အမှီကောင်းလေးရှာကြပါစို့…
ဒီနေ့တော့ အမှီသဟဲ အကြောင်းပြောချင်ပါတယ် ။ လူရယ်လို့ ဖြစ်လာရင် တစ်ကိုယ်တည်း ထီးထီးရပ်တည်လို့ မရပါဘူး ။ ဘေးမှာက မှီရာ ၊ တည်ရာ ဆိုတာ လိုအပ်ပါတယ် ။ ကနာ္တရ ခရီးကြမ်းမှာ လျှောက်လှမ်းနေရတဲ့ ခရီးသည် တစ်ယောက်အတွက်တော့ သူအလိုချင်ဆုံးဟာ သစ်ပင်ရိပ်ပဲမလား ။ အေးမြမှုကို ပေးနိုင်တဲ့ သစ်ရိပ် ဝါးရိပ် ရှိမှသာ သူ့ဘဝဟာ အမောပြေပါလိမ့် မယ် ။ ဒါကြောင့် ဒီသစ်ပင်ရိပ်ဟာ သူရဲ့ မှီစရာလို့ပြောနိုင်တယ်နော် ။ ဒီ သဘောပါပဲ သားသမီး ရဲ့ မှီရာသည် မိဘဖြစ်သလို တပည့်ရဲ့မှီရာသည် ဆရာတွေပဲ မဟုတ်ပါလား ။
ဒီလိုပါပဲ အလုပ်ထဲမှာလည်း အလုပ်အလျှောက် ကိုယ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ လူတွေဟာ ကိုယ့်အတွက် အမှီသဟဲတွေပဲ ပေါ့ ။ စီးပွားရေး ၊ ပညာရေး ၊ ဘာရေး ညာရေး အဖုံဖုံ အတွက် လုပ်ကိုင် ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဟာ အမှီသဟဲပြု နေကြရပါတယ်နော် ။
“တံငါ နားနီး တံငါ”၊“မုဆိုး နားနီး မုဆိုး” ဆိုသလိုပါပဲ။ ကိုယ်ကျင်လည်ရတဲ့ ကိုယ်ရဲ့ အမှီပြုထားရတဲ့ ပတ်ဝန်းကျင်ဟာ အမှီကောင်းဖြစ်ဖို့ ဆိုတာကတော့ အရေးအကြီးဆုံးပဲလို့ ပြောလို့ ရပါတယ် ။ ဘာလို့လဲ ?
ကိုယ်ဆက်ဆံရတဲ့ ပတ်ဝန်းကျင်ဟာ သူတော်ကောင်း တရားတွေ ကျင့်ကြံ အားထုတ် ကြိုးကုတ်နေတဲ့ ပတ်ဝန်းကျင်ရိပ်မှာ မှီမိရင်တော့ သူတို့ကြောင့် ကိုယ့်မှာ အေးမြမှုတွေ ရနိုင်ပါတယ် ။ သူတော်ကောင်း ဝန်းကျင်မှာ မှီမိတော့ ကိုယ်လည်း သူတော်ကောင်း စကားတွေကြားနိုင်မယ် ၊ သူတော်ကောင်း အကျင့်တွေ ကျင့်နိုင်မယ် ၊ အတွေးအခေါ် ၊ အယူအဆကစလို့ ဘဝမှာ အပြစ်ကင်းစွာ နဲ့ ရှင်သန်လာနိုင်မှာမို့ ကိုယ်လည်း တစ်နေ့ သူတော်ကောင်း ဘဝပိုင်ဆိုင်နိုင် လာမယ် မဟုတ်ပါလား ။
အဲ သူယုတ်မာ ဝန်းကျင် (တစ်နည်း) အကျင့်ပျက် သီလပျက်စီးနေတဲ့ ဝန်းကျင်မှာ မှီမိပြီဆိုရင် တော့ ကိုယ့်ဘဝဟာ တစ်နေ့တစ်နေ့ မိုးလင်းတာနဲ့ လောဘ ၊ ဒေါသ ၊ မောဟ ခေါင်းဆောင်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်နေရပြီမို့ စိတ်ရော လူပါ ညစ်နွမ်း ပျက်စီး ဆိုးသွမ်းလာမှာ အမှန်ပါပဲ ။
အဲလို ဝန်းကျင်မှာများ ကျင်လည်ရမယ်ဆိုရင် ရှက်သင့်တဲ့အရာတွေကို မရှက် မကြောက် ရဲရဲတင်းတင်း ပေါ်ပေါ်တင်တင်ကြီး နဲ့ကို ရမ်းကား ဖောက်ပြန်တတ်လာပါမယ်။ ဘာကြောင့် လဲ ? အများစုဟာ ပတ်ဝန်းကျင်ကြောင့်ပဲ မဟုတ်လား ။ မိဘကို မှီနေရတဲ့ သားသမီးဟာ မိဘက အရက်ကို ရေလိုသောက်နေတဲ့အခါမှာ ဒီသားသမီးလည်း ဧကန် အရက်သမားလောင်းလျာ တစ်ယောက်ဖြစ် ရပြီပေါ့ ။ မိဘက ဘုရား၊တရား ကိုင်းရှိုင်းလို့ ဘာသာရေးကို စနစ်တကျ လိုက်နာသင်ကြား ပေးခြင်းခံရတဲ့ သားသမီးမျိုးကျပြန်တော့ ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာတဲ့ အရည်အသွေးတွေ ပိုင်ဆိုင် နိုင်ပြီပေါ့ ။ ဒါတောင်မှပဲ ကြီးလာတဲ့အခါ လူဆိုးနဲ့ ပေါင်းမိပြီး အရင့်အရင်က ဘယ်လောက်ပဲ လိမ္မာခဲ့ပါစေ အမှီပေါ် မူတည်ပြီး ဆိုးသွမ်းသွားကြတာတွေလည်း မျက်မြင်တွေ အများကြီးပါပဲနော် ။ ဒါကြောင့် အမှီသဟဲ အပေါင်းအဖော်ဟာ ဘဝမှာ သိပ်ကို အရေးကြီးပါလားလို့ မြင်တတ်လာပါပြီ ။
ဒီအမှီသဟဲတို့ရဲ့ အရေးပါ အရာရောက်ပုံများကတော့ ကိုယ့်ဘဝကြီးကို သံသရာ ဝဲဂယက်ထဲ စုန်းစုန်းမြှုပ်စေဖို့လဲ တတ်နိုင်သလို သံသရာဆင်းရဲက ရုန်းထွက်နိုင်ဖို့လည်း အထောက်အကူ ရစေနိုင်ပါတယ်လေ ။
ဒီတော့ တို့တွေဟာ အခုလို သီလ ပျက်ချင်တိုင်းပျက်လို့ ပူလောင်ဆူပွက် အော်ဟစ်နေကြတဲ့ ခေတ်ကြီးမှာ ကိုယ်မှီမိတဲ့ ဝန်းကျင်ကိုတော့ ကိုယ်တိုင် ဉာဏ်ပါပါနဲ့ စဉ်းစား ချင့်ချိန် ရွေးချယ်သင့်တယ်လို့ တွေးမိပါတယ် ။ ဒါသည်ပင် ကိုယ့်ကိုယ် ကို ကယ်တင်နေခြင်းပဲမလား ။
တိုတောင်းလှတဲ့ ဘဝလေးမှာ တန်ဖိုးရှိစွာ ရှင်သန်နိုင်ဖို့ အမှီသဟဲကောင်း ရှိဖို့ လိုလာပါပြီ ။ လူရယ်လို့ ဖြစ်လာရင် အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာပွေရတာမို့ အမှီကောင်းရှိ နေတဲ့ လူအတွက်က ပြဿနာ ဖြေရှင်းရာမှာဖြစ်ဖြစ်၊ အခက်အခဲတွေ ကျော်လွှားရာမှာပဲဖြစ်ဖြစ် မှန်ကန်သောလမ်းမှ အမှားနည်းစွာ ဖြေရှင်းနိုင် ပါလိမ့်မယ် ။
အာရုံ(၅)ပါး ကာမဂုဏ်တရားတွေရဲ့ မျက်စပစ် ၊ လက်ယက်ခေါ်နေတဲ့ ဘေးကနေ အမြင်မှန်စွာ ၊ နှလုံးသွင်းမှန်စွာနဲ့ ကွေ့ရှောင် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ လောဘ၊ ဒေါသ ၊ မောဟစတဲ့ ကိလေသာနွံမှာ နစ်မြှုပ်ရင်းနဲ့ပဲ ဘဝရေစုန်မြောရပေတော့မှာပေါ့ ။
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်ကျင့် သိက္ခာ ဖြူစင်မြင့်မြတ်မူ့ကို တန်ဖိုးထားသော ပတ်ဝန်းကျင်မျိုး ဖြစ်နေရင်တော့ ဘဝရဲ့ အနှစ်ကိုတွေ့ဖို့ အမှီကောင်းရပြီလို့သာ မှတ်ပေတော့ ။ ဘာလို့လဲ?
ဘဝကို တကယ် မြှင့်တင်ပေးနိုင်တာက ဓမ္မနဲ့ယှဉ်သော ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာ ဖြူစင်မြင့်မြတ်ခြင်းပဲ မဟုတ်ပါလား။
ငွေကြေးဥစ္စာ ၊ ရာထူး ဂုဏ်သိက္ခာ အဆောင်အယောင်စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးမြင့်မှုတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေလို့မို့ ဘဝအဆင့်မြင့်ပြီလို့ မမှတ်လိုက်ပါနဲ့ဦး ။ ဒီရုပ်ပိုင်းဆိုင်ရာ တွေ အဘယ်သို့ပင် ကြီးကျယ်နေပါစေ ကိုယ်ကျင့်သိက္ခာဆိုင်ရာ မဖြူစင် မမြင့်မြတ်ဘူးဆိုရင်တော့ ဘဝ တန်ဖိုးမှာ အနိမ့်ဆုံး ၊ အယုတ်ညံ့ဆုံး အဆင့်မှာ ရောက်နေပြီလို့ ကိုယ့်ကိုယ်ကို သိလိုက်ပေတော့ ။
ကိုယ်တစ်ခါမှ မကျူးလွန်ဘူးတဲ့ ဒုစရိုက် ကာယကံ ၊ ဝစီကံ ၊ မနောကံတွေကို ဖောက်ပြန် ကျူးလွန်ဖို့ (တစ်နည်း) ကိုယ့်ကျင့်တရားတွေ ပျက်စီးဖို့ အားပေး ဖန်တီးနေတဲ့ ဝန်းကျင်ကို မှီမိနေပြီ ဆိုရင်တော့ သတိအထူးထားလို့ တဖြည်းဖြည်းနဲ့သာ ခွာပေးပေတော့ ။ မဟုတ်လို့ကတော့ မြှုပ်ပြီး ရင်းမြှုပ်ရင်းမို့ ဒုက္ခ ပင်လယ်ဝေရပေလိမ့်မယ် ။
ဪ ငါသည် ယခင်က မလုပ်ဖူးတဲ့ ကုသိုလ် တွေလုပ်နေရပြီ ။ မထားဖူးသေးတဲ့ နှလုံးသွင်းတွေကို မှန်ကန် အောင်ထားတတ်နေပြီ ။ အရင်ကထက် အခု အကုသိုလ်တွေ နည်းသည် ထက်နည်းအောင် ၊ ကုသိုလ်စိတ်တွေ ပွားသထက်ပွားအောင် နေနိုင်လာပြီ ဆိုရင်တော့ ဒါဟာ အမှီကောင်းရနေပြီလို့မှတ်လိုက်ပါ ။
ဒီကနေမှ တဆင့်တက်လို့ သံသရာက ရုန်းထွက်ဖို့ ဒုက္ခကို ဒုက္ခပါလားလို့ ရှင်းရှင်း လင်းလင်း သိမြင်နိုင်တဲ့ သစ္စာဉာဏ်လေးလင်းနိုင်ပြီ ဆိုရင်တော့ ဒါသည် တန်ဖိုးမဖြတ် နိုင်တဲ့ အမှီကောင်း “ဉာဏ်” အဖော်လေးရလိုက်ပြီမို့ အနေလည်းပျော်လို့ အသေပါပျော်နိုင်သွားပါပြီ ။
ဒါကြောင့်မို့ တို့အားလုံး အသေပါပျော်အောင် ကူညီပေးမယ့် “ဉာဏ်” အမှီကောင်းလေး မြန်မြန် ရှာကြပါစို့လား ။