“တစ်စေ့ တစ်ဆုပ် တစ်မှုတ်တစ်ခွက်”
“တစ်စေ့ တစ်ဆုပ် တစ်မှုတ်တစ်ခွက်”
တစ်ရက် ကျနော်အလှူတစ်ခုရောက်တဲ့အချိန်က ဧည့်သည်တွေအတော်လေးကို စည်ကားတဲ့အချိန်လေးဖြစ်နေပါတယ်။
ကျနော်ကလည်း ဒီပြင်ဆွမ်းကျွေးတစ်ခုကို ဝင်နေရသေးတော့ အရောက်နောက်ကျပါတယ်။
အဲတော့လည်း ခါတိုင်းလို ကိုယ့်မိတ်ဆွေတွေရှိတဲ့နေရာကိုတကူးတကလိုက်ရှာမနေနိုင်ဘဲကြုံတဲ့လွတ်နဲ့နေရမှာ
ဝင်ထိုင်လိုက်ရပါတယ်။
ကျွန်နော်နဲ့အတူထိုင်ဖြစ်တဲ့သူတွေက ယူနီဖောင်းလေးတွေနဲ့ဆိုတော့ပုဂ္ဂလိကလုပ်ငန်းကဝန်ထမ်းလေးတွေဖြစ်မယ်လို့ဘဲထင်မိပါတယ်။
သူတို့အထဲက နည်းနည်းလေးသွက်လဲသွက်တဲ့ကလေးမလေးက ထမင်းအုပ်ထဲက ဒါန်ပေါက်တွေကို သူနဲ့အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့ ပုဂံထဲကိုလိုက်ထည့်ပေးနေပါတယ်။
ပန်းကန်ထဲကို အပြည့်အမောက်ကြီးထည့်ပေးတာပါ။
တစ်ချို့ကလေးက” မကုန်လောက်ဘူးနော် လျှော့အုံး”လို့ပြောတာတောင် သူက ခပ်တည်တည်ပါဘဲ။
တကယ်တမ်းစားတော့လဲ မကုန်တဲ့သူတွေကများပါတယ်။
ဒန်ပေါက်ဆိုတာ နဂိုရ်ကထည်းက အီတဲ့အမျိုး တော်ရုံလူအများကြီးမစားနိုင်တဲ့ အစားအစာကိုးဗျ။
အဲတော့ သူတို့ကုန်အောင်မစားခဲ့တဲ့ ဒါန်ပေါက်တွေက ပုဂံထဲမှာ ပိုးလိုးပက်လက်နဲ့ကျန်နေခဲ့ပါတယ်။
စားသောက်ပြီးတော့အအီပြေသောက်ရအောင်ချထားပေးတဲ့ လိမ္မော်ရည် ကျပြန်တော့လဲ အရင်အတိုင်း။
ခွက်တွေထဲကို အပြည့်ထည့် မသောက်နိုင်တော့ တစ်ဝက်တစ်ပျက်နဲ့ ခွက်တိုင်းနီးပါးလောက်ကျန်နေတာပါ။
ကျနော်မှာအလှူ့ရှင်အစား ကြားထဲကနှမျောနေမိပါတယ်။
နောက်နေ့မနက်ရုံးရောက်တော့ ရေသောက်မယ်လုပ်တော့ ရေအေးစက် အောက်ခံခွက်ထဲမှာရေတွေ့ပြည့်နေတော့
အမြင်မတော်လို့ယူသွန်ပေးလိုက်ပါတယ်။
ခဏနေတော့ ကောင်လေးတစ်ယောက်ရေလာသောက်ပါလေရော။
ခွက်အပြည့်ကြီးရေတွေထဲ့ တစ်ဝက်ကျော်ကျော်လောက်သောက်ပြီး အောက်ခံခွက်ထဲကို ပက်ကနဲ့ သွန်ထည့်လိုက်ပါတယ်။
ကျနော်အဖွားနဲ့သာ အဲဒီကောင်နေရင် ဒီလို လုပ်လို့ကတော့ ကောင်းကောင်း အဆဲခံရ အခေါက်ခံရမှာသေချာပါတယ်။
ကျနော်တို့ငယ်ငယ်က အဖွားက စည်းကမ်းအတော်လေးကြီးပါတယ်။
ထမင်းစားစား ရေသောက်သောက် ကုန်နို်င်လောက်အောင်ဘဲထဲ့ရပါတယ်။
လောဘတကြီးနဲ့မကုန်နိုင်မခမ်းနို်င်ထည့်ပြီး သွန်ပစ်တာတွေ့လို့ကတော့ နောက်တစ်ပါတ်လောက်ကတော့
အဖွားတိုင်းထည့်ပေးတာဘဲစားရပါတယ်။ အဆူအပူလဲခံရပါတယ်။
ပြီးတာနဲ့သာလွန်မင်းတရားကြီးပုံပြင်ကိုပြောပါတော့တယ်။
ကျနော်တို့မှာအလွတ်ရနေလဲနားထောင်ရပါတယ်။
သာလွန်မင်းတရားကြီးအကြောင်းက တတိယတန်းတုံးကထင်ပါရဲ့ မြန်မာဖတ်စာအုပ်ထဲမှာပါ ပါတယ်။
လူတိုင်းလည်းကြားဘူးသိဘူးနေမှာပါဘဲ။
စနစ်ကျတဲ့ထူးခြားတဲ့မြန်မာဘုရင်တစ်ပါးလို့ဆိုရင်လဲမမှားနို်င်ပါဘူး။
မြန်မာ့အလေးချိန်တင်းတောင်းစနစ်ကိုတီထွင်ခဲ့သူလို့ မှတ်သားရဘူးပါတယ်။
တစ်ရက်ဘုရင်က တိုင်းခန်းလှည့်လည်တဲ့အချိန်မှာ မိန်းမတစ်ယောက်က လမ်းဘေးမှာ ထမင်းရည်တွေကိုငှဲ့နေတာကိုတွေ့တော့
အသုံးချလို့ရတဲ့ပစ္စည်းကို လွှင့်ပစ်ရကောင်းလားဆိုပြီး မင်းချင်းတွေကို အဲဒီမိန်းမကိုခေါ်ခို်င်းပြိးဆုံးမပါသတဲ့။
ကြံဖန်ဂုဏ်ယူလို့ပြောရရင် တော်တော်လေးကို စေ့စပ်တဲ့ဘုရင်ဘဲလို့ပြောနို်င်ပါတယ်။
သဘာဝယုတိ္တကျမ ကျ တွက်ရင်တော့ သက်ဦးဆံပိုင် ဘုရင်တစ်ပါးလာနေတာကို လမ်းမမှာ ထမင်းရည်သွန်နေတယ်လို့ရေးထားပြန်တော့
မလာခင်ကတည်းက တတွီတွီနဲ့လမ်းတွေရှင်းနေတဲ့ခုခေတ်နဲ့ယှဉ်ကြည့်ပြန်တော့ အဲဒီပုံပြင်က သဘာဝမကျသလိုပါဘဲ။
နေ့လည်ထမင်းစားချိန်ရောက်တော့ ကျနော်ထမင်းစားနေတုံး ရုံးက ကလေးမတသိုက်လဲ ထမင်းစားနေကြပါတယ်။
သူတို့စားပြီးတဲ့အချိန်ကျနော့်ရှေ့မှာရှိတဲ့ တစ်သျှူးဘူးထဲကနေပြီး လက်သုတ်ဘို့ တစ်သျူးတွေကိုလာပြီးဆွဲထုတ်ကြပါတယ်။
တစ်ယောက်လာလဲ အရှည်ကြီး အများကြီး ဆွဲထုတ် နဲနဲလေး ဝါစာကမာသုတ်ပြီး လွှင့်ပစ်လိုက်ကြပါတယ်။
နောက် တစ်ယောက်က တစ်သျှူးအများကြီးဆွဲထုတ်သွားပြီးသူတို့ ထမင်းစားထားတဲ့ခုံကို သုတ်ပါတော့တယ်။
တကယ်ဆိုရင်ရုံးမှာ လွှင့်ပစ်ရမယ့် စက္ကူတွေအများကြီးရှိပါတယ်။
ဒါပေမယ့် အလွယ်ရှိတဲ့ ဘူးထဲက တစ်သျှူးကို ယူပြီးသုတ်လိုက်တာပါ။
စိတ်ထဲမှာ တွေးမိတာကတော့ သူတို့အိမ်ဆိုရင်ကော ဒီလို စည်းမဲ့ကမ်းမဲ့သုံးကြပါမလားဆိုတာကိုပါဘဲ။
ထားပါတော့ ဘယ်လိုဘဲပြောပြာ အသုံးချနိုင်တဲ့ပစ္စည်းကို အသုံးမချဘဲလွှင့်ပစ်တာ ကိုယ်တကယ်မသုံးစွဲနိုင် မစားနိုင်ပါဘဲနဲ့အကောင်းကိုအ
ပျက်ဖြစ်အောင် စည်းမဲ့ကမ်းမဲ့လုပ်တာတွေမြင်ရတော့ တကယ်နှမျောမိသလို ဒီလူတွေကိုပြောချင်လို်က်တာ ပါးစပ်ကိုယားနေတာပါဘဲံ။
သူများကိုသာပြောနေတာ ကျနော်ကိုယ်တိုင်လဲ ဒီလိုအလဟဿဖြစ်အောင် လုပ်ခဲ့ဘူးတာပါဘဲ။
လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက် အဖြစ်အပျက်လေး အခုထိ မမေ့သေးပါဘူး။
ကျနော်ငယ်စဉ်ကာလ သင်တန်းတစ်ခုသွားတက်တုံးကဆိုပါစို့။
အဲဒီတုန်းက ကျနော်တို့ ထမင်းစားခန်းထဲမှာအရှည်လိုက်ကြီးခင်းထားတဲ့ခုံတန်းလျားကြီးပေါ်မှာ ကို်ယ့်ရဲ့ ကိုယ်ပိုင်နံပါတ်အတိုင်းထိုင်စားကြရတာပါ။
ထမင်းကတော့ သင်တန်းတွေမှာကြွေးနေကျပုံစံအတိုင်း စတီးပုံစံခွက်နဲ့ကြွေးတာပါ။
သင်တန်းဆိုတော့ အသီးအရွက်ကြော်အသားနည်းနည်း ပဲဟင်းနဲ့ ငပိအစိမ်းသုတ်ပေါ့။
ပဲဟင်းရယ် ထမင်းရယ် ငပိသုတ်ရယ်ကလိုရင်ထပ်ယူလို့ရပါတယ်။
ထမင်းစားဆောင်ထဲမှာ ခုံတွေကို အရှေ့အနောက်တန်းလို့ ဘယ်ဘက် တစ်တန်း ညာဘက်တစ်တန်း ခင်းထားပါတယ်။
အနောက်ဘက်အစွန်ဆုံးမှာ ထမင်းတောင်းရယ် ပဲဟင်း ဒါန်အိုးရယ် ငပိသုတ်ဇလုံရယ်ရှိပါတယ်။
ကျနော်က အပျင်းထူတော့ ထမင်းကုန်တယ်ဆိုရင် ထ မယူ ဘဲ ထမင်းသွားထဲ့တဲ့လူကို လူကြုံမှာတတ်ပါတယ်။
တစ်ရက် ထမင်းစားနေရင်း ဧရာဝတီတိုင်းဘက်က လာတက်တဲ့ကိုအောင်စည်ကို ထမင်းယူခဲ့ဘို့မှာလိုက်ပါတယ်။
ဖြစ်ချင်တော့ ဘေးနားက သူ့အရင်ထမင်းသွားယူတဲ့ ကိုငွေကလည်း ကျနော်အတွက်မမှာဘဲထည့်လာပါတယ်။
ကိုငွေက ယူလာတာ ကျနော့်ပုဂံထဲ ထည့်ပေးနေတဲ့အချိန် ကိုအောင်စည်ကလဲ ထမင်းတွေ ယူလာပါရော။
ကျနော့် ထဲမှာ ထမင်းတွေ များနေတာ တွေ့တော့ ကိုအောင်ဆယ်က ကျနော့်ကို” ဒီလောက်အများကြိးကုန်ပါ့မလား”
လို့မေးတော့ “မကုန်ရင်လဲ သွန်လိုက်တာပေါ့ ကိုကြီးအောင်ရာ “လို့အလွယ်ပြောလိုက်ပါတယ်။
အဲလိုပြောတော့ ကိုအောင်စည်က မျက်နှာပျက်သွားပြီး
“ ငပေါက်ရာ မင်းက ထမင်း မငတ်ဘူးတော့ ထမင်းတစ်လုပ်တစ်ဆုပ်စားရဘို့ ခက်ခဲတာမင်းဘယ်သိမလဲ”လို့ပြောပြီး
သူယူလာတဲ့ ထမင်းတွေကို သူမကုန်ကုန်အောင်စားပါတော့တယ်။
ထမင်းစားပြီးလမ်းလျှောက်ထွက်တဲ့အချိန်မှာ ကိုအောင်ဆယ်က သူဘဝထဲက တမင်းနဲ့ပါတ်သက်တဲ့ ဘဝတစ်ပိုင်းတစ်စကိုပြောပြပါတယ်။
သူတို့ အိမ်က လယ်ယာအလုပ်နဲ့အသက်မွေးတော့ ငယ်ကတည်းက အားတာနဲ့မိဘကူခဲ့ရပါသတဲ့။
မိဘခိုင်းလို့သာ လုပ်ရတယ် ဒီအလုပ်တွေကို သူအနေ့နဲ့မလုပ်ချင်ပါဘူးတဲ့။
ဒီလိုကိုယ်တိုင်လုပ်ကိုင်ခဲ့ရတော့ အတော်လေးကို ပင်ပင်ပန်းပန်းလုပ်မှ စပါးတစ်ဆုပ် ဆန်တစ်ထုပ်ရတယ်ဆိုတာကို သိနေပါတယ်။
ဒီတော့လဲ ထမင်းကို အလဟဿသွန်ပစ်ရင် အင်မတန်စိတ်တိုပါသတဲ့။
ငွေနဲ့လွယ်လွယ်ကူကူ ဝယ်လို့ရသူတွေက တန်ဖိုးမထားပေမယ့် ပင်ပင်ပန်းပန်းလုပ်မှ ထမင်းတစ်ဆုပ်ဖြစ်လာနိုင်တာကို သိနေတဲ့
သူ့အဖို့ တော့ လွှင့်မပစ်ရက်ပါဘူးတဲ့။
ဖြစ်ချင်တော့ သူကိုးတန်းအရောက် သူ့ရီးစားနဲ့ချိန်းအတွေ့ မှာ အပြန်မိုးချုပ်တော့ မပြန်ရဲဘူးပြောတာနဲ့ ခိုးပြေး၊
ငယ်ငယ်ရွယ်ရွယ် မရည်ရွယ်ဘဲ အိမ်ထောင်သည်ဖြစ်တဲ့အချိန် နှစ်ဖက်မိဘက မိုက်လုံးကြီးတဲ့ကောင်တွေဆိုပြီး
နောင်ကျဉ်အောင်ပစ်ထားကြပါသတဲ့။
အဲဒီအချိန် လင်မယားနှစ်ယောက် သင်အူအခစားနဲ့ခုတ်တာ တစ်ရက် သုံးကျပ်ဘဲရပါသတဲ့။
အဲတော့ မနက်မိုးလင်းရင် ညက ကျန်တဲ့ ထမင်းကြမ်းခဲ့ကို ထညက်နဲ့စား၊
နေ့လည်စာကတော့ အလုပ်ရှင်က ချပေးတဲ့ရေနွေးကြမ်းနဲ့ မရွေး နှစ်ခု နဲ့မျှောချ ။
ညနေအလုပ်က ပြန်မှ ထမင်းချက်စား ဒါတောင်မနက်အတွက်ကျန်အောင်လို့ချန်စား ရပါသတဲ့။
သူ့မိန်းမလုပ်တဲ့သူ မျက်ရည်စို့တာမြင်ရင် သူမှာ အတော်ဝမ်းနည်းပါသတဲ့။
ဒါပေမယ့်လည်းကိုယ်မိုက်တာ ကိုယ်ခံရုံဘဲဆိုပြီး ကျိတ်မှိတ်လို့ ဘဝကိုရုန်းကန်ခဲ့ရပါသတဲ့။
အဲဒီအခါမှာ မှ မိဘလက်ထက်က တစ်နေ့ထမင်းသုံးနပ်စားခဲ့ရတာကို ပြန်လွမ်းမိပါသတဲ့။
နော က်လေးငါးလလောက်အကြာမှာ သူတို့လင်မယား ခြံသွားရှင်းပေးတဲ့ အိမ်ရှင်ဆရာမကြီးက ဂုံနီအိတ်လုပ်တဲ့စက်ရုံမှာ
လင်မယားနှစ်ယောက်လုံးကို အလုပ်သွင်းပေးခဲ့လို့ ထမင်းနပ်မှန်တဲ့ဘဝကိုပြန်ရပါသတဲ့။
အဲတော့ ထမင်းကို ကုန်လောက်ရုံမထည့်ဘဲသွန်ပစ်ရင် လက်သီးနဲ့ထထိုးချင်ပါသတဲ့။
ဒါကတော့ ကိုအောင်စည်ပြောပြတဲ့ဘဝမှတ်တမ်းလေးပေါ့။
ကျနော်ကြုံခဲ့ရတာကတော့ တစ်နှစ် ကျောက်ပန်းတောင်းဘက်ကို အလုပ်ကိစ္စနဲ့ခရီးထွက်တဲ့အချိန်ကပါ။
အဲဒီတုံးက အခုခေတ်လို့ ရေသန့်ဘူးတွေ ဘာတွေမရှိသေးတဲ့ကာလပေါ့။
ကျောက်ပန်းတောင်းနဲ့ မိထ္တီလာကြားဆိုတော့ ထန်းပင်နဲ့ ထန်းချက်တဲ့ဖိုလေးတွေကပေါမှ ပေါပါဘဲ။
ဘေးဘက်မှာမြင်နေရတဲ့တောင်ကုန်းကြီးကလဲလှမှလှ။
အညာဒေသပေမယ့် စိမ်းစိမ်းစိုစို။
သွားနေရင်းက ဗြုန်းဆို ကားက လမ်းဘေးမှာထိုးရပ်လိုက်ပါတယ်။
ဒရိုင်ဘာလေးက ရေတိုင်ကီ ရေခန်းသွားတာလို့ပြောပါတယ်။
အဲဒါနဲ့ဘဲ အနီးအနားက ထန်းတဲလေးတွေကို ဝင်လိုက်တော့ ဖော်ဖော်ရွေရွေ နဲ့ ထန်းညက်စား ကြ
ကြိုက်တတ်ရင် ထန်းရည်သောက်လို့ပြောပါတယ်။
ကျနော်တို့ကရေနည်းနည်းလောက် ကားရေဆူနေလို့ဆိုတော့ ရေကတော့ မပေးနိုင်ဘူးတဲ့
သုံးလို့ရတယ်ဆိုရင် ထန်းရည်သာ ထည့်မောင်းသွား ပိုက်ဆံမပေးခဲ့နဲ့လို့ပြောပါတယ်။
အဲတော့ မှာ ယောကျာ်းလုပ်သူက ဒီနေရာက ရေရှားတဲ့အကြောင်း ဝယ်သုံးချင်ရင်တောင်မှ လွယ်လွယ်ဝယ်မရတဲ့အကြောင်း။
လိုချင်ရင်တော့ သွားခပ်လို့ရတဲ့နေရာပြမယ်ဆိုတာနဲ့ ကားထဲမှာပါတဲ့ရေပုံးယူပြီးလိုက်သွားတော့ အတော်ဝေးဝေးသွားမှ ရေအိုင်စပ်စပ်ကလေးက ရွှံ့ရေတွေကို ခပ်ယူခဲ့ရပါတယ်။
အဲဒီတော့မှ ဝန်ကြီးပဒေသရာဇာရေးဖွဲ့ခဲ့တဲ့ ထန်းတက်သမားကဗျာထဲက
“ပြီးလျှင်ရေမရှာ ခွေးသာကြွေးတော့သည်”ဆိုတာလေးကို သွားသတိရမိပါတယ်။
ပိုလို့လည်းခံစားလို့ရသွားပါတယ်။
အခုခေတ်မှာ ငွေရှိရင် ဘာမဆို လွယ်လွယ်နဲ့ဝယ်ရတော့ လူတွေကလည်း သုံးတာ စွဲတာ ပစ္စလက်ခတ်နိုင်လာတာကို
နေရာတော်တော်များများမှာတွေ့လာရပါတယ်။
အလွယ်ကူဆုံးနေရာလေးပြောရရင် ခေါက်ဆွဲဆိုင်မှာ သွားစား ရင် မုန်ညင်းချဉ်ကို ပုဂံလေးနဲ့ထည့်ပေးတတ်ပါတယ်။
မကုန်ဘဲကျန်နေတော့လဲ သွားပေါ့ အမိူက်တောင်းထဲကို။
သူများနိုက်စားထားတာကို ဘယ်သူက ယူစားမလဲနော။
တကယ်ပြန်တွက်ကြည့်ရင် ဒီမုန်ညင်းချဉ်လေးဖြစ်လာအောင်လုပ်ကိုင်ရတာ့ အဆင့် နည်းပညာ အသုံးပြုတဲ့ကုန်ကြမ်း အများကြီး
ရင်းနှီးပြီးမှ ဒီအချဉ်လေးဖြစ်လာတာပါ။
စကတည်းက အများကြိးထဲ့ မကုန်တော့ သွန်ပစ်အလွန်ကို နှမျောစရာ ကောင်းလှပါတယ်။
အဲတော့ အခုလို ထည့်ပေးမယ့်အစား ပုဂံလေးနဲ့ထည့်ပေးထား လိုသလောက်ယူစားရင် အလဟဿမဖြစ်နိုင်တော့ဘူးပေါ့၊
ကျနော်တို့ ဝန်းကျင်မှာ အထူးသဖြင့်မြို့ပေါ်မှာ ဘာမဆို ဝယ်လို့ အလွယ်ရနေတော့ အားလုံးက တန်ဘိုးသိပ်မထားကြပါဘူး။
တကယ်လို့သာ ကိုယ် ကုန်နိုင်ရုံ လောက်သာထည့်သင့် လိုအပ်သလောက်သာ အသုံးပြုသင့်တယ်လို့ထင်ပါတယ်။
စည်းကမ်းတကျနဲ့ကုန်နိုင်ရုံလောက်သူ သုံးမယ်ဆိုရင် လူများများလဲ အသုံးပြုလို့ရသလို ငွေကလဲ ကုန်သင့်တာထက်ပိုမကုန်မှာတော့
ဧကန်ပါဘဲ။
“ကုန်နိုင်ရုံထည့် လိုသလောက်သုံး” ဆိုတာလေးကို
လိုက်နာ စောင့်ထိန်းဘို့ဆိုတာကလဲသိပ်မခက်ခဲ့တဲ့အလုပ်လို့ ယူဆပါတယ်။
ဒီလိုအလဟဿ မဖြစ်အောင် ဝိုင်းဝန်းလို့လုပ်မယ်ဆိုရင်
တစ်စေ့ တစ်ဆုပ် တစ်မူတ် တစ်ခွက်ကနေ တစ်အိတ် တစ်ပုံး ဖြစ်လာနိုင်ပါတယ်။
ကဲ အခုက စလို့ ကျနော်တို့ကိုယ်တိုင်ရော ကိုယ့်အနီးအနားမှာရှိနေတဲ့ မောင်တွေ ညီမတွေ သားသမီး တူ တူမတွေ
တပည့် တွေ ကိုယ့် ဝန်ထမ်းတွေကို စည်းရုံးလို့ ဒီအကျင့်လေးကို မွေးမြူလိုက်ကြမယ်ဆိုရင် မကောင်းဘူးလားဗျာ။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(1-10-2011)
18 comments
windtalker
October 1, 2011 at 11:26 am
ကိုပေါက် ရဲ ့အစီအစဉ် က ကောင်းတာပေါ့ဗျာ ။
အဲဒီလို သာ မကုန်သင့်တာ မကုန်ရအောင်
သေချာ ချွေတာ စုဆောင်း သွားမယ် ဆိုရင်
တစ်ဦးချင်း ရဲ ့ဝင်ငွေ ကို စုမိ ကာမိ ပြီး ဖြစ်လာမယ်
တစ်ဦးချင်းမှသည် နိုင်ငံတော် အတွက် လည်း ပိုလျှံလာမယ် ပေါကြွယ်ဝ လာမယ်
တိုင်းပြည်ဟာ ချမ်းသာလာမှာ မလွဲဧကန် ပါပေ
weiwei
October 1, 2011 at 11:55 am
ကိုပေါက်ပြောတာမှန်တယ် … တစ်ယောက်ကစပြီး တစ်နိုင်ငံလုံးလုပ်သင့်ပါတယ် …
စတုဒီသာကို အသား ၃ မျိုးနဲ့ ကျွေးတဲ့ အလှူတစ်ခုနဲ့ ကြုံခဲ့ဖူးတယ် … အယုတ်အလတ်အမြတ်မရွေး ကျွေးတဲ့အချိန်မှာ လူတွေက ပန်းကန်ထဲကို ဝက်သားတုံးတွေကို ဟင်းခွက်တစ်ခွက်လုံးမှောက်ချပြီး ထမင်းမစားပဲ ဟင်းတွေချည်းပဲ စားသွားတာကို မြင်ခဲ့ပြီး အကုသိုလ်တွေရခဲ့ဖူးသေးတယ် … ဟင်းတွေကိုတောင်မှ ကုန်အောင်မစားတဲ့အထိ ဖြုန်းတီးပစ်တဲ့သူတွေ …
အလှူမဏ္ဍပ်ထဲမှာ အလှဆင်ထားတဲ့ ပန်းအိုးတွေကို လက်အားပြီး ဖျက်စီးသွားသူတွေ … လစ်ရင်လစ်သလို ဇွန်းခိုးတဲ့သူတွေ၊ ကြီးကျယ်တဲ့အလှူကိုသာဓုမခေါ်နိုင်အားပဲ ဖိနပ်ခိုးဖို့ ချောင်းနေတဲ့သူတွေ၊ အလှူရှင်က ရွှေမိုးငွေမိုးရွာတဲ့အနေနဲ့ ပိုက်ဆံကြဲတာကို ဝိုင်းလုလို့ မဏ္ဍပ်ကြီးတောင်ပြိုခဲ့တယ် …
အဲဒီအလှူမှာ အလှူရှင်က သိန်း ၂၀၀ဝ အကုန်အကျခံခဲ့ပေမယ့် ကျွန်တို့တွေ ဝိုင်းလုပ်သူတွေက အကုသိုလ်တွေ တစ်ပုံတစ်ပင်ရလို့ … ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဖြစ်ခဲ့သေးတယ် ..
hmee
October 1, 2011 at 2:32 pm
တချို့ဆို ကိုယ့်ဟာမဟုတ်ဘူး ဆိုပြီး သူတပါး သဒ္ဒါပျက်အောင် လုပ်နေတဲ့ သူတွေဆို ကိုယ့်မှာ ကြားက အကုသိုလ်တွေဖြစ်လို့။ သူများ ပစ္စည်း၊ အများပိုင်ပစ္စည်းကို မိမိပစ္စည်းလို သဘောထားနိုင်ရင် ကောင်းမှာ။ ခက်တာက ငါ့ပစ္စည်းမှ မဟုတ်တာ ဆိုပြီး လုပ်ချင်သလို လုပ်တဲ့လူတွေ တနေ့တခြား များများလာပြီ လေးပေါက်ရေ။ ကိုယ်က ကိုယ့်ပစ္စည်းလို သဘောထားပြီး ဂရုတစိုက်လုပ်ရင်တောင် လူထူးလူဆန်းကြီး ဖြစ်လို့။ အမြင်မတော်လို့ ဝင်ပြောမိတော့ နင့်ပစ္စည်းမို့လို့လား ဆိုတဲ့ အကြည့်ကြည့်ခံရလို့ မမြင်ချင်ယောင်ဆောင်နေတာ အတော်ကြာနေပါပြီ။ သူများတိုင်းပြည်တွေလို ပင်ကိုယ်အသိနဲ့ စည်းကမ်းရှိဖို့ တော်တော်ပြုပြင်ယူရမယ် ထင်ပါရဲ့။
တညင်သား
October 1, 2011 at 7:04 pm
ကိုရီးယားမှာ အလုပ်သမားတွေအတွက် စက်ရုံက ထမင်းကျွေးရင်ကျွေး မကျွေးရင် ထမင်းဆိုင်တွေရှိတယ် ဘယ်မှာဖြစ်ဖြစ် စားရင် ကုန်နိင်သလောက်ထည့်ပေါ့ ဘာလဲ ဘူဖေး စတိုင်ခေါ်မလား လိုရင် ကြိုက်သလောက်ထည့်လို့ရတယ် မကုန်လို့ကတော့ ထမင်းသွန်တဲ့နေရကစပြီး ပြန်ထွက်တဲ့ အပေါက်အထိ တတွက်တွက် လိုက်ပြောတာ ဆိုင်ရှင် မဟုတ်ဘူးနော်တွေ့တဲ့ သူကပြောတာ……. ဘယ်သူမှ မပြောခင် ဘေးက စားနေတဲ့သူအရင်ပြောလိမ့်မယ်..အဲဒီလောက်စည်းကမ်းကြီးတာ ကျွန်တော်က လယ်သမား သားသမီးပါ ဆန်ကိုလိုသလောက်စားနိင်ပေမဲ့ ကျွန်တော့်အဖေက ထမင်းစာပွဲပေါ် ထမင်းတစေ့ကျတာနဲ့ ကောက်စားရတယ် ရွံတက်ရင် မကျအောင်လုပ်တဲ့.. တန်ဖိုးကိုသိအောင်လုပ်တာ……………..
ကြောင်ကြီး
October 1, 2011 at 8:30 pm
ကိုပေါက်အဖွား
လူဝင်စား
သာလွန်မင်းကြီးတြား၊
အခုဘဝမှာ
အဘွားဖြစ်
မြေးကိုအလွန်ချစ်၊
အတိတ်စရိုက်
အကျင့်ပါ
လေလွင့်မခံတာ၊
စည်းကမ်းကျန
သွန်သင်ပြ
အဖွားသတိရ..။
ဆူး
October 1, 2011 at 8:58 pm
အညာမှာ ရေရှားတဲ့ နေရာ တော်တော် ရေရှားတယ် ပြောတယ်။ တခါတုန်းက စက်ရေတွင်း သွားလှူတော့ ကိုယ်တိုင် ဖွင့်ပွဲ တက်ပြီး သွားကြည့်ခဲ့တာ လူတွေက ရေရလို့ တော်တော် ပျော်တယ်။ အရင်က ရွာ ၂ရွာ ကြားမှာ ရေသိပ်မရှိတဲ့ ချောင်းကလေး ရှိလို့ ဟိုဘက်ရွာ ဒီဘက်ရွာ ရေရဖို့ ခဏခဏ ရန်ဖြစ်ရတာနဲ့ ခပ်လှမ်းလှမ်းရွာက ပိုဆိုးတယ် လို့ ပြောတယ်.. ရေကို နေ့ဘက်မှာ ၂ရွာက ရန်ဖြစ်သတ်ပုတ်နေတာနဲ့ သူတို့ နည်းနည်း ဝေးတဲ့ လူတွေက မသွားရဘူး။ ညဘက်မှ ရေစည်လှည်းတွေနဲ့ အိမ်စဉ် အလှည့်ကျ ရေခပ်ရတာ.. အခုတော့ စက်ရေတွင်းက ရေတွေ အများကြီး ထွက်တော့ တော်တော် အဆင်ပြေပြီး ရန်မဖြစ်ရတော့ဘူး ဆိုပြီး ပြောပြတယ်။
ထန်းရည်ရမယ် ရေမရဘူး ဆိုတာ အဲလို ရွာမျိုးနေမှာပေါ့။
စည်းကမ်း အပိုင်းနဲ့ ပတ်သတ်လို့ ငယ်စဉ် ကျောင်းတွေမှာကတည်းက သေချာ သင်ပေးသင့်တာ..
အရင်က ဆူး တက်တဲ့ ကျောင်းမှာ ဆရာမတွေက ဒီကျောင်းက ထွက်တဲ့ ကျောင်းသူတွေက တက္ကသိုလ် ရောက်တဲ့ အထိ သူများနဲ့ မတူဘူး သိပ်စည်းကမ်း ရှိလွန်းလို့ ကြည့်တာနဲ့ သိသာတယ်တဲ့။ ဆူး တို့ ခေတ်မှာတောင် စည်းကမ်း ဆိုတာ သိပ်ထူးခြားတဲ့ စံနမူနာ ပုံစံ မရှိတော့ဘူး။ အခုပိုဆိုးတာပေါ့ ဆရာမကြောက်ကြတော့ စည်းကမ်းဆိုတာလည်း သိပ်မရှိကြတော့ဘူး။
အမှိုက်က အစ ကိုယ့်အိမ်ရှေ့မှာ အမှိုက်လာဖွရင်သာ မကြိုက်တာ ကိုယ်တိုင်ကျတော့ အဆင်ပြေတဲ့ နေရာ ချ ထားတတ်ကြတဲ့ အကျင့်တွေလည်း ပြင်သင့်ပါပြီ။
အမှိုက်နဲ့ ပတ်သတ်လို့ စည်ပင်ကလည်း ပုံမှန် သိမ်းသင့်တယ်။ အိမ်နားမှာ အရင်က အမှိုက်ပုံ ရှိတယ် အခု ပစ်ရင် ဒဏ်ငွေ ၂သောင်း ဆိုလို့ ဘယ်သူမှ မပစ်ကြတော့ဘူး။ ခေါင်းလောင်းထိုး အမှိုက်သိမ်းကား က ၁ပတ် ကို ဘယ်နှစ်ရက်လာလဲတော့ မသိဘူး အရင်ကတော့ အမှိုက်ကားလာရင် ခေါင်းလောင်းထိုးတယ် အခု ခေါင်းလောင်း မထိုးဘူး အမှိုက်လာပစ်ကြမှာ စိုးလို့လား မသိဘူး။ အသံမကြားလို့ မသိလိုက်ရင် အိမ်က အမှိုက်တွေ ဘယ်လို လုပ်ကြမလဲ.. စည်းကမ်း ရှိဖို့ ကိုယ်တိုင် ကျင့်သုံးမှ အခွင့်အရေးကလည်း ရှိအုန်းမှ.. အဲလိုမျိုးပါပဲ။
TTNU
October 1, 2011 at 9:21 pm
ဦးပေါက်ရေ
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး တဲ့လား။
တော်တော်တန်ဖိုးရှိတဲ့ လက်ဆောင်ပါရှင်။
စာရေးတာလည်း ဖတ်ကောင်းလိုက်တာ။
ကျေးဇူးတင်ပါတယ်။ လူငယ်တွေ သာမက ကျမတို့ အားလုံး သိမှတ်
နာယူသင့်ပါတယ်။ ခေါက်ဆွဲဆိုင်က အချဉ်ရယ်၊ Tissue အများကြီး
မလိုဘဲနဲ့ ဆွဲယူတာရယ် အဲဒီ နှစ်ခု ကို ကျမလည်း တွေးမိနေတာ။
အမရာ
October 2, 2011 at 12:23 am
အရေးအသားရော အကြောင်းအရာရော အရမ်းကောင်းပါတယ်။ အထူးသဖြင့် အမရာတို့လိုလူငယ်တွေပိုပြီးတော့ဖတ်သင့်ပါတယ်။
kai
October 2, 2011 at 2:54 am
ကိုပေါက်စာတွေဖတ်ပြီး… ဂျပန်နိုင်ငံမှာနေတုံးက… မျက်မြင်လေးတွေသတိရမိတယ်..
အခုခေတ်မြင်နေရတဲ့..ဂျပန်နိုင်ငံကို ပြာပုံဘဝကနေ တိုးတက်လာအောင်တည်ဆောက်ခဲ့တဲ့..အရွယ်တွေက အခုသက်ကြီးတန်းတွေပေါ့..။ အမေရိကန်စကားနဲ့ဆို.. ဘေဘီဘုံဘာbaby boomers တွေလို့.. ပြောရမယ်ပေါ့..။
အဲဒီအရွယ်တွေတော်တော်များများက.. အခုကုမ္ပဏီလုပ်ငန်းတွေရဲ့ ခေါင်းဆောင်ပိုင်းမှာရှိနေတာပါ..။
ချမ်းသာကြပါတယ်.။
သူတို့အရွယ်တွေနဲ့..ထမင်းဝိုင်းတူတူစားရင်.. အင်မတန်အံ့ဩစရာကောင်းတယ်.။
ဂျပန်ထုံးစံက.. ထမင်းစားခါနီး.. အီတာဒကိမတ်စ် itadakimasu (いただきます) (စားသောက်နိုင်ရချင်းကို အသိအမှတ်ပြုတဲ့စကား) ပြောရတယ်.။
စားပြီးရင်.. ဂိုချိစိုးစမ ဒက်ရှိတ( Gochisosama-deshita (ごちそうさまでした )ကျွေးမွေး.. သုံးစွဲခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်တာကိုပြောရတယ်..။
ဒါတွေကို. သေသေချာချာ ဂရုစိုက်ပြီး.. စိတ်ထဲထည့်လုပ်ကြတာသတိထားမိတယ်..။
အဲဒါကိုစိတ်ထဲသွင်း..ပြောယုံတင်မဟုတ်.. စားနေတဲ့သူ့ပန်းကန်ထဲက..ထမင်းစေ့လေးတစေ့တောင်.. မချန်.. ခေါက်ဆွဲဖတ်ကလေးတခုမကျန်.. တူလေးနဲ့ရအောင်ယူပြီး ပါးစပ်ထဲထည့်တာ..။
စားပြီးသောက်ပြီး ပိုက်ဆံသွားရှင်းရင်.. ပြန်အမ်းတဲ့.. ပြားစေ့လေးတွေကအစ..သေသေချာချာ.. ပြန်ကောက်ယူတာ..။
တကယ့်ဂျပန်အစစ်ကြီးတွေစိတ်ဓါတ်ပါပဲ..။
ဘယ်တော့မှ.. တစ်ပ်မပေး.။
မေးကြည့်တော့.. ပြောသေးတယ်..။
ဒီတပြားစေ့လေးကအစ..ငါ့လုပ်အားနဲ့..ရှာထားတာတဲ့.. အလဟဿမပေးနိုင်ပါဘူးတဲ့လေ..။
ဒီလိုလူကြီးတွေကြောင့်.. အခုဂျပန်ပြည်ကို မြင်နေရတာလို့.. အမြဲတွေးမိတာပါပဲ..။
blackchaw
October 2, 2011 at 12:56 pm
“ကုန်နိုင်ရုံထည့် လိုသလောက်သုံး” ဆိုတာလေးကို
လိုက်နာနိုင်အောင် ကြိုးစားသွားပါတော့မည် ဖြစ်ကြောင်း ကိုပေါက်သိစေအပ်ပါသည်။
padonmar
October 2, 2011 at 6:36 pm
ပဏ္ဍိတာရာမ ကျောင်း ဆယ်မိုင်ကုန်းမှာ သင်္ကြန် တရားစခန်းဝင်ရင် နာယကဆရာတော်က စည်းကမ်းရှိဖို့၊
ဘူဖေးစနစ်နဲ့ ဆွမ်းကျွေးတော့ take all you want,eat all you take ဆိုတဲ့အတိုင်းလိုက်နာဖို့ ၊အမှိုက်တွေစည်းကမ်းတကျပစ်ဖို့ တဖွဖွ သတိပေးပါတယ်။
ကလေးတွေ ဝန်ထမ်းတွေကို စည်းစနစ်ကျဖို့ သင်ပေးချင်ရင် အကောင်းဆုံးနေရာပါ၊
အခုခေတ်မှာ တချို့က မကုန်သင့်တာမကုန်အောင်သုံး လို့ပြောရင် ကပ်စေးနည်းတယ်လို့ စွပ်စွဲချင်ကြပါတယ်၊
MaMa
October 2, 2011 at 6:46 pm
“ကုန်နိုင်ရုံထည့် လိုသလောက်သုံး”
အဲဒီစာတန်းလေးကို မြင်သာနိုင်တဲ့နေရာတိုင်းမှာ ကပ်ထားဖို့ ကောင်းတယ်။
ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကို အခုလို အလဟဿမဖြစ်စေဖို့ ပြောလွန်းလို့ ကပ်စေးနဲတယ်ချည်းပဲ အပြောခံနေရတယ်။ လွှင့်ပစ်ရတဲ့ တန်ဖိုးကို နည်းနည်းလေးပါလို့ သဘောထားကြတယ်။ အလေးမထားကြဘူး။ အလေးထားဖို့ ပြောပြရင်လည်း တလွဲတွေးပြီး မကောင်းမြင်ကြတယ်။
ငယ်ငယ်က ကြားဖူးတာ တရုတ်ပြည်မှာ မူလတန်းကလေးတွေကို စာသင်ရင်းနဲ့ ဆရာ ဆရာမတွေက ထမင်းစားရင် ဘေးကို ဖိတ်စင်မကျအောင် စားဖို့၊ အားလုံးကုန်အောင်စားဖို့၊ ကုန်နိုင်ရုံပဲထည့်ဖို့တွေက နေ့စဉ်စားတိုင်း ပြောပြတယ်တဲ့။ တိုင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ တစ်ယောက်ကို ထမင်းတစ်စေ့ ဖိတ်စင်ရင်၊ လွှင့်ပစ်ရရင် တတိုင်းပြည်လုံး အတိုင်းအတာနဲ့ဆိုရင် လူပေါင်း ဘယ်လောက်စားလို့ရတယ် ဆိုတာမျိုး ပြောပြတယ်တဲ့။
ကိုပေါက်(မန္တလေး)
October 2, 2011 at 10:13 pm
ဒီပို့စ်လေးရေးဘို့ တိုက်တွန်းတဲ့ မမ(လက်စမ်းစာပေ) ကိုလဲကျေးဇူးတင်ပါတယ်။
ကျနော်တွေးမိတာလေး ပြောပြတော့ ရေးဖြစ်အောင်ရေးပါဆို တိုက်တွန်းလို့လဲရေးဖြစ်ခဲ့တာပါ။
MaMa
October 4, 2011 at 9:23 pm
ကိုယ်ရေးရင် မပီပြင်မှာစိုးလို့ ပီပီပြင်ပြင်ရေးနိုင်တဲ့လူကို တိုက်တွန်းပေးလိုက်တာ။ 🙂
ကိုပေါက်က အရေးအသားကောင်းတော့ စာဖတ်တဲ့လူဘက်ကလည်း လိုက်နာချင်စိတ်ပေါက်လာမယ်၊ အဲဒီကတဆင့် လက်ဆင့်ကမ်း ပြောပြကြရင်တော့ ပိုပြီးအကျိုးများရတာပေါ့။
တညင်သား
October 3, 2011 at 11:05 am
ဒီပို့စ်ကို အကြံပေးတဲ့သူရော ရေးတဲ့သူရော ကျေးဇူးတင်ပါတယ်..ဒီလိုမျိုးအတွေးတွေ ကျယ်ကျယ်ပြန့်ပြန့် သိနိင်အောင် ဂျာနယ်တွေ မဂ္ဂဇင်းတွေ မှာ ဖော်ပြသင့်ပါတယ်……
nature
October 4, 2011 at 9:06 pm
ရေသောက်ပြီးတဝက်လောက်နဲ့ သွန်တာကတော့မကြာခဏ တွေ့ဘူးတယ်။ ထမင်းကို ပြောင်အောင်စားရင် ခွေးလျက်ထားသလိုပဲလို့ ကဲ့ရက်တဲ့သူတွေတွေ့ဘူးတယ်။ ဘယ်လို အတွေးအခေါ်တွေနဲ့ပြောလဲတော့မသိဘူး။ အလေအလွင့်ကတော့ နဲလေကောင်းလေပါပဲ။ သတိပြုလိုက်နာသင့်တဲ့ အချက်ကလေးတခုပါပဲ။
myanpyithar
October 5, 2011 at 1:30 pm
ကိုပေါက်ရေ..
ခင်ဗျားစာလေးဖတ်မှ သွားလေသူအဖွားကိုသတိရမိတယ်ဗျာ..
ငယ်ငယ်ကအဖွားလက်ပေါ်ကြီးလာရတော့..ကိုပေါက်ပြောသလိုဘဲ
စည်းနဲ့ကမ်းနဲ့ စံနစ်တကျနေလာခဲ့ရတာ..ခုထိကျေးဇူးတင်နေမိတုံး..
ခုခေတ်လူငယ်တွေတော့ နဲနဲပြောရခက်သလားလို့..
ကျွန်တော်ဖြင့်စိတ်တိုင်းကိုမကျဘူးဗျာ…တစ်ခုတွေးမိတာက..ကျောင်းကဆရာမတွေက
ဒီကိစ်စကိုသွန်သင်ပေးရင်ပိုထိရောက်မယ်ထင်မိတယ်..ဘာလို့ဆိုတော့..
ကလေးတွေကမိဘထက်ဆရာဆရာမစကားကိုပိုအလေးထားလိုက်နာတတ်လို့ပါ..
သားနဲ့သမီးဆိုရင်ဆရာမကဒါဆို ဒါဘဲ..မှားနေလို့ ပြင်ပေးရင်တောင်..လက်မခံဘူး
သူတို့ဆရာမများမှာလိုက်ရင်အတိအကျလိုက်နာပဗျာ..
Shwe Ei
October 5, 2011 at 3:01 pm
ဒီနေ့မှ ဖတ်မိလို့ ဒီနေ့မှ ကျေးဇူးတင်ရပါတယ်။ ကျမလဲ ဦးပေါက်လိုပါဘဲ ငယ်ငယ်က စည်းကမ်းကြီးတဲ့ အဖွားနဲ့နေရတယ်။ အလယ်တန်းလောက်ကျ စည်းကမ်းကြီးတဲ့အန်တီအပျိုကြီးတွေနဲ့နေရတယ်။ အခုကိုယ့်အခန်းနဲ့ကိုယ်နေတော့ ပရမ်းပတာဖြစ်နေပြန်လို့ ဒီပို့စ်လေးဖတ်ပီးမှ သတိဝင်သွားတယ်လို့ပြောရမယ်။