ဘေးနိုင်ငံဘီလူးကြီးတွေက.. စွမ်းအင်အပျိုစင်ကို.. မုဒိမ်းကျင့်ဖို့.. မျက်စောင်းတထိုးထိုးဖြစ်ကြတာလည်း.. အမှန်ပဲ..။
ကမ္ဘာနွေးလာလို့.. ရေခဲတွေအရေပျော်နှုန်းမြင့်လာတာလည်းမှန်တယ်..။ အဲဒါက.. မေခ၊မလိခရဲ့..အဓိကရေရရာ အရင်းအမြစ်ဆိုတာလည်း… မှန်တာပဲ..။
ပြောရရင်..
မတော်တခုုခု..ချွတ်ချော်တိမ်းပါးတာတွေဖြစ်ရင်.. တွန်းလုပ်တဲ့..အစိုးရအဖွဲ့တာဝန်ခံရမှာမို့.. မိဘလူထုနဲ့ညှိဖို့ပဲ..။
လူထုအများစု သဘောမတူရင်.. ဘယ်လောက်မှန်မှန်.. ဖြစ်သင့်သင့်..မလုပ်ရဘူး..။
တကယ်တော့ ..ဒါက… သမိုင်းအတွက်.တာဝန်ခံကြိုးချည်နည်းတမျိုးပဲ..။
ုhtoosan
September 21, 2011 at 9:21 am
သူကြီးတို့က နှံ့ စပ်တဲ့သူဆိုတော့ တစ်ခုမေးချင်ပါတယ် .သိရင် ပြန်ဖြေပေးစေလိုပါတယ်။နီပေါ မှာလည်း သဘာဝရေ အရင်းအမြစ်ပေါများတဲ့ အတွက် ရေကာတာတည်ဆောက် လျှပ်စစ်ထုတ်ပြီး ရောင်းစားမယ်လို့တစ်ခါက ဖတ်ခဲ့ဘူးပါတယ်။ အဲ့ ဒီမှာကော အခုလိုအပြင်းအထန်ကန့်ကွက်မူများရှိပါသလား သိချင်ပါတယ်။ ကျေးဇူးပါ။
MOEPWINTPHYU
September 21, 2011 at 10:30 am
ဒီနေမနက်ရုံးလာတောမြင်ခဲတာလေးပါ
လက်ကမ်းစာစောင်လေးမှာ save the ayeyarwaddy ဧရာဝတီကိုကယ်တင်ပါလို့ပါတဲစာတန်းကပ်ထားတဲကားတစ်စီးတွေ့ခဲတာပါ