(အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ)

koyinmaungNovember 4, 20111min1915

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းသည်
ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာရွာသားများသိရှိစေရန်ဧရာဝတီဆိုဒ်ထဲမှဆောင်းပါးရှင်(အောင်လင်းထွဋ် )ရဲ့ဆောင်းပါးလေးကိုကူးယူတင်ပေးလိုက်ပါတယ်…

တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာစစ်တပ်သည် အပြစ်မဲ့အရပ်သား နို့စို့ကလေးနှင့်
အမျိုးသမီးများပါမကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူသည်
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်း ဖြစ်သည်။

ဝန်ကြီး ဦးဇော်မင်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၁၅) ကျောင်းဆင်း အရာရှိတဦး ဖြစ်သည်။ စွမ်းဆောင်ရည် ထက်ထက်မြက်မြက် မရှိသောကြောင့် စစ်တက္ကသိုလ်အပတ်စဉ်
(၁၅) ကျောင်းဆင်းများအနက် အတော်နောက်ကျမှ ဗိုလ်မှူးကြီးရာထူးကို ရခဲ့သူဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး မလုပ်လိုသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဖြုတ်ခံရသူ၊ စစ်တက္ကသိုလ်အပတ်စဉ် (၁၈) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၏ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှု တပ်မမှူးလက်အောက်တွင် ခရစ္စတီးကျွန်း စစ်ဆင်ရေး၌ ဗျူဟာမှူးအဖြစ် လူသတ်သမားတာဝန်ကို ယူခဲ့သည်။ ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့်
အပြစ်မဲ့အရပ်သား ၈၁ ဦးကို သတ်ခဲ့သည့်အတွက် ဗိုလ်မှူးကြီး ဇော်မင်းအား ချီးမြောက်သည့်အနေဖြင့် တပ်ချုပ်ကြီးမှ မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရာထူး ခန့်အပ်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သမဝါယမဝန်ကြီးရာထူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူးရာထူးတို့ကို ရခဲ့သည်။
ထို့နောက် နအဖ စစ်အစိုးရခေတ်မှ ယနေ့အထိ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ရာထူးကို ဆက်ရထားသူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးမျိုးနီးစပ် တော်သယောင်၊ နီးစပ်သယောင် ဝန်ကြီးအသိုင်းအဝန်းအတွင်း သတင်းလွှင့်ထားပါသည်။

ခရစ္စတီးကျွန်း စစ်ဆင်ရေးအတွင်း လူအစုလိုက်အပြုံလိုက် သတ်ခဲ့မှုသည် မည်သို့မျှ ငြင်းမရနိုင်သည့် ဖြစ်စဉ်တခု ဖြစ်နေသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါဝင် စစ်ခေါင်းဆောင်များသည် တစ္ဆေခြောက်နေသလို ခံစားနေရဆဲဖြစ်ပါသည်။ နဂိုကြောက်စိတ်အခံရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့အချိန်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်ကင်တားနား၏
ကမာ္ဘ့နိုင်ငံကြီးအများစုက ထောက်ခံမှုပေးထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို အထူးစိုးရိမ်ကြောင့်ကြနေသည့်အတွက်
အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဇော်မင်းလို လူစားမျိုးကို မွေးထားရဆဲဖြစ်သည်။

အလျဉ်းသင့်၍ ခရစ္စတီးကျွန်း စစ်ဆင်ရေးအကြောင်း ပြန်ပြောင်းတင်ပြရလျှင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းပေးလိုက်သော ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွင် ခေါင်းဆောင်ကို
ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း၊ အဖွဲ့ဝင် (၁) ကို ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ
ဗိုလ်ချုပ် မြင့်ဆွေ (လေ)၊ အဖွဲ့ဝင် (၂) ကို စစ်ရေးချုပ်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်တို့အား တာဝန်ပေးခဲ့သည်။

စစ်ဆင်ရေးတွင် တပ်မတော်ကြည်းမှ ကော့သောင်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်း (လက်ရှိ လျှပ်စစ် (၁) ဝန်ကြီး)၊ အမှတ် (၂၆၂) ခြေလျင်တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးတင်
(နောက်ဆုံးသိရသရွေ့ ညွှန်ကြားရေးမှူး၊ စက်မှု (၁) ဝန်ကြီးဌာန)၊ အမှတ် (၄၀၅) ခြေမြန်တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဝင်းဆွေ (နောက်ဆုံး သိရသရွေ့ စစ်ဗျူဟာမှူး) တို့ ပါဝင်သည်။
ရေတပ်မှ ဇာဒက်ကြီး ရေတပ်စခန်းမှူး ဒု ဗိုလ်မှူးကြီး မောင်မောင်သစ် (နောက်ဆုံးသိရသရွေ့ ဒု ဌာနချုပ်မှူး၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်) ဦးစီးသော စစ်သင်္ဘောအုပ်စု၊
တပ်မတော်လေမှ ရဟတ်ယာဉ် (၂) စီး ပူးပေါင်းပါဝင်ခဲ့ကြသည်။ စစ်ဦးစီးအရာရှိများအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူး တင့်ဆန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ
ဗိုလ်မှူး မောင်မောင်လတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ဗိုလ်မှူး မောင်မောင်သန်း၊ တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်မှူး အောင်လင်းထွဋ် ပါဝင်ခဲ့ပါသည်။

ဗိုလ်မှူးကြီး ဇော်မင်းနှင့် စစ်ကြောင်းများ ခရစ္စတီးကျွန်းပေါ် ရောက်သည်နှင့် ကျွန်းပေါ်တွင် ရန်သူမတွေ့ရဘဲ ကော့သောင်းဧရိယာမှ ထင်းခုတ်နေကြသော အမျိုးသမီး၊ အမျိုးသား ၅၉ ဦး (မွေးကင်းစ ကလေးငယ်လေးတဦး အပါဝင်) ကို တွေ့ရှိကြောင်း ဗိုလ်မှူးကြီး ဇော်မင်းက ကွပ်ကဲရေးအဖွဲ့သို့ သတင်းပို့သဖြင့် ရန်သူမဟုတ်လျှင် ဘာမျှမလုပ်ရန် အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းက အမိန့်ပေးခဲ့ပါသည်။ ဆက်လက်၍ ကကကြည်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ ဆက်လက်တင်ပြခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ဦးစီးသော အဖွဲ့ဝင်များနှင့် စာရေးသူတို့၏ Staff များသည် ခရစ္စတီးကျွန်းပေါ်သို့ ၂ ခေါက်၊ ၃ ခေါက် ရောက်ရှိခဲ့ဖူးပြီး ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ကိုယ်တိုင် ပါလာသောမုန့်များကို ကလေးငယ်များအား ကြင်နာသနားစွာ ကျွေးခဲ့ပါသေးသည်။ ထိုစဉ် ဗိုလ်မှူးကြီး ဇော်မင်းသည် မနှစ်မြို့ဟန် အမူရာကို မြင်ခဲ့ရသည့်အတွက် စာရေးသူကိုယ်တိုင် ဒီလူ လူမှဟုတ်ရဲ့လားဟု စိတ်ထဲမှကြိတ်၍ မှတ်ချက်ချခဲ့ဖူးပါသည်။

နောက်ဆုံးတခေါက် ခရစ္စတီးကျွန်းကပြန်ပြီး မကြာခင် ညဘက် ၉ နာရီတွင် ကကကြည်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ ကြေးနန်းတစောင် ရောက်လာပါသည်။ ကကကြည်းမှ ဗိုလ်မှူး တင့်ဆန်းက အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းထံ တင်ပြရာ မျက်စိမျက်နှာပျက်သွားသည်ကို ကျနော်တို့ သတိထားမိလိုက်သည်။

ဗိုလ်မှူး တင့်ဆန်းကို မေးကြည့်သောအခါ ခရစ္စတီးကျွန်းပေါ်ရှိ အရပ်သားအားလုံး တယောက်မှ အရှင်မထားဘဲ သတ်ပစ်ရန်အမိန့်ဟု သိလိုက်ရသည်။ သို့နှင့် ညတွင်းချင်း အဖွဲ့ခေါင်းဆောင်က အားလုံးကိုခေါ်၍ သတ်မိန့်ကို ရှင်းပြရာ အများစုက စိတ်မကောင်းကြပါ။ လေတပ်တာဝန်ခံ ဗိုလ်ချုပ် မြင့်ဆွေ (လေ) က ပုတီးသမားဖြစ်၍ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ညဘက် အရက်များပြီး မူးမူးနှင့် မှား အမိန့်ပေးသည်ဟု သုံးသပ်ကာ မနက်အမူးပြေချိန်တွင် ပြန်မေးသင့်သည်ဟု တင်ပြသည်။ ကြည်းတပ် တာဝန်ခံ ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်ကမူ ပြန်မေးမနေရန်နှင့် အမိန့်အတိုင်း ဗိုလ်မှူးကြီး ဇော်မင်းကို ဆက်လက်ညွှန်ကြားရန် အဆိုပြုသည်။ နောက်ဆုံး တပ်မတော် ရေနှင့် လေက မဲများသည့်အတွက် နောက်တနေ့ နံနက်တွင် စစ်ရုံးချုပ်သို့ မေးရန် အတည်ပြုလိုက်ကြသည်။

နောက်တနေ့ နံနက်တွင် အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းကိုယ်တိုင် ဆက်သွယ်ရေးစက်မှတဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရုံး၏ စစ်ဦးစီး ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးချုပ် မြင့်ဆွေ (လက်ရှိ ဒု ဗိုလ်ချုပ်ကြီးဟောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်) နှင့် စကားပြောခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ပြန်ပြောသည်မှာ “ဒါအဘကြီး (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ဆီက လာသည့် အမိန့်”၊ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ဖို့ ပြောသည်ဟု သိလိုက်ရသည်။ အမိန့်ကိုဆက်ပြီး ဗိုလ်မှူးကြီး ဇော်မင်းကို ညွှန်ကြားရာ ဗိုလ်မှူးကြီး ဇော်မင်းက ပျော်ပျော်ကြီး အမိန့်ကိုလက်ခံပြီး အပြစ်မဲ့အရပ်သားများ၊ ကလေးပါမကျန် သတ်ရန် လက်အောက်ခံ တပ်မှူးများကို အသေးစိတ် ညွှန်ကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ဇော်မင်းအနီး ရှိနေခဲ့သည့် အမှတ် (၁၉) ထောက်လှမ်းရေးတပ် (မြိတ်) တပ်မှူး ဗိုလ်မှူး မြင့်ဦး (ယခု အကျဉ်းထောင်တွင်း နှစ်များစွာ ကျခံနေရသူ) က ပြန်သတင်းပို့၍ သိခဲ့ရသည်။

ဗိုလ်မှူးကြီး ဇော်မင်းအမိန့်ဖြင့် ကျွန်း၏သောင်စပ်တွင် အားလုံးကို တန်းစီစေပြီး ၎င်းကိုယ်တိုင် ကြီးကြပ်၍ ကလေးပါမကျန် သတ်စေခဲ့သည်။ ထိုအချိန်က ဗိုလ်မှူး မြင့်ဦး လျှို့ဝှက်ရိုက်ခဲ့သော မှတ်တမ်းဓာတ်ပုံများ စစ်ထောက်လှမ်းရေးဌာနတွင် ရှိပါသည်။ ကျနော် ခရစ္စတီးကျွန်းတာဝန်ပြီး၍ စစ်ထောက်လှမ်းရေးရုံးချုပ်သို့ ရောက်သည့်အခါ ပုံမှန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ နံနက်ပိုင်း တွေ့ဆုံတင်ပြခြင်း (Breifing) တွင် အဆိုပါဓာတ်ပုံများကို တင်ပြခဲ့ဖူးသည်။

မရှေးမနှောင်းတွင် ထိုင်းငါးဖမ်းလှေတစီး ခရစ္စတီးကျွန်းအနီး ရောက်လာသဖြင့် ရေတပ်စစ်ရေယာဉ်က လှေနှင့်အတူ ထိုင်းနှင့် မြန်မာ အရပ်သား ၂၂ ဦးကိုဖမ်းပြီး သတင်းပို့ခဲ့သည်။ စစ်ရုံးချုပ်က အားလုံးအရှင်မမြင်ချင်ဘူးဟု အမိန့်ပေးလာသဖြင့် ဤကိစ္စတွင် ရေတပ်က တာဝန်ယူပြီး လှေသားများကို ခရစ္စတီးကျွန်းပေါ်တွင်သတ်ကာ စက်လှေကို ပင်လယ်ထဲတွင် မြှုပ်ခဲ့ကြရသည်။

ဤကဲ့သို့ အကြင်နာတရား၊ အမျှော်အမြင်တရားမရှိ သွေးစွန်းနေသည့် ဗိုလ်မှူးကြီးဟောင်း ဇော်မင်းသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်၌ တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကိုလည်း ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဟူ၍ လုပ်ဆောင်မည့် လူစားဖြစ်ပါလိမ့်မည်။

မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ရိုင်းပျစွာ တုံ့ပြန်ဝံ့သည်မှာလည်း နောက်ကွယ်မှ ကြိုးကိုင်ဆဲဖြစ်သော ၎င်းတို့တို့ “အဘကြီး” ဟု ခေါ်နေရဆဲဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသောကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခိုင်းသည့်အတိုင်း ပြောနေရကြရသည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်သာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိလျှင် ဗိုလ်မှူးကြီးဟောင်း ဇော်မင်း ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်ကို ခွင့်ပြုမည် မဟုတ်သည်မှာ သေချာပါသည်။

5 comments

  • zaymdy

    November 4, 2011 at 12:09 pm

    အပြစ်မရှိသူတွေ.ကို သူတို.မို.လို. ရက်၂စက်၂ သတ်ပြစ်ရက်တယ်.. ယုတ်မာရက်စက်ရိုင်းစိုင်းလေစွ ဒီလူတွေ. အသေစိုးနဲ. သေမှာ မြင်ယောင်နေတယ်…ဒီလို.လူမျိုးတွေဘာရာထူးမှ ပေးမထားသင်.တော.ပါ…

  • မှော်ဆရာ

    November 4, 2011 at 3:02 pm

    ဘာကြောင့် အရပ်သားတွေကို သတ်ခိုင်းသလဲဆိုတဲ့ အကြောင်းပြချက်တော့ မပါဘူးနော်…

  • koyinmaung

    November 4, 2011 at 3:40 pm

    ကျနော်တို့သိထားတာက ဗိုလ်မှူးကြီးဟောင်း ဇော်မင်း (လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်း)ကိုမြစ်ဆုံဆည်ကို
    လူထုဆန္ဒဆန့်ချင်ပြီးမဖြစ်ဖြစ်အောင်တည်ဆောက်မယ်ဆိုတာလောက်ဘဲသိထားကြတာပါ…
    လူမဆန်တဲ့သူ့ရဲ့နောက်ကြောင်းအမှန်ကိုခုမှသိရတာပါ အတော်ကြောက်စရာကောင်းတဲ့လူပါဘဲ…..

  • windtalker

    November 5, 2011 at 9:28 pm

    သမ္မတကြီးကိုတောင် ကျော်ပြီး လုပ်ချင်တာတဲ့လား

  • mummymoon

    November 12, 2011 at 12:53 pm

    တကယ် သူပြောတာ အဲလိုမဟုတ်ဘူးလို့ သိရပါတယ်-အသေးစိတ်ကို အဲဒီနေ့က သတင်းယူတဲ့သူတွေ သိပါတယ်—— ရေအားလျပ်စစ်နဲ့ ပတ်သက်လို့ အကျိုးအမြတ်အများကြီးရမှာ— နှစ်(၅၀)လောက်မှာ ဒေါ်လာဘီလီယံ(၅၀)လောက်ရမှာ ဆိုတာ သိတော့ ဒီလက်တစ်ဆုပ်စာ ကန့်ကွက်နေတဲ့သူတွေကြောင့် ဒီလုပ်ငန်းအပျက်မခံဘူး လို့ ပြောလိုက်တာ– ဂျာနယ်တွေက သူပြောတဲ့စကားကို ဖြတ်ညှပ်ကပ်လုပ်ပီး ရေးထည့်ကြတာ– သူလဲ တစ်ခါတည်းနဲ့ အီဆိမ့်နေအောင် ခံသွားရတယ်– ဂျာနယ်တွေ အပီအပြင်ပုံဖော်လိုက်တာ သူလဲ ရာဇဝင်လူဆိုးကြီးလုံးလုံး ဖြစ်သွားပီ– သမိုင်းတွင်သွားပီ–တစ်ခုကောင်းတာက နောက်လူကြီးတွေ ဘာလုပ်လုပ် ပြည်သူ့အသံနားထောင်ရမယ် ဆိုတဲ့ အတွေးလေးတော့ ဝင်သွားလောက်ပီ— (ဂျာနယ်များရဲ့ ရှယ်ဖွချက်အကျိုးကျေးဇူး)

Leave a Reply