ဆရာတက်တိုး၏ ဗမာဒိုင်ဂျက်မှဘာသာပြန်ဝါဒ
Internet website များတွင်ရေးသားနေကြသောသူများမှာ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေးများသာမက ကောင်းရာနိုးနိုး စာများ၊ကဗျာများ၊ ခရီသွားအက်ဆေးများ၊ ဆောင်းပါးများ၊သတင်းများကိုပါ ဘာသာပြန်ဆိုကာ တင်လာကြသည်ကိုတွေ့ရသည်။ထိုကြောင့် ဘာသာပြန်ခြင်းနဲ့ ပတ်သတ်သော ကျွှန်တော်တို့နိုင်ငံရှိ ဘာသာပြန်စာရေးဆရာကြီးများ၏ ဝါဒကို ကျွှန်တော် လက်လမ်းမီသလောက် ကြိုးစာကာ ဖေါ်ပြခြင်စိတ်ဖြစ်လာမိသည်။ ထိုကြောင်အိမ်တွင်ရှိသော စာအုပ်စင်ကို ဟိုလှန်သည်လှော်လုပ်ရာ ဗမာဒိုင်ဂျက် အတွဲ-၁ အမှတ်-၉ ၁၉၅၇-ခု ဧပြီလ ထုတ်စာစောင်မှ ဆရာကြီးတက်တိုး၏ ဘာသာပြန်ဝါဒကို ပထမဆုံးရှာတွေ့ရာ သူ့ဝါဒကို ပထမဆုံးဖေါ်ပြလိုက်ပါသည်။ ၁၉၅ရ ခုနှစ်က စာဖြစ်သော ကြောင့် ဆရာကြီး၏ နောက်ဆုံးလက်ကိုင်ဝါဒမှာ မည်တို့ဖြစ်မည်မသိပါ။ သို့သောဘာသာပြန်နေသာ များအတွက် တစုံတခု ရနိုင်မည်ဟု မျော်လင့်လျှက်………………
ကျွှန်တော်၏ ဘာသာပြန်ဝါဒ( တက်တိုး )
ကျွှန်တော်သည် ဘာသာပြန် စာအုပ်များကိုအတော် အသင့်ရေးခဲ့ဘူးပါသည်။ထိုကြောင့် ကျွှန်တော့်၏ ဘာသာပြန်ဝါဒကို ထုတ်ဖေါ်ရေးသားလျှင်၊အပြစ်တင်လိမ့်မည်ဟု ထင်မိပါသည်။ကျွှန်တော်သည် အသက်ဆယ်ငါးနှစ်အရွယ်၊အင်္ဂလိပ်မြန်မာကျောင်းကိုးတန်းသို့ ရောက်စဉ်ကပင်၊ဘာသာပြန်ကိုစ၍ လေ့လာခဲ့ပါသည်။အစပြု၍ စာရေးကျင့်ကတည်းကပင်၊ ဘာသာပြန်ရာ၌ တိုက်ရိုက်ချည်းပြန်လေ့ရှိပါသည်။ မှီး၍ဆီလျော်အောင် ဘာသာပြန်သည်က အလွန်ပင်းနည်းလှပါသည်။
တိုက်ရိုက် ဘာသာပြန်မှုကို အချို့ စာရေးဆရားများက မနှစ်သက်ကြပါ။ စာကြည့် ပရိသတ်များလည်းရှေးခေတ်ကမူ၊ အထူးပင်မနှစ်သက်ကြပါ။ သို့သော- ကျွှန်တော့၌ တိုက်ရိုက်ဘာသာပြန်မှုကိုလေးလေးနက်နက် သက်ဝင်ယုံကြည်နေသောကြောင့်၊ ဆီလျှော်အောင် ပြန်ဆိုမှုကို ရှောင်ကြဉ်ခဲ့ပါသည်။ တိုက်ရိုက်ဘာသာပြန်ဝါဒကို လက်ကိုင်ပြုသည့် အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပထမ။ ဘာသာပြန် ဆိုခြင်းကပင်လျှင်၊မူရင်းစာပေကို မြန်မာစာပေသို့ ရောက်အောင် ဘာသာချင်းလဲ့၍ ယူဆောင် လာခြင်းပင်ဖြစ်သည်။မူရင်းစာပေ၏ အဓိပ္ပါယ်အနှစ်သာရတို့ကို မြန်မာဘာသာတည်းဟူသောယဉ်နှင့် သယ်ယူလာပြီးလျှင် မြန်မာတို့နားလည်အောင်ရေးပြနိုင်ခြင်း သည်သာလျှင်၊ဘာသာပြန်ဆရာ၏ တာဝန်ဖြစ်သည်ဟု ယူဆပါသည်။
ဒုတိယ။ မူရင်းစာပေတွင်ဖေါ်ပြသော အကြောင်းအချက်တို့ကိုဖျက်ပစ်ပြီးလျှင် မိမိလိုရာသို့ ဆွဲကာရေးလိုက်လျှင်၊ မူရင်းစာရေးဆရာကို စော်ကားသည်နှင်တူဟုထင်မိပါသည်။ မြန်မာစာပေတွင်လည်း၊ ထိုမူမကျသောစာစု ရောက်လာ၍ အကျိုးဖြစ်ထွန်းနိုင်မည် မထင်ပါ။တိုက်ရိုက်ပြန်ဆိုလိုက်လျှင်၊မြန်မာစာချည်း တက်သူတို့အား၊တိုင်းခြား စာပေ အနှစ်သာရတို့ကို၊ ချိုမြိန်စေရာရောက်၍ ဆီလျော်အောင် ပြန်ဆိုလိုက်ခြင်း အားဖြင့်၊မြန်မာ့ပစ္စည်း အစစ်ထင်မှတ်ကာ၊ အမြင်ကျယ်သင့်သလောက် မကျယ်တော့မည်ကို စိုးရိမ်ရပါတော့သည်။
တတိယ။ မိမိညဏ်စွမ်းနှင့် ထိုမျှကျယ်ဝန်း နက်နဲအောင် မကြံဆမတွေးတော နိုင်သည်ကို မိမိအကြံရင်းအတွေးစစ်သဖွယ်၊တော်သလိုလျှော်သလိုလုပ်ထားခြင်းသည် စာဆို လိပ်ပြာ ရှက်ဖွယ်ဖြစ်သည်ဟု ထင်မိပါသည်။ထို့ပြင်လည်း မိမိကိုယ်ပိုင်ညဏ်ဖြင့်၊တွေးခေါ်လိုသော ဆန္ဒတို့ တဖြည်းဖြည်းလျှော့ပါးကာ၊အခြားသူတို့၏ ညဏ်ကိုလူမသိအောင်ငှါးရမ်း၍ ကြွားသည်နှင့်တူသည်ထင်မိပါတော့သည်။
ဆီလျော်အောင် ပြုပြင်စီမံတက်ခြင်းသည်လည်း ထူးခြားသော စွမ်းရည်ပင်ဖြစ်ပါသည်။မငြင်းသာချေ။ သင့်လျှော်အောင် ပြုပြင်တတ်သော သတ္တိကိုကားချီးမွမ်းဘွယ်ပင်။ သို့သော်-ကျွှန်တော့သဘောမှာ၊ တိုင်းခြားစာပေကို တိုင်းခြားသားတို့၏ယဉ်ကျေးမူကြေးမုံအဖြစ်အဖြစ်နှင့် သူတို့၏ အခြေအနေ အလေ့အကျင့် အတွေးအခေါ်တို့ကို လေ့လာခြင်းသည် ထူးကဲသောအကျိူးကျေးဇူးဖြစ်ကြောင်း၊ထိုကြောင့် သူ့နဂိုရုပ်ကိုမပျက် စေသင့်ကြောင်း ဖြစ်သည်။
ဥပမာ၊ ပြင်သစ် ဝတ္တုတစ်ပုဒ်ဘာသာပြန်လိုက်လျှင်၊မူအတိုင်းပြန်ဆိုပါက ပြင်သစ်တို့၏ အခြေအနေစိတ်ထား၊ ဓလေ့တို့ကိုသိနိုင်သည်။သူတို့၏ ယဉ်ကျေးမူမှာ ကျွှန်တော်တို့၏ယဉ်ကျေးမှုနှင့် မည်သည့်အချက်များတွင်တူ၍ မည်သည့်အချက်တွင် ကွဲခြားသည်ဟုသိလျှင်၊ ထိုဗဟုသုတသည် အလွန်အဘိုး တန်ပေသည်။အကယ်၍ ထိုဝတ္တုကို မြန်မာယောင်ယောင် ပြုလိုက်လျှင်၊ဖတ်သူက မြန်မာ့အဖြစ်အပျက်ထင်ကာ ဗဟုသုတ တိုးနိုင်ဘို့မရှိတော့ချေ၊ဇာတ်လမ်းထူးခြာမှုရှိလျှင် ထိုဇာတ်လမ်းကိုစွဲမက်ရုံသာရှိချေတော့သည်။
ကျွှန်တော်သည် ပြင်သစ်ဝတ္တုဆရာရေးဆရာကြီးဖလောဘဲယား၏ ဒန်ဘောဗာရီ ကိုဗာမာ့ခေတ် သတင်းစာတွင်၊ သူရောနန္ဒီ အမည်ပြန်ဆိုထည့်သွင်းခဲ့ဘူးပါသည်။ဇာတ်ဝင်တို့၏ အမည်ကိုမှတ်လွယ်အောင် မြန်မာနာမည်ပြောင်းခဲ့ပါသည်။ထိုမှအပ အခြားအချက်အလက်တို့မှာ မူရင်းဆရာ၏ အာဘော်ကိုရနိုင်အောင် ပြန်ဆိုခဲ့ပါသည်။ထိုဝတ္တုကို ဖတ်ခြင်းအားဖြင့် ပြင်သစ်တို့၏ နေထိုင်ပေါင်းသင်းမှုနှင့် စိတ်နေသဘောထား အချိုမှာ မြန်မာတို့နှင့်တူ၍ အချို့မှာကန့်လန့်ခြားနားကွဲပြားလျှက်ရှိကြောင်းသိနိုင်ပေလိမ့်မသည်။ ထိုသို့သိနိုင်သည်ပင်လျှင် အကျိုးကျေးဇူးဖြစ်ပေသည်။ ဇာတ်လမ်း သိရုံကား အကျိုးမထူးနိုင်ချေ။
မှီး၍ရေးခြင်း၊ဆီလျော်အောင်ဘာသာပြန်ခြင်း တို့သည် စင်စစ်အားဖြင့်၊ပင်ကိုယ်ဉာဏ်ကို သံချေးတက်စေလေသည်။ တိုက်ရိုက်ဘာသာပြန်ခြင်းသည်သာ တိုင်းခြားဘာသာစာပေတို့နှင့် ပတ်သတ်သည့် ဗဟုသုတကို ရစေသည်ဟု ထင်မိပါသည်။
One comment
yetazar
September 25, 2011 at 7:43 pm
ဆရာတက်တိုးရဲ့ စာလေးတွေကိုဖတ်ရတာ အရသာရှိလိုက်တာဗျာ ။ မြန်မာစာပေရဲ့ လမ်းပြကြယ်ပွင့်တွေပါ ။