အိပ်ငိုက်တတ်တဲ့ ဆရာမလေး
ဒီနေ့မနက် ကျွန်မရုံးလာတော့ .. ထုံးစံအတိုင်း ဖယ်ရီမမှီတာမို့ … လူသိပ်မကြပ်ပဲ တိုက်ရိုက်ရောက်တဲ့ ကားကို စောင့်စီးမိပါတယ် … ။ အပေါက်ဝနဲ့ နီးတဲ့ နေရာ တစ်နေရာမှာ ထိုင်မိတော့ … ရှေ့က အမျိုးသမီးကြီးနှစ်ယောက် စကားတွတ်ထိုးနေတဲ့ဆီ အာရုံရောက်သွားပါတယ် … သူမတို့ စကားပြောနေတာ မတိုးလွန်းပေမဲ့ .. ကောင်းကောင်းမကြားရတာကြောင့် .. စပ်စုချင်စိတ်နဲ့ … ပွက်လောရိုက်နေတဲ့ ကားမောင်းသံ ၊ ဟွန်းသံတွေကြား … အားစိုက်နားထောင်ကြည့်တော့ … အတင်းပြောနေကြတာပါ … ။ မိန်းမတွေ အားအားရှိ သူများအကြောင်း ပြောတယ်လို့ ဝေဖန်ခံရတာ .. ဒီလို အတင်းပြောပုံ ၊ ဒီလို စပ်စုတတ်ပုံတွေကြောင့်ဖြစ်မယ်ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထား အာရုံ မစိုက်တော့ပဲ .. တောင်ကြည့်မြောက်ကြည့်နဲ့ လိုရာခရီးရောက်ဖို့ … ကားစီးရပါတော့တယ် … ။
အာရုံမစိုက်တော့ပါဘူးဆိုမှ (ခုနက မကြားရတဲ့ ) သူတို့စကားပြောသံက ကျွန်မနားထဲဝင်လာပါတယ် … ။ သူတို့ အတင်းပြောနေတာ အိမ်မှာ စာလာသင်တဲ့ ဆရာမလေးကိုပါဆိုတာ တစွန်းတစကြားမိတော့ … စိတ်မဝင်စားပေမဲ့ ဒီအတိုင်းပဲ နားထောင်နေလိုက်မိတယ် ဆရာမလေးက မနက်စောစော စာလာသင်ပြီး ငိုက်နေခြင်းသာ များကြောင်း … ဆရာနောက်တစ်ယောက် ထပ်ခေါ်ဖို့ မလွယ်တာကြောင့် မှေးပြီး စာသင်နေရတယ်ဆိုတဲ့ အကြောင်း … ဈေးက ဘယ်လောက်ပေးထားတာ ကလေးတွေက အိမ်ခေါ်မသင်လျှင် စာမလုပ်ချင်တော့တဲ့အကြောင်း … စသည်ဖြင့် ဟုတ်သည်မသိ မဟုတ်သည် မသိ စကားဖောင်ဖွဲ့နေကြပါတယ် … ။ သူတို့စကားကို ကြားပြီး ကျွန်မ ငယ်ငယ်က စာလာသင်တဲ့ ဆရာမလေးကို သတိရမိခဲ့တယ်လေ … ။
ကျွန်မ ငါးတန်းအရွယ်လောက်က ဆရာမတွေ အိမ်ခေါ်သင်တာ ခေတ်စားတဲ့ အချိန်နဲ့ … ဂိုက်ဆိုတဲ့ စာကျက်ပေးတဲ့ လူတွေ ခေတ်စားတဲ့ အချိန်ပါ … ကျောင်းပျင်းပြီး ကိုယ်တိုင် မှတ်ဉာဏ်ထုတ်မသုံးချင်တဲ့ ကျွန်မကို အဖွားဖြစ်သူက အိမ်မှာ ဆရာမခေါ်ပြီး စာသင်ပေးပါတယ် … အဲ့ဒီဆရာမကပဲ .. ကျွန်မနဲ့ အသက်လေးနှစ်ပဲ ကွာတဲ့ … ကျွန်မအစ်ကိုကိုလည်း စာကျက်တဲ့ ဂိုက်အဖြစ်လုပ်ပေးပါသေးတယ် … ။ ဘယ်သူ့အဆက်သွယ်နဲ့ ခေါ်လာတဲ့ ဆရာမမှန်း ကျွန်မမသိပေမဲ့ .. ဆရာမလေးက ပိစိကွေးလေးဆိုတော့ … ကျွန်မမကြောက်ခဲ့သလို မလေးစားခဲ့ပါဘူး … ။ ဆရာမလေးက သွားဆရာဝန်ပေါက်လေးဖြစ်တာကြောင့် ….. မနက်စောစော တစ်ချိန်ပဲ အားတာရယ် ၊ ကျွန်မတို့ကလည်း ကျောင်းမသွားခင်အချိန်လေးပဲ active ဖြစ်တာရယ်ကြောင့် မနက်စောစောကို ရွေးသင်ဖြစ်ပါတယ် … ။
တစ်အိမ်လုံးမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ကျွန်မက …. ဘယ်သူ့ကိုမှ မကြောက်ခဲ့သလို .. စာလာသင်တဲ့ ဆရာမ ပိစိကွေးလေးကိုလည်း မကြောက်ခဲ့ပါဘူး … ။ ကျောင်းပျင်းတဲ့ ကျွန်မက စာသင်တာလည်း ပျင်းခဲ့ပါတယ် … ဆရာမအိမ်ရောက်လို့ … ကော်ဖီသောက် မုန့်စားပြီးတာတောင် ကျွန်မကို အိပ်ယာထဲမှာ နှိုးမရခဲ့ဘူး … ကျွန်မအစ်ကိုကတော့ … ငယ်ငယ်က အရမ်းကိုတတ်ကြွပြီး နာခံမှတ်သားဖို့ အသင့်ရှိတတ်တဲ့ပုံမျိုးပါ .. ။ (အခုတော့ပြောင်းပြန်) တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ် … ဆရာမလာသည့်တိုင် ကုတင်ပေါ်က နှိုးသမျှလူကို ကန်ချတတ်တာကြောင့် … ဉာဏ်ပြေးတဲ့ ကျွန်မဆရာမက … ဘယ်ဈေးက ဝယ်လာမှန်းမသိတဲ့ ထားဝယ်ကြိမ်လုံးကိုင်ပြီး မနက်ခင်းတစ်ခုကို ကြိမ်လုံးအားကိုးနဲ့ ဖြတ်သန်းခဲ့တယ် 😀 ဆရာမကိုမကြောက်လည်း လက်ထဲက ကြိမ်လုံးကို ကြောက်တဲ့ စိတ်နဲ့ … ကုန်းကြုံးထရပါတယ် …။ နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ နှိုးတဲ့ ဆရာမကျေးဇူးနဲ့ .. ကျွန်မ စောစော အိပ်ယာထတတ်လာခဲ့တယ် … ။ အရင်လို စာကျက်မပျင်းပဲ သေသေချာချာ လိုက်လုပ်လာခဲ့လို့ … အမှတ်တွေတက်လာခဲ့တယ် … ။ နောက်ပိုင်း ဆရာမမလာခင် ကြိုတင်နိုးနေပြီး ဖြီးလိမ်းပြင်ဆင်ပြီးလို့ အသင့်စောင့်နေတဲ့ အနေထားတဲ့ ဝီရိယကောင်းခဲ့တယ် … ။
တစ်ရက်တော့ …ကျွန်မတို့ မောင်နှမ အားကြိုးမာန်တက် စာတွေရေး ၊ သချာင်္တွေ တွက်နေပါလျှက် အနားက ထိုင်ပြီး စာသင်တဲ့ ဆရာမ ငိုက်တာ မြင်လိုက်ရပါတယ် … ။ သူငိုက်တာ နည်းနည်းတောင် မဟုတ်ပါဘူး ….အတော့်ကို အရုပ်ကြိုးပြတ်ငိုက်နေခဲ့တာပါ … ။ ငိုက်နေတဲ့ ဆရာမကို မြင်ပြီး တခွီးခွီးရယ်မိတော့မှ ဆရာမလန့်နိုးသွားတယ် … ရှက်ကိုးရှက်ကန်းနဲ့ … ဟိုနေရာလေး .. ဒီနေရာလေး ထောက်ပြပြီး … အဲ့ဒီနေ့က စောစောပြန်သွားတယ် … နောက်ရက်တွေမှာလည်း ဆရာမ ငိုက်တာကို သိသိသာသာကြီး သတိထားကြည့်မိခဲ့တယ်လေ … ။ ဆရာမက ငိုက်နေတဲ့ အချိန် ကျွန်မတို့ မောင်နှမက ဆရာမကို ကျွေးထားတဲ့ … ကိတ်မုန့်တွေခိုးစားကြတယ် (အိမ်က ကျွေးတာမို့လို့ … လက်ရဲဇက်ရဲ တိုင်ပင်စရာမလိုပဲ ကျွန်မတို့မောင်နှမ ထင်တိုင်းကြဲခဲ့ကြတာ… ) … ။ နောက်ပိုင်း ဆရာမက ငိုက်လျှင် ကျွန်မက အရုပ်ဆွဲတယ် … ကျွန်မ အစ်ကိုက ခုံပေါ် မှောက်အိပ်တယ် … အဲ့ဒီလို အကျင့်ဆိုးတွေလုပ်နေတာကို .. အိမ်ကလူတွေသိသွားတဲ့ အခါမှာတော့ … ကိုယ့်ကလေးဆိုးတာ မမြင်ပဲ … အခကြေးငွေပေးပြီး ဌားထားတဲ့ ဆရာမရဲ့ တာဝန်ပျက်လျော့ခြင်းဆိုပြီး … စာသင်နှစ်ဝက်မှာတင် … ဆရာမအသစ်ပြောင်းဖို့ လုပ်ပါတယ် … ။ အားလုံးထက် ဉာဏ်ပြေးတဲ့ ဖိုး ဖိုးးက ဝင်တားပြီး .. အစောတလျှင် မဆုံးဖြတ်ပဲ ဆရာမရဲ့ ပတ်ဝန်းကျင်ကိုနည်းနည်း လေ့လာရအောင်ဆိုတာနဲ့ .. အချိန်နည်းနည်းထပ်ပေးပြီး လေ့လာဖြစ်ကြပါတယ် … ။ ကျွန်မတို့ စာသင်ဝိုင်းဖြုတ်လိုက်လျှင် ဆရာမဝင်ငွေလျှော့သွားမှာ စိုးတဲ့ ဖိုးဖိုးရဲ့ စေတနာပါပဲ .. ။
နောက်ပိုင်းစုံစမ်းတော့မှ … ဆရာမလေးက အမေဖြစ်သူနဲ့ နေတာဖြစ်ပြီး … သူ့ကျောင်းစရိတ်နဲ့ အိမ်စရိတ်ကာမိအောင် စာသင်နေရတာပါတဲ့လေ … နေ့ခင်းဘက်လည်း .. သူ့အလုပ်သူပြေး မနက်ဖက်လည်း စာလာသင် .. ညဘက်ကျတော့လည်း .. နောက်ဝိုင်းတွေ လိုက်ပြနဲ ့မို့ … မနက်ပိုင်း ငိုက်တာကို အိမ်ကလည်း အပြစ်မပြောတော့ပဲ … ။ အလိမ္မာနဲ့ပဲ … အဆီအစိမ့်ပါတဲ့ မနက်စာတွေ အစား … အိပ်ချင်ပြေမယ့် ချဉ်ငံစပ် မနက်စာတွေ ပြောင်းကျွေးပြီး .. စာသင်နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ရတယ် … ။ နောက်နှစ်လည်း ရောက်ရော … ဆရာမလည်း တာဝန်ကျရာပြောင်းရပြီး … ကျွန်မတို့တွေ တခြား ဆရာနဲ့ ခေါ်သင်လိုက်ရပါတော့တယ် … ။
အဲ့ဒီအတွေ့ကြုံလေးကြောင့်…. တစ်ခါတစ်လေ … လူတစ်ယောက်ရဲ့ အပြစ်ကိုပဲ ကြည့်ပြီး ရှေ့နောက်မတွေးတောပဲ ဆုံးဖြတ်ချက် ချမယ် … ပြောမိမယ်.. ၊ ဆိုမိမယ်ဆို … အားနာစရာတွေ ဖြစ်တတ်ပါလား ဆိုတာလေးတော့ … သင်ခန်းစာရလိုက်ပါတယ် … ။ တစ်ခုခုကို ကွန်ပလိန်းမတက်မှီ … သေချာအောင် စိစစ်သင့်တယ်ဆိုတာလေးတွေလည်း … အတွေ့ကြုံတစ်ခုရခဲ့ပါတယ်လေ ။
အတွေးတွေကောင်းနေတာနဲ့ .. ဆင်းမဲ့ မှတ်တိုင် ကျော်သွားလို့ … ကားပြန်ငှားစီးလိုက်ရပါတော့တယ်
16 comments
moethidasoe
September 30, 2011 at 5:06 pm
အိတုန် အိပ်ငိုက်တာက အိမ်က သမီးတွေကို မမီပါဘူး ..
အလုပ်ခိုင်းမယ် ဆိုတဲ့နေ့ဆို အိမ်ရာက မထဘူး ..
အပြင်သွားရမယ့် နေ့များ ဆိုရင် မနက် ၄ နာရီ ဆိုလဲ နိုးတယ် ..
ကျောင်းသွားဖို့ ဆိုရင် နှိုးစက်ပေးထားတာတောင် တခါတလေ လူကြီးတွေ မနှိုးရင် မထဘူး
ဒါပေမယ့်လဲ သူတို့လေးတွေလဲ သနားစရာပါ .. မနက် ကျောင်း .. ပြန်လာတာနဲ့ ကျူရှင် .. ည ကျတော့ ဝိုင်း .. ညစာစားတော့ ည ၉ နာရီ ခွဲနေပြီ .. အဲဒီအချိန်ရောက်မှ သူတို့ကြိုက်တဲ့ ကိုရီးယား ကျသေးတယ် .. အိပ်တော့ ၁၁ နာရီ ဆိုတော့လဲ xxxxxxxxxxxxxx
ရွာထဲ မဝင်နိုင်တာ ကြာသွားလို့ ကံဆိုးမလေးကို အကုန်မဖတ်ဖြစ်သေးတာ ခွင့်လွှတ်ပါ
swam
September 30, 2011 at 5:24 pm
ကျွန်တော်ရဲ့နေရာတစ်ခုခုမှအိပ်ငိုက်ခြင်းဆိုတာကတော့ ဆယ်တန်းနှစ်မှာ စတာပဲဗျ ဘယ်လိုဖြစ်မှန်းကိုမသိတာ ကျောင်းရောက်ရင်မျက်လုံးကဖွင့်မရတော့ဘူး ကျူရှင်ဝိုင်းမှာက အသေလုပ်ထားရတာဆိုတော့ ။ပြောသာပြောရတယ် ကျူရှင်မှာလည်း ငိုက်တာပဲ အိပ်တောင်ပျော်တယ်တစ်
ခါတစ်လေ အဟဲ။ စာကြိုးစားတာကိုဗျ။ ကျွန်တော်ထင်တာကတော့ အိပ်ငိုက်ခြင်းရဲ့အတွေ့အကြုံကို
ဆယ်တန်းကနေစတင်ထင်တယ်။ ကျွန်တော်ပြောတာမှန်ရင်လက်ညိုးထောင် ပြောတဲ့လူတစ်ခါပြောရင်တစ်ဆယ်ပေးမယ် အနော်ဟုတ်ဘူးပေးမှာက သဂျီး (ခေါ်) ဂေါင်ကြီးပေါ့ စိတ်မစိုးနဲ့နော် ဂေါင်ကြီး အဲသဂျီး။ အနော်က ပျော်တတ်လို့ပါဗျ။
alinsett
September 30, 2011 at 5:50 pm
ငိုက် မရှက်..တဲ ့ ။ မှန်တဲ ့စကားပေါ့နော်
windtalker
September 30, 2011 at 8:09 pm
အော်..ဆရာကောင်း
တပည့် ပန်းကောင်းပန်သူ
မအီးတုံး ဟာ
ရုံးမှာ
လစ်ရင်လစ်သလို
ငိုက်တတ်သည် ဆိုတာ
တစ်ဘက်လှည့်နဲ ့
ကြေငြာလိုက်တာပေါ့နော်
ဟီဟိ
TTNU
September 30, 2011 at 10:19 pm
Etone ရဲ ့ ဖိုးဖိုးကြီး စိတ်ဓာတ်ကို လေးစားပါတယ်။
ဟုတ်ပါတယ်၊ တစ်ချို ့ ဆရာမလေးတွေ ကလေးတွေ
လေ့ကျင့်ခန်းလုပ်နေတုန်း ငိုက်နေတယ်လို့
ပြောသံကြားဖူးပါတယ်။ ဘယ်နှစ်ဝိုင်းဆက် ပြီးငိုက်နေကြပါလိမ့်။
ကျောင်းရော ကျူရှင်ရော ဆက်တိုက်သင်ပြီး ပင်ပန်းကုန်ကြတာလား။
မထိန်းတတ်ကြတာလား။ အလုပ် ကို ဂရုမစိုက်ကြတာလား။
surmi
September 30, 2011 at 11:54 pm
အိပ် ငိုက် တာတော့ ကိုယ် ချင်းစာတယ် ။ ကျောင်း တုန်း က အိပ် ငိုက် ပြီး ခေါ် ပေး တဲ ့ စာ တောင်
လိုက် ရေး နိုင် တယ် ၊ စာကတော ့ အီ ဂျစ် အ ရုပ် စာနဲ ့ ခတ် ဆင် ဆင် ၊။ အိမ် က ကလေး တွေ ရဲ ့
ဆရာ မ က ချဲ တွက် တာ ၊ ဒါမျိုး ကြ တော့ နဲ နဲ လွန် သွား ပြီ ။
moethidasoe
October 1, 2011 at 10:26 am
ဆာမိက စာရိုက်ရင် မလိုပဲ spacing တွေ ထည့်တော့ ဖတ်ရတာ တမျိုးကြီးပဲ
တခါက အစည်းအဝေးတခု သွားတက်တုန်း အိပ်ငိုက်လာတာ ..
ရှေ့ဆုံးတန်းမှာ ထိုင်မိတော့ .. လက်ကို ခဲတံနဲ့ ထိုးဆွပြီး အိပ်ချင်ပြေအောင် လုပ်ရတယ်
ဒါတောင်မှ မျက်လုံး မှိတ်သွားလို့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လူကြီးတွေ မျက်စောင်းထိုးတာ
ခံခဲ့ရသေးတယ် ..
Shwe Tike Soe
October 1, 2011 at 10:28 am
အင်းအိမ်စာလိုက်သင်တဲ့ ဆရာတွေအတွက် အဲလို လေးတွေးပေးလို. အန်တီ အိတုံ ရဲ.ဘိုးဘိုးလို စိတ်ဓာတ်မျိုးကို လေးစားပါတယ်ဗျာ.. အဲလိုပါပဲ..
အလုပ်တစ်ခုတည်းနဲ. ရပ်တည်က ခက်တဲ့အတွက် အလုပ်တွေအများကြီး လုပ်ကြရတာပေါ့..
တချို.စာလိုက်သင်တဲ့ အိမ်တွေက ဆရာတွေအတွက် မုန်.တို.၊ကော်ဖီတို. အစာပြေ သူအချိန်နဲ.သူ စီစဉ်ပေးသလို. တချိုအိမ်ကျတော့လဲ ရေတောင်တောင်းသောက်ရတယ်.. အေးပေါ့လေ သူတို.လဲ အလုပ်မအားကျလို.နေမှာပေါ့…
မအိတုံတို. အဖိုးလို အိမ်မျိုးတော့ လိုက်သင်ချင်သား…. ဟဟ
etone
October 1, 2011 at 10:33 am
ရွှေတိုက်စိုးရေ … အိမ်မှာ စာသင်လာတဲ့ ဆရာမတွေကို … အဖွားဖြစ်တဲ့လူက တချိန်လုံး ဟိုမုန် ့လုပ်ကျွေး၊ ဒီမုန့်လုပ်ကျွေးနဲ့ .. .ခဏခဏ စာသင်တဲ့နားကပ်လာလွန်းလို့ … အိမ်ကလူတွေ သူ့တောင် မနည်းထိန်းရတယ် 😀
အဖိုးအိမ်မှာ စာသင်ချင်လျှင် အဖိုးနောက်လိုက်သွားလေ ….
သူတောင် ဘယ်ဘဝရောက်နေပြီလဲ မသိတော့ဘူး … အဖိုးက သေတာ 2007 ကတည်းက 🙄
ရွှေဘိုသား
October 1, 2011 at 12:02 pm
မမတုံကလည်း ကျနော်ဆို ဆရာမတွေ မငိုက်အောင် အိမ်လာရင် အချဉ်ထုပ်ပဲ ဝယ်ထားတယ် စားချင်စား မစားချင်ရင် ပြန်အမ်းပဲ
bluerose
October 1, 2011 at 1:17 pm
ဆရာမစာသင်ပေးရင်ငိုက်တာတော့မကြုံဖူးဘူး
စာသင်ပေးနေရင်ကိုယ်တိုင်အိပ်ပျော်သွားတာတော့ဖြစ်ဘူးတယ်
နဲနဲတော့မျက်နှာပူမိခဲ့တယ်…
ကြောင်ကြီး
October 1, 2011 at 8:16 pm
ဂိုက်ဆရာမလေး
ချစ်စရာ
ရင်ထဲက
နှင်းဆီပြာ၊
စာသင်တော်စွ
ကိုယ်လုံးလှ
ကြောင်တပည့်မှာ
သက်ပြင်းချ..။ 😳
ဆူး
October 1, 2011 at 9:18 pm
ငယ်ငယ်ကတည်း အိမ်မှာ ဆရာမ ခေါ်ပြိး စာသင်ရင် ပြသနာ မျိုးစုံ ရှာလို့ အိမ်က မခေါ်ပေးတော့ဘူး။ ကျောင်းက သင်တာ အိမ်မှာ ပြန်လုပ်ရင်လည်း စာ လိုက်နိုင်တော့ ဒီလိုပဲ နေလိုက်တယ်။ နောက်တော့ ၈တန်း က စပြီး အင်္ဂလိပ်စာ ကျူရှင် တက်ဖြစ်တယ်။ အပြင်က အများနဲ့ စုသင်တဲ့ ဆရာတွေဆီမှာ လိုက်တက်ရင်းနဲ့ အဲလို သင်တဲ့ ကျူရှင်တွေကို ခင်တွယ်သွားပြီး ၁ဝတန်းလည်း ဝိုင်းတောင် မတက်ဘူး။ စက်ရှင်တွေ တက်ပြီး အောင်သွားတယ်။ ဝိုင်းတက်ရင် သိပ်အိပ်ငိုက်တာ ဘာအကျင့်မှန်း မသိဘူး။
pan pan
October 3, 2011 at 8:50 am
ကျွန်မလည်း ၁ဝတန်းတုန်းက ဂိုက်နဲ့စာသင်ဖူးတယ်
အဲဒီဆရာမလည်း ငိုက်တာပါပဲ
သူကတော့ အလုပ်တော့မလုပ်သေးဘူး
YTUမှာ ကျောင်းတက်နေတုန်း
ဒါပေမယ့် သူ့ကျောင်းစာတွေရော၊ တခြားသူသင်ပေးတဲ့ ဝိုင်းတွေရောဆိုတော့ သူလည်း ပင်ပန်းရှာတယ်
ငိုက်တယ်ပေ့ါ
တခါတလေ သူပြောပြတယ်
သူညက ဘယ်နှစ်နာရီလောက်ပဲ အိပ်ရသေးတယ်ဆိုပြီး
ကျွန်မကိုစာသင်ရင်း သူဘာသာလည်း စာကြည့်ရသေးတာ
သူများတွေလို ကိုယ့်ဘာသာကျောင်းတက်၊ ကိုယ့်စာကိုယ်လုပ်ရုံဘဝမဟုတ်တော့လည်း….
chitlay
October 3, 2011 at 9:58 am
ငိုက်တာကတော့ ပြောမနေပါနဲ့တော့ ကျောင်းတက်တုန်းကလဲ ကျောင်းတက်တုန်းမို့လို့ … အခုလုပ်ငန်းခွင်ဝင်တော့လဲ ငိုက်တာပါပဲ .. နေ့ခင်း ထမင်းစားပြီးချိန်ဆို ပိုဆိုးသေး .. ထမင်းဆိပ်တက်ပြီး ထမင်းလုံးစီချင်တာတအားပဲ … 😛
နွယ်ပင်
October 3, 2011 at 12:09 pm
ငယ်ငယ်တုန်းကဆို စာတင်ပြီဆို အိပ်ငိုက်တာကတော့ မပြောနဲ့တော့
အဲ့အချိန် စာမသင်တော့ဘူးများဆိုရင် မျက်လုံးက သူ့အလိုလို ပြန်ပြူးလာရော
ဆယ်တန်းတုန်းကဆိုလည်း စာကျက်တာနဲ့ အိပ်ချင်တာပဲ
အခုရော ဘာထူးလဲ အလုပ်လုပ်ရင်းနဲ့ အိပ်ချင်နေပြန်ပြီ …. 😛