လူကလေးရဲ့ စာအုပ်စင် (၁)
ဒီရက်ပိုင်းအတွင်း ဖတ်စရာ မရှိတာနဲ့ စာအုပ်စင်ကိုပြန်မွှေရင်း ဆရာ အတ္တကျော်ရဲ့ ဘယ်ဆီကိုများဒုန်းစိုင်းသွားနေ ဆိုတဲ့စာအုပ်လေးကို ပြန်ဖတ်မိတယ်။ အဲ့ဒီထဲက မှ သဒ္ဒါစစ် ဆိုတဲ့ အကြောင်းအရာလေးက အခုဖြစ်နေတဲ့အခြေအနေတွေအတွက် စဉ်းစားစရာလေးမို့ သိပြီးတဲ့သူတွေရော မသိသေးတဲ့သူတွေရောအတွက် ဝေမျှပေးလိုက်တာပါ။အကြောင်းအရာလေးက ဒီလိုဗျ။
နိုင်ငံခြား တိုင်းပြည် တစ်ပြည်ပေါ့။ တော်နေးဒိုး လေဆင်နှာမောင်း မွေလိုက်ချိန်မှာ မြို့ တစ်မြို့ က တော်တော်လေးထိသွားတယ်ဗျ။ ဒီသတင်း ကို နိုင်ငံ ပိုင် မီဒီယာတွေကော၊ အခြားမီဒီယာတွေကပါ ဂရုဏာသက်စဖွယ် ရေးသားဖေါ်ပြကြတယ်လေ။ အဲ့ဒီထဲကမှ ဓာတ်ပုံလေးတစ်ပုံက မိသားစုလေးတစ်ခုရဲ့ စိတ်ကို တော်တော်လေး ထိခိုက်သွားစေတယ်။ မိန်းမငယ်လေးတစ်ယောက်ဟာ ပြိုကျနေပျက်စီးနေတဲ့ တဲအိမ်လေးရှေ့ မှာ မတ်တပ်ရပ်လို့ပေါ့။ မိန်းမငယ်လေးရဲ့မျက်နှာမှာ မချိတင်ကဲ ခံစားရတာက အထင်းသားပေါ်လွင်နေတယ်။သူမရဲ့ ဘေးမှာတော့ ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်ကလေးငယ်လေးက မျက်လွှာလေးချလို့ ရပ်နေတယ်လေ။ သူမရဲ့ စကတ်ကို တင်းတင်းဆုပ်ထားတာကတော့ သူငယ်မ ပေါက်စနလေးပါ။ မျက်လုံးလေ ပြူးပြူးလေးနဲ့ ကင်မရာကို အထိတ်တလန့်နဲ့ ကြည့်နေပါတယ်။
အဲ့ဒီဓာတ်ပုံ နဲ့အတူ သူတို့ရဲ့ ကိုယ်လုံးအရွယ်အစား (အင်္ကျီဆိုက်) တွေပါထည့်ရေးထားတယ်။ ဖြစ်ချင်တော့ အဲ့ဒီ (အင်္ကျီ ဆိုက်တွေက) အတိုင်းအတာတွေက စိတ်မကောင်းဖြစ်နေတဲ့ မိသားစုရဲ့ အတိုင်းအတာတွေနဲ့ တော်တော်လေးနီးစပ်နေတယ်။ ကိုယ့်ထက်ကံ ဆိုးတဲ့သူ အပေါ်မှာ စာနာ ရိုင်းပင်းချင်တဲ့စိတ်ဟာ မိသားစုအတွင်းဖြစ်လာပြီး ကလေးတွေကို အမေကနေပြီး ဖြစ်နေတဲ့အခြေအနေ (ဒုက္ခ) တွကို ရှင်းပြတယ်။ “မေမေ တို့မှာပြည့်စုံသလောက် အဲ့ဒီမိသားစုမှာတော့ ဘာမဆို ဘာမှ မကျန်အောင် ချွတ်ခြုံနေတယ် ကလေးတို့ရယ်။ သည်တော့ မေမေ တို့မှာရှိတာလေးတွေ သူတို့ကို တတ်စွမ်းသရွေ့ပေးရအောင်” လို့ လည်းပြောလိုက်တယ်။
ပြီးတော့ စက္ကူပုံးကြီးတစ်ပုံရှာပြီး ဧည့်ခန်း အလယ်မှာထားလိုက်တယ်။ သူမကိုယ်တိုင်လည်း ပေးဖို့ ပစ္စည်းတွေ ကို ရှာဖွေနေတယ်။ သားလေးကလည်း အဲ့ဒီ သေတ္တာ ထဲကို စည်းသွပ်ဘူးတွေ၊ အခြောက်အခြမ်းတွေ၊ ကိုယ်လက်သန့်စင်ရေးပစ္စည်းတွေ ထည့်နေခိုက်မှာ သမီးလေးကတော့ တောင့်တောင့်လေးရပ်လို့ ကြည့်နေတယ်။ သူမ မဝတ်တော့တဲ့ အင်္ကျီတွေ၊ သားတို့ကလည်းမဆော့တော့တဲ့ အရုပ်ဟောင်းတွေ ကိုထည့်နေတော့လည်း သမီးလေးက ငြိမ်ငြိမ်လေးပဲကြည့်နေသေးတယ်။ သူမက သေတ္တာကို ပိတ်ကာနီးမှာ သမီးလေးက သူအင်မတန် ချစ်တဲ့၊ နှစ်သက်တဲ့ အရုပ်ကလေးနဲ့ အတူရောက်လာတယ်။ လူစီလို့နာမည်ပေးထားတဲ့ အရုပ်ကလေးက သမီးလေးရဲ့ဖွားဖက်တော်လိုဖြစ်နေတဲ့အရုပ်ကလေးပါ။ ပြီးတော့ သေတ္တာရှေ့မှာရပ်လိုက်တယ် သူမရဲ့ အရုပ်ကလေးကို နောက်ဆုံး နှုတ်ဆက်အနမ်းနဲ့ နမ်းပြီး သေတ္တာထဲကို ညှင်ညှင်သာသာ ထည့်လိုက်တယ်။ ” အို …. သမီးရယ်၊ လူစီကို တော့ မပေးပဲထားလိုက်ပါလား။ သမီးက လူစီ့ကို သိပ်ချစ်တဲ့ ဥစ္စာကို ” လို့တောင်အမေက ပြောလိုက်မိတယ်။
အဲ့ဒီတော့ ကလေးမလေးပြောလိုက်တဲ့ စကားက တော်တော်လေးကိုတာသွားတယ်ဗျ။ ” လူစီနဲ့ နေရလို့ သမီးစိတ်ချမ်းသာတယ် မေမေ။ ဟို မေမေ ပြတဲ့ ဓာတ်ပုံထဲက ကောင်မလေးကို လည်း လူစီက စိတ်ချမ်းသာအောင် လုပ်ပေးစေချင်လို့ပါ….” လို့ ပြန်ပြောလိုက်ပါတယ်။
စာပိုဒ်လေးကတော့ ဒီမှာတင်ပြီးသွားပြီဗျ။ ခင်ဗျားတို့ ကျွန်တော်တို့ စဉ်းစားစရာပဲ ကျန်တာ။ ကျွန်တော်တို့ ကော လူစီ့ကို ပေးဖူးလားလို့ ကိုယ့်ကိုယ် ကိုယ် ပြန်မေးကြရအောင်။
4 comments
မီးမီး သော်
September 20, 2011 at 3:13 pm
“”””အဲ့ဒီတော့ ကလေးမလေးပြောလိုက်တဲ့ စကားက တော်တော်လေးကိုတာသွားတယ်ဗျ။ ” လူစီနဲ့ နေရလို့ သမီးစိတ်ချမ်းသာတယ် မေမေ။ ဟို မေမေ ပြတဲ့ ဓာတ်ပုံထဲက ကောင်မလေးကို လည်း လူစီက စိတ်ချမ်းသာအောင် လုပ်ပေးစေချင်လို့ပါ….” လို့ ပြန်ပြောလိုက်ပါတယ်။””””
ကျေးဇူးတင်လိုက်တာ ကိုလူလေးရေ။အားပေးသွားပါတယ်ရှင်။
MOEPWINTPHYU
September 20, 2011 at 4:00 pm
ကိုလူလေးရေးအရမ်းကောင်းပါတယ် မိုးပွင်းကြုံတွေရတာတွေကသူသာလားငါသာလားတွက်နေတဲပတ်ဝန်းကျင်ပါ
အဲလို စိတ်ထားလေးများနဲလူလောက ကိုနေထိုင်ကြမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲဆိုတာပဲတွေနေမိတာ
Shwe Ei
September 20, 2011 at 5:27 pm
နှလုံးသားနဲ့ ကူညီတယ်လို့ပြောရမယ်ထင်တယ်။ အားငယ်နေတဲ့လူကို နှစ်သိမ့်ဖို့ အဖိုးတန်အရာတွေထက် ရင်ထဲကပါတဲ့ အပြုအမူ အပြောအဆိုတွေက ပိုအသုံးဝင်တတ်ပါတယ်။
kolulay
September 21, 2011 at 6:16 pm
အားပေးမှုကိုကျေးဇူးတင်ပါသည်။
(အကြွေးသည်းခံပါ)
ကျွန်တော် ဆို တစ်ခါတစ်ခါ ကူညီသင့်လား မကူညီသင့်လားဆိုပြီး စဉ်းစားနေတာနဲ့ ပဲ နောင်တရပေါင်းများပြီဗျ။ အဲ့တာမို့ အခုဆို တကယ်ပဲအကူညီတောင်းတောင်း လာပြီးလိမ်တာပဲဖြစ်ဖြစ် ကိုယ့် အတွက် အရမ်းကြီးမနစ်နာဘူးဆို (ကိုယ်တတ်နိုင်တယ်ဆို) ကူညီလိုက်တယ်။ ပြီးရင် ဘာမှ မတွေးတော့ဘူး။