etone နှင့် အလွဲများ …

etoneSeptember 23, 20111min50921

 

ဘယ်ဘဝက အတိတ်ကံမှန်းမသိတဲ့ … အလွဲတွေနဲ့ ခဏခဏ ကြုံခဲ့ရဖူးတယ် …တိုက်ဆိုင်တယ်လို့ ပြောရတာထက်တောင် ပိုတဲ့စကားရှိလျှင် သုံးနှုန်းလိုက်ချင်ပါရဲ့ ….။ တကယ်ပါ ကျွန်မလေ အစိုးရဌာနဆိုင်ရာ အလုပ်တွေနဲ့ တော်ရုံတန်ရုံမပတ်သတ်ချင်ပါဘူး … ကျွန်မတို့ ရုံးတွေမှာ ဆံပင်မွှေးတွေ ထောင်လောက်အောင် အလုပ်လုပ်ကြရပေမဲ့ … တစ်ခါတစ်လေ … ရုံးတွေမှာများ .. ရုံးလာချိန်က မနက်ကိုးနာရီဆိုလျှင် … ဆယ်နာရီလောက်တောင် ခြင်းလေးဆွဲပြီး လာတုန်းပဲ .. ဗိုက်ကြီးသည်တွေဆိုလျှင် ဆယ့်တစ်နာရီထိုးခါနီး … ခြင်းထဲ မုန့်တွေ အပြည့်ထည့်လို့ ဗိုက်ကြီး တကားကားနဲ့ … မပြီးသွားတုန်း … ။ ကဲ .. သူတို့ဘဝ ဘယ်လောက်တောင် ဇိမ်ကျလိုက်သလဲ … ပြီးတော့ .. ဟိုစာရွက် ဒီစာရွက် လိုလို့သွားရေးခိုင်းလျှင် အနည်းဆုံး ခြင်္သေ့တစ်ကောင်ပဲ .. ငါးရာပေးတောင် အလုပ်မလုပ်ဘူးတော်ရေ … ။ စာရွက်လေး တစ်ရွက်ပြီး တစ်ရွက် ထုတ်ဖြည့်ခိုင်းပြီးတော့ စောင့်ခိုင်းတာကလည်း စိတ်မရှည်ချင်လောက်အောင် …. ။ ဘာမှ သေချာ ဟုတ်တိပတ်တိမလုပ်ရသေးဘူး … နေ့လည် ထမင်းစားချိန်ရောက်တော့ လုပ်လက်စ အလုပ်တွေပစ်ပြီး သူတို့က ထမင်းစားကြတယ် ကျွန်မကတော့ ဗိုက်ဟောင်းလောင်းနဲ့ … အနံ့ရှူနေရတယ် …။ အပြင်ထွက်ထမင်းစားလျှင်လည်း နောက်လူဦးသွားလို့ ဒီနေ့နေ့ချင်းပြီး အလုပ်မဖြစ်လျှင် နောက်နေ့ တစ်ခါ ဝဋ်ခံရဦးမှာကြောင့် သည်းခံပြီးစောင့်နေမိပါတယ် … ။ ထမင်းစားချိန်ပြီးတော့ အလုပ်လုပ်မလားမှတ်တယ် … ဆရာဖြစ်သူက ဦးဆောင်ပြီး ဝိုင်းထိုင် စကားပြောနေကြတယ် … ဘာလုပ်တာလဲမေးတော့ မီတင်တဲ့လေ .. အဲ့ဒီလောက် အရေးကြီးတဲ့ စကားတွေပြောပြီး အချိန်ပေးမီတင်လုပ်တာ တစ်သက်နဲ့ တစ်ကိုယ် ဌာနတစ်ခုကိုမဖြစ်မနေရုံးကိစ္စသွားလုပ်မှ သိခဲ့ရတော့တယ် ..အားနာမှု အလျဉ်းမရှိပဲ လူတွေကို စောင့်ခိုင်းပြီး အရေးမပါတဲ့ အိမ်အကြောင်း ၊ သားအကြောင်း သမီးအကြောင်း ပြောနေကြတာ မီတင်တဲ့လားရှင် ။  ကျွန်မတို့သာ တစ်နှစ်လုံးမှာ အဲ့ဒီလိုနေ့လေးတွေရှိခဲ့လျှင်တော့ … ထီပေါက်တာလိုပဲဝမ်းသာမိမှာပါ … ။ စကားပြောတာ စိတ်ရှည်အောင် စောင့်ပြီး ဖောင်နှစ်ရွက်လောက်ပဲ ဖြည့်ရသေးတယ် … တီးတိုင်းမ်ဘာတဲ့ရှင် …တီးတိုင်းမ်ဆိုတာ ဘာလဲလို့ ကျွန်မကရွဲ့ မေးတော့ .. လ္ဘက်ရည်သောက်ချိန်လို့ ဘုတောဖြေခဲ့တယ်လေ … ။ အပူပင်သောကကင်းပြီး … အိမ်သာသာ နေလို့ရတဲ့ အလုပ်မျိုး ၊ ကျွန်မတောင် ပြောင်းချင်သွားမိတယ် … ။ သူများတွေ တီးတိုင်းမ်ရောက်လည်း ကျွန်မက နေ့လည်စာတောင် မစားရသေးဘူးမို့ .. စိတ်တိုချင်လာမိတယ် … နောက်နေ့မကူးချင်တဲ့စိတ်နဲ့ .. နည်းနည်း သည်းခံပြီး ထပ်စောင့်ပါတော့တယ် … ။ တီးတိုင်းမ်မို့ … အပြင်ထွက်ပြီး ကန်တင်းမှာ လ္ဘက်ရည်သောက်သူက သောက၊် မသောက်တဲ့ မမများကတော့ နှုတ်ခမ်းနီဆိုးပါးနီဆိုး .. လင်ရနိုး လင်ရနိုး .. အဲ ယောင်ကုန်ပြီ … (ကျောင်းတတ်တုန်းက ကြားမိတဲ့ သံပြတ်လေးပါ 😛 ) ။ ကိုယ်ပိုင်အခွင့်ရေး အများကြီးနဲ့ အလုပ်လုပ်ကြသူတွေကို အားကျမိပါရဲ့လေ .. .အဲ့ဒီလို အချိန်တွေရနေတာတောင် … မှားဖြစ်အောင် မှားကြပါသေးတယ် … သူတို့အတွက်တော့ အသေးဖွဲပေမဲ့ ကျွန်မအတွက်တော့ အလုပ်ရှုပ်ခြင်း ၊ စိတ်ညစ်စရာကောင်းခြင်း ၊ စိတ်အကျဉ်းချခံရခြင်းပါပဲ ။

ဌာနဆိုင်ရာတွေနဲ့ တော်ရုံမပတ်သတ်ချင်တဲ့ ကျွန်မက … ကျောင်းတတ်တုန်းက ကျောင်းသားကဒ်မှာ ကျောင်းဝင်နံပါတ်မှားပါတယ် …ပြင်ဖိုကအတွက် ကျောင်းရုံးခန်းကို ခေါက်တုံ ့ ခေါက်ပြန်သွားခဲ့ရပါတယ် … အဲ့ဒီတော့မှ အလုပ်ရှုပ်စွာနဲ့ ကျောင်းသားကဒ်ကို အသစ်လုပ်ပေးတာပါ … ။(တကယ်တမ်းကျတော့ …တစ်ခါမှ မသုံးခဲ့ရဘူး)။  မှတ်ပုံတင်လုပ်ရမယ့်အရွယ် … ၁၂ မှတ်ပုံတင်မလုပ်ခဲ့ပါဘူး .. အသက် နှစ်ဆယ် ပြည့်ခါနီးမှ မှတ်ပုံတင်လုပ်ခဲ့တာပါ .. ဒါတောင် အိမ်ထောင်စု သန်းခေါင်စာရင်းထဲ ထည့်ဖို့ လိုအပ်လို့သွားလုပ်ခဲ့တာ …သိတဲ့ အတိုင်း စာရွက်တွေ ဘိုးစဉ်ဘောင်ဆက် ဟုတ်တာရော မဟုတ်တာရော ( ဘိုးဘွားတွေ ဇာတိမှ သေချာမသိတာ )ဖြည့်ပြီး သုံးလေးရက်လောက် စာရွက်သွားဖြည့်ရတဲ့ မှတ်ပုံတင် ကျွန်မလက်ထဲ ရောက်လာတော့ …မွေးသကရာဇ် မှားနေလေရဲ့လေ … ။ ကျွန်မမွေးရက် 2 ရက်နေ့ကို 21ရက်လို့ အလှပပဲ မက်ပြီး အားလပ်ချိန်ပဲ စိတ်ဝင်စားတဲ့ ရုံးက မမများက ရေးလိုက်ပါတယ်… ကျွန်မပြန်စစ်ခွင့်မရှိပဲ ကဒ်ရမှ မှားမှန်းသိတော့ ပြင်ခိုင်းတဲ့အခါ … ဓါးလေးနဲ့ပဲ ခြစ်ပြီး အပေါ်က ထပ်ပြန်ရေးပေးပါတယ် …။ နဂိုလို သေသေသပ်သပ်မဟုတ်တာကြောင့် ကျွန်မက အဲ့ဒီမိန်းမကို ပြင်ဆင်ထားတယ်ဆိုလျှင် မှတ်ပုံတင်ပေါ်မှာ အစ်မလက်မှတ်ထိုးဆိုတော့.. မှတ်ပုံတင်ပေါ် လက်မှတ်ထိုးတာ ထုံးစံမဟုတ်ဘူး ဒီအတိုင်းရတယ် ဘယ်သူမှ မရစ်ဘူးဆိုပြီး ပြန်ပေးလိုက်တယ် … ။ မကျေမနပ်နဲ့ ယူလာရုံကလွဲလို့ ကျွန်မဘာမှရွေးချယ်ခွင့်မရှိဘူးလေ … ။

အိမ်ထောင်စု သန်းခေါင်စာရင်း လုပ်တာ အိမ်တိုင်ယာရောက်လာလုပ်ပေးတာ .. ပိုက်ဆံပေးလိုက်လျှင် နောက်နေ့ ပြန်လာပေးတယ် .. .. အဲ့ဒီတုန်းက မှတ်ပုံတင် မိတ္တူပေးလိုက်တာတောင် ကျွန်မနာမည် အလယ်စာလုံးကို မှားရေးလာတယ် … ။ တစ်ခါတည်း လက်ထဲရောက်ကတည်းက ပိုက်ဆံရလျှင် လစ်သွားတဲ့ သန်းခေါင်စာရင်း ပွဲစားက တာဝန်မယူဘူးလေ .. ။ ဒီတော့ ကျွန်မရုံးတစ်ခေါက်သွားရပြန်ပြီပေါ့ … အဲ့ဒီနေ့ကလည်း တစ်နေကုန်ပြီးမှ သန်းခေါင် စာရင်းမှာ နာမည် အလယ်စာလုံးမှားတာဟုတ်ကြောင်း ပြန်ပြင်ပေးပြီး လက်မှတ်ထိုးပေးတယ် … ဘယ်လိုပဲပြင်ပေးပေး ကျွန်မနာမည်ကတော့ … ဖျက်ရာလေးနဲ့ပါ 😀

အလွဲတင်က ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးဘူးရှင့် … ကျွန်မနဲ့ ရေစက်အတော်ရှိပုံရတယ် … ဘွဲယူတော့ ဘွဲ့လက်မှတ်မှာ မှတ်ပုံတင်နံပါတ်လွဲနေပါရောလား … ကျွန်မလည်း သေချင်စော်နံသွားတယ် .. ဒါနဲ့ ပူပြင်း ဝေးလံတဲ့ ကျောင်း အကြိမ်ကြိမ် သွားပြီး ပြန်ပြင်ရမှာ စိုးလို့ .. မာစတာ တက်နေတဲ့ သူငယ်ချင်းကို အကူညီတောင်းတော့ .. သူလည်း နေ့တိုင်းကျောင်းသွားနေတာမို့ ကူညီမယ်သဘောတူပြီ လုပ်ပေးခဲ့ပါတယ် ..သူငယ်ချင်း အကူညီနဲ့ … အမှားတစ်ခု ပြင်လို့ပြီးသွားတယ် … ။ မုန့်ကြွေးကျေးဇူးတင်ဖို့တောင် ကျွန်မတို့ နှစ်ယောက်စလုံး အချိန်တွေ ဆင်းရဲ ကြလို့ ဖုန်းဆက်ပြီး စ ကားလေးနဲ့ပဲ ကျေးဇူးတင်ဖြစ်တယ် .. ဒါပေမဲ့ မှတ်မိနေပါတယ် .. ကျွန်မအခက်ခဲကို မငြိုမငြင် ကူညီပေးခဲ့တဲ့ စိတ်ဓါတ်နဲ့မို့ပါ … ။ စေတနာ အစစ်ပိုပေးပြီး … ကွာလဖိုင်းတက်ခွင့်ရသည်ဆိုတဲ့ စာလေးတောင် ထုလာပေးသေးတယ် … ။

ခဏခဏ ရုံးကိစ္စတွေနဲ့ ပတ်သတ်ပြီး လွဲတတ်လွန်းလို့ ပတ်စပို့စ်လုပ်တဲ့အခါ မမှားပါစေနဲ့ ဆုတောင်းနေတုန်း …. စိစိစစ်စ် ကြည့်တတ်တဲ့ ဟိုလူဂျီးက … မှတ်ပုံတင်က ဖျက်ရာကို ပြသနာလာရှာပါတော့တယ် … ငါးနှစ်ကျော်ကြာပြီးမှ တစ်ခါ ပြန်ပြီး မှတ်ပုံတင်ရုံးသွားကာ ဘယ်သူရေးတဲ့ လက်ရေးလဲ လိုက်ရှာတော့ .. အဲ့ဒီမိန်းမ အလုပ်ထွက်သွားပါပြီတဲ့လေ … ။ ကျွန်မရဲ့ ဖိုင်တွဲကို ပြန်စစ်ပြီး ထောက်ခံစာရေးရမယ်လို့ ပြောကာ ရှာခ တစ်ထောင် တောင်းသွားပါတယ် … ။ အခုတော့ ထောက်ခံစာဖြင့် သုံးပြီးနောက်တစ်ခါလာတဲ့အခါ မှတ်ပုံတင်လဲရန်လိုကြောင်းပြောပါတယ် … ။ နောက်တစ်ခါ စောင့်ရမှာ စိုးလို့ ကျွန်မလည်း ဖျက်ရာနဲ့ မှတ်ပုံတင်လေးပဲ သုံးနေခဲ့တာ ကြာခဲ့ပြီလေ … ။

တကယ်ဆို အေးအေးဆေးဆေးလုပ်ရတဲ့ အလုပ်တွေမှာ ပြန်စစ်ဖို့ အချိန်ရပါလျှက် မှားနေတာ ဘာကြောင့်များပါလိမ့် … ။ အလုပ်ပေါ် အလေးထားစိတ်ကွာလို့ပဲလို့ အားမနာတမ်းဝေဖန်ချင်ပါတယ် … ကိုယ်လုပ်တဲ့ အလုပ်အပေါ် စေတနာမပါပဲ ဝတ်ကျေတန်းကျေလုပ်တဲ့အခါ အ ခုလို အမှားတွေနဲ့ ကြုံကြရတာပါ … သူတို့ မှားတာက သူတို့ အပေါ် ထိရောက်မှု မရှိပေမဲ့ … ကျွန်မတို့အတွက်တော့ စိတ်သောကရောက်စေပါတယ် … ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ် တာဝန်ယူမှုမရှိပဲ ကပျက်ကချော် အလုပ်လုပ်နေခြင်းဟာ စိတ်ဓါတ်ညံ့ဖျင်းခြင်းနဲ့ တိုက်ရိုက်အချိုးကြပါတယ် ….. ။ ဘယ်အလုပ်ပဲ လုပ်လုပ် ကိုယ်ချင်းစာစိတ်လေးနဲ့ လုပ်တတ်မယ်ဆိုလျှင် ၎င်းတို့လုပ်ငန်းတွေ ပိုမို လျှင်မြန် တိုးတတ်ကောင်းမွန်ပါလိမ့်မယ်လို့ ကျွန်မမြင်မိပါတော့တယ် ။ ။

21 comments

  • Shwe Ei

    September 23, 2011 at 5:22 pm

    လွဲချက်ကယ်နာ၊ ဆယ်ခါပြန်ပြင်ရသေး
    အစိုးရရုံးတဲ့လေး။

  • nozomi

    September 23, 2011 at 6:12 pm

    အီးတုံးနဲ့ မွေးရက်က လာတူနေရသေးတယ်၊ ငယ်ငယ်က သိပ်မဆော့ခဲ့တော့ လ တော့ မတူလောက်ဘူး 😀

    အဲဒီလောက်လွဲနေတတ်ရင် မင်္ဂလာမဆောင်ခင် သတိထားကြည့်ဦး ၊ ဆောင်ပြီးမှ ဆို ဒွတ်ခပဲ 🙂

  • windtalker

    September 23, 2011 at 8:12 pm

    မအီးတုံး ရဲ ့အာဘော်ကို ဖတ်ပြီး
    ကျွန်တော် မြင်မိတာကတော့
    တော်တော်များများ ဟာ
    ကိုယ်လုပ်ရတဲ့ အလုပ် နဲ ့
    ကိုယ်ရတဲ့ လခ ကို
    တန်တယ် လို ့မထင်ကြပါဘူး
    ဂုဏ်ငယ်တယ် လို ့ထင်နေပြီး
    ဖြစ်ကတတ်ဆန်း လုပ်နေသလို ပါပဲ
    ကျွန်တော် ကိုယ်တိုင်
    ကျွန်တော့် ဝန်ထမ်း၃ ကောင် ကို
    တော်တော် စိတ်ပျက်နေသူ တစ်ယောက်ပါ
    တစ်ခုခု ညွှန်လိုက်ရင်…
    အဲဒီ လုပ်ရပ် အပေါ်မှာ
    တာဝန်ယူရမှု မရှိကြတော့
    လုပ်ချင်သလို လုပ်နေကြတာတွေ ကို
    ဘယ်လို ပြင်ရမှန်းကို မသိတော့ပါဘူး
    အခြေခံ စိတ်ဓါတ် က အစ
    ပြန်ပြင် ရမယ့် သဘောပါပဲ
    ပြောမယ့်သာ ပြောရတာ
    မောင်ပေ ကိုယ်တိုင် က လည်း
    ဖြစ်ကတတ်ဆန်းလုပ်နေကြ ကောင်ပါ
    ကိုယ့်အမှားနဲ ့ကိုယ်ဆိုတော့
    ပြန်ပြန် ရှင်းရတာ အမော
    အမှားတွေ ခဏခဏ တွေ ့ရင်
    ကိုယ့်ကိုကိုယ် ၊ နောက်ဒီလို ထပ်မလုပ်မိဖို ့
    ဆင်ခြင် သုံးသပ်နေရသူ တစ်ဦးရယ်ပါ

    • ကြောင်ကြီး

      September 24, 2011 at 9:19 am

      မောင်ပေ သုံးကောင်လောက် အုပ်ချုပ်နေရတာ ပျင်းတောင်ပျင်းသေးတယ်။ ကိုကြောင်ကြီးက သုံးထောင်လောက်ကို စီမံကွပ်ကဲနေရတာ။ ကြွားရရင် ကိုကြောင်ကြီးအလုပ်က တိရစာ္ဆန်ရုံ မန်နေဂျာလေ။

  • TTNU

    September 23, 2011 at 8:17 pm

    ဟုတ်တယ် အိတုန်ရေ
    ကိုယ့်ပင်စင်ထုတ်တဲ့ အခါ အသက်ရှင်နေသေးကြောင်း လူတွေ့ စစ်တယ်။
    ဒီအဖွားအိုကြီး နောက်ယောင်္ကျား မယူပါဘူးဆိုတာကို ရဝတ ထောက်ခံစာပြမှ သွားလေသူရဲ ့ လခလေး
    ထုတ်ရသကွဲ့။ စားပွဲ ၄နေရာလောက်ရွှေ ့ပြီးမှ တိုကင် ဆိုတဲ့ သတ္တဝါလေးကိုရတာ။ ပြီးတော့ မှ ကိုယ်တို့လို
    အိုနာရွတ်တွ တွေ ပင်စင်လခလေး မဆိုသလောက် ကို တိုးပြီး ထုတ်ကြရတာ။
    ဘယ်ရုံးသွားတိုးတိုး အပြန်မှာ ပါရာစီတမော သောက်ရတာချည်းပါပဲ။

    • weiwei

      September 23, 2011 at 11:50 pm

      နေရာတိုင်းတော့ အဲဒီလိုမဟုတ်ပါဘူး တီတီနုရေ ….
      ကျွန်မအသိအဘွားကြီးတစ်ယောက်ဆို သူ့ယောက်ျားပင်စင်ကို သူကိုယ်တိုင်မယူပါဘူးလို့ ဖြတ်ထားတာ ၁ဝ နှစ်တောင်ကျော်နေပြီ … အခု ပင်စင်တွေတိုးတော့လဲ အဲဒီအဘွားကြီးက နိုင်ငံခြားကသားဆီမှာလိုက်နေလို့ စိတ်မဝင်စားဘူး … ဒါပေမယ့် သူတို့ဌာနက ပြန်ရအောင်လုပ်ပေးပြီး ရန်ကုန်မှာကျန်ခဲ့တဲ့ ညီမဆီကို အိမ်တိုင်ယာရောက် သွားပို့ပေးခဲ့တဲ့ အဖြစ်အပျက်မျိုးလဲ ရှိပါတယ် … (တစ်လ ၆ သောင်းဆိုတော့ ညီမလုပ်သူက ဝမ်းသာတာပေါ့) …

    • Foreign Resident

      September 24, 2011 at 5:24 am

      The best comment of the day.
      – အသက်ရှင်နေသေးကြောင်း လူတွေ့ စစ်တယ်။
      – ဒီအဖွားအိုကြီး နောက်ယောင်္ကျား မယူပါဘူးဆိုတာကို ရဝတ ထောက်ခံစာပြမှ
      သွားလေသူရဲ ့ လခလေး ထုတ်ရသကွဲ့။

  • surmi

    September 23, 2011 at 11:25 pm

    အလွဲ တွေ ဆို လို ့ ကျွန် တော ့ အလွဲ လေး တစ် ခု သ တိ ယ မိ တယ် ဗျ ၊။
    တတိ ယ နှစ် အောင် စာ ရင်း ကို သွား ကြည် ့ စဉ် က ပါ ၊ ကျွန် တော ့ နာ မည် ကို
    မ ——– လို ့ အောင် စာ ရင်း မှာ ရိုက် ထား တယ် ၊ ဒါ နဲ ့ ပဲ နောက် ဆုံး နှစ် အ တွက် ကျောင်း
    အပ် လို့ ချက် ချင်း မ ရ ဘူး ၊ မော် ကွန်း ထိန်း ဆီ သွား တွေ ့ ပြီး မနဲ ရှင်း ရ တယ် ၊။
    ပြင် ပ ဝန် ထမ်း (၃ ) ယောက် လုပ် အား = အစိုး ရ ဝန် ထမ်း ( ၁၅ ) ယောက် လုပ် အား
    ဒါနဲ ့ တောင် သူ တို ့ လ ခ က အ ပြင် လောက် မ ရ ဘူး လို ့ ငြီး သေး တယ် နော ၊
    ပေး ပါ လိမ် ့ မယ် အား ကြီး ၊ အစိုး ရ ဝန် ထမ်း ပြုတ် ဆို ရင် အလုပ် တောင် မ ခန် ့ ဘူး ။
    အကျင့် ဟောင်း တွေ ပါ လာ စိုး လို ့———-။

    • etone

      September 24, 2011 at 8:29 am

      surmi ပြောပြမှ အဲ့ဒီအလွဲလေး ကျန်ခဲ့တော့တယ် …
      ကျွန်မတက္ကသိုလ်တက်ဖို့ စာရောက်လာတော့ .. နာမည်တစ်လုံးမှားရိုက်ထားတယ်လေ … ။ ဖောင်တင်တော့မှ မှတ်ပုံတင်တွေ ကျောင်းသားကဒ်တွေနဲ့ ငြင်းခဲ့ရသေးတယ် …

      ဘယ်ဘဝက ံမှန်းကို မသိအောင် အစိုးရရုံးတွေနဲ့ ပတ်သတ်ဖို့ ပါရမီပါခဲ့သူပါပဲ 😥

  • မှော်ဆရာ

    September 24, 2011 at 12:21 am

    surmi လွဲတာက ပိုဆိုးနေပါ့လား
    လုံးရာက ပြားရတဲ့ဘဝ..
    ဒါပေမယ့် ငွေထပ်မကုန်လို့ တော်သေးတာပေါ့
    ကျွန်တော်ကျတော့ ပိုဆိုးတယ်ဗျာ..
    ဒုတိယ နှစ် အောင်စာရင်းထွက်လို့ တတိယနှစ် ကျောင်းသွားအပ်ကာမှ မနှစ်က ကျောင်းလခ ကြွေးကျန်ရှိပါသေးတယ် ဆိုပြီး တောင်းလို့
    ချလံကလဲ မရှိတော့လို ခက်တော့တာပေါ့
    မော်ကွန်းထိမ်း တက်ပြောတော့လဲ သားရယ် ဒီလောက်တော့ ပေးလိုက်ပါကွာဆိုတော့ အင်း ပေးလိုက်ရတာပေါ့ဗျာ……

  • Nan Shin

    September 24, 2011 at 3:58 am

    အလွဲစာဖတ်ပြီး အလွဲကမ္ဘာထဲ ရောက်သွားသလိုပဲ။
    ကျနော့်အလွဲတွေတော်တော်များများကို ပြန်ပြီးအမှတ်ရသွားတယ်။
    ဒါပေမဲ့ မပြောပြတော့ပါဘူး။အလွဲပြောမိမှာဆိုးလို့။ဟား၃။

  • စုံ စုံ

    September 24, 2011 at 9:24 am

    ကျမအရင်မီဒီယာလုပ်ငန်းတခုမှာတုန်းက ပထမဆုံးအကြိမ်အဖြစ်မြန်မာ့အသံကို
    စီနီယာအမတစ်ယောက်နဲ့ငွေသွင်းဖို့ရောက်ခဲ့ဖူးတယ်
    စီနီယာအမကဦးဆောင်ပြီးငွေသွင်းဖို့အခန်းတခုကိုခေါ်သွားတာပေါ့
    သူကမြန်မာ့အသံကိုနေ့တိုင်းသွားနေရတာဆိုတော့သူ့ကိုအားလုံးကသိနေပြီလေ
    ဒိလိုနဲ့ငွေသွင်းဖို့အခန်းထဲလဲရောက်ရော မိန်းမလေးယောက်လောက်ကမုန့်ထိုင်စားရင်းနဲ့
    စကားတွေပြောနေကြတယ် ကျမတို့ဝင်လာတာခနဘဲကြည့်ပြီးစကားဆက်ပြောနေတုန်းဘဲ
    အနဲဆုံး၄၅မိနစ်လောက်စောင့်ရပြီးမှ အဲ့ဒိစကားဝိုင်းထဲကမိန်းမတယောက်ထလာပြီး
    ကျမတို့ဆီကငွေကိုလာကောက်တယ်
    ကျမလဲတော်တော်ကြောင်သွားတာပေါ့ ရောက်နေတာဖြင့်ကြာလှပြီ ငွေလာသွင်းမှန်းလဲသိတယ်
    ဒါကိုအလုပ်ထမလုပ်ဘဲစကားပြောမပြတ်ဘူး
    အဲ့ဒါနဲ့မြန်မာ့အသံကအပြန်လမ်းမှာစီနီယာအမကိုမေးတာပေါ့
    အမရေညီမတို့ရောက်မှန်းသိရက်သားနဲ့ဘာလို့သူတို့ကစကားဆက်ပြောနေတာလဲလို့မေးတော့
    ဒီလိုပါဘဲစုံစုံရယ် နေ့တိုင်းစောင့်ရတာဘဲ သူတို့မှာဘာအလုပ်မှလဲမယ်မယ်ရရရှိတာမဟုတ်ဘူး
    ဒါလေးလုပ်ရတာကို တမင်တကာ အချိန်ဆွဲနေတာတဲ့လေ
    တကယ်တကယ် အစိုးရရုံးတော်တော်များများကဝန်ထမ်းတွေအလုပ်လုပ်ပုံကိုတော့လက်လန်တယ် 🙁

    • etone

      September 26, 2011 at 10:14 am

      အဲ့ဒါပြောတာ စုံစုံရေ .. လက်ကြောမတင်းတဲ့ လူတွေက အလုပ်လုပ်လျှင် အဲ့ဒီလိုပဲ … သူတို့ အဲ့ဒီလို လုပ်တာ က အရေးမကြီးဘူး … ကျွန်မတို့တွေ မအားတဲ့ ကြားက သွားရတာ စောင့်ရတာ အချိန်ကုန်တယ် … ။

      တကယ်ဆို ဆားဗစ်ချ ယူပြီး အလုပ်လုပ်လျှင်တောင် … အမြန်လိုချင်တဲ့ လူက ပေးပြီး လုပ်သွားကြမှာပဲ … အခုဟာကတော့ …. သက်သက် အပျင်းထူးတာ … ။ 🙄

  • pooch

    September 25, 2011 at 12:09 am

    တုန်တုန်ရေ အမလည်း အိမ်ထောင်စုစာရင်းထဲက မှတ်ပုံတင်နံပါတ်ကို ဝ နဲ့ ၁ ကို မှားရေးပေးထားတာတွေ့လို့ ရုံးကို သွားရ အုန်းမယ်။ စိတ်လေတယ် သေချာလည်း မကြည့်ကြဘူး။ တမင်တကာ ရေးသလားတောင်ထင်ရတယ်. သွားမယ်ဆိုပြီး မရောက်သေးဘူး ခုမှ သတိရတယ်။ အဆင်မှ ပြေပြေနဲ့ လုပ်ပေးပါစေလို့ပဲ ဆုတောင်းရမယ်…

  • minmahar

    September 25, 2011 at 12:47 am

    ကျနော်လဲ လွဲတဲ့ထဲပါတယ်ဗျို့..
    တဂျီး နဲ့ ယွာတူလေးတွေ အိပ်မှပဲ ယွာထဲ ရောက်ရောက်လာလို့..
    အားလုံးနဲ့ လွဲလွဲနေရတယ်..
    သူခိုးမထင်ကြတာ တော်သေးရဲ့ ..

  • တုံမမရေ စာလေးဖတ်လိုက်မှ ကျနော်နဲ့ရုံးတွေနဲ့ စကားနပန်းချခဲ့တာလေးတွေသတိရလာပြီ။
    ရေးအုံးမယ်ဗျာ။

  • Yin Nyine Nway

    September 25, 2011 at 12:49 pm

    ကျောမနေနဲ့တော့ အိတုန်ရေ…ယဉ်ငြိမ်းကော ဘာထူးတုန်း
    အဘ အမည်က ဦးကျော်ဝင်း က ဦးကျော်မြင့်ဖြစ်နေတယ်လေ
    အမေက ယောကျင်္ားနှစ်ယောက်ယူထားသလိုဖြစ်မနေဘူးလား
    မြင့်ကို ဝင်းလေး ပြင်ဖို့အရေး
    လုပ်လိုက်ရတာ ဖခင် အမည်မှန်ဖြစ်ကြောင်းလဲ ထည့်ပြီးပြီ
    ဒါလည်း အခုထိ မပြင်ပေးသေးဘူး
    ဒီမှာနေရင် ဘာမှမဖြစ်ပေမဲ့
    တနေ့ တခြားနိုင်ငံထွက်လို့ကတော့ ….ဟူး… ရှုပ်လိုက်မယ်ဖြစ်ခြင်း

  • pan pan

    September 26, 2011 at 9:38 am

    တချို့အစိုးရရုံးတွေမှာ အလုပ်ကို အိစိအိစိလုပ်တတ်တာက ပြောမယ့်သူမရှိလို့ထင်တာပဲ
    ပြီးတော့ တော်ရုံအလုပ်ဖြုတ်လို့မှမရတာ
    အဲဒါကြောင့်ထင်တာပဲ
    မetoneလည်း လွဲလွဲလေးပဲ ကောင်းပါတယ်
    (ကိုငှက်ကြီးသီချင်းထဲကလိုပေ့ါ) 😀

  • ရွှေဘိုသား

    September 26, 2011 at 10:04 am

    သူတို.ခေတ်ဆိုတော.လည်း သီးခံပေါ. မမတုံ ရယ်
    ဟိုတလောက သူငယ်ချင်းနိုင်ငံခြားက ပြန်လာတာ ပတ်စပို့စ် သက်တမ်းတိုးဖို.ကို ပိုတောင်းနေလို. မလုပ်ပဲ ပြန်လာသေးတယ် အမြင်ကပ်လို.ကို မလုပ်ခဲ.တာ

    • etone

      September 26, 2011 at 10:16 am

      သည်းခံပါတယ် ရွှေဘိုသားရေ … တခြား ဘာမှလည်း လုပ်လို့မှ မရတာ …. ။
      ကိုယ်တွေက ပေဖြစ်တုန်းတော့ ခံကြရတာပါပဲ … 🙁
      ဒီလို လက်ကြောမတင်း အကျင့်ပျက်ဝန်ထမ်းများစွာကို သဘောထားကြီးကြီးနဲ့ .. လွှတ်ထားပြီး .. လစာပေးထားတဲ့ .. နိုင်ငံတော်ရဲ့ စေတနာကိုလည်း ထောပနာပြုမိပါရဲ့ … 😡

  • char too lan

    September 30, 2011 at 3:39 pm

    ဝန်ထမ်းကောင်းတော့ အထက်ကညံ့
    အထက်ကကောင်းချင်ပြန်တော့ ဝန်ထမ်းကညံ့ ဆိုးပါ့ …. 🙄

Leave a Reply