ကျွန်တော် အစိုးရဝန်ထမ်း

စဆရ ႀကီးSeptember 20, 20111min2677

ထိုစဉ်ကဖြစ်ပါသည်… ဆန်ပွဲရုံစာရေးအဖြစ်မှ အငြိမ်းစားယူပြီးစအချိန်။

အိမ်တွင် အားအားယားယားနေနေရသည်မှာ ယခင်က တစ်ရက် ၁၄နာရီ၊ ၁၅ နာရီခန့်အလုပ်လုပ်ခဲ့သူအတွက် မည်မျှပင်ပန်းဆင်းရဲခြင်း ဖြစ်မိသည်ကို လက်တွေ့ခံစားဖူးသူများမှ သိပေလိမ့်မည်။ အသက်အရွယ်အားဖြင့်လည်း ၂ဝ ခန့်သာရှိသေးသော ကျွန်တော့်အတွက်မူ လုပ်စရာအလုပ်ကား များပြားလှပေ၏။ သို့သော် ခန့်အပ်မည့်အလုပ်မရှိသည်က အတော်ခက်ပေသည်။ နောက်ထပ်လဲ ယခင်အလုပ်ကဲ့သို့ ပင်ပန်း၊ ဆင်းရဲ၊ အနှိမ်ခံဘဝကို ပြန်မရောက်လိုတော့သဖြင့် သက်တောင့်သက်သာ၊ ဟန်နှင့် ပန်နှင့် လုပ်စားနိုင်မည့်အလုပ်ကို အပြေးအလွှားစဉ်းစားကြည့်ရာ ယခင်ဘီယာစက်ရုံဘေးတွင် အစိုးရစီမံကိန်းတစ်ခုအတွက် Foundation မြောင်းများတူးဖော်နေသည်ကို တွေ့မိရာမှတစ်ဆင့် စုံစမ်းရာ ကျွန်တော်နှင့် သွေးသားအားဖြင့် ဦးလေးအရင်းခေါက်ခေါက်တော်စပ်သူ၊ အစိုးရအရာရှိကြီးပိုင်းမှ လုပ်ကိုင်နေကြောင်း သိရသဖြင့် ဝမ်းသာအဲလဲ အလုပ်သွားလျှောက်ရာမှ အစစ်အဆေး၊ အမေးအမြန်းမရှိ အလုပ်ရုံစိတ်မှူးရာထူးကို တန်းပြီး ခန့်အပ်ခြင်းခံခဲ့ရတော့သည်။ ထိုမှစပြီး ကျွန်တော်သည်လည်း အစိုးရဝန်ထမ်းလုံးလုံးဖြစ်ရတော့သည်။

စက်ရုံမှာ ယခင် ပဲခူးတိုင်းအတွင်း တည်ဆောက်ထားသည့်စက်ရုံဖြစ်သည်။ အစိုးရအပြောင်းအလဲတွင် ယခင်စက်ရုံအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်ပေးအပ်ရမည်ဖြစ်သဖြင့် ယခုတည်နေရာတွင် အသစ်ထပ်မံတည်ဆောက်ခြင်းဖြစ်သည်။ ကျွန်တော်ရောက်ရှိကာစက စီမံကိန်းကာလသာဖြစ်သဖြင့် နေထိုင်ရန် လိုင်းခန်းများမပြီးသေး၊ ဝင်းနံရံများ၊ စက်ရုံအဆောက်အဦးများပင်မပြီးသေးဘဲ အုပ်ချုပ်ရေးရုံးသာ ပြီးစီးကာစဖြစ်သည်။ စက်ရုံမှူးမှာလည်း ရုံးချုပ်သို့ နေ့စဉ်သွားကာ နောက်တွင်တော့မူ ဖရိုဖရဲ ဖြစ်ချင်ရာဖြစ်နှင့်သာဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည်ကား စက်ရုံမှူးလိုအပ်သမျှ စာရင်းအချက်အလက်များ၊ ပြန်တမ်းများကို ပြုစု ကောက်ခံပေးရသူဖြစ်သလို တကက စာရေး တာဝန်ပါ ပူးတွဲယူထားရသည်။ လက်နှိပ်စက်အား ရုံးအုပ်ကြီးနှင့် ကျွန်တော်မှ အပ မည်သူမျှ မရိုက်တတ်သဖြင့်လည်းကောင်း၊ ယောကျာ်းသားဆိုပြီး ပြေးကြည့်ကာမှ ပင်စင်သွားကာနီး ရုံးအုပ်ကြီးနှင့် ကျွန်တော်သာရှိသည်ကတစ်ကြောင်းကြောင့် ကျွန်တော်သည်သာ စာရင်းပြုစု၊ စာကြမ်းရေးသား၊ ကိုယ်တိုင်စာချောရိုက်၊ ကိုယ်တိုင်ပြန်တမ်းတင်၊ ဝင်စာ/ထွက်စာကိုင်နှင့် ဗျာမြားလျက်ရှိသည်ကတစ်ကြောင်း၊ စက်ရုံရှိဝန်ထမ်းများ၏ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို စက်ရုံမှူးကိုယ်စား ဖြေရှင်းနေရခြင်းကြောင့်လည်းကောင်း၊ ကိုယ်တိုင် ဝန်ထမ်းဖြစ်ခဲ့သည်ကတစ်ကြောင်းကြောင့် အစိုးရဝန်ထမ်း တော်တော်များများ၏ စိတ်နေစိတ်ထားကို အတော်လေး တီးမိခေါက်မိ ရှိခဲ့တော့သည်။

ထိုစဉ်က စက်ရုံမှာ စတင်မလည်ပါတ်နိုင်သေးပါ၊ ဝန်ထမ်းများ ခေါ်ယူခြင်း၊ ရွေးချယ်စီစစ် ခန့်အပ်ခြင်း၊ တာဝန်နှင့် ဝတ္တရားများ ရေးဆွဲခြင်း၊ လိုအပ်သောသင်တန်းများပေးခြင်းနှင့် စည်းမျဉ်း၊ စည်းကမ်းများ ချမှတ်နေဆဲကာလဖြစ်သဖြင့် အလုပ်သမားများမှာ စက်ရုံသို့လာချင်သည့်အချိန်လာပြီး ပြန်ချင်သည့်အချိန် ပြန်ကြလေသည်။ လာရောက်လျှောက်ထားကြသူများမှာ အောက်ခြေရာထူးများအတွက် အနီးပါတ်ဝန်းကျင်ရွာများမှ ရွာသားများသာရှိပြီး အတတ်ပညာရှင်ပိုင်းအတွက် အင်ဂျင်နီယာများကို ခေါ်ယူရာ မည်သူမျှ စိတ်ပါဝင်စားခြင်းမရှိပေ။ နောက်ဆုံးတွင်မတော့ သတ်မှတ်ထားသော အင်ဂျင်နီယာအရေအတွက် အပြည့်အဝရရှိတော့သည်။ ဟိုလူကြီးနှင့်သိသဖြင့်လည်းကောင်း၊ ဒီလူကြီးနှင့် အမျိုး ဆယ်ဝမ်းကွဲတော်စပ်သဖြင့်လည်းကောင်း၊ ရာထူးအရှည်ကြီး ပိုင်ဆိုင်ထားသူ၏ စာနှင့်လက်မှတ်ကိုကြည့်ပြီးလည်းကောင်း တော်တော်ခက်ခက်ခဲခဲ အင်တာဗျုးများကို မေးရသည်။ နာမည်၊ အသက်၊ နေရပ်လိပ်စာနှင့် ပညာအရည်အချင်းကို မှန်ကန်အောင် ဖြေဆိုနိုင်ကြသဖြင့် အလုပ်ခန့်အပ်ရလေတော့သည်။

စက်ရုံတည်နေရာမှာ ရန်ကုန်ဖြစ်သော်လည်း လာရောက်ကြသည့် အင်ဂျင်နီယာများမှာ နယ်အသီးသီးမှ အမျိုးသမီး၊ ကျောင်းဆင်းကာစ ၉၅ ရာခိုင်နှူန်းနှင့် အမျိုးသား ၅% ခန့်ကို အားရဖွယ်ရာ တွေ့မြင်ရတော့သည်။ မြင်းခြံ၊ မန္တလေး၊ ကန့်ဘလူ၊ ပျဉ်းမနား၊ ပဲခူးတိုင်း ကဝ၊ လက်ပံတန်း၊ မော်လမြိုင်၊ မြိတ်၊ သံတွဲ၊ ပုသိမ် အစရှိသည်တို့ဖြစ်သဖြင့် ထိုအမျိုးသမီးများနေထိုင်ရန်အတွက် ၆ ခန်းတွဲလိုင်းခန်းများကို အလျဉ်အမြန်ပြီးစီးရန် ဆောက်ရတော့သည်။ GE ဝန်ထမ်းများမှာလည်း အတော်လေး ကြိုးစားကြရှာပါ၏။ ၆လခန့်ဆောက်ရမည့် လိုင်းခန်းတွဲကို ၂ လခန့်ဖြင့် အပြီးတည်ဆောက်ပေးကြ၏။ ကောင်း၏၊ ဆိုး၏မှာ နောင်တွင်မှသာ သိရပေမည်။ တည်ဆောက်ပြီးလျှင်ပြီးချင်း ထိုဝန်ထမ်းများမှာ နားမခံသာအောင် ပူညံ၊ ပူညံပြောလွန်းလှသဖြင့် စက်ရုံမှူးမှ အလျင်အမြန်ပြောင်းရွှေ့နေထိုင်ခွင့်ပေးရတော့သည်။ ထိုအခါတွင် အိမ်ထောင်သည်ဝန်ထမ်းများမှာလည်း လိုင်းခန်းတောင်းကြရာ မပေးနိုင်သဖြင့် ပေါ်တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးဖြင့် အမျိုးမျုးိအတင်းတုပ်ခြင်းခံရသလို လိုင်းခန်းနေရာစီစဉ်ပေးရသော ကျွန်တော့်မှာလည်း ထိုဝန်ထမ်းအမျိုးသမီးများနှင့် ပေးစားခြင်းဖြင့်လည်းကောင်း၊ မရရှိခဲ့သော လာဘ်လာဘများကို ရရှိသည်ဟုလည်းကောင်း ပြောဆိုခြင်းကို အတော်လေးပင်ခံခဲ့ရတော့သည်။ ကျွန်တော့်မှာသာ စိတ်ညစ်နေရသလောက် ထိုအမျိုးသမီးဝန်ထမ်းများမှာမူကား ပျော်တစ်ပြုံးပြုံးဖြင့် ခေတ္တစတည်းချရာ နေရပ်အသီးသီးမှ အထုပ်ကြီးငယ်ကိုဆွဲပြီး သူ့ထက်ငါအလုအယက် အစွန်ဆုံးအခန်းများကို ရခြင်းအလို့ငှာ အပြေးအလွှားလာရောက်ကြသည်မှာ စစ်ပြေးဒုက္ခသည်များအလား ထင်ရ၏။

သို့သော် ထိုအပျော်များမှာ ကြာကြာမခံလိုက်ပါ။ စက်ရုံ၏အနီးတွင် လာရောက်တည်ဆောက်သော တက္ကသိုလ်ကျောင်းတော်ကြီး ဖွင့်ပွဲကြောင့် ထိုအမျိုးသမီးဝန်ထမ်းများမှာ အထုပ်ကိုယ်စီဆွဲကာ နားခိုရန်နေရာများကို ရှာရပြန်တော့သည်။ တော်တော်လေးဝင်ရသဖြင့် “တော်ဝင်လမ်း” ဟု အမည်သညာပေးအပ်ခြင်းခံရသောလမ်းရှိသည့် ကျောင်းဖွင့်ပွဲတွင် ထိုစဉ်က ဘုန်းတန်ခိုး အတော်ကြီးမားခဲ့သော လူကြီး၏ ပြောစကားကြောင့် နှစ်လနှင့် တည်ဆောက်ခဲ့ရသော ထိုလိုင်းခန်းတွဲများအား တစ်ပါတ်အတွင်း ဖျက်သိမ်းခြင်းပြုခဲ့ရတော့သည်။ စက်ရုံပိုင် မြေနယ်နိမိတ်ကိုလည်း ကျောင်းသို့ ပေးလိုက်ရသည်။

(ဆက်ပါဦးမည်)

7 comments

  • weiwei

    September 20, 2011 at 8:34 am

    ရှုံးလူက တော်တော်ဘဝ စုံတာပဲနော် … အတွေ့အကြုံလဲ တော်တော်စုံခဲ့မှာပဲ …
    အသက်ကြီးလာရင် အထုပ္ပတိ္တကောင်းကောင်းရေးလို့ရမှာသေချာတယ် …

    • အဟဲ.. အန်တီဝေရေ
      ကျွန်တော့်မှာရေးစရာတွေ ကျန်သေးတယ်.. ပြီးသေးဘူး
      ကိုယ့်အကြောင်းကိုယ်ရေးတာတောင် အများကြီးရှိသေးတယ်

  • ကြောင်ကြီး

    September 20, 2011 at 9:09 am

    မောင်ရှုံးတို့များ အစိုးရဝန်ထမ်းလုပ်ခဲ့ဖူးတယ် မပြောရဘူး၊ တန်းလန်းတန်းလန်းလေးနဲ့မှ နေသာထိုင်သာ ရှိသကိုး…။

    • တစ်ခါတည်းရေးတင်ရင်အများကြီးပဲလေ.. ဘယ်သူမှလဲ ဖတ်မှာမဟုတ်ဘူး
      ဖတ်ရတဲ့သူလဲ မျက်စိညောင်းတယ်.. ဒါကြောင့်ပါ ဥူးကြောင်

      • manawphyulay

        September 20, 2011 at 11:35 am

        အစိုးရဝန်ထမ်းလုပ်တော့ အတွေ့အကြုံက များသကိုး ဒီလိုပဲ အပိုင်းအပိုင်းကလည်း ထုံးစံတစ်ခုကို ဖြစ်နေတာကိုရှင့်… ဒီနေ့ အလုပ်မပြီးရင် မနက်ဖြန် လုပ်ဖို့အချိန်ရှိသေးတယ်ဆိုပြီး ရုံးသမားတွေရဲ့ဘဝတွေကတော့ ဒီလိုပါပဲလေ…

  • မီးမီး သော်

    September 20, 2011 at 12:32 pm

    အော်. တက္ကသိုလ်ဖွင့်မယ်ဆိုတော့ လဲရွှေ ့ပေးရတာကောင်းသားပေါ့။ဒါပေမယ့်လေ အလုပ်သမားတွေသနားပါတယ် ဟယ် ကိုရှုူံးရေ။

  • Foreign Resident

    September 23, 2011 at 7:49 am

    Dear ရှူံးနိမ့်မှုများနဲ့.. လူ ( also to other villagers )

    May I advice you one thing ???
    Please don’t change your occupation or profession, frequently.
    In my whole life, I have only one profession, it is a marine profession.

    In every profession,
    there are good & bad people &
    definitely sure, you will encounter a lot of difficulties & hardships.

    Carefully & prudently think before your decision,
    after decided, just follow this career with “really strong” perseverance & endurance.
    I repeat, “perseverance & endurance”.

    I think, this “perseverance & endurance” can even change your destiny/fate.

    Frankly speaking naw.
    I am not making myself “Sayar Gyi”.
    Sometimes, even wise people forget about this.

Leave a Reply