မှတ်တိုင်လေးများဆီသို့….
အမလေးနော် များလိုက်တဲ့ မျိုးစေ့တွေ။ ဘာမျိုးစေ့တွေများပါလိမ့် မယ်လို့ ဆက်တွေးကြည့်လိုက်တော့မှ အော…ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် ၁၂ဝ ကို အရောက်ပို့ပေးမယ့် မျိုးစေ့တွေဆိုတာ သိလိုက်ရပါတယ်။
တကယ်တော့ ပုထုဇဉ်လူသားတွေရဲ့ ဝမ်းထဲမှာ ဒီမျိုးစေ့တွေက ကိန်းအောင်းနေပါလား။ အတော်လည်း ကြောက်ဖို့ကောင်းနေပါလားနော်။ ဘယ်လိုကြောင့် ဒါတွေက ပွားလာရပါလိမ့်ဆိုတော့ အကုသိုလ်စိတ်တွေ ဖြစ်နေသမျှ ပွားနေပါတော့ တယ်။ အော်…တစ်နေ့ တစ်နေ့ ကုသိုလ်အလုပ်တွေကို ဦးအောင်မလုပ်မိသ၍ ကတော့ အကုသိုလ်တပ်ကြီးရဲ့ သိမ်းပိုက်မှုကို ခံနေရတာပါပဲလေ။ ဒါကြောင့်ပဲ ကုသိုလ်အလုပ်တွေကို အားချိန်တိုင်းမှာ လုပ်ဖြစ်အောင်လုပ်ဖို့ အမြန်ဆုံးကို plan ချထားမှသာ တော်ကာကျပါမယ်လေ။ အင်း…ကုသိုလ်အလုပ်ဆိုတာက လည်းလေ တကူးတကကို မဖြစ်ဖြစ်အောင် လုပ်ယူမှ အောင်မြင်တာမို့ တစ်နေ့တစ်နေ့ကို မပျက်အောင် သေသေချာချာလေး အားချိန်တိုင်းမှာ ပြေး လုပ်နိုင်အောင်ကိုကုသိုလ်အလုပ်တွေကို စိပ်စိပ်လေး ထားပေးထားရပါတယ်။
ဒီလို ကုသိုလ်အလုပ်တွေ လုပ်တော့ရော အပါယ်ကလွတ်မှာလား ရယ်လို့ တွေးကြည့်လိုက်တော့ ကုသိုလ်အလုပ်လုပ်နေဖြစ်တော့ အကုသိုလ် အလှည့်က ဝင်ခွင့်မရတော့လေတော့ အပါယ်ကို သွားဖို့ မျိုးစေ့တွေကတော့ ထပ်ပွားမလာတာပေါ့နော်။ ဒါပေမယ့် ရှိပြီးသား ကိလေသာ မျိုးစေ့တွေ အမြစ် ပြတ်ဖို့ကျတော့ ဝိပဿနာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကသာ အပါယ်သွားမယ့် မျိုးစေ့ကို အပြီးတိုင် ပယ်သတ်နိုင်တာမို့ ကုသိုလ်အလုပ်လုပ်တဲ့နေရာမှာ တော့ ဝိပဿနာကုသိုလ်အလုပ်ကတော့ ရှေ့တန်းကနေ မဖြစ်မနေကို ပါနေရ ပါမယ်လေ။
အခြားကုသိုလ်တွေလုပ်တဲ့အခါမှာလည်း နှလုံးသွင်းမမှားဖို့ လိုပါ တယ်။ ဒါနတွေပြုတယ်။ သီလတွေ ဆောက်တည်တယ်။ မေတ္တာတွေပွားများ တယ်ဆိုပေ့စေ။ ရည်ရွယ်ချက်ပန်းတိုင်မှန်ဖို့ လိုပြန်ပါတယ်။ ဒီလက်ရှိဘဝ ပြည့်စုံဖို့ဆိုရင်တော့ သမုဒယပွားနေတာနဲ့ တူတာမို့ သူ့ရဲ့ အကျိုးက ဒုက္ခရစေ ဖို့ပဲဆိုတာကို သတိထားရပါမယ်။ နောက်ပြီး ဟိုဘုံ၊ ဒီဘဝကို မက်မောတွယ် တာပြီး ရောက်ရပါလို၏လို့ ဆုတောင်းတွေ မှားပြန်ရင်လည်း ဘာထူးလဲ။ ဒုက္ခ ခန္ဓာရရပါလို၏လို့ ဆုတောင်း သလိုဖြစ်နေတာလေးကိုတော့ အထူးသတိထား ရှောင်ရှားကြရပါမယ်။
ဝိပဿနာ ကုသိုလ်ပွားတဲ့ ရည်ရွယ်ချက်က အပါယ်မျိုးစေ့ကို ပယ် သတ်ဖို့နဲ့ နိဗ္ဗာန်တစ်ဖက်ကမ်းကို လှမ်းတက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီ တော့ အပါယ်လွတ်ချင်သူများအားလုံး ဝိပဿနာလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရမှာပါနော်။ အဲလို လျှောက်လှမ်းတဲ့အခါမှာ အဓိက မှတ်တိုင် နှစ်ခုကို တွေ့ရပါမယ်။
အရင်တွေ့ရမယ့်မှတ်တိုင်ကတော့ အရာရာဟာ မမြဲခြင်းသဘောကို ဖော်ပြနေတဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိ မှတ်တိုင်ပါပဲ။ ခန္ဓာထဲက ပြလာတဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောလေးတွေကို မြင်လာတဲ့အခါ။ ရှုမှတ်ပွားများရင်းက အပျက်တွေချည်း တရစပ်မြင်လာမယ်။ ခန္ဓာထဲက ပြလာတဲ့ အပျက်သဘောတွေကို ဉာဏ်မှာ ရှင်းရှင်းလင်းလင်းကို မြင်တွေ့နေရမယ်။ အဲလို မြင်တွေ့ရင်းက ဘာပဲရှုရှု ပျက် ပြနေတဲ့သဘောတွေကို ကြည့်ရင်းက ကြောက်လာမယ်။ ထိတ်လန့်လာမယ်။ နောက်တော့ အဲဒီကြောက်ရာကနေ ဆက်ရှုရင်းက ငြီးငွေ့မှုတွေဖြစ်လာမယ်။ ဒါကိုမပြတ်ဆက်ရှုတော့ မုန်းဉာဏ်တွေပေါ်ပြီး မလိုချင်တော့အောင်တွေ ဖြစ် လာမယ်နော်။ ဒါတွေအားလုံးဟာ ဝိပဿနာ သမ္မာဒိဋ္ဌိအမြင် ပဲလို့ သိထားရ ပါမယ်။ ဒါသည်ပင် အော် ဝိပဿနာ သမ္မာဒိဋ္ဌိမှတ်တိုင်ကို ရောက်ပါပေါ့လားလို့ သိထားလိုက်ပါ။ အဲဒီမှတ်တိုင်မှာက လက္ခဏာရေးသုံးပါးကို တစ်ပါးပါးကို မပြတ် ရှုပွားနေရပါတော့တယ်။ မရှု့ချင်လို့လည်းမရ ၊ မရှု့ပဲလည်း မနေနိုင် ဆိုတော့ အဲဒီမှာ ဇွဲတင်ပြီး အင်တိုက်အားတိုက်ကို ရှု့ပွားနေရပါမယ်လေ။
အဲဒီ မှတ်တိုင်ကို ရောက်ရင်တော့ဖြင့် နောက်ထပ် မှတ်တိုင်တစ်ခုပဲ လိုတော့တယ်လို့ သိထားလိုက်ပေတော့။ နောက်ဆုံးမှတ်တိုင် ကတော့ မဂ္ဂသမ္မာဒိဋ္ဌိမှတ်တိုင်ပါပဲတဲ့နော်။ ဝိပဿနာသမ္မာဒိဋ္ဌိမှတ်တိုင် ကိုသာ အရောက် သွားပေတော့။ အဲဒီရောက်ရင်တော့ နောက်မှတ်တိုင်ဆို ပန်းတိုင် ရောက်ပြီဟေ့လို့ မြင်ထားပြီး မပြတ်ကြိုးစားရှုပွားရပါမယ်။ အဲလို ရှု့ရင်း၊ ပွားရင်းကနေ ဓမ္မကပဲ သူ့သဘော သူဆောင်လို့ ခေါ်သွားပါမယ်။ မဂ္ဂသမ္မာဒိဋ္ဌိ မှတ်တိုင်ဆီသို့ပေါ့။ မဂ္ဂသမ္မာဒိဋ္ဌိမှတ်တိုင်ကို ရောက်ပြီဟေ့ ဆိုရင်တော့ သူ့မှာက အမြင်လည်း ငြိမ်း၊ အနေလည်း ငြိမ်းနိုင်သွားပါပြီ။ ကဲ..ဒီမှတ်တိုင်မှာ တော့ဖြင့် ဘာလက္ခဏာမှ မထင်တော့ပဲ ဖြစ်ပျက်တို့ ချုပ်ဆုံးရာ ငြိမ်းအေးမှု သဘော သက်သက်သာ တွေ့ရပါတော့မယ်။ ဖြစ်ပျက် ဒုက္ခတုံးကြီးက လွတ်မြောက်သွားတဲ့ အရသာလေးကို ခံစားနိုင်သွားပြီပေါ့။ ဒါဆိုရင်တော့ ပန်းတိုင်ကို ရောက်ပြီမို့ အပါယ်မျိုးစေ့တွေကိုလည်း အပြီးတိုင် သုတ်သင်ပြီး သွားပြီပေါ့။
အင်း…တကယ့်လမ်းစဉ်ကြီးက ထင်ထင်ရှားရှားနဲ့ကို ဖြောင့်ဖြောင့် ကြီး ရှိနေပါပြီ။ မှတ်တိုင်တွေကိုလည်း ကြိုသိထားပြီးပါပြီ။ အဲ …မလျှောက်ရင် တော့ ရောက်မှာမဟုတ်လို့ အဓိက အပါယ်လွတ်ရေး မျှော်ခေါ်တွေးလို့ ဝိပဿနာ လမ်းပေါ်သို့ အမြန်လျှောက်လှမ်းကြပါစို့လား။
အမြင်လည်းငြိမ်း၊ အနေပါငြိမ်းနိုင်သော ဘဝပိုင်ရှင်များဖြစ်ကြပါစေလို့ ဆုတောင်းရင်းနဲ့ပဲ ဒီနေ့ နာလိုက်ရတဲ့ တရားလေးကို ပြန်လည် ဝေဌလိုက်ရပါတော့သည်။