မိမိကိုယ်ကို သတ်သေသူကို ထောင်ချသင့်သလား
သူကြီး ၏ “သတ်သေနေကြလေသတည်း” ပို့စ်ကို ဖတ်ပြီး တွေးမိပါတယ်။ သတ်သေဘို့ ကြံစည်ကြိုးပမ်း ခဲ့ပေမယ့် အကြံမအောင်တဲ့လူတွေ ဘယ်နှစ်ယောက်လောက်ရှိမလဲဆိုပြီး ဂွကျကျ တွေးမိပါတယ်။ ဟုတ်ပါတယ် မိမိကိုယ်ကို သတ်သေတိုင်း အကြံအောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ အဲဒီလို အကြံမအောင်ခဲ့ရင် ထောင်ချမယ့် ဥပဒေကြီးကလည်း ရှိနေတော့ သေရင်သေ မသေရင်ထောင်ပဲဆိုတာ သေချာနေပါတော့တယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် အမြင်လေးကို သတိရမိပါသည်။ ပြီးခဲ့တဲ့ တစ်လလောက်က “အရက်သောက်ခြင်းသည် ဒုစရိုက်မဟုတ်” နာမည်ဖြင့် ပိုစ်တစ်ခုကို ဆရာကြီးရွှေဥဒေါင်း ၏ အတွေးဒေါင့်လေး အဖြစ် ကျွန်တော်တင်ပြခဲ့ဘူးပါသည်။ ထိုပို့စ်တွင် ကြောင်ကြီး က ဆရာကြီး၏ ဓမ္မဆောင်းပါးများကို မနောတံခါးလေးဖွင့်ပြီး ဖတ်စေလိုပါတယ် ဟု မန်းခဲ့ဘူးပါသည်။ ယခု ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် ဆရာကြီး၏ အမြင်လေးကို ကျွန်တော်တို့ ရွာသူရွာသားတွေ မဖတ်ရသေးသူများ အလွယ်တကူဖတ်နိုင်ကြရန် ကျွန်တော် ဝေမျှချင်ပါသည်။ ဆရာကြီး၏ အတွေးများသည် မိရိုးဖလာအစဉ်အလာ များနှင့် မတူသော်လည်း ရဲရင့်လွန်းသဖြင့် ကျွန်တော် အကြိုက်တွေ့မိကြောင်း ဝန်ခံချင်ပါသည်။ ကြောင်ကြီး မန်းသလိုကျွန်တော်လည်း သတိပေးချင်ပါသည်။ မနောတံခါးလေး ဖွင့်ပြီး ဖတ်ကြည့်ကြပါလို့။
ဆရာကြီး နှင့် တက္ကသိုလ်ကျောင်းထွက် လူငယ်တစ်ယောက်တို့ အပြန်အလှန်စကားပြော ကြသည့်ပုံစံဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။
သူ ဆိုသည်မှာ လူငယ်လေးဖြစ်ပြီး နုပ် ဆိုသည်မှာ ဆရာကြီး ဖြစ်ပါကြောင်း သိထားဘို့ ကြိုတင်အစီရင်ခံပါရစေခင်ဗျာ။
သူ ။ ။ ကိုယ့်ကိုယ်ကို သတ်သေတဲ့လူတစ်ယောက်ကို အစိုးရက တရားစွဲတယ်၊ အပြစ်ဒဏ်ခတ်တယ်ဆိုခြင်းအကြောင်းကိုလည်း ဆရာကြီး ရေးဘူးတယ်မှတ်တယ်။
နုပ် ။ ။ ရေးဘူးပါတယ်၊ ဒီဥပဒေလုပ်ခဲ့ကြတဲ့ လူတွေဟာ ( Common Sense ) သဘာဝ ဉာဏ်လည်းခေါင်းပါးတယ်၊ စိတ်သဘာဝအကြောင်း ကိုလည်း နားလည်ကြဟန် မရှိဘူး။
သူ ။ ။ ဘယ်လိုနားမလည်ပုံလဲ ဆရာကြီး။
နုပ်။ ။ သတ္တဝါများ၏ သဘာဝတရားအရက လူတစ်ယောက်ကို တကယ့်တကယ်ဆိုတော့ မိဘကလည်း မပိုင်ဘူး၊ အစိုးရကလည်း မပိုင်ဘူး၊ (ဗုဒ္ဓဝါဒအရ) ဘုရားကလည်း မပိုင်ဘူး၊ ဘယ်သူကမှ မပိုင်ဘူး၊ သူ့ဟာသူ ပိုင်တာပဲ။
သူ ။ ။ မိဘက ဘာကြောင့်မပိုင်သလဲ ဆရာကြီး။
နုပ် ။ ။ ကိုယ့်သားသမီး ဆိုပြီး ကိုယ် သတ်ပစ်နိုင်ခွင့် ရှိသလား။
သူ ။ ။ ဟုတ်ပေတယ် ဆရာကြီး နို့ အစိုးရကော ခင်ဗျာ။
နုပ် ။ ။ အစိုးရက ဘာပြုလို့ ပိုင်ရမှာလဲ၊ အများကောင်းစေဘို့အတွက် လုပ်ထားတဲ့ဥပဒေတစ်ခုကို လူတစ်ယောက်ယောက်က ဖေါက်ဖျက်လျှင် အစိုးရက ထိုလူကို အရေးယူနိုင်ခွင့် ရှိပါစေလို့ အများသဘောတူ သတ်မှတ်ထားခြင်းမျှသာ ဖြစ်တယ်၊ အစိုးရက လုပ်လေသမျှဟာ တိုင်းသူပြည် သား အတွက်ချည်း ဖြစ်စေရမယ်၊ အများအကျိုးအတွက် တစ်ယောက်ကို ခိုင်းစေနိုင်ခွင့် ရှိချင်ရှိမယ်၊ အစိုးရရဲ့ သဘောအတိုင်း လူတစ်ယောက်ကို သတ်ပစ်နိုင်ခွင့် မရှိစကောင်းဘူး။
သူ ။ ။ သတ်ပစ်လျှင်ကော ဆရာကြီးရယ်။
နုပ် ။ ။ သတ်ပစ်တယ်ဆိုလျှင် အနိုင်ကျင့်ခြင်းသာ ဖြစ်ရမယ်၊ မှန်ကန်တဲ့ အခွင့်အရေးတော့ မဟုတ်နိုင်ပေဘူး။
သူ ။ ။ ဘုရားကကော မပိုင်ဘူးလား ဆရာကြီးရယ်။
နုပ် ။ ။ ဂေါတမဗုဒ္ဓ သည် သူ၏ တပည့်သားသံဃာများကို ပိုင်တော်မူတယ်၊ သစ္စာလေးပါး တရားမင်းဖြစ်တယ်လို့ ဗုဒ္ဓဘာသာဝင်များက ယုံကြည် ကြတယ်၊ သို့သော် လူပုဂ္ဂိုလ်တွေကိုတော့ ပိုင်တယ်လို့ မဆိုနိုင်ဘူး၊ တရား နည်းလမ်းကိုသာ ညွှန်ပြတော်မူတယ်။ သည်ဟာကိုမလုပ်ရ ဘူး၊ ဟိုဟာကို ရှောင်ကြဉ်ရမယ်လို့ အမိန့်ပေးနိုင်ခွင့်မရှိဘူး၊ တပည့်သံဃာများကိုတော့ အမိန့်ပေးနိုင်ခွင့် ရှိတယ်လို့ အသိအမှတ် ပြုကြတယ်။
သူ ။ ။ ရဟန်းတွေ အပေါ်မှာတော့ ဘာကြောင့် အမိန့်ပေးနိုင်ခွင့်ရှိပါသလဲ ဆရာကြီး။
နုပ် ။ ။ ရဟန်းများမှာတော့ ဗုဒ္ဓ၏ အရေကိုခြုံပြီး ဗုဒ္ဓ၏ နာမတော်ကို အသုံးပြုကာ လူအများထံမှ ပစ္စည်းလေးပါးတို့ကို အလှူခံပြီး ဘုဉ်းပေး သုံးဆောင်နေကြခြင်းဖြစ်လို့မို့ ဗုဒ္ဓရဲ့ စကားတော်ကို နားမထောင်နိုင်ဘူးဆိုပြီး ကပ်ဖဲ့လုပ်ရင်တော့ ဆရာက ရဟန်းရယ်လို့ အရိုအသေ မပေးချင် တတ်ဘူး။
သူ ။ ။ လူကို ထာဝရဘုရားသခင်က ပိုင်တယ်ဆိုဆရာကြီး။
နုပ် ။ ။ ခရစ်ယာန်ဘာသာဝင်များ အဆိုကတော့ သည်လိုပဲ ယုံကြည်ကြတယ်၊ ဒါကြောင့် ခရစ်ယာန်အစိုးရများက ကိုယ့်ကိုယ်ကို သတ်သေ သော လူတစ်ယောက်သည် ဘုရားသခင်က ပေးသနားတော်မူခဲ့တဲ့ အသက်ဝိညဉ်ကို ဖျက်ဆီးပစ်ခြင်းအားဖြင့် ဘုရားသခင်ကို စော်ကားရာရောက် တယ်လို့ ယူဆကြတဲ့ အတွက် မိမိကိုယ်ကို လုပ်ကြံသူအား (အသက်မသေပဲ ရှိခဲ့လျှင်) အပြစ်ဒဏ်ခတ်ဘို့ ဥပဒေလုပ်ထားကြတဲ့ လက္ခဏာရှိတယ်။
သူ ။ ။ ဗြိတိသျှ အစိုးရဟာ ခရစ်ယာန် အစိုးရဖြစ်တဲ့ အတွက် ဒီဥပဒေမျိုး လုပ်ထားခဲ့လျှင် ဗုဒ္ဓဘာသာ မြန်မာအစိုးရတစ်စုက ၎င်းဥပဒေ အတိုင်း ဆက်လက်ကျင့်သုံးဘို့ မလိုတော့ဘူးပေါ့ ဆရာကြီး။
နုပ် ။ ။ ဒါကြောင့် ဆရာလည်း ရေးခဲဘူးတယ်။ လူသည် မိမိကိုယ်ကို ဘယ်သူမှမပိုင်၊ မိမိသာပိုင်သည်၊ သူတပါးကို မထိခိုက်သမျှ ကာလ ပတ်လုံး ကိုယ်ကြိုက်သလို ပြုနိုင်ခွင့် ရှိတယ်၊ နိဗ္ဗာန်ရောက်အောင် အားထုတ်ချင်ထုတ်၊ နတ်ပြည်ရောက်အောင် လုပ်ချင်လုပ်၊ ဒါမှမဟုတ်လျှင် ငရဲ ပြည်သွားချင်တယ်ဆိုလည်း သွားပေါ့။ ဇိကုပ် နတ်ပြည်တင်တယ်ဆိုတာ မဆီမဆိုင်တဲ့ စကားမျိုးပါ၊ ဦးနုလိုလူမျိုးပြောတတ်တာပဲ။
သူ ။ ။ ကိုယ့်ကိုယ်ကို သတ်သေခြင်းဟာ ငရဲကြီးတယ်ဆို ဆရာကြီး။
နုပ် ။ ။ ကိုယ်ပိုင်တဲ့ ပစ္စည်းကို ကိုယ့်သဘောအတိုင်း လုပ်ခွင့်ရှိပါတယ်။ သူတပါးရဲ့ ပစ္စည်းကို ဖျက်ဆီးမှ သံသရာအပြစ်ရော လောကအပြစ်ပါ ရှိတယ် ဆိုခြင်းဟာ ဓမ္မသဘာဝပဲ။
သူ ။ ။ အဖန်ငါးရာ ငါးကမ္ဘာတို့ အပါယ်ကျတယ်ဆိုတာတို့က ဘယ်လိုလဲ ဆရာကြီး။
နုပ် ။ ။ အပါယ်ငရဲကျတဲ့လူမျိုးဟာ ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် မဟုတ်ပါဘူး။ ဒေါသဇောနဲ့ အသက်ဝိညဉ် ချုပ်ရခြင်းကြောင့် ဖြစ်ပါတယ်။
သူ ။ ။ ဆရာတက်တိုးက ရေးထားတယ်၊ ကိုယ့်ကိုယ်ကို သတ်တဲ့လူများဟာ စိတ်ရူးပေါက်သွားလို့ သတ်တာတဲ့၊ သတ္တဝါဟာ သေရမှာကို အလွန် စိုးရိမ်တတ်တဲ့ သဘာဝ ရှိတယ်၊ မိမိကိုယ်ကို သတ်ချင်ပါတယ်ဆိုတာ ရူးသွပ်သွားလို့ တဲ့ ဆိုထားတယ်ခင်ဗျ။
နုပ် ။ ။ တက်တိုးက အနောက်တိုင်း ဆေးပညာအရ ပြောခြင်း ဖြစ်ပါလိမ့်မယ်၊ သူက ဗဟုသုတ မစုံလို့ပါ။ ကျမ်းဂန်နဲ့ မကိုက်ပါဘူး။
သူ ။ ။ ကျန်းဂန်က ဘယ်လိုဆိုသလဲ ဆရာကြီး။
နုပ် ။ ။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန်းငါးကျိပ်ဟာ ခန္ဓာဝန်လေးလှတယ်လို့ မြင်လာပြီး တမင်တကာ အသတ်ခံကြဖူးတယ်လို့ ကျန်းဂန်မှာ ပါတယ်။ ဗုဒ္ဓဘာသာအရ အာသဝေါကင်းလို့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ရူးသွပ်ခြင်းမရှိနိုင်ဘူးတဲ့၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့တော့ ရူးသွပ် လို့ သတ်သေတယ်ဆိုခြင်းကို လက်ခံလို့ မဖြစ်ပေဘူးထင်တယ်။
သူ ။ ။ ဒီဥပဒေလုပ်ခဲ့တဲ့ လူများဟာ Common Sense မရှိဘူးဆိုတာ ဘယ်လိုလဲဆရာကြီး။
နုပ် ။ ။ အစိုးရဆိုတာမျိုးဟာ တိုင်းသူပြည်သားကို ခြောက်ပြီးဆုံးမရတဲ့ ကိစ္စမျိုးရှိတယ်၊ ချော့ပြီးဆုံးမရမည့် နေရာမျိုးလည်းရှိတယ်၊ နေရာတိုင်း မှာ ခြောက်ရတာ မဟုတ်ဘူး။
သူ ။ ။ ဘယ်လိုလဲဆရာကြီး။
နုပ် ။ ။ စားစရာမရှိလို့ သို့မဟုတ် ကြိုက်တဲ့မိန်းမ မရလို့ သို့မဟုတ် တစ်စုံတစ်ခုကြောင့် စိတ်ညစ်လို့ သေကြောင်းကြံတဲ့ လူမျိုးကို (အကြံမအောင်တဲ့အခါမှာ) ဒဏ်ပေးလို့ ဘာအကျိုးရှိသလဲ။ သည်ကိစ္စမျိုးကျတော့ အစိုးရက ချော့ချော့မော့မော့နဲ့ နားဝင်အောင်ပြောပြီး သူ့စိတ်ညစ်မှု ပြေပျောက်အောင် ကူညီပေးခြင်းကသာ နည်းလမ်းမှန်တယ်၊ သည်လူမျိုးကို အပြစ်ပေးတယ်ဆိုခြင်းဟာ နောက်တစ်ခါကြံလျှင် မသေမရှင် ဖြစ်မနေစေနဲ့ သေအောင်လုပ်လို့ တိုက်တွန်းခြင်းနဲ့ ဘာထူးသေးသလဲ၊ ဥပဒေလုပ်ခဲ့ကြတဲ့ လူတွေဟာ သဘာဝအကြောင်း လူ့စိတ် အကြောင်း ကောင်းကောင်း နားမလည်ကြဘဲ ဟာကိုး။ (သွေးသောက် ၊ ဇူလိုင် ၊ ၁၉၆၃)
အထက်ပါ စာစုမှာ မိမိကိုယ်ကို သတ်သေကြသူများအပေါ် ဆရာကြီးရွှေဥဒေါင်း၏ အမြင်ဖြစ်ပါသည်။
ကုသ၍ မရသော ရောဂါပိုးဖြစ်သည့် HIV ဗိုင်းရပ်စ် သည်ဆောင်သူများအတွက်တောင် နှစ်သိမ့်ဆွေးနွေးပညာပေးဆိုသော အစီအစဉ် ရှိပါသည်။ လောကတွင် ဆက်မနေချင်တော့လောက် အောင် စိတ်ညစ်နေသူတစ်ယောက်ကို ထောင်ချလိုက်ရုံဖြင့် ပြသနာ ပြေလည်သွားမည်ဟု ကျွန်တော်မထင်ပါ။ နှစ်သိမ့်ဆွေးနွေး ပညာပေး အစီအစဉ် လုပ်ပေးသင့်သည်ဟု ကျွန်တော် ထင်ပါသည်။
22 comments
blackchaw
October 31, 2011 at 4:12 pm
သူကြီးရေ။
မိမိကိုယ်ကို သတ်သေချင်စိတ် ပေါက်သွားပါတယ်ဗျာ။
မြန်မာ့ ကော်နက်ရှင်၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့်
ပို့စ် နှစ်ခုဖြစ်သွားပါတယ်။ မစုံသောပို့စ်ကို ဖျက်ပေးပါဦးခင်ဗျာ။
GreeNSheeP
October 31, 2011 at 8:32 pm
တစ်နှစ်လောက်ပဲ စောင့်လိုက်ပါ ကိုblackchaw ရေ
သတ်တော့ မသေလိုက်ပါနဲ ့ဦး
ဆူး
October 31, 2011 at 4:22 pm
ငယ်ငယ်က စိတ်ထဲမှာ မွမ်းကျပ်လွန်းတဲ့ အခါနဲ့ ကြုံရင် ငါသေသွားရင် သိပ်ကောင်းမှာပဲ ဒီလောကကြီးမှာ အသက်ဆက်ပြီးတော့ကို မရှင်ချင်တော့ဘူးလို့တော့ ခဏခဏ တွေးဖူးတယ်။
koyinmaung
October 31, 2011 at 4:34 pm
(မိမိကိုယ်ကို သတ်သေချင်စိတ် ပေါက်သွားပါတယ်)
အောင်မလေး…ရွာထဲသရဲချောက်နေပါ့အုံးမယ်…
ကောင်းတယ်ကိုဘလက်ချေားရေ…
ဗဟုသုတပါရတယ်..
နောက်မှဆရာကြီးရဲ့စာအုပ်တွေရှာဖတ်အုံးမယ်….
မိုးပွင့်ဖြူ
October 31, 2011 at 4:55 pm
အတွေးတခုရသွားပါပြီ
အရင်ကမသိတဲအကြောင်းကိုသိသွားတဲအတွက်ကျေးဇူပါ….
အခုစာအရင်ကအတွေးနဲမတူတော့ဘူ အသက်ပဲကြီးလာလိုလား စာတွေပဲဖတ်မိလိုလားတောသိဘူး
အရင်က တရားတော်တွေဆိုအကုန်လက်ခံပြီး တရားနာတယ် အခုတောဖြစ်နိုင်လားမဖြစ်နိုင်လားစဉ်းစားမိနေတယ်…
“ဘီလူးကြီး”ogre
October 31, 2011 at 5:24 pm
ကိုယ့်ကိုကိုယ် သတ်သေတဲ့သူကိုမသေရင်
“အရူးထောင်”ကိုပဲပို့လိုက်သင့်တယ်
အခုတော့ စိတ်ကျမ္မာရေးဆေးရုံပေါ့ဗျာ..ထောင်ချတော့ရောဘာထူးမှာမို့လဲ
nature
October 31, 2011 at 6:09 pm
ကိုယ်ကိုယ်ကို သတ်သေခြင်းဟာ လောကဓံ ကို မခံနိုင်လို့ အရှုံးပေးခြင်းတမျိုးပါပဲ။ သေရင်ကိစ္စပြတ်ပြီလို့ ယူဆသူများပါတယ်။ ဒေါသနဲ့သေရင် အခုခံစားနေရတဲ့ ဒုက္ခထက် အဆထောင်သောင်းမကဆိုးတဲ့ ငရဲကို ရောက်စေနိုင်ပါတယ်။
thit min
October 31, 2011 at 6:14 pm
သတ်သေနည်းတွေညွန်းထားတဲ့ ဝက်ဆိုဒ်တွေရှိတယ်နော်။
ဒီမှာ ကောင်လေးတယောက်ကသူကိုသူသတ်သေတယ်၊ မသေဘူး နောက်အဲဒီ ဆိုဒ်ကနည်းတွေရတယ်လို့ပြောလို့
တော်တော် ဂယက်ရိုက်သွားတယ်။
လက်ရှိအနေအထားကတကယ်တမ်းသေတာထက်ဆိုးတယ်လို့ ခံစားရလို့သတ်သေတာရယ်။
ကိုယ့်ကိုကိုယ်မုန်းတီးသွားလို့ သတ်သေတာရယ်လို့ ၂မျိုးရှိတယ်ဆိုဘဲ။
သစ်မင်းကတော့ သတ်တော့မသေဘူး။ လောကမှာ နေချင်စိတ်မရှိတော့ဘူးဆိုရင်တောမှာကလေးတွေကိုစာသွားသင်
ချင်တယ်။အဲဒီလိုဘဲခနခနတွေးမိတာဘဲ။စိတ်ညစ်တိုင်း။သေဘို့တော့မစဉ်းစားပါဘူး။
windtalker
October 31, 2011 at 6:52 pm
ကိုဘလက်ရေ
တစ်ခါမှ မဖတ်ဖူးတဲ့ ဆရာကြီး ရွှေဥဒေါင်း ရဲ ့အမြင်လေးတွေ ကို
ပြန်ဝေမျှ ပေးတဲ့အတွက် ကျေးဇူးပါ ။
မိုက်ကယ်ဂျော်နီအောင်ပု
October 31, 2011 at 6:59 pm
သေတဲ့လူထောင်ချတာ ဘယ်လိုလဲဟင်
ဆူး
November 1, 2011 at 10:08 am
သတိချင်ရင် ထောင်တွေမှာ သွားမေးကြည့် သေတဲ့လူတွေ ဆက်လက် ထိန်းသိမ်းထားတာ နှစ်စေ့လို့ မလွတ်ပေးရင် ထောင်ပိုင်ကို ပြသနာ ရှာတယ် ဆိုလား ကြားဖူးတယ်။
Mr.Know-All
October 31, 2011 at 8:13 pm
“အပါယ်ငရဲကျတဲ့လူမျိုးဟာ ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် မဟုတ်ပါဘူး။ ဒေါသဇောနဲ့ အသက်ဝိညဉ် ချုပ်ရခြင်းကြောင့် ဖြစ်ပါတယ်။”
အဲဒီစာကြောင်းကို သဘောကျတယ်ဗျာ
Shwe Ei
October 31, 2011 at 8:39 pm
ဦးချော ပြောတဲ့ နှစ်သိမ့်ဆွေးနွေးအစီအစဉ်တော့ ထောက်ခံတယ်ဗျာ။
blackchaw
October 31, 2011 at 9:13 pm
@ GreeNSheeP /
ဒီပို့စ်က နှစ်ခု ဖြစ်နေတာသာ ကြည့်ပါတော့ ညီလေးရေ။
ကွန်းမန့်တွေလည်း ညနေက ဝင်ပေးသေးတယ်။ မတက်လာဘူးလေ။
အဲဒါကြောင့် အတိသယဝုတ်တိပြီး သတ်သေချင်စိတ်ပေါက်သွားတယ်လို့ ပြောတာပါ။
@ ဆူး /
အိုင်ဒီယာတစ်ခုရသွားတယ်။ ငါသေသွားရင်ကောင်းမှာပဲ ဆိုပြီး သတ်သေချင်နေတဲ့
လူတွေကိုလည်း HIV ရောဂါပိုးရှိသူတွေလိုပဲ နှစ်သိမ့်ဆွေးနွေး ပညာပေး အစီအစဉ်လေးတွေ
လုပ်ပေးသင့်တာပေါ့။ ရုံးခန်းလေးတွေ ဖွင့်ပြီး ကြုံနေရတဲ့ ဘဝအခက်အခဲတွေကို
နားထောင်ဖြေရှင်းအကြံပေးတာမျိုးပေါ့။ တတ်နိုင်သူတွေ စဉ်းစားသင့်ပါတယ်။
@ koyinmaung /
ကြောင်ကြီး ကျွန်တော့် ပို့စ်မှာ မန်းရင်း ဆရာကြီးရဲ့ စာအုပ်လေးတွေကို
လင့်လေးတွေ ပေးသွားတယ်ဗျ။ ပြန်ကူးပေးလိုက်ပါတယ်။
http://www.vimuttisukha.com/search/label/%E1%80%92%E1%80%AD%E1%80%B1%E1%82%92%E1%80%92%E1%80%AD%E1%82%92%E1%80%99%E1%80%90%E1%81%B1%E1%80%B6 မှာ ရှာကြည့်ပါဗျာ။
@ မိုးပွင့်ဖြူ /
အတွေးတစ်ခုရသွားတယ်ဆိုလို့ ကျေးဇူးပါ။
သူများပြောပြတာကို နားထောင်တာလည်း နားထောင်ပေါ့ဗျာ။
ကိုယ်ပိုင်အမြင်လေးတွေလည်းရှိသင့်တာပေါ့နော။
@ ဘီလူးကြီး /
မိမိကိုယ်ကို သတ်သေလို့ မသေခဲ့ရင် ထောင်ချမယ့် ဥပဒေဆိုတာကြီးက
သတ်ရင် သေအောင်သာသတ် မသေမရှင်လုပ်လို့ကတော့ ထောင်ထဲထည့်ပစ်လိုက်မယ်လို့
ခြိမ်းခြောက်နေတာနဲ့ တူနေတာပေါ့ဗျာ။ အရူးထောင်ကတော့ စိတ်အခြေအနေကိုကြည့်သင့်တယ်
ထင်တာပါပဲဗျာ။
@ nature /
“အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန်းငါးကျိပ်ဟာ ခန္ဓာဝန်လေးလှတယ်လို့ မြင်လာပြီး တမင်တကာ အသတ်ခံကြဖူးတယ်လို့ ကျန်းဂန်မှာ ပါတယ်။ ဗုဒ္ဓဘာသာအရ အာသဝေါကင်းလို့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ရူးသွပ်ခြင်းမရှိနိုင်ဘူးတဲ့၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့တော့ ရူးသွပ် လို့ သတ်သေတယ်ဆိုခြင်းကို လက်ခံလို့ မဖြစ်ပေဘူးထင်တယ်။”
ကိုယ့်ဟာကိုယ် သတ်သေတိုင်းတော့ ငရဲ မရောက်ဘူးဆိုတဲ့ အကြောင်းလေးလည်း ရှာကြည့်ပါဦးမယ်။
တွေ့ရင် ဒီပို့စ်မှာပဲ ကွန်းမန့် နဲ့ ရေးလိုက်ပါ့မယ်။
@ thitmin /
“လောကမှာ နေချင်စိတ်မရှိတော့ဘူးဆိုရင်တောမှာကလေးတွေကိုစာသွားသင်
ချင်တယ်။”
သိတ်ကောင်းတဲ့ အတွေးလေးပေါ့ ကိုသစ်မင်းရေ။
ခင်ဗျားရဲ့ ထွက်ပေါက်လေးက ရိုးရိုးလေးနဲ့ ခမ်းနားပါတယ်ဗျာ။
ကိုငှက် ရဲ့ သီချင်းစာသားလေးက ခင်ဗျားအတွက် အမှတ်တရ ပါဗျာ။
“ကလေးများအားလုံးလည်း စာသင်မယ့် ဆရာကိုမျှော်နေတယ်၊
စာသင်ခုံတွေလည်း ဖယိုဖရဲ ပိုးစားချကိုက်နဲ့၊
ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေဆဲ အသံမမြည်နိုင်ရှာတယ်၊
စာအံသံတွေ ကြားချင်ပါတယ် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်။
ကျေးလက်က ဆရာကိုသစ်မင်းရယ် စိတ်ဓါတ်လေး ဖြူစင်သန့်ရှင်းတယ်
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့ မင်းအတွက်တို့ ဂုဏ်ယူလိုက်ပါတယ်။”
@ ကိုပေ , Mr.Know-All, Shwe Ei /
ကျေးဇူးပါဗျာ။
@ မိုက်ကယ်ဂျော်နီအောင်ပု /
ကိုအောင်ပုရေ။ သေတဲ့ လူကို ထောင်ချတာ မဟုတ်ပါဘူး။
သတ်သေလို့ မသေရင် ထောင်ကျတာ ကိုဆိုလိုတာပါဗျာ။
မိုက်ကယ်ဂျော်နီအောင်ပု
October 31, 2011 at 11:43 pm
အရဂါးနောက်ဒါ ချောဒီး
ပေါက်ဖော်
October 31, 2011 at 9:24 pm
ကိုယ့်အသက်တောင် ကိုယ်မပိုင်ပါကလား ဦးချောရေ
🙄
nigimi77
October 31, 2011 at 11:08 pm
ဆရာတက်တိုးက ရေးထားတယ်၊ ကိုယ့်ကိုယ်ကို သတ်တဲ့လူများဟာ စိတ်ရူးပေါက်သွားလို့ သတ်တာတဲ့၊ သတ္တဝါဟာ သေရမှာကို အလွန် စိုးရိမ်တတ်တဲ့ သဘာဝ ရှိတယ်၊ မိမိကိုယ်ကို သတ်ချင်ပါတယ်ဆိုတာ ရူးသွပ်သွားလို့ တဲ့ ဆိုထားတယ်ခင်ဗျ။
နုပ် ။ ။ တက်တိုးက အနောက်တိုင်း ဆေးပညာအရ ပြောခြင်း ဖြစ်ပါလိမ့်မယ်၊ သူက ဗဟုသုတ မစုံလို့ပါ။ ကျမ်းဂန်နဲ့ မကိုက်ပါဘူး။
သူ ။ ။ ကျန်းဂန်က ဘယ်လိုဆိုသလဲ ဆရာကြီး။
နုပ် ။ ။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန်းငါးကျိပ်ဟာ ခန္ဓာဝန်လေးလှတယ်လို့ မြင်လာပြီး တမင်တကာ အသတ်ခံကြဖူးတယ်လို့ ကျန်းဂန်မှာ ပါတယ်။ ဗုဒ္ဓဘာသာအရ အာသဝေါကင်းလို့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ရူးသွပ်ခြင်းမရှိနိုင်ဘူးတဲ့၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့တော့ ရူးသွပ် လို့ သတ်သေတယ်ဆိုခြင်းကို လက်ခံလို့ မဖြစ်ပေဘူးထင်တယ်။
================================================
ကိုချောရေ
ကျွန်တော် ပြောချင်တာကတော့ တခွန်းပဲ။
နွားခြေရာခွက် အထဲက ရွှေဥဒေါင်း လို ့ပါ။
မိုက်ကယ်ဂျော်နီအောင်ပု
October 31, 2011 at 11:42 pm
( နုပ် ။ ။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန်းငါးကျိပ်ဟာ ခန္ဓာဝန်လေးလှတယ်လို့ မြင်လာပြီး တမင်တကာ အသတ်ခံကြဖူးတယ်လို့ ကျန်းဂန်မှာ ပါတယ်။ ဗုဒ္ဓဘာသာအရ အာသဝေါကင်းလို့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ရူးသွပ်ခြင်းမရှိနိုင်ဘူးတဲ့၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့တော့ ရူးသွပ် လို့ သတ်သေတယ်ဆိုခြင်းကို လက်ခံလို့ မဖြစ်ပေဘူးထင်တယ်။ )
ဒီအကြောင်းကို ဆရာကြီး ဘယ်စာအုပ်က ဖတ်ဘူးတာပါလိမ့် ? 🙁
ဖတ်ဘူးတာကတော့ မြတ်စွာဘုရားရှင်မရှိခိုက် မာန်နတ်ကဘာညာကွိကွဝင်နှောက်လို့
ပုထုဇဉ်ရဟန်းတွေ ခန္ဓာ့ဝန်ကို ငြီးငွေ့လို့ သံလျှက် နဲ့ကိုယ့်လည်ပင်းကိုယ်ပြန်လှီးကြတယ်ဆိုတာဘဲ
စာအုပ်ထည်းမှာ
ရဟန္တာတွေက ကိုယ့်ခန္ဓာလေးလို့ ခန္ဓာဝန်ကျစေခြင်းငှာ
သူတစ်ပါးကို မိမိခန္ဓာဖျက်ဆီးခွင့်ပေးလို့ ဥပက္ခာပြုတယ်ဆိုတာ
အဘိဓမ္မာနဲ့ မငြိဘူးဖြစ်နေတယ်
အနီးစပ်ဆုံးကတော့ အရှင်မောဂ္ဂလန်က ပထမတော့ သူလည်းထွက်ပြေးတာဘဲ 😀
မလွတ်လို့သာခံလိုက်ရတာ
ကြည့်ရတာ အဲ့သည်အကြောင်းကို ဆရာကြီးရေးနေတဲ့အချိန်
နည်းနည်းမှန်နေပုံရဒယ် အေ့
မင်းပြည့်ရှိန်
November 1, 2011 at 12:37 am
ဘဝတဏှာ…… ဝိဘဝတဏှာ တဲ့
ဘဝကို မက်မောတွယ်တာနေတာလည်း မကောင်း…
ဘဝမှာ မပျော်လို့ ဘဝ ပျက်စီးခြင်းကို လိုလားတာလည်း မကောင်း..
ဘဝ…ရယ်လို့ဖြစ်လာတာ… အလကားရလာတာမှ မဟုတ်…
စားခဲ့.. သောက်ခဲ့.. ပါခဲ့.. ပေါက်ခဲ့တာပေါ့…..
ဒီတော့ကာ အစားခံ အသောက်ခံခဲ့ရတဲ့…. အကောင်ပလောင်.. အသီးအရွက်တွေကို အားနာသော အားဖြင့်
အပါခံ… အပေါက်ခံ ခဲ့ရသော.. မြေကြီးကို လေးစားသောအားဖြင့်..
ဖြစ်တည်လာသော ဘဝတစ်ခုကို အလဟဿ မကုန်ဆုံးစေအပ်..
ကောင်းသည်..ဖြစ်စေ… ဆိုးသည်..ဖြစ်စေ.. လုပ်ချင်တာလုပ်ပြီး.. လောကကို ဖြည့်ဆည်းအပ်၏..
ဒီတော့ကာ…
ပျော်လို့ဖြစ်စေ.. စိတ်ညစ်လို့ဖြစ်စေ…. ရူးလို့ဖြစ်စေ….
မိမိကိုယ်ကိုယ် အဆုံးစီရင်သော… အသိဉာဏ်ရှိ လူသား မည်သူ့ကို မဆို…..
စားပြီး နားမလည်.. သောက်ပြီး နားမလည်..
ပါပြီး နားမလည်..ပေါက်ပြီး.. နားမလည်..
မိဘကို ပူဆွေးစေ.. အပေါင်းအသင်းနှင့် အဆွေအမျိုးတို့ကို စိတ်ဆင်းရဲစေ..
ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေ…. သဖြင့်…
ထိုထိုသော အဖြစ်အပျက်တို့… အလွယ်တကူ မဖြစ်စေခြင်းငှာ…… မိမိကိုယ်ကို အသက်သေဆုံးစေရန် အဆုံးစီရင်သော ထိုပုဂ္ဂိုလ်ကို….. သေလျှင်တော့ ရှိစေတော့…. မသေလျှင်တော့ဖြင့်….
ထောင်သွင်း အကျဉ်းချ အပြစ်ပေးခြင်းဖြင့် ဖြစ်စေ… သေဆုံးလိုသည်မှာ သေချာလျှင် ..မသေမချင်း သားရေကွင်းနှင့်ပစ်၍ သေဒဏ်ပေးခြင်းဖြင့်… ဖြစ်စေ… အပြစ်ပေး.. အရေးယူသင့်ပါပေသည်လို့…
ထင်မိ မြင်မိပါသဗျ….
(မိမိကိုယ်ကို သတ်သေရင်း သေသွားသူများကိုလည်း.. အလဟဿ မဖြစ်စေခြင်းငှာ.. မိကျောင်းစာ၊ ဠင်းတစာ ကျွေးခြင်းဖြင့်..အကောင်ပလောင်တို့၏ ပြန်အစားခံစေခြင်းဖြင့်…ပြစ်ဒဏ်ပေးသင့်ပါကြောင်း)
ကြောင်ကြီး
November 1, 2011 at 10:40 am
{{{နုပ် ။ ။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန်းငါးကျိပ်ဟာ ခန္ဓာဝန်လေးလှတယ်လို့ မြင်လာပြီး တမင်တကာ အသတ်ခံကြဖူးတယ်လို့ ကျန်းဂန်မှာ ပါတယ်။ ဗုဒ္ဓဘာသာအရ အာသဝေါကင်းလို့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ရူးသွပ်ခြင်းမရှိနိုင်ဘူးတဲ့၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့တော့ ရူးသွပ် လို့ သတ်သေတယ်ဆိုခြင်းကို လက်ခံလို့ မဖြစ်ပေဘူးထင်တယ်။}}}}}
ကာမကိလေသာကို စက်ဆုပ်တဲ့ သန့်ရှင်းစင်ကြယ်တဲ့ ဗြဟ္မာဘဝလိုကျတဲ့ ရဟန်းအချို့ ပထမဈာန်တည်လိုက် ပြန်ပြုတ်ကျသွားလိုက်နဲ့ ဖြစ်နေလို့ (ကိုယ့်အခြေအနေကိုယ် အသိဆုံးလို့ နားလည်ကြည့်ပါ) သမာဓိအမြင့်ဆုံးဖြစ်နေခိုက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ စာထဲမှာ ဖတ်ဖူးတယ်။ အဲဒါများ ဖြစ်မလားမသိဘူး။ အဲဒီနောက်ပိုင်းမှာ ရဟန်းတော်များ ကိုယ့်ကိုယ်ကို သတ်သေရင် ဝိနည်းအာပတ်အကြီးသင့်စေလို့ မြတ်စွာဘုရား ပညတ်ထုတ်ခဲ့ရတယ် ပြောတယ်။ သေသွားတဲ့ ရဟန်းများကတော့ ဝိနည်းလွတ်သွားတာမို့ သူတို့ရည်မှန်းရာ ဘုံကိုရမယ်ထင်ပါတယ်။ ဈာန်စိတ်နဲ့ သေကြတာကိုး။ စာထဲတော့ ရေးမထားပါ။ ဘုရားက ဘဝတဏာ၊ ဝိဘဝတဏာ နှစ်မျိုးစလုံးကို ရှုံ့ချထားတယ်။ ထိုပုဂ္ဂိုလ်များ ရဟနာ္တဟုတ်မဟုတ် ဆိုတာကို တတ်သိနားလည်များ ကျမ်းအကိုးအကားနဲ့ ရှင်းနိုင်မယ်ထင်ပါတယ်။ နှောင်းလူများ ကိုယ့်စိတ်ကြိုက် ပြင်တယ်လို့ အဓမ္မဝါဒီများ မကြာခဏ စောဒက တက်တာတွေ့ဖူးလို့ပါ။ ပြောရရင် နှစ်ချက်ပါ။ (၁) အရိယာ ဟုတ်မဟုတ် (၂) ဝိနည်းအနေနဲ့ ပညတ်ပြီးမှ ဟုတ်မဟုတ် ဖြစ်ပါတယ်။ ကျနော်ကတော့ အရိယာ မဖြစ်နိုင်၊ ဝိနည်းထဲထည့် မပညတ်ခင် ဖြစ်တယ်ထင်ပါတယ်။ ပေါက်ကရ ဝေဖန်လိုသူများ အဲဒီရဟန်းတော်များလို ပထမဈာန် မပြောနဲ့ တမိနစ်လောက် စိတ်ပျံ့လွင့်မှုမရှိ သမာဓိတည်နိုင်အောင် အရင်ကြိုးစားကြည့်ပါလို့ သတိပေးချင်တယ်။
သတ်သေဖို့ကြိုးစားသူများကို နှစ်သိမ့်အကြံပေးနည်းသုံးတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဘယ်မျာလည်း ငွေ၊ ဆရာဝန်၊ နည်းပညာ၊ အဆောက်အအုံ၊ ဆေးဝါး။ နောက်တခုက ဒီလို ဖြစ်ရပ်မျိုးသိပ်များရင် အစိုးရမှာ ကုန်ကျစားရိတ်များတယ်၊ အများပြည်သူ အခွန်ဘဏ္ဍာ ပြုန်းတီးတယ်၊ အလုပ်ရှုပ်တယ်။ နောက်တခုက အစိုးရဖြစ်မှတော့ သူ့စကား အာဏာတည်အောင် ခြိမ်းချောက်ဟောက်ဟမ်းရတယ်။ ဒါမှ လူလေးစားမှာကိုး။ လက်တွေ့မှာလည်း တော်ရုံအမှုဆို စိတ်ဆရာဝန်ဆီ အပ်လိုက်တာ များပါတယ်။ တပူပေါ် နှစ်ပူဆင့် ဘယ်သူမှ မလုပ်ချင်ကြဘူးလေ…။
etone
November 1, 2011 at 1:32 pm
ကိုချောကလက်ပြောသလိုပါပဲ … မိမိအသက်ကို မိမိသာ ပိုင်သင့်ပါတယ် … ။
သေကြောင်းကြံတာ မအောင်မြင်လို့ မသေပဲ ပြန်ရှင်လာသူကို ထောင်တော့ မချသင့်ဘူး … ဥပဒေငြိစွန်းရအောင်လည်း သူများကို သွားသတ်တာမှ မဟုတ်ပဲ …သူပိုင်ဆိုင်တာကို သူ့သဘောအတိုင်းလုပ်ခွင့်ပေးတာလေ …. ။ သက်သေပြီးမှ မပေပဲ ပြန်ရှင်လာသူတွေကို သတိ္တရှိတဲ့ ဆုတောင်ပေးသင့်သေးတာ .. လူတိုင်း မသေရဲကြဘူး … ပျော့ညံ့တယ်ပဲ ဆိုဆို … ရှောင်ပြေးတယ်ပဲပြောပြော … အခက်ခဲဆုံးလမ်းကို ရွေးချယ်ရဲတဲ့ သတိ္တကတော့ လေးစားတယ် … ။ 🙂
blackchaw
November 2, 2011 at 3:33 pm
“ကျွန်တော် ပြောချင်တာကတော့ တခွန်းပဲ။
နွားခြေရာခွက် အထဲက ရွှေဥဒေါင်း လို ့ပါ။”
ကျွန်တော်တော့ အဲဒီလိုမထင်ဘူး နိဂိမိရေ။
ဆရာကြီးက မိရိုးဖလာ အစဉ်အလာ ဆိုတိုင်း
လက်မခံတတ်တာပါ။ သူ့ဉာဏ်နဲ့ သူ
စဉ်းစားဆင်ခြင်ပြီး လက်ခံသင့်မှ လက်ခံတတ်တဲ့
လူတစ်ယောက်ပါ။ သူ့ အတွေးအခေါ်တွေကို သေချာဖတ်ကြည့်ပါ
နည်းနည်း အထင်လွဲစရာ ဖြစ်နေပေမယ့် သူတွေးသမျှလေးတွေကလည်း
လက်ခံချင်လောက်အောင် လှပါတယ်ဗျာ။
ဒီပို့စ်မှာ ကျွန်တော် အဓိကပြောချင်တာက
မိမိ ကိုယ်ကို သတ်သေလို့ မသေတဲ့ လူကို ထောင်ချသင့်သလား မသင့်ဘူးလား
ဆိုတာကိုပါ။ ဒါကို ကျွန်တော်က ဆရာကြီးရဲ့ ဆောင်းပါးကို အသုံးပြုလိုက်မိတာပါ။
ခင်ဗျားရော ထောင်ချပစ်လိုက်သင့်တယ်လို့ထင်သလားဗျ။