“မက်ညာဏ်”..“ဖိုညာဏ်”..။။
“မက်ညာဏ်”..“ဖိုညာဏ်”..။။
တစ်ရွာထဲတော့အတူနေကြတာပဲဗျ လူချင်းလဲခင်ပါတယ် ရပ်ကျိုးရွာကျိုးလည်းအတူတွဲ လုပ်နေတာပဲလေ
အဓိက ကတော့ အလှူအတန်းဆို သူတို့နှစ်ယောက်ကို ကြွခဲ့ပါခေါ်စရာမလို ဖိတ်စာမလို သူတို့ဖာသာအသီးသီးကိုယ် ကျွမ်းကျင်ရာ
နေရာဝင်ပြီး အလှူအတွက် အလုပ်လုပ်ကြတော့တာပဲဗျ တစ်ရွာလုံးကလဲ သူတို့ နှစ်ယောက်ကို ခင်မင်ကြတယ်လေ
စိတ်သဘောထားကောင်းတဲ့ လူနှစ်ယောက်ပေမို့ တစ်ရွာလုံးအပြင် တစ်ရပ်လုံးကလဲ ခင်ကြပါတယ် …။။
တစ်ခုပဲ အဲ… ဒါပေမယ့်နှစ်ခုဗျ
ဟုတ်တယ်လေ သူတို့နှစ်ယောက်ကနာမည်တစ်လုံးကို နှစ်ယောက်မျှသုံးနေကြတာပဲလေ
တစ်ရွာလုံး မှရှားရှားပါးပါး နာမည်က တူတာဆိုလို့ သူတို့နှစ်ယောက်ပဲရှိတယ် နှစ်ယောက်လုံးရဲ့ နာမည်က “ကိုညာဏ်”
အဲဒီလိုနာမည်တူရှိလာပြီးဆိုရင် လူတွေဟာ ပဉာတ် သဘောတစ်ခုထဲနဲ့ မှည့်ခေါ်တဲ့နာမည်အပြင် နာမည်ရဲ့ အရှေ့ကနေ
ဝိဂြိုလ် ဝိသေသ သဘောတစ်ခုထည့်ပြီး ခွဲခြားခေါ်ဝေါ် တတ်ကြတာ မြန်မာလူမျိုးတွေရဲ့ ထူးခြားတဲ့ ဝေါဟာရကြွယ်ဝမှုနဲ့
အမြင်စူးရောက်မှုရှိပုံ နာမည်ပေးကောင်းပုံ တို့ဟာ တစ်ခြားလူမျိုးများ လိုက်လို့မှီမယ်မထင်ပါဘူး…။။
ဥပမာအားဖြင့် ….“မောင်မောင်” အမည်နဲ့နှစ်ယောက်ဖြစ်လာခဲ့ရင် အရပ်အနိမ့်အမြင်ကိုကြည့်ပြီး
“အရှည်ကြီးမောင်မောင်”…နဲ့
“အပုလေး မောင်မောင်” လို့ခွဲခြားခေါ်ဝေါ်တတ်သလို
ကိုယ်ခန္တာ ပိန်ခြင်းဝခြင်းကိုယ်ကြည့်ပြီး
“ ဖက်တီးမောင်မောင်”…နဲ့
“ငပိန်မောင်မောင်”
အဲဒီနှစ်ယောက်မှာ တစ်ယောက်က မျက်မှန်တပ်ခဲ့မယ်ဆိုရင်တော့ အဲဒီသူကို
“လေးလုံးမောင်မောင်”
တစ်ယောက်ယောက်ကများ ခြေတစ်ဖက်မသန်ခဲ့ရင်တော့
“ထောက်လှမ်းရေး မောင်မောင်”
သွားလေးများတစ်ယောက်ယောက်က ခေါနေခဲ့မယ်ဆိုရင်
“သွားခေါ မောင်မောင်”
တစ်ယောက်ကများ အသာမည်း နေမယ်ဆိုရင်တော့
“ကုလားမောင်မောင်”
အညာသားမောင်မောင်”
စသဖြင့် ရုပ်ခန္တာကိုကြည့်ပြီး အမည်ပေးခေါ်ဝေါ်တတ်ကြတာပဲဗျ ဒါဟာလဲ မြန်မာလူမျိုးတွေရဲ့ အမည်ပေးတတ်မှု
ထူးခြားချက်ပါပဲ အဲဒီလို နာမည်ပေးတတ်တဲ့ အထဲမှာကျုပ်လဲပါပေမယ့် ဒီရွာမှာ သူတို့နှစ်ယောက်ကိုနာမည်ပေး
ထားတာတော့ဖြင့် ကျုပ်ကိုယ်တိုင်တောင်မျက်စိတွေကို လယ်လို့ သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ခေါ်ကြတာက …။။
“မက်ညာဏ်” နဲ့ “ဖိုညာဏ်”ပါတဲ့ ဗျာတို့ ….။။။
.ဒီရွာကို ရောက်စက ဘယ်သူက “မက်ညာဏ် ” ဘယ်သူက“ဖိုညာဏ်”
မှန်းမသိလို့ မနည်းလိုက်မှတ် နေရတာပဲလေ နောက်ပိုင်း လူတွေကိုသိလာခဲ့ပေမယ့် ဘာကြောင့်နာမည်တွေက
“မက်ညာဏ်တွေ ဖိုညာဏ်” တွေဖြစ်နေရတာတုံး သေချာမသိ သူတို့နှစ်ယောက်က မက်ဉာဏ်ဖိုဉာဏ်တွေ ရရှိအောင်ကလဲ
နှစ်ယောက်လုံး သားတွေ မယားတွေနဲ့ တရားကျင့်တာလဲမတွေ့ရ ရွာဦးကျောင်းကဖွင့်တဲ့ (၁၀)ရက်တရားစခန်းမှာတောင်မှ
သူတို့နာမည်စာရင်းမပါတာ ဒီလူတွေ ဘယ်လိုနည်းနဲ့မှ မက်ဉာဏ်ဖိုဉာဏ် ခေါ်စရာအကြောင်းကိုမရှိ..။။။
ကျုပ်ကလဲ ဒီလိုမျိုးဆို အမုန်းခံစပ်စုတတ်တာပဲဗျ ကိုညာဏ် လို့သာခေါ်တာ အသက်တွေက (၅၀)ကျော်တွေဆိုတော့
အသက်ဂုဏ်ဝါကိုလေးစားသောအားဖြင့် ဒီလူကြီးတွေကို တိုက်ရိုက်မမေးပေမယ့် သူတို့ နဲ့ နှီးနွယ်ပတ်သက်ရာ အပေါင်း
အသင်း အဖိုးကြီးတွေကိုတော့ အားမနာတမ်းမေးရတော့တာပဲ..။
“အဘရယ် ဟိုရွာလယ်ဘက် က ကိုညာဏ်နှစ်ယောက်ကို မက်ညာဏ်နဲ့ ဖိုညာဏ်လိုဘာလို့ခေါ်ရတာတုံးဗျ”
“မင့်မလဲ အတော် တုံးတဲ့ကောင်ပဲ ဒါလေးတောင်သဘောမပေါက်ဘူး..ငါပြောပြမယ်.”
—————————————-******************************——————————————-
မက်ညာဏ်
ငယ်ငယ်ထဲကတော့ ဝါသနာပါတာပါပဲ ဒါပေမယ့် နေရတာကရွာမှာ မြို့လိုမဟုတ် မြို့မှာတော့အခုဆို ဘာတဲ့ သီချင်းဆိုလို့ရတဲ့
မီးမှိန်မှိန် အခန်းလေးတွေပါတဲ့ ကာရာအိုကေ ဆိုလားဘားလားရှိပေမပေါ့ ရွာမှာက ဒီလိုမဟုတ် အပျင်းပြေလိုက်ညဉ်းဖို့
ကက်ဆက်ကလေးတစ်လုံးတောင် ဝယ်နိုင်ကြတာမဟုတ် ငယ်ငယ်တုန်းကများဆို အလှူ တွေ မင်္ဂလာဆောင်တွေ ရှိမှ
အသံစမ်းကြရတာကလား အသံစမ်းတယ်ဆိုလို့ မြို့မှာလိုကိုယ့်အိမ်ထဲ ကိုပိုင် တီဗွီနဲ့ဆောင်းဘောက်နဲ့ ကာရာအိုကေနဲ့
အပြတ်ဟဲလို့ ရတာမဟုတ် ရွာမှာကလျှပ်စစ်မီးမရှိ အိမ်တိုင်းတောင်တီဗွီကရှိတာမဟုတ် ကာရာအိုကေဆို ဝေးရောပေါ့
စောစောကပြောသလို အလှူတွေ မင်္ဂလာဆောင်တွေရှိတော့မယ် ဆိုရင်တော့ အပီဟဲဘို့ နွားကျောင်း လှည်းမောင်းရင်း
အသံကျင့်ထားရတော့တာပဲ နောက်မို့ကိုယ့်ထက် အဆိုကောင်းနဲ့ တွေ့သွားရင် ကိုယ်က ရှုံးနေအုံးမယ် အဲဒီအလှူရက်
မင်္ဂလာဆောင်ရက်ရောက်ပြီးဆိုရင်တော့ ကျုပ်တို့ပွဲပဲလေ ရွာဓလေ့အရ အလှူဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ် အသုဘ
ဖြစ်ဖြစ်မဖြစ်မနေ လော် ငှားကြတာပါပဲ “လော်”ဆိုတာ ရွာအခေါ်ပါ “လော်စပီကာ” လဲခေါ်ကြတယ်ဗျ ရွာထဲက လော်ငှား
တဲ့ သူက“ဂျွမ်းခင်အောင်” လူနာမည်က ကိုခင်အောင်ပါ ဒါပေမယ့် ဒီရွာကို ဆပ်ကပ်အဖွဲ့နဲ့ ရွာဘုရားပွဲ လာက,ရင်း
ဇာတ်ခေါင်းကွဲရာက ကိုယ့်ရပ်ရွာမပြန်တော့ပဲ ဒီရွာမှာပဲ သူရင်းငှားလုပ်ရင်း ရွာသူနဲ့အိမ်ထောင်ကျရာက အခုတော့ရွာထဲ
လော်စပီကာလေးငှားစားတဲ့အလုပ် လုပ်နေတာပဲလေ ဆပ်ကပ်ထဲမှာကျွမ်းထိုးတဲ့သူမို့လို့ “ဂျွမ်းခင်အောင်” လို့ခေါ်ကြ
တာလေ ရွာထဲ ဘယ်အိမ်ဘယ်သူ အလှူရှိရင်ဖြစ်ဖြစ် အသုဘ ဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ် သူကအရင်စသိတာပဲ
ဘယ်ရက် ရွာဘယ်အပိုင်းက “လော် ”ငှားထားတယ်ဆို သူဆီက သတင်းယူရတာဗျ အဲဒီ ရက်ရောက်လို့ ကတော့ “လော်”
ငှားတဲ့ အိမ်ကိုအရောက်သွား ညနေပိုင်းလိုလိုလောက်ထဲက စောင့်နေရတာကလား အိမ်ရှင်အကြိုက် ရွှေမန်းတင်မောင်
ဇာတ်ထုပ်ဖွင့် အဆိုတော်ကြီး ဟင်္သာတထွန်းရင်သီချင်းဖွင့် နဲ့ ကိုယ်အလှည့်ရောက်ဖို့ တော်တော် စောင့် ရတာကလားဗျ
အဲ အလှူရှင်လဲနား လူလဲ ပါးသွားပြီးဆိုတော့မှ ကျုပ်တို့ တေးသံသာကစ ရတော့တာပဲ ဒါတောင် “လော်”ဖွင့်တဲ့ သူကို အရက်
လေးတစ်ပုလင်းလောက် လာဒ်ထိုးမှ သူကလဲဖွင့်ပေးချင်တာကလား ကျုပ်တို့ သီချင်းဆိုတာက ဆိုင်းတွေဝိုင်းတွေတော့
ပါတာမဟုတ်ဘူးဗျ ဒီတိုင်း မိုက်ကိုင်ပြီး ပလိမ်းကြီးဟဲ ရတာကလား ဘာတီးလုံး ဘာသံစဉ်မှမပါဘူး အဲဒီလိုဆိုတဲ့ အချိန်
ဟာ အနည်းလေး ညဆယ်တစ်နာရီလောက်ဆို မှ စဆိုရတာဗျ တောချောက်တဲ့သံနဲ့ ကိုယ်အသံလူကြားအောင် အစွမ်းကုန်
ရရာသီချင်းဟဲကြတော့တာပဲလေ တွံတေးသိန်းတန်ကြိုက်သူက တွံတေးသိန်းတန် သီချင်းပေါ့ ထွန်းရင်ကြိုက်လဲ ထွန်းရင်
တစ်ခါတစ်လေ တို့နဂါးနီ သီချင်း သမားနဲ့တွေ့ရင်စိတ်ကိုညစ်ရော အတော်ရှည်တဲ့သီချင်းပဲဗျ သူ့အလှည်ပြီးအောင် အတော်
စောင့်နေရတာကလား ရွာထဲမှာလဲ ကျုပ်လို သီချင်းဝါသနာအိုးတွေက များသား ဒီတော့ အဲလိုညဆိုသီချင်းဆိုချင်သူက
အနည်းလေး ခုနှစ်ယောက်လောက်ရှိတတ်တာ ကလား သူ့အလှည့် ကိုယ်အလှည့် သီးခံစောင့်ရတာပဲလေ ဒီကြားထဲ
ခပ်ထွေထွေတစ်ကောင်လောက်များပါလို့ကတော့ အလှည့် မစောင့်လို့ တစ်ချီတစ်ချီ ထရန်ဖြစ်ရသေးတာကလား
ရန်ဖြစ်ပြီ ဆိုလို့ကတော့ အလှူရှင်က နောက်ရက် မဆိုခိုင်းဘူးဖြစ်မှာစိုးလို့ တိတ်တိတ်ကြိတ်ရန်ဖြစ်သေးတယ်လေ
အဲဒီလိုနဲ့ အလှူရှင်ကိုအားနာရကောင်းမှန်းမသိ အသုဘမှန်းမသိ ညကြီးသန်းခေါင် ကိုဝါသနာပါရာ သံစဉ်မပါတေးသွား
တွေ အော်ကြီးဟစ်ကျယ် ရွာလုံးကျွတ်နားကလော အောင် ဆိုခဲ့ကြ ဝါသနာကြီးခဲ့ကြတာပဲဗျ ဒီလိုနဲ့ အရွယ်လေးရလာ အိမ်
ထောင်သားသမီးနဲ့ဖြစ်လာတော့ အိမ်သူကဒါမျိုးကြီးလိုက်လိုက် အော်နေတာကို မကြိုက်တာနဲ့ လိုင်းပြောင်းခဲ့ရတာပဲ လေ
မိုက်ကိုင်ပြီး ဆိုချင်ပြောချင်တဲ့စိတ်က ဘယ်လောက် ကြီးသလဲဆို သီချင်းဆိုလို့မဖြစ်တော့ ရွာထိပ်ကားလမ်းဘေးက ရွာဦး
စေတီ အလှူခံ တဲကို လစ်ရတာပဲလေ အလှူခံဆိုတော့ကာ ရွာဘုရားလူကြီးများကအသက်လဲကြီး အလုပ်အကိုင်ကလဲ
တောင်သူတွေဆိုတော့ အချိန်ပြည့် ဘယ်အလှူခံနိုင်ပါ့မလဲ အားတဲ့လူက ခဏလာ ဒါနအကြောင်းလေး ဟိုပြောဒီပြော
ပြောပြီး အချိန်အားခိုက်ကလေး အလှူလာခံပေးရတာကလား ။ အဲဒါကြောင့် ဒီ အလှူခံမဏ္ဍပ်က လော်စပီကာဟာ ကျုပ်
ရဲ့ ပစ်မှတ်ပေါ့ အဲဒီမှာကျုပ်လဲ ကူညီအလှူခံပေးသလိုလိုနဲ့ ဟိုပြောဒီပြော ပြောပြီးအလှူဝိုင်းခံ ညနေအိမ်ပြန်ရင် ဘုရား
စင်ပေါ်က တစ်ခါမှထုတ်မဖတ်ဘူးတဲ့ ဘုရားစာအုပ်လေးထုတ်ဖတ် အလွတ်ကျက် ဘုရားအကြောင်းသီချင်း ဆိုထားတဲ့ ဒေါ်တင်တင်မြတို့ ဒေါ်မာမာအေးတို့ သီချင်းတွေလဲ ရှာဖွေနားထောင်ထားရသေးတယ် ဒါမှ အလှူခံရင်း ဘုရားသီချင်းလေ
ကြားညှပ်ဟဲလို့ရမှာကိုဗျ …………။။။။
အဲဒီလိုနဲ့ပဲ “မိုက်ခဲ”ဖြစ်မှန်းမသိဖြစ်လာခဲ့ရတာပဲဗျ အေးလေဒါကလဲဝါသနာ ဆိုတော့ ဝါသနာကို မပယ်နိုင်တာ ပုထုဇဉ်ကိုးဗျ တစ်ခုပဲ ကျုပ် ကိုတစ်ရွာလုံးက ““မိုက်ခဲ””လို့ အမည် မတွင်ပဲ“ မက်ညာဏ်””ရယ်လို့ ခေါ်တွင် သမုတ်
သညာအမည်ထုတ်လိုက်ခြင်းကိုပဲ ကျေးဇူးတင်မိတော့သဗျာ…။။။။။။။။။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
ဖိုညာဏ်
ကျုပ်လဲ“ ကိုညာဏ်”ပါပဲ ဒါပေမယ့် ရွာစဉ်ဓလေ့ သညာ မမေ့အောင် အမည်တပ်ထားတာကတော့ “ဖိုညာဏ်” ပါပဲ
ဒီလိုခေါ်ကြလို့လဲ ကျုပ်ကတော့ဖြင့် စိတ်ဆိုးမောင်းမဲ တစ်ရံတစ်ခါမျှ မဆဲခဲ့ ဘူးပါဘူး ကျုပ် အမည်နဲ့ ကျုပ် ဝါသနာပါရာကျုပ် အလုပ်က အတော်ကိုဟုတ်နေခဲ့လိုပါပဲ ကျုပ်က တစ်ဦးတည်သော သားကိုဗျ မိဘမောင်ဘွားဆွေမျိုးသားချင်းများလဲနည်းပြန်
မိဘအလုပ် တောင်သူယာခုတ် လုပ်လေကျတော့ ငယ်စဉ် အိမ်မှာပဲနေ မိဘနှစ်ပါးကတော့ လယ်ထွန်ကောက်စိုက် အကုန်လုပ်ကြရတာကလား မိသားစုက ဆင်းရဲလေတော့ အမိ အဘများက ဘယ်ထွန်ငှား ကောက်စိုက်ငှား စပါးရိတ်ငှား
အငှားမျိုးစုံ အကုန်လုပ်ရတာပါပဲ ဝါသနာကတော့ အရင်းခံလို့ပြောရမှာပါပဲ ကျုပ်ကငယ်ငယ်တည်းကိုကလေးဂွတစ်လက် နဲ့
အမေမိဘများနည်းတူ ကျွဲကျောင်းနွားကျောင်း အလုပ် နဲ့ စားကြက်မြေနေရာစုံ ငှက်ပစ်ချိုးပစ် နွားကျောင်းသားတစ်အုပ်နဲ့
လုပ်ခဲ့စဉ်ထဲက အခြားနွားကျောင်းသာတွေ ငှက်ကလေး ချိုးကလေးများ ရလို့ကတော ဒီတိုင်မီးဖုတ်စားကြတာပဲဗျ အဲကျုပ်
ကတော့မရဘူးဗျို့ ငှက်ကလေးချိုးကလေးများရလို့ကတော့ သေချာအမွေးနှုတ် ရေဆေး လောက်စာအိတ်ထဲထည့်ယူလာတဲ့
ဆီးလေးဆားလေး နဲ့ ဆုပ်နယ် ပြီးမှ အသေအချာမီးကင်တာကလား အဲဒီအခါများကျ နွားကျောင်းသားအခြင်းခြင်း ကျုပ်ငှက်ကင်လေးက မွှေးလွန်းလို့ တောင်းစားရတာကလားဗျ ဒီကောင်တွေကတော့အမွှေးမပြောင် ဘာမပြောင် ရေးမဆေး
ပဲ မီးမြိုက်ပြီး ကြိတ်လိုက်ကြတဲ့သူကများတာကိုဗျ နောင်အခါများတော့ အမောင်နွားကျောင်းသားများကတော့ဖြင့် သူတို့ပစ်
လို့ ရသမျှ ချိုးငှက် သူတို့ကိုယ်တိုင် အမဲမဖျက်ပဲ ကျုပ်လက် အပ်ကြရတော့တာကိုးဗျ ကျုပ်ကင်မှမွှေးတာ ကျုပ် ကြွေးမှ အရသာရှိတယ် ထင်ကြတယ်လေ ဒီလိုနဲ့ ကျုပ် လဲနွားကျောင်းသားအပေါင်းရဲဖိုကြီးချက်ဖြစ်လာရတော့တာပဲ ဒီနေရာမှာ
တစ်ဆင့်တက်လို့ ကျုပ်တို့ရဲ့ နွားကျောင်းသားအစုမှာ ကာလသားချက်ဆိုတာကြီးကတိုးလာတော့တာပါပဲ တစ်ယောက်ကို
အိမ်က ဆန်ဆီဆား ကိုယ်တာဝန်ကျရာ ပစ္စည်းလေးတွေယူလာ နွားကျောင်းရင်း ကွင်းအစပ်က စိန်ပန်းပင်အောက် မှာ ကျုပ်
ရဲ့ လက်စွမ်းပြရာ နေရာဖြစ်လာရတော့တာပဲလေ မြေကျင်းကလေးတူး ရွှံကလေးခူးပြီး မီးဖိုခလောက်လေးလုပ် ကျုပ်အိမ်က
ယူလာတဲ့ ဒန်အိုးအစုတ်လေးနဲ့ ချက်ပြုတ်ရတော့တာပဲလေ ကျုပ်နွားတွေတော့ ကျန်တဲ့ကောင်တွေ ကူကျောင်းပေါ့ ဒီလိုနဲ့
နွားကျောင်းသား စားဖိုမှုး လုံးလုံးဖြစ်မှန်းမသိဖြစ်ခဲ့တာပဲ ကျုပ်ကလဲ တစ်မျိုးဗျ ဘာလေးပဲချက်ကြွေးကြွေး ချက်နေပြုတ်နေရ
လို့ ပင်ပန်းတယ်ကိုမရှိဘူး ကျုပ်ချက်ကြွေးတဲ့ဟာလေး ဒီကောင်တွေ စားလို့ကောင်းတယ်ဆို ပျော်လို့ ချက်လို့ ပြုတ်လို့ ပင်ပန်းသမျှ အကုန်ပျောက်တော့ တာပဲဗျို့ ..ဒီလိုနဲ့ အရွယ်လေးက ကာလသားပေါက်စ ဖြစ်လာတော့ ကျုပ်တို့ရွာထဲ ဆွမ်း
ချက် ဇရပ်လေးက ကျုပ်နဲ့ပညာဆည်းဖူးရာနေရာပေါ့ ဒီနေရာလေးက အပါတ်စဉ်ဆွမ်းချက် ကြရာနေရာလေးပေါ့ ဆွမ်းချက်
ရုံခေါင်းဆောင် ဦးစိန်မောင် ကြီး ကကျုပ်ရဲ့လက်ဦး ဆရာပါပဲ ဒီဟင်ကဒီလိုကွ ဟိုဟင်းက ဟိုလို ငါခြောက်ထောင်းဆို
ပဲတီချဉ်လေးကပါမှ ဝက်သားနီဆို အရေသောက် က ငါခေါင်းချဉ်ရေးလေးနဲမှလိုက်တာဆိုပဲ အများစာ ထမင်းချက်တာက
ဒီလိုမှ ရသကွဲ့ ကျုပ်ဝါသနာပါလေလို့လားမသိ အတတ်မြန်လိုက်တာက လွန်ပေါ့ ဦးစိန်မောင် ကြီးတောင် ကျုပ် မျက်နှာလွဲ
ထားရပြီလေ…အလှူ မင်္ဂလာ ဆောင် သာရေးနာရေးရှိ လို့များကတော့ ဘယ်သူခေါ်ခေါ် မခေါ်ခေါ် ကျုပ်ကတော့ လက်စွမ်းပြခြင်လွန်းလို့ မီးဖိုကြီးဘက် ဝင်နေရာဦးတော့ တာပဲ အနွှာ အထောင်းကတော့ ကာလသမီးတွေလုပ်ကျပေါ့
ကျုပ်ကတော့ အချက် အပြုတ်ပဲဗျ အောင်မယ် ဒီအလုပ်က တယ် အစားသားတယ် ဗျ ချက်ပြုတ်ထုထောင်း ဝိုင်ကူလုပ်ကြတဲ့
ကာလသမီးအပေါင်းနဲ့ အနီးကပ်က ကျုပ် ပဲမဟုတ်လေလား အဲဒီမှာပဲ ဝိုင်းဝန်းတွန်းထိုး အလှော် အမြှောက်ကောင်းလေတော့
ကျုပ်ရဲအိမ်သူ ရွာကြီးသူမ နဲ့ အိမ်ထောင်တောင် ကျရတဲ့အထိပဲဆိုပါတော့ ချက်ပြုတ်ပြီးလို့ ဟင်းနှပ် အသားစပ်ထားချိန်များ
ဖိုကြီးမှာမီးမျှင်းမျှင်းလေး ထိုးထားပြီး အကြမ်းတစ်အိုးနဲ့ အလှူရှင် သဒ္ဒါကျ လက်ဖက်ကလေးနဲ့များမြုံနေရတဲ့ အချိန်များဗျာ
ဆက်ရက်မင်းစည်းစိမ်နဲ့တောင်မလဲနိုင်ပေါင်လို့သာ ဆိုလိုက်ချင်တာပါပဲ ဖိုကြီးကချလို့ အလှူရှင် အလိုကြ ကြွေးမွေးကျ
ပြီးဆိုရင်ဖြင့် ရွာဓလေ့အရ ရိုင်ပတ်ကြီးကာပြီး ထမင်းစားရုံအဝကနေ ကိုယ်ချက်တဲ့ ထမင်းဟင်းကို အားရပါးရ လွေးနေကြ
တာများမြင်ရရင်ဖြင့် ငါဟဲ့အာဂ လူလုံးပြ ပြီး အချက်အပြုတ်ဘယ်လောက်ကောင်းကြောင်း သတင်းကောင်းစောင့်နေတတ်
တာပါပဲ အလှူရှင်လဲသဘောကျ စားကြသူတွေလဲကောင်း။ အင်း……..ဘယ်လိုအကြောင်းကြောင့် ကျုပ်ကို ဘယ်လိုခေါ်ခေါ်
ကျုပ် ကတော့ဖြင် ့ဘယ်နေရာရရ အလှူတွေမှာ ဖိုထဲဝင်ထမင်းဟင်းချက်ရတဲ့ ““ဖိုညာဏ်””ဘဝ က တစ်စက်မှ လျှော့မကျ လိုပါကြောင်း ပါပ…..ဲခင်ဗျာ ..။။။။။
———————————————************************———————————————-
အင်း………………..ဒါလေးကတော့ ကျုပ် နယ်မြို့လေးတစ်ခုမှာ တာဝန်ကျစဉ် က မက်ညာဏ် ဖိုညာဏ် ရနေကြတဲ့ လူနှစ်ယောက်
ရဲ့ ဘဝနဲ့ အကြောင်းပါပဲ ဗျာတို့…….။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
7 comments
ပေါက်ဖော်
October 27, 2011 at 10:22 am
ဘီလူးက “မက်ညာဏ်”..“ဖိုညာဏ်” ဆိုပြီး..တရားတဘော..လာလုပ်နေတာ..
ထင်တော့ထင်သား..ပဲ..
အဟက်..ဟက်…
လူဂျိုး..
ဇွတ်
😆
Moe Z
October 27, 2011 at 10:42 am
စာလုံးပေါင်းသတ်ပုံကြည့်ပြီး တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီးဖတ်ကြည့်တာ
နာမည်ပေးကင်ပွန်းတပ်အကြောင်းဖြစ်နေတယ် 🙂
မှော်ဆရာ
October 27, 2011 at 11:02 am
မရှိ ၊ ရှိတဲ့ အကြောင်းကို လူ စိတ်ဝင်စားအောင် သိုင်းဝိုင်း ချဲ့ထွင် ရေးတတ်တဲ့ လူတွေထဲမှာတော့ ဘီလူးကြီးလဲ ထိပ်တန်း တစ်ယောက်ပဲနော် ..
စာရေးဆရာ ဗီဇ ပါတယ်ပေါ့ဗျာ …
ကြောင်ကြီး
October 27, 2011 at 11:10 am
အခမ်းအနားပွဲတွေလုပ်ရင် လူတတ်ဆရာကြီး စင်ပေါ်လုပ်တဲ့သူကို မိုက်ခဲလို့မကြားတကြားခေါ်ရင် အတော်ရီချင်မိတယ်။ ကိုအောင်ပုလည်း ဂျော်နီပုလင်းအရည်လေး ဝင်သွားရင် မိုက်ကိုမချဘဲ ခဲထားတတ်လွန်းလို့ အများက မိုက်ကယ်ဂျော်နီအောင်ပုလို နာမည်ပေးကြောင်း သူ့ကိုယ်သူပြောတာ မှတ်မိတယ်။ ကျုပ်တို့သဂျီးလည်း မိုက်ခဲပါ၊ အားအားရှိ နှုတ်မယ်ဖျက်မယ်ဆိုတာချည်ပဲ..။ 😛
နွယ်ပင်
October 27, 2011 at 11:22 am
ကိုဘီလူးကြီးတော့ တရားတွေရပြီး တရားအကြောင်းတွေရေးနေပြီထင်တာ
စာလုံးပေါင်းကိုကြည့်တော့ တစ်မျိုးတော့ တစ်မျိုးထင်သား ..
ပြီးတော့မှ နာမယ်ပေးတဲ့ အကြောင်းဖြစ်နေတာကိုး …..
koyinmaung
October 27, 2011 at 5:29 pm
ကျုပ်တို့ဆီမှာလဲရှိတယ်ဗျို မမြင့် ဆိုတဲ့နံမည်တွေများလွန်းလို့
ယောကျာ်းနံမည်တွေနဲ့တွဲခေါ်ရတယ်
ကိုမြင့်မမြင့်..မောင်လှမမြင့်..ကိုမြင့်သိန်းမမြင့်..ကိုဌေးမမြင့်
ဆိုတွဲခေါ်မှဘယ်မမြင့်ကိုခေါ်မှန်းသိတော့တယ်….
windtalker
October 28, 2011 at 9:25 pm
ကိုဘီလူးရေ ချက်တာလဲ ချက်ပေါ့
သန် ့သန် ့ရှင်းရှင်း ဖြစ်ဖို ့အရေးလေးကို လဲ ဂရုစိုက်ဦးနော
တော်ကြာ အမ ရ ပူရ မြို ့နယ် က လို ဖြစ်နေလို ့
ပေါက်ဖော်ကြီးက သူ ့ရဲ ့SLKK သတင်းဌာန မှာ ကာဗာလုပ်တင်နေဦးမယ်ဗျ