တီချယ်နဲ့ ကျမ

poochSeptember 23, 20111min3609

 

တီချယ်နဲ့ ကျမ  အကြောင်းကို မပြောခင်မှာ ကျမရဲ့ အကြောင်းကို နည်းနည်းပြောချင်ပါတယ်။

ကျမကျောင်းပြီးပြီးခြင်းမှာ

အိမ်ကပေးတဲ့ အရင်းအနှီးနဲ့ ကိုယ်ပိုင်ဆိုင်လေး တဆိုင်ဖွင့်ခဲ့ပါတယ်။ ဆိုင်ထိုင်ရင်း အားတဲ့ အချိန်မှာ စာအုပ်တွေဖတ်လေ့ ရှိပါတယ်။ စာဖတ်တာကို ငယ်ငယ်လေးကထဲက ဝါသနာထုံ ခဲ့တာပါ။ သွားလေသူ ဦးကြီးတယောက်ရဲ့  စာအုပ်များကို သူမရှိတော့ သူ့စာအုပ်များကို ကျမတို့ အိမ်မှာပဲ သိမ်းထားခဲ့ပါတယ်။ နိုင်ငံရေး ၊ ဘာသာရေး၊ ရသ စသဖြင့် စာစုံပါတယ်။ အဲ့ဒီစာအုပ် အထူကြီးများကို ကောင်တာပေါ်တင်ပြီး အမြဲ စာဖတ်နေတတ်ပါတယ်။ အဲ့ဒီစာအုပ်များထဲမှာ ရှေးတုန်းကရေးထားတဲ့ English အရေးအသားနဲ့ စာအုပ်များလည်းပါပါတယ်။ အရမ်းနားလည်လို့ မဟုတ်ပါဘူး။ dictionary စာအုပ်ကို ဘေးမှာ ချပြီး စိတ်ပါရင် ပါသလို သဲကြီးမဲကြီးဖတ်တာပါ။ စစဖတ်တုန်းကတနေ့မှ တမျက်နှာတောင်ကုန်အောင် မဖတ်နိုင်ခဲ့ပါဘူး။  အဲ့ဒီ ဦးကြီးက ကိုလိုနီခေတ်ကုန်ပြီး   လွတ်လပ်ရေးရတော့ ဂျပန်မှာ  ပညာသွားသင်ခဲ့တာပါ။  အစိုးရကလွှတ်တဲ့ အတန်းပညာနဲ့ မဟုတ်ပါဘူး။ သူ့ အလုပ်ရှင်က လွှတ်တဲ့ စက်မှုနဲ့ ဆိုင်တဲ့ အတတ်ပညာကို သွားသင်ခဲ့တာပါ။(အဲ့ဒီအတတ်ပညာနဲ့ ကျမတို့ ဆွေမျိုးစဉ်ဆက်လုပ်ကိုင်စားသောက်ခဲ့တာပါ၊ )

UD ဦးခင်မောင်ဝင်းကို  ဂျာနယ်တစောငိမှာ အင်တာဗျူးလုပ်တုန်းက ကျမတို့ အလုပ်ရုံဆီကို သူရောက်လာခဲ့ဖူးတယ်လို့ (သူ့ဘဝကိုရုန်းကန်နေဆဲမှာ ပစöည်းတခုကို အပ်ချင်လို့) ပြောတာဖတ်ခဲ့ဖူးပါတယ်။(ဦးကြီးဆုံးပြီး လုပ်ငန်းဆက်ခံတဲ့ ဦးလေးဆီကို လာခဲ့ဖူးတာပါ။ )

 

ခေတ်ပြောင်းစနိုင်ငံရေး အပြောင်းအလဲမှာ နေထိုင်ခဲ့သူ၊  ရေခြားမြေခြားမှာ နေခဲ့တဲ့သူ  ဖတ်ခဲ့တဲ့ သူ့စာအုပ်များဟာ ကျမအဖို့တော့ ရတနာသိုက်ကြီးပါ။ ဉာဏ်မမှီတဲ့ စာများလည်းပါပါတယ်။ အထူးသဖြင့် နိုင်ငံရေး ၊ ဘာသာရေး၊ စာပေများပါ။ကိုယ့်လူမျိုးကိုယ့်တိုင်းပြည် ကို ချစ်တတ်တဲ့စိတ်က အဲ့ဒီ စာများက မျိုးစေ့ချပေး ခဲ့တယ်ထင်ပါတယ်။

အဲ့ဒီဦးကြီး ဆုံးတော့ ကျမ အသက် ၁ နှစ်ကျော်လေးပဲ ရှိသေးလို့ သူ့ကို ဓာတ်ပုံထဲမှာပဲ ကောင်းကောင်းမြင်ဖူးပါတယ်။ မသိမမြင်လိုက်ရတဲ့ လူတယောက်ရဲ့ စိတ်နေသဘောထားကို သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲကနေ  စိတ်ကူးနဲ့ ပုံဖော်ရတာ အလွန် စိတ်ဝင်စားစရာကောင်းပါတယ်။ ရှေးလူကြီးများ အင်မတန် စေ့စပ်သေချာတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကျမဒီနေရာမှာ စာဖတ်တာနဲ့ ပတ်သတ်လို့ ပြောပြချင်တာလေးရှိပါတယ်။ တချို့ မိဘများဟာ သားသမီးများ ဝတ္ထု(လုံးချင်း…) လို အပျော်ဖတ်စာပေတွေ ဖတ်ရင် စိတ်ကူးယဉ် မှာ စိုးလို့ ရည်းစာသနာစိတ်ကူးသွားမှာ စိုးလို့ ဆိုပြီး မဖတ်စေချင်ပါဘူး။ အဲ့ဒီအယူအဆမှားပါတယ်လို့ ကျမ ပြောချင်ပါတယ်။ ဘာလို့လညိး ဆိုတော့ စာဖတ်ဝါသနာပါတဲ့ သူဟာ သူ့အရွယ်သူ့အခါ သူ့အတွေးနဲ့ စာကိုနှစ်ခြိုက်တာပါ။

ကျမ ငယ်ရွယ်စဉ်မှာ ကလေးစာစောင် ကာတွန်းများကို နှစ်သက်တယ်။ မြီးကောင်ပေါက ်အရွယ်မှာ ရင်ခုန်စရာ ဝတ္ထု(လုံးချင်း…) ကို ဖတ် ခဲ့ပါတယ်။ ၁ဝ တန်းအောင်လို့ တကသိုလ်စတက်တော့ တက်ကျမ်းလိုဟာမျိုးတွေကို ဖတ်ချင်လာပါတယ်။ ဖတ်ခဲ့ပါတယ်။ စာဖတ်သက် ကြာလာတော့ စာဟာ ကောင်းလား မကောင်းလား အကျိုးရှိစာပေလား အနှစ်မဲ့နေတာလားဆိုတာ သူ့အလိုလို ခွဲခြားသိမြင်လာပါတယ်။ ဗဟုသုတလည်း အထိုက်လျောက်ကြွယ်လာပါတယ်။  စာပေက ပေးတဲ့ အသိတွေလည်း အများကြီးရလာပါတယ်။ ဒါပေမဲ့ မဖတ်စေချင်တဲ့စာအုပ်ကို ဖတ်နေလို့ ဆိုပြီး ငယ်ရွယ်တဲ့မြီးကောင်ပေါက်အရွယ်မှာ စာဖတ်တာကို ဟန့်လိုက်ရင် သူ့ အရွယ်နဲ့ သူ ရသင့်တဲ့ ရှိသင့်တဲ့ ဗဟုသုတ၊  ရင်ခုန်မ ှုကို ပိတ်ပင်တဲ့အတွက် မကောင်းဘူးလို့ ယူဆပါတယ်။

အခုခေတ်မှာတော့ အင်တာနက်သုံးတာ  ပေါ့လေ။ Chatting ဝင်တာ မကောင်းဖူးလို့ ကြားဖူးနားဝနဲ့ လူငယ်များကို အင်တာနက် သုံးတာမကြိုက်တဲ့  ၊  တားမြစ်တဲ့ လူကြီးမိဘများကို  တွေ့ဖူးပါတယ်။ ကျမပြောပါမယ်။ အင်တာနက်ဆိုတာကို ကျင်လည်စွာ အသုံးချတတ်ဖို့ အကျိုးရှိအောင် သုံးတတ်ဖို့  Chat Room  ဆိုတာ မဖြစ်မနေ ကျော်ရမဲ့ လှေကားထစ်တခုပါ။ မြီးကောင်ပေါက်မှာ အပျော်ဖတ်စာပေတွေနဲ့ ရင်ခုန်တတ်သလိုမျိုးပါ။ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတတ်တာပါ။ ခေတ်တို်င်း နေရာတိုင်းမှာရှိပါတယ်။ အဆိုးတွေပဲ တွေးပြီး နေရာတကာတားမြစ်ပိတ်ပင်တာ မကောင်းဘူးလို့ထင်ပါတယ်။ အသိတခုရဖို့  အချိန်ဆိုတာတော့ ပေးရပါတယ်။ အသိပညာ ဆိုတာ ကိုယ်တိုင်ရှာရတာပါ။

(ပြောရင်းနဲ့လိုရင်းမရောက်တော့ပါဘူး။ စိတ်ထဲပေါ်သလို ရေးနေတာမို့ပါ။ သီးခံပါရှင်။)

ပြောရရင် ဦးကြီးရဲ့ စာအုပ်များဟာ ရတနာသိုက်ဆိုတာကို  ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်မှ ကျမ သိခဲ့တာပါ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတော့ ဘာစာအုပ်တွေမှန်းမသိဘူးဆိုပြီး  တို့တောင်မတို့ခဲ့ပါဘူး။

ဒါတောင်ကျမက စာဖတ်သူတယောက်ပါ။ အဲ့ဒီစာများကို လက်ခံနိုင်တဲ့ အသိရဖို့ နှစ်အတော်ကြာ စောင့်ခဲ့ရပါတယ်။ အဲ့ဒီလိုပါပဲ ဘဝရဲ့ အသိ အတွေ့အကြုံများ၊  အတွေးခေါ်များဟာ အချိန်နဲ့အမျှပြောင်းလဲလာပါတယ်။ ရင့်ကျက်လာပါတယ်။

 

ဝမ်းနည်းစရာကောင်းတာတခုက စာအုပ်များက အတော်သက်တမ်းကြာနေတာဖြစ်လို့ တချို့ စာအုပ်များကို ဟိုးတလောက စာအုပ်ဘီရို ရှင်းတော့ အတော်များများ စွန့်လွှတ်လိုက်ရပါတယ်။ စာအုပ်ဘီရိုကိုလည်း အသစ်ပြန်လုပ်လိုက်ရပါတယ်။ ပိုးစားတာလား၊ ကြွက်ကိုက်တာလားမသိပါဘူး။ ၃ ပုံ ၂ ပုံလောက်ပါသွားပါတယ်။ ကြွေတဲ့ဟာ ကြွေလို့ပါ။ ကိုင်လို့ ထိလို့တောင်မရတော့လို့ စွန့်လိုက်ရတာပါ။ တချို့ မဖတ်ရသေးတဲ့ စာအုပ်တွေတောင်ပါသွားပါတယ်။

 

ခေါင်းစဉ်ကို ပြန်ကောက်ရရင် ကျမ အဲ့ဒီလို စာတွေဖတ်ဖတ်နေတာကို တွေ့တဲ့ ဆိုင်လာ နေကျ ဖောက်သယ်တယောက်က   တီချယ့ ်ဆီကို လမ်းညွှန်ပေးခဲ့တာပါ။

 

အခုမှ တီချယ်နဲ့ ကျမ က စရမှာပါ။ နိဒါန်းမှာ စာရှည်နေတာကို ခွင့်လွှတ်ပေးပါ။

(ဆက်ပါအုန်းမယ်)

9 comments

  • nozomi

    September 23, 2011 at 6:20 pm

    စာဖတ်နာသူ တစ်ဦးနဲ့ တစ်ရွာထဲ နေခွင့်ရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ
    ဗဟုသုတ၊ စဉ်းစားတွေးခေါ်တတ်တဲ့ဉာဏ်ပညာ၊………………အများကြီး ရနိုင်လို့ပါ

    ဆရာမနဲ့တွေ့ပြီးမှပဲ ဆက်မန်းတော့မယ် …

  • တညင်သား

    September 23, 2011 at 6:51 pm

    အမ ကလဲ ခေါင်းစဉ်က ဒီမှာ စာကနောက်ပို့စ်မှ ဖတ်ရတော့မယ်…………:)

  • weiwei

    September 23, 2011 at 7:04 pm

    ကျွန်မလဲ စာဖတ်တာ ဝါသနာပါခဲ့ပါတယ် … ဒါပေမယ့် လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကစပြီး ဝါသနာမပါတော့ဘူး … စာဆိုရင် ကြော်ငြာတောင်မဖတ်တော့ဘူးလို့ ပြောတဲ့အထိ စာကို စိတ်နာခဲ့ပါတယ် …
    တီချယ့်အကြောင်း စိတ်ဝင်စားပါတယ် … စောင့်ဖတ်နေပါ့မယ် …

    • Foreign Resident

      September 24, 2011 at 5:51 am

      “စာဆိုရင် ကြော်ငြာတောင်မဖတ်တော့ဘူးလို့ ပြောတဲ့အထိ စာကို စိတ်နာခဲ့ပါတယ် ”
      Why Ma Wei Wei,
      Interesting,
      Am I too prying ?

  • koyinmaung

    September 23, 2011 at 7:39 pm

    စာဖတ်တာတင်မဟုတ်ဘူး
    စာအုပ်စုတာပါ ဝါသနာပါခဲ့တာ
    တနယ်တကျေးရောက်တော့ကျန်ခဲ့တဲ့
    စာအုပ်တွေပြန်ဖတ်ချင်နေတာ
    ခု ကိုယ်ပိုင်အင်တာနက်သုံးလာနိုင်တော့
    ဖတ်လို့မကုန်တော့ပါ…….
    ဆရာမအကြောင်းမရောက်ခင်ထဲက
    ရွာသားများစိတ်ဝင်စားနေကြလေရဲ့…

  • Foreign Resident

    September 24, 2011 at 5:50 am

    Agree Pooch,
    – စာဖတ်ဝါသနာပါတဲ့ သူဟာ သူ့အရွယ်သူ့အခါ သူ့အတွေးနဲ့ စာကိုနှစ်ခြိုက်တာပါ။
    – စာဖတ်သက် ကြာလာတော့ စာဟာ ကောင်းလား မကောင်းလား အကျိုးရှိစာပေလား အနှစ်မဲ့နေတာလားဆိုတာ သူ့အလိုလို ခွဲခြားသိမြင်လာပါတယ်။
    – အင်တာနက်ဆိုတာကို ကျင်လည်စွာ အသုံးချတတ်ဖို့ အကျိုးရှိအောင် သုံးတတ်ဖို့ Chat Room ဆိုတာ မဖြစ်မနေ ကျော်ရမဲ့ လှေကားထစ်တခုပါ။

  • မောင်ဘလိူင်

    September 24, 2011 at 12:24 pm

    ကျွန်တော်လည်း စာဖတ်ဝါသနာတော်တော်ပါတယ်။
    သုံးနှစ်လောက်မှာ ကကြီးခခွေးစသင်ပြီးတော့ ငါးနှစ်သားမှာ
    ရွှေသွေးတို့ ကာတွန်းစာအုပ်တို့ စဖတ်တယ်။နောက်..အဘွားရဲ့
    မောင် အဘိုးလေးက စာအုပ်တွေအများကြီးစုထားတော့ သူ့ဆီက
    ယူဖတ်ဖြစ်တယ်။သခင်ဘသောင်းရဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေ
    စဖတ်တာ။နောက်တော့ စာဖတ်ဝါသနာပါပြီး တွေ့ကရာ အကုန်ဖတ်၊
    မသိရင်လူကြီးတွေမေး။ဒီလိုနဲ့ကြီးလာတာ။ဒါပေမဲ့..စာချည်းပဲဖတ်နေ
    တော့ ဘာမှ ဖြစ်မလာဘူး။အသုံးလည်း မချတတ်ဘူး။စာကို စနစ်တကျ
    မဖတ်တတ်ခဲ့ဘူး။ဦးရွှေအောင် ရဲ့ စာဖတ်သူများနဲ့ ရသစာပေ၏ရသ တို့
    ဖတ်မိမှ နည်းနည်းသဘောပေါက်သလိုရှိလာတယ်။

  • windtalker

    September 24, 2011 at 2:08 pm

    အင်း..
    မြန်မြန်ရေးပါနော်
    တီချယ် နဲ ့တွေ ့ဆုံပြီး
    ဘာတွေ ထူးခြားလာမှာပါလိမ့်လို ့
    အရမ်း သိချင်နေပြီမို ့ပါ

  • သိပ်မှန်တာပေါ့
    စာဖတ်တယ်ဆိုတာ တစ်ဆင့်ခြင်းသွားတာအကောင်းဆုံးပါ။
    ငယ်တုန်းမှာ စာအမြင့်ကြိးတွေဖတ်ရင်လဲ ဖတ်ဘူးတယ်ဆိုတာဘဲရှိမယ်။
    ဘာမှ သိပ်နားလည်မယ်မထင်ပါဘူး။

Leave a Reply