ဂရုစိုက်ခြင်း
ကျနော်တို့တတွေ ဂရုစိုက်ခြင်းဆိုတဲ့ အရာကို ငယ်ငယ်လေးကတည်းက နားလည်လာခဲ့ကြပေမဲ့ သူ့ရဲ့ နက်နဲမှုကို သေချာ မသိခဲ့ကြဘူး ..။ အများအားဖြင့် အပေါ်ယံလောက်ကိုသာ သိပြီး စိတ်ထဲ နှစ်ပြီး မထားတတ်ကြဘူး ..။ တချို့လည်း အပေါ်ယံသာ ဂရုစိုက်သယောင် ရှိတတ်ပြီး စိတ်ထဲ မပါတတ်ကြပြန်ပါဘူး ။ အဲ့ဒီလို အမျိုးမျိုး အထွေထွေ ရှိတတ်ပြန်ရာ အံဝင်ခွင်ကျ ဂရုစိုက်ခြင်း ဆိုတာဟာလည်း ရှားပါနေပါတယ် ။ ဂရုစိုက်ခြင်းဟာ ဘာလဲဆိုရင် သာမန်လုပ်နေကြ ၊ ဖြစ်နေကြ လမ်းကြောင်းကနေ သွေဖီပြီး ဆိုးကျိုး ဖြစ်မှုတွေကို တားဆီးတဲ့ အနေနဲ့ ၊ ပြုပြင်ပေးတဲ့ အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဆိုလိုချင်တာပါ ။ ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ဂရုစိုက်ခြင်းမှာ .. ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ တခြားသူ တစ်ယောက်ယောက်ကို ဂရုစိုက်ခြင်းဆိုတာ ရှိကြပါတယ် ။
ခုခေတ် လူငယ်အများစုရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ရမှာထက် သူများကို ပိုဂရုစိုက်နေတဲ့ စိတ်တွေက များနေပါတယ် ။ ကျနော်အပါအဝင်ပါပဲ ..။ ကျနော်တို့ လူငယ်အများစုဟာ အတွေး သီးသန့် ရှိနေတဲ့ အချိန်မှာ .. ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစဉ်းစားမိတတ်ကြပါတယ် ။ ဥပမာ .. တခြားသူတစ်ယောက်အတွက် ကိုယ့်အနေနဲ့ ဘာမှ လုပ်မပေးနိုင်ပေမဲ့ .. စိတ်ကနေ သူ ဘာလုပ်နေလဲ ၊ ဘယ်တွေသွားနေလဲ ၊ ဘယ်သူနဲ့ ရှိနေမလဲ ၊ သူငါ့ကိုသတိရနေလောက်လား စသဖြင့် တွေးတောကြပါတယ် .. စိတ်ဖြင့် ဆောင်ကြပါတယ် ။ အဲ့ဒီအတွေးတွေဖြင့် ကျနော်တို့ တတွေဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့ပြီး တခြားသူကို ဂရုစိုက်နေ နေကြတာပဲ ဆိုတာ မြင်စေချင်လို့ ပြောခြင်းဖြစ်ပါတယ် ။
တခြားသူကို ဂရုစိုက်တဲ့စိတ်မရှိဘူးဆိုရင် ဒီလောကကြီးထဲမှာ ကိုယ်တစ်ယောက်တည်း အထီးတည်း ရှိနေမှာပေါ့လို့ ပြောမယ်ဆိုရင်လည်း .. ထိုသို့ မယူဆစေဖို့ ကြိုတင်ပြီး အသိပေးချင်ပါတယ် ..။ ပြောချင်မိတာက မိမိစိတ်နဲ့ ပတ်သက်ပြီး ဂရုစိုက်ခြင်းတွေကို တနေ့တာအတွင်းမှာ အချိန်အများဆုံးပေးနိုင်ဖို့ လိုပါတယ် …။ နောက်တမျိုး ရှိနေပြန်ပါသေးတယ် ။ တခြားသူအကြောင်း မဟုတ်ပေမဲ့လည်း ကျနော်တို့ အရေးနဲ့ ပတ်သက်တာတွေကို တွေးကြပြန်ပါသေးတယ် ။ ထိုအတွေးဟာဖြင့် ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့ အတွေး ဖြစ်လာဆိုတာ သတိမရှိ ရင် မလွယ်ပါဘူး .။ ဘာလို့လဲဆို တချို့သူတွေဟာ ကိုယ့်အကြောင်းကို ခရေစေ့တွင်းကြ စီကာပတ်ကုန်း စဉ်းစားကြပါတယ် ။ စိတ်အစဉ်မှာတော့ . အနာဂတ်ရယ် ၊ ပြီးခဲ့တဲ့ အတိတ်တွေရယ် ကို ခုန်ပျံကူးလွှား ဟိုရောက်ဒီရောက် အတွေးဖြင့် ဆက်စပ်နိုင်သမျှ ဆက်စပ်အောင် တွေးကြပါတယ် ..။ အဲ့ဒီအတွေးတွေဟာ မိမိအရေးကိုသာ တွေးပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နေခြင်း မဟုတ်ဘူးဆိုတာ သိသာပါတယ် ..။
ကိုယ့်ကိုယ်ကို ဂရုစိုက်နေခြင်း ပြုလုပ်နိုင်ဖို့ ဆိုရင် .. မိမိစိတ်ကို သိနိုင်ဖို့ သတိ လိုပါတယ် .. ။ ဥပမာ ငါ ဘာတွေဖြစ်နေတာလဲ ..၊ ငါ့စိတ်က ဘာတွေတွေးနေတာလဲ ၊ ဘာတွေလုပ်နေတာလဲ စသဖြင့် လက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်တည်မှုကို သိရှိနေခြင်း သတိ ပါ .. ။ ထိုသို သတိရှိခြင်း သို့မဟုတ် မိမိစိတ် ဖြစ်ပျက်နေမှုကို သိနေခြင်း ရှိနေပြီဆိုရင် လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ပိုလွယ်သွားပါပြီ ..။ လူတစ်ယောက်ဟာ သတိတရားမရှိပဲ မည်သည့် ပြုပြင်မှုမှ မလုပ်နိုင်သောကြောင့် ဖြစ်ပါတယ် ။ တဖန် လူတွေရဲ့ သာမန်အသိစိတ်မှာ သူတို့ ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်အတွက် ဘယ်ဟာက မှားသလဲ ၊ ဘယ်ဟာက မှန်သလဲဆိုတာ မှတ်သားခြင်း သက်သေများဖြင့် ခွဲခြားနိုင်ပါတယ် ..။ လက်ရှိ ဖြစ်နေတဲ့ ၊ ပြုနေတဲ့ အဖြစ်အပျက်တွေမှာ ထိုသတိကနေတဆင့် ကိုယ်ပိုင်အသိဉာဏ်က မိမိလုပ်ရပ်တိုင်းအတွက် မှားနေတဲ့ လမ်းလား ဆိုးနေတဲ့လမ်းလားဆိုတာ အလိုလို ခွဲခြားသွားပါလိမ့်မယ် ။ ကိုယ်အားထုတ်နေတာဟာ မှားနေတဲ့ လမ်းဆိုရင် ငါ ဒါတွေ မလုပ်သင့်ဘူးဆိုတာသိလာပါလိမ့်မယ် ..။ နောက်ပြီး ဒီအကြောင်းအရာတွေ ရှင်သန်အောင် မတွေးတော့ဘူး ဆိုပြီး ဂရုစိုက်တတ်လာပါလိမ့်မယ် ..။ အဲ့ဒီလို ကိုယ့်စိတ် ဘယ်အခြေအနေ ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာကို သိပြီး ဂရုစိုက်ခြင်းဟာ ကျနော်ဆိုလိုချင်တဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းပါပဲ ..။
ယခု လက်ရှိ ကျနော်တို့ နေ့စဉ်နဲ့ အမျှ ပြုမူလှုပ်ရှားခြင်းတွေမှာ .. ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းတွေဟာ ရှားပါးနေတယ်ဆိုတာ ကျနော်ကိုယ်တိုင် သိနေပါတယ် ..။ ကျနော်လည်း အဲ့လို ဖြစ်နေပါတယ် ..။ စားချိန် ၊ အလုပ်လုပ်ချိန် ၊ တွေးတောချိန် ၊ ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့ .. မိမိစိတ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ပြန်မကြည့်နိုင်ကြပါဘူး .. ။ အဲ့ဒီလိုနဲ့ ကောင်းမှု ၊ မကောင်းမှု တွေ နောက် ကုသိုလ် ၊ အကုသိုလ်တွေဟာ လုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှု အလျှောက် ဖြစ်တည်နေကြပါတယ် ။ ဒီတော့ တန်ဖိုးရှိတဲ့ ဘဝတစ်ခု ဖြစ်လာဖို့ဆိုတာမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့ ဆိုတာက တော်တော် အရေးကြီးပါတယ် ..။ လူသားတိုင်းကိုလည်း ဂရုစိုက်တတ်မှု အကျင့်လေးလည်း ရအောင် နေစေချင်ပါတယ်။ ဒါမှသာ လောကကြီးဟာလည်း အေးချမ်းတဲ့ လူတွေနဲ့ ပြည့်နေပါလိမ့်မယ် ..။
ရိုးရိုးရှင်းရှင်းပြောရရင် ကျနော်တို့ .. မွေးဖွားလာတယ် ။ ကြီးပြင်းလာတယ် ။ သင်ယူစရာတွေ သင်ယူတယ် ။ အရွယ်ရောက်လာလို့ သဘာဝအရ ပေါင်းဖက်ကြတယ် ။ ပြီး အိုမင်းလာကြတယ် ။ နာလာကြမယ် ။ နောက်ဆုံး သေဆုံးသွားမယ် ..။ အဲ့ဒီဘဝ အတိုင်းအတာ တစ်ခုအတွင်းမှာ .. ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းတွေ နည်းနေမယ်ဆိုရင် လူဖြစ်ကျိုးမနပ်ပါဘူး ။ ကျနော်ကိုယ်တိုင်လည်း လူဖြစ်ကျိုး မနပ်သေးပါဘူး ။ ကြိုးစားနေတုန်းပါပဲ ..။ ခုက ဒီစာကို ဖတ်တဲ့သူတိုင်းကို မိမိတို့ဘဝမှာ သတိထားစရာလေးတွေကို သိရှိလာအောင် ဝေမျှတဲ့သဘောပါ ..။
အားလုံးပဲ လိုရာများကို လုပ်ယူနိုင်ကြပါစေ ..။
24-9-2011
3 comments
mandalarthu
September 24, 2011 at 8:25 pm
ဒီပို ့ ” ဂရုစိုက်ခြင်း” ရဲ. ဆိုလိုရင်းက
”ကိုယ့်ကိုယ်ကို ဂရုစိုက်နေခြင်း ပြုလုပ်နိုင်ဖို့ ဆိုရင် .. မိမိစိတ်ကို သိနိုင်ဖို့ သတိ လိုပါတယ်။”
”ကိုယ့်စိတ် ဘယ်အခြေအနေ ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာကို သိပြီး ဂရုစိုက်ခြင်းဟာ
ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းပါပဲ ..။”လို ့ခံစားရပါတယ်။
ဟုတ်ပါတယ်။ကျွန်မလည်း သူတစ်ပါးကို ဲ ထိုက်သင့်သလောက် ဂရုစိုက်ပြီး
ကိုယ့်ကိုယ်ကိုလဲ တကယ် ဂရုစိုက်နိူင်ဖို.ကြိ ုးစားရပါဦးမယ်။
ဒါမှသာ ဒီလောကကြီးဟာလည်း အေးချမ်းတဲ့ လူတွေနဲ့ ပြည့်နေမှာမို ့လား။
နေ.စဉ်သတိမထားမိတာလေးတွေကို ဝေမျှပေးတ ဲ့အတွက်
်ကျေးဇူးပါ ဘာနေ။
musicalpunk
September 24, 2011 at 8:51 pm
ကို့ကိုယ်ကို ပဲ ဂရုစိုက်တော့မယ်……ကျန်တာတွေ အလကားပါပဲ။
barnay
September 24, 2011 at 11:09 pm
လူတစ်ယောက်အတွက် သတိထားနေခြင်း ၊ သတိရှိခြင်းဟာ .. အသက်မထွက်ခင်ထိ အဖိုးတန်နေအုံးမှာပါ ။ ထိန်းသိမ်းပြီး သတိကို ဖမ်းဆုပ်နိုင်သူအတွက် .. အရာရာဟာ ကျေနပ်စရာတွေချည်းပဲ ဖြစ်နေပါလိမ့်မယ် ။ လူ့ဘဝမှာ .. အချိန်တွေက စကားပြောတယ် ၊ အကျင့်သီလတွေက ပုံဖော်ပေးတယ် .. ၊ လုပ်ရပ်တွေက ပြောင်းလဲပေးတယ် … ထိုအရာတွေထဲမှာ ကိုယ်ကိုယ်တိုင်ဟာ ကောင်းမှုတွေနဲ့ပဲ တည်နေပါစေ….။