အမြောက်ဆိုတာ ပစ်ဖို့ပါ Artillery
သံမဒဂျီး ဦးသိန်းစိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ချက်ကို လက်မှတ်ထိုး အတည်ပြုလိုက်ပါပြီ။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အင်္ဂါနေ့မှာ မှတ်ပုံတင်ရေး မတင်ရေး ပါတီတွင်းဆွေးနွေးပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့မဲနဲ့ ဆုံးဖြတ်ကြမယ်လို့ သတင်းများမှာ ဆိုပါတယ်။ သတင်းတပုဒ်မှာ ဒေါ်စုက မှတ်ပုံတင်ရေး ထောက်ခံပြီး ရွေးကောက်ပွဲတောင် ဝင်ဖွယ်ရာ ရှိတယ်၊ ဦးဝင်းတင်ကတော့ မပြတ်သား ဖြစ်နေတယ်လို့ ဖတ်ရတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်နှစ်ဦး၊ ဒေါ်နော်အုံးလှတို့ အန်အယ်ဒီအဖွဲ့ဝင် ၃၃ဦးကတော့ ဆန့်ကျင်ကြောင်း ကြေငြာချက်ထုတ် ထားပါတယ်။
အခုအချိန်အထိ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ ဘာတွေကြိတ် သဘောတူထားတယ် မသိရသေးပါဘူး။ ဒေါ်စု အနေနဲ့ တဦးထဲ သွားနေပုံရတယ်။ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ချက်သုံးခုမှာ (၁) ထောင်ချခံရသူတွေကို ပါတီဝင် အဖြစ်ဆက်ရှိခွင့်ပြုတယ် (၂) နာဂစ်အခြေခံဥပဒေကို လေးစားလိုက်နာရမယ် (၃) ရွေးကောက်ပွဲမှာ အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမယ်။ ပြင်လိုက်တယ်ဆိုတဲ့ အချက်များ အန်အယ်ဒီအဖွဲ့ တရားဝင် မူဝါဒအဖြစ် ကြေငြာကိုင်စွဲထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်နဲ့ ဘောင်ဝင်တာ မယ်မယ်ရရ တခုမှ မတွေ့ဘဲ စစ်အစိုးရကသာ တရားဝင် ထမင်းစားလက်မှတ် ရသွားပါတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ ရလဒ်ကိုတောင် တူတူတန်တန် အသိအမှတ်ပြုခြင်း မခံရဘဲနဲ့ လူကြားကောင်းယုံမျှ အရှက်ပြေ ကျေနပ်ရမယ့် အဖြစ်မျိုးပါ။
ဒေါ်စု ပြောခဲ့တဲ့စကားများ ဖြစ်တဲ့ စနစ်အပြောင်းအလဲ၊ တိုင်းပြည်မှာ ကောင်းသော အစဉ်အလာကို တည်ဆောက်ချင်တယ် ဘာညာသာတကာတို့ အာပလာ ဖြစ်ကုန်ပြီ ထင်ပါတယ်။ စစ်အစိုးရ အမူအကျင့်များ ပြောင်းနေပါပြီလို့ ပြောနေသူများစွာ ရှိပါတယ်။ သိသိကြီးနဲ့ ပြောသူများရှိသလို ရေရေရာရာ မသိဘဲ လက်ငင်း ဖြစ်ရပ်များကိုကြည့်ပြီး သံယောင်လိုက်သူများလည်း မရှားပါဘူး။ စစ်အစိုးရက အစောကြီး ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကို စီရင်ချက်ချတဲ့အခါ မတန်တဆ ပြစ်ဒဏ်ပေးတယ်၊ ရပ်ဝေးထောင်တွေကို ပို့တယ်။ လျော့ရက်ခံစားခွင့် မရှိဘူး။ ထောင်ဝင်ခွင့်၊ ဆေးကုသခွင့်လို အကျဉ်းသားရပိုင်ခွင့်များကို မပေးဘူး။ လိုတာထက် အများကြီး ပိုလုပ်ထားတယ်။ စာနယ်ဇင်းရေးသားခွင့်၊ လယ်သမား အလုပ်သမား ရပိုင်ခွင့်၊ အခြား ပြည်သူ့ အခွင့်အရေးများကိုလည်း အဆမတန် တုပ်နှောင်ထားတယ်။ အစိုးရတရပ် လုံးဝမလုပ်ရမဲ့ အရာများ ဖြစ်ပါတယ်။
အတွင်းအပြင် ဖိအားများလာရင် တစစီ နဲနဲခြင်း ပြန်ပေးတယ်။ အားလုံးငြိမ်နေတော့လည်း အခါကြီး ရက်ကြီးကြရင် လျော့ပေးပြီး နိုင်ငံတော်အစိုးရ စေတနာ ဘာညာနဲ့ နိုင်ငံရေးအမြတ်ထုတ်မယ်။ အစကထဲက ပိုပိုသာသာ လုပ်ထားတာလေ။ ထောင်သုံးနှစ် ချသင့်တဲ့သူကို ဆယ်နှစ်ချမယ်၊ ငါးနှစ်သမားကို အနှစ်နှစ်ဆယ်။ ဘာမှမပြောရင် ထောင်ဒဏ်တဝက်ကျော်လောက် ချပြီးတဲ့အခါ ဝန်ခံလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးမယ်။ ယနေ့အချိန်လို ဝိုင်းဆဲခံရတဲ့အခါမျိုးကြတော့ သုံးပုံနှစ်ပုံလောက် ထောင်ကျပြီးသူများကို လွှတ်ပေးမယ်။ ပြီးတော့ သဂျီးတို့လို ကပ်ဖား၊ စားဖားများ အကူအညီနဲ့ ပြောင်းလဲနေပါပြီ၊ သဘောထား ပျော့ပြောင်းလာပြီ အော်မယ်။ စာနယ်ဇင်းလို အခြားကဏ္ဍများမှာလည်း အထိုက်အလျောက် လျော့ပြမယ်။
နောက်တမျိုးက စီးပွားရေး၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ အရင်အစိုးရ လက်ထက် လုပ်သင့်၊ လုပ်နိုင်တာကို မလုပ်ဘဲ တမင်ချိုထားတယ်။ ကားဈေးကွက်၊ နိုင်ငံခြားငွေ လဲလှယ်ခွင့်၊ အိပ်စပို့အင်ပို့ ပါမစ်ကိစ္စမျိုးတွေ ကြည့်ရင်သိနိုင်တယ်။ တမင်မလုပ်ဘဲ ပစ်ထားပြီး နောက်လူ (ပြောရရင် သူတို့ပါပဲ) အတွက် ကစားကွက်ချန်ထားတယ်။ သူတို့ကတော့ တိုင်းပြည် သယံဇာတ၊ တွင်းထွက် သစ်တော၊ ကျောက်သံပတ္တမြား၊ သဘာဝဓာတ်ငွေ့၊ အိမ်မြေခြံတွေကို အလုံးအရင်းနဲ့ တရားလက်လွတ် ရောင်းစားတယ်။ တိုင်းပြည်ရေမြေတောတောင် သဘာဝကို အပျက်စီးခံ စီးပွားလုပ်တယ်။
ဒီလူတွေပဲ နောက်အစိုးရနာမည်နဲ့ တက်လာတော့ ရိုးသားသလိုနဲ့ အရင် စီမံကိန်းတွေ ရပ်ပစ်တယ်။ သူတို့ မလုပ်ဘဲ ဟထားခဲ့တဲ့ အကွက်တွေကို ရွှေ့ပြတယ်။ မီဒီယာတဖြစ်လဲ အချို့ စားဖားများကလည်း အုံးအွမ်အုံးအွမ်နဲ့ မိုးရွာတော့မယောင် ညာသံပေးတယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲပြင်းထန်ချိန် အသံမထွက်ဘဲ အပစ်အခတ်ရပ်တော့မှ နိုင်ငံတော်အစိုးရရဲ့ စေတနာ ဘာညာနဲ့ ရိုက်စားလုပ်မယ်။ စစ်ပြန်ဖြစ်တော့လည်း မသိသလို ဟန်ဆောင်ပြီး ဟိုမော်ဒယ် ဖင်ပေါ်တာ အသားပေးဖော်ပြ ရူးချင်ယောင် ဆောင်ကြမယ်။
အန်အယ်ဒီသည် ခြောက်တိုင်းမကြောက် ခေါင်းပုတ်တိုင်း ငုံ့ခံခဲ့တဲ့ အဖွဲ့အစည်း မဟုတ်ခဲ့ဘူး။ မိမိဖက်က အကျအဆုံးများစွာ ပေးဆပ်ခဲ့ပြီးမှ လာရာလမ်းလှည့်ပြန်သွားမယ် ဆိုရင် လမ်းမှာ ရန်သူ့ခြုံခို တိုက်ခြင်းခံရလို့ အိမ်ပြန်ရောက်ရင် ကံကောင်းဖြစ်ပါမယ်။ ဒါတွေကို မသိကျိုးကျွံပြုနေရင် စစ်အစိုးရအဖို့ အကိုက်အခဲ ပျောက်ဆေးကို ဘယ်အခါမရိုး သုံးနိုင်တဲ့ တလက်ကိုင်ဆေးအဖြစ် သုံးသွားဖို့သာ ရှိပါတယ်။ ခေါင်းကိုက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ မူးဝေ ဘာဖြစ်ဖြစ် ကွမ်းယာဆိုင်ကဆေးလို သုံးနေတဲ့ အာဏာရှင် အကျင့်ဆိုးကို တိုက်ဖျက်ချင်ရင် နိုင်ငံရေးရေချိန် အမြင့်တက်ဆုံး ယနေ့အချိန်မှာ တုံ့ဆိုင်းမနေဖို့ ဆော်ဩ လိုက်ရပါသည်။
15 comments
ပေါက်ဖော်
November 6, 2011 at 12:12 pm
ဟုတ်တယ်..ကကြောင်
အခွင့်အရေးရတုံး ဆော်ဩတာ မမှားဘူး..
ဒါနဲ ့..
ပုံထဲကအမဂျီးက..အမြှောက်နဲ ့ပစ်မှာလား..
ကွန်နဲ ့အုပ်မှာလား..
🙄
windtalker
November 6, 2011 at 12:18 pm
ကိုပေါက်ဖော်ပြောသလိုပဲ
မိန်းခလေး နှယ် မကြောက်မရွံ ့ နဲ ့
သူမို ့ဒီလောက်ရှည်တဲ့ ပြောင်းရှည်ကြီးရှေ ့မှာ
အောင်မငီး ကိုပု
koyinmaung
November 6, 2011 at 12:35 pm
ပါတီတွင်းမှာပွင့်ပွင့်လင်းလင်းဆွေးနွေဘို့အချိန်တန်ပြီလို့ထင်ပါတယ်…..
Foreign Resident
November 6, 2011 at 4:08 pm
ဦးကြောင် ရဲ့
ဦးကြောင် ပြောတာတွေကို Principle အရ လက်ခံပါတယ် ။
ဒါပေမယ့် အဲဒီ Principle နောက်ကို မြန်မာပြည်သားတွေ လိုက်ရဲပါ့မလား ။
ဦးကြောင် ကိုယ်တိုင်ကော မြန်မာပြည်သားတွေကို ယုံရဲ့လား ။
အဘ အမြင်တော့ လူစုစု စုစု ဆိုရင် ဟေးလားဝါးလား အော်ရဲတာ နှင့်
ကိုယ့်ဖက်က သာနေရင် ဆွမ်းကြီးဝိုင်းလောင်းရဲတာ ကလွဲရင်
မြန်မာလူမျိုးဟာ သတ္တိ သိပ်မရှိလှဘူးလို့ ထင်တယ် ။
မြန်မာလူမျိုးတွေ တကယ်သာသတ္တိရှိပြီး လူ နှစ်သောင်းလောက်
အသေခံရဲရင် ဒီမိုကရေစီ ရနေတာ ကြာပေါ့ ။
အမေစုလည်း ဒီအကြောင်းတွေ ရိပ်မိမှာပေါ့ ။
သူလည်း ဦးကြောင်လိုပဲ ဒီမိုကရေစီ အစစ်လိုချင်မှာပေါ့ ။
သူလည်း ဘယ်လျှော့ပေးချင်မှာလည်း ။
မတတ်သာလွန်းလို့ လျှော့ပေးနေတာ ဖြစ်မယ်နော် ။
ဦးကြောင် ဘယ်လိုထင်လည်း ။
Foreign Resident
November 7, 2011 at 12:58 am
တချက် ထပ်ဖြည့်ချင်လို့ပါ ။
အဲဒီ Principle တွေကို မြန်မာပြည်သားတွေ သိကောသိရဲ့လား
နားကောလည်ရဲ့လား ပြန့်ကောပြန့်နှံ့ရဲ့လား ။
အဘလည်း ဦးကြောင်ပြောတဲ့ ဒီမိုကရေစီ အစစ်ကို လိုချင်တာပေါ့ကွယ် ။
ဒါပေမယ့် မြန်မာပြည်သားတွေရဲ့ နိုင်ငံရေး ရေချိန်က ရှိသေးတယ်ကွယ် ။
အခုလောလောဆယ်တော့ အမေစုနောက်ကပဲ လိုက်ပါရစေကွယ် ။
Real Politic လို့ပဲ ပြောပရစေတော့ ။
Principle အရဆိုရင်တော့ ။
ဦးကြောင် ကို အထူး ထောက်ခံပါတယ် ။ အထူး ထောက်ခံပါတယ် ။
မင်းပြည့်ရှိန်
November 7, 2011 at 2:28 am
ဟုတ်ပါ့ဦးဖောရေ…
အမြောက်ဆိုတာ ပစ်ဖို့ပါ..
အနော်တို့လည်း ပစ်တာပဲ…
ဒါပေမယ့် ထောင်ပစ်ရမှာလား. စိုက်ပစ်ရမှာလား မသေချာလို့.
မြေကြီးထဲပဲ စိုက်ပစ်လိုက်တယ်…
တစ်ကယ်လို့ ဦးဖောက ဦးကြောင်ကို ထောက်ခံမယ်ဆိုရင်
ဦးကြောင်က သူကိုယ်တိုင် ရှေ့က အသေခံပြီး ချီတက်မတဲ့..
ကဲ ဘယ်လိုလဲ..
ရှူံးနိမ့်မှုများနဲ့.. လူ
November 6, 2011 at 7:17 pm
မြန်မာတွေ သတ္တိမရှိဘူးဆိုတာတော့ နည်းနည်းမဟုတ်ဘူးထင်တာပဲ.. အမြင်ပြောရရင်တော့ အမျိုးသားရေးစိတ်ဓါတ် မနိုးကြားသေးတာ၊ အကြောက်တရားနဲ့ အချိန်တွေအကြာကြီး ထိန်းချုပ်ခံထားရတာဆိုတော့ အငုံလို ဖြစ်သွားတယ်မြင်တယ်.. လူစုစုဝေးဝေးနဲ့၊ မြှောက်ပေးတဲ့သူရှိရင်တော့ သွေးဆူလွယ်တာတော့ အမှန်ပဲ.. ဒါပေမယ့်ခက်နေတာက နိုင်ငံရေးဆိုတာနဲ့ မျိုးဆက် နှစ်ဆက်စာလောက် အဆက်ဖြတ်ခံထားရတော့ အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိဆိုသလို ဖြစ်နေတယ်လို့ မြင်တယ်။
ဥပမာပြရရင် ရွှေဝါရောင်တော်လှန်ရေးဆိုပြီး မဖြစ်လာခင် ဘုန်းကြီးတွေ ဆူးလေက ဆုတောင်းဝတ်ပြုစဉ်အခါက ကျွန်တော်လဲ အကြောင်းတစ်ခုကြောင့် ပန်းဆိုးတန်းနဲ့ မဟာဗန္ဒုလလမ်းထောင့်က တိုက်ကြီးပေါ်ကို နေ့စဉ်ရောက်နေခဲ့တယ်။ ဖြစ်နေစဉ်တစ်လျှောက်လုံးလည်း အဲဒီမှာပဲ ရှိနေခဲ့လို့ အရေးအခင်းဆိုတာ သေသေချာချာ မြင်ခဲ့ရသပေါ့လေ။ ဒီမှာ ဘာသွားတွေ့လဲဆိုတော့ကာ ပထမရက်တွေက တစ်ကယ့်ကိုယ်တော်တွေ၊ ဝါရော၊ သိက္ခာပါ ပြည့်စုံတဲ့ ကိုယ်တော်တွေချည်းပဲ၊ အဲဒီတုန်းက နည်းသေးတယ်ပေါ့လေ။ နောက်ရက်တွေကျတော့ ဘေးမှာ လက်ချင်းချိတ်ပြီး ကာကွယ်ပေးတယ်ဆိုတဲ့သူတွေရယ်၊ သူတို့တွေက ဘေးကလူတွေကို လက်ခုပ်တီးကြပါဆိုတာကို ချိန်းခြောက်တဲ့လေနဲ့ ဟောက်စားလုပ်လာတာရယ်၊ နောက်ပြီး သံဃာတော်တွေထဲမှာ သင်္ကန်းကို စောင်ပါတ်သလိုပါတ်၊ မေတ္တာစာကို မရွတ်တတ်၊ နိုင်ငံရေးကြွေးကြော်သံတွေအော်တော့မှ အသံထွက်တဲ့ ခေတ်ပေါ် ကိုယ်တော်တွေ အစရှိသဖြင့်ပေါ့လေ တွေ့ရတယ်။
နောက်ပိုင်းမှာတော့ သံဃာတွေ အပြင်မထွက်ရတော့တဲ့အချိန်မှာ ဘယ်သူမှလဲ ဆက်ပြီး တိုက်ပွဲဝင်တယ်လို့ မမြင်မိတော့ဘူး။ မြို့ထဲကိုဂျစ်ကားတစ်စီးနဲ့ ပါတ်ကြည့်တော့လဲ လူအင်အားတောင့်နေတုန်း လုံခြုံရေးတွေကို ဆဲဆိုနေကြတာပဲ မြင်တယ်။ သူတို့လိုချင်တာဘာလဲ? ဘယ်သူက ဦးဆောင် ဦးရွက်ပြုပြီးတောင်းဆိုလဲဆိုတာ မမြင်မိဘူး။ ပစ်တဲ့ ခတ်တဲ့အခါကျတော့ ထွက်ပြေးကြတယ်။ ဒီလောက်ပဲ မြင်တယ်။ လိုချင်တာကို ဘယ်လိုလုပ်ယူကြမလဲ၊ ဘယ်လိုတောင်းဆိုကြမလဲ၊ ကိုယ်လျှောက်မယ့်လမ်းက ဘယ်ကိုလဲ၊ ဘာဆိုဘာမှ ဦးတည်ချက်မရှိဖြစ်နေတာ တွေ့မိတယ်။ ပြော
ဆိုတော့ကာ ဘာသွားတွေ့ရသလဲဆိုတော့ အဲဒီတော်လှန်ရေးဟာ သံဃာနဲ့ အစိုးရ အာဏာပြိုင်ကြတယ်မြင်မိတယ်။ တစ်ချို့ကတော့ နိုင်ငံရေးအပြောင်းအလဲလို့ ပြောကြပေမယ့် အရေးကြီးတဲ့ ဦးဆောင်ဦးရွက်ပြုသူ ဘယ်သူလဲ?? ဆိုတာ မသိရတော့ အလံမရှိတဲ့ရထားလိုပဲ ဦးတည်ရာမဲ့ လျှောက်သွားနေကြတာပဲ မြင်မိတယ်။ ကိုယ်တိုင်မြင်မိတဲ့ အမြင်လေးတစ်ခုပေါ့။
ဒီတော့.. အနှစ်ချုပ်ပြောရမယ်ဆို ဦးကြောင်ပြောသလို လုပ်လို့ မဖြစ်နိုင်ပါဘူး။ အတွင်းစည်းထဲ ရအောင်ဝင်ပြီးမှ မြေလှန်ပြစ်ရမှာပါ။ ဂျပန်ခေတ် ဗမာ့တပ်မတော်လုပ်ပုံလိုပေါ့။ အဲလိုပဲ မြင်မိပါကြောင်း…
တော်သေးဘီ။
Koyin Sithu
November 6, 2011 at 7:26 pm
အရှင်ကြောင်မင်း.. စစ်ဆင်ရင်
တပည့်တော်တို့ ကျရာနေရာက..
တာဝန်ထမ်းဆောင်ဖို့အသင့်ပါ…
သင်၏ ချစ်ပုဏ္ဏား… ကိုရင်စည် 🙄 🙄
(ပုံမှာ ပြထားသော အမျိုးသမီးသာ အမြောက်ရှည်ကြီးနဲ့
ပစ်ပါက သေဝံ့ကြောင်းပါ ဖလာ့..)
ရာဇဝင်လူဆိုး
November 6, 2011 at 10:12 pm
ကျနော်အမြင်ပြောရရင်တော့ ဗမာတွေ သတ္တိရှိပါတယ်။ စည်းကမ်းနဲ့ စနစ်မရှိလို့။ နောက်တစ်ခုက တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်မရှိဘူး။ တစ်ဦးတစ်ယောက်ကို မှီခိုတာများလွန်းတယ်။ စနစ်မရှိတဲ့ အထဲမှာ ဆန္ဒပြတာတောင် စနစ်မရှိဘူး ။ မယုံရင် ထိုင်းက ရှပ်နီ၊ ရှပ်ဝါတွေ အရေးအခင်းတုန်းက အဖြစ်တွေလေ့လာကြည့် ။ လုပ်လိုက်ရင် ဘာတဲ့ …ဆူးလေ ချည်းပဲ။ ဆူးလေချည်းပဲလူစုနေတော့ ဖြိုခွဲရတာလွယ်တာပေါ့။ လုပ်စမ်းဗျာ နေရာပေါင်းစုံ။ ဒီကောင်တွေအရူးတောင် ဖြစ်သွားဦးမယ်။ စစ်သားဆိုတာ လေ့ကျင့်ထားတဲ့သူတွေ။ မျက်စိရှေ့မှာ လှုပ်လှုပ် လှုပ်လှုပ် တွေ့ရင် ရန်မှုတဲပုံစံတွေ့ရင် ပစ်မှာပဲ။ ထိုင်းမှာဆိုရင် စစ်သားတွေကို ရေတိုက်၊ ထမင်းပါကျွေးတာ.. စားတာမစားတာ သူတို့အလုပ်။ တကယ်ပစ်ရတော့မယ်ဆိုရင် သူတို့ နဲနဲတော့ လက်တွန့်မှာပဲ။ နောက်တစ်ခုက စစ်သားဆိုတာ အနောက်မလုံပဲ အရှေ့ကို ဘယ်တော့မှ အတက်ဘူး….။ ပြောစရာတွေတော့ အများသား…..။
kai
November 7, 2011 at 4:16 am
အမြောက်ဆိုတာ ပစ်ဖို့ပဲ..။
အခုကိုရင်ကြောင်ကြီးသဘောအတိုင်းဆို.. ကိုယ့်လူဖက်ကိုယ် လှည့်ပစ်တာ ဖြစ်နေတယ်ခင်ဗျ..။ 😆
အင်း..
အမှန်တကယ်တော့.. ဒီလိုခေတ်ကြီး.. အမြောက်တချက်မဖေါက်ပဲ.. ပွဲသိမ်းတာတွေအများကြီးပါ..။
အဲဒါက.. ပိုကောင်းတယ်..။
htoosan
November 7, 2011 at 11:48 am
“ဒေါ်စုက မှတ်ပုံတင်ရေး ထောက်ခံပြီး ရွေးကောက်ပွဲတောင် ဝင်ဖွယ်ရာ ရှိတယ်၊ဦးဝင်းတင်ကတော့ မပြတ်သား ဖြစ်နေတယ်လို့ ဖတ်ရတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်နှစ်ဦး၊ ဒေါ်နော်အုံးလှတို့ အန်အယ်ဒီအဖွဲ့ဝင် ၃၃ဦးကတော့ ဆန့်ကျင်ကြောင်း ကြေငြာချက်ထုတ် ထားပါတယ်။”
သပ် တစ်ချောင်းကတော့ ရိုက်ထည့်ထား ပြီးပါပြီ။ အဲ့ဒီ့ သပ်ကို နှုတ်မလား ၊ ထပ်အထည့်ခံမလား ဆိုတာ NLD ဝင်တွေရဲ့ အပေါ် လုံးဝ မှုတည်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှု့အားကို စမ်းပြီဆိုတာ မြင်သာနေပါတယ်။
ဦးဖောရဲ့ ” မြန်မာပြည်သားတွေရဲ့ နိုင်ငံရေး ရေချိန်က ရှိသေးတယ်ကွယ် ” ဆိုတာ နဲ့ ဦးကြောင်တို့လို ဆန္ဒပြင်းပြ သူများကြား နဲ့ သေချာတာတော့ ဒေါ်အောင်ဆန်းစုကြည်ကော ၊ မြန်မာပြည်သူ ပြည်သား အများစုကောဟာ နောက်ထပ် လူ နှစ်သောင်းမပြောနဲ့ နှစ်ယောက်တောင် ထပ် အသေမခံနိင် အသေမခံချင်တော့ဘူးဆိုတာ
ရွှေဝါရောင် တော်လှန်ရေးမှာ လူထုထွက်မလာတာ ကြည့်ရင် သိတာနေတဲ့ အဖြေပါ ။
htoosan
November 7, 2011 at 11:55 am
ဦးကြောင်စကားလည်း ဦးနေဝင်းစကားနဲ့ တူနေပြီနော်.. အမျိုုးတော်လားဟင် … 😀 😀
“When the army shot , not shot to air . Shot to hit.”
ကြောင်ကြီး
November 7, 2011 at 12:46 pm
ပေါက်ဖော်၊ လေပွား၊ ကိုရင်မောင်၊ ကိုရင်စည်သူ အားလုံးတော်တယ်။ အားလုံး ရှေ့တက်ကြဗျာ။ သင့်ကို တိုင်းပြည်မှ အလိုရှိနေသည်။ ခင်ဗျားတို့အတွက် စစ်ပွဲတကာတို့၏မိခင် စိတ်ဓာတ်ရေးရာစစ်ပွဲကြီးကို ကျွန်ုပ်ကြောင်ကြီး အနစ်နာခံ ဆင်နွှဲပေးနေမည်။ 😎
ဦးဖောပြော – မြန်မာလူမျိုးတွေ တကယ်သာသတ္တိရှိပြီး လူ နှစ်သောင်းလောက်
အသေခံရဲရင် ဒီမိုကရေစီ ရနေတာ ကြာပေါ့ ။ အမေစုလည်း ဒီအကြောင်းတွေ ရိပ်မိမှာပေါ့ ….. ဦးကြောင် ဘယ်လိုထင်လည်း ။
ဦကြောင်ဖော – အဲလိုပြောကြေးဆို အမေစု လုပ်နေတာ အနှစ်နှစ်ဆယ်ကျော်ပြီ ကိုယ့်လူတွေအကြောင်း အခုမှသိသလားဗျာ။ 🙁
မောင်ရှုံးရေး – အတွင်းစည်းထဲ ရအောင်ဝင်ပြီးမှ မြေလှန်ပြစ်ရမှာပါ။ ဂျပန်ခေတ် ဗမာ့တပ်မတော်လုပ်ပုံလိုပေါ့။
ဦးကြောင်တွေး – အာဏာလက်ရှိနဲ့ ပူးသတ်ဖို့လုပ်ခဲ့တာ အင်္ဂလိပ်ခေတ်မှာရယ်၊ ဂျပန်ခေတ်မှာရယ် နှစ်ခုရှိခဲ့တယ်။ အင်္ဂလိပ်ခေတ် နိုင်ငံရေးသမားတွေကတော့ အချင်းချင်း နေရာလုနေတာနဲ့ ပြန်ကိုနာလန်မထူနိုင်ကြတော့ဘူး။ ဗိုလပ်ချုပ်တို့ ဂျပန်နဲ့ပေါင်းပြီး ပြန်ချခဲ့တာ ဒုတိယကမာ္ဘစစ်ကြောင့် ဖြစ်ပါတယ်ကွယ်။ အခုလက်ရှိ အနေအထားက ကိုလိုနီ အင်္ဂလိပ်ခေတ်နဲ့သာ ဆင်တူပါတယ်။ တရုတ်နဲ့ အမေရိကန် စစ်ဖြစ်နေလို့ အတိုက်အခံများ စစ်ထဲဝင် လက်နက်ဆင်ကြရင် တမျိုးပေါ့။။။။ 👿
ရာဇဝင်လူဆိုးကျွေး – ထိုင်းမှာဆိုရင် စစ်သားတွေကို ရေတိုက်၊ ထမင်းပါကျွေးတာ.. စားတာမစားတာ သူတို့အလုပ်။ တကယ်ပစ်ရတော့မယ်ဆိုရင် သူတို့ နဲနဲတော့ လက်တွန့်မှာပဲ။
ဦးကြောင်ဆွေး – မြန်မာပြည်က ဆန္ဒပြသူတွေမှာ ကိုယ့်ဖို့ကိုယ်တောင် စားဖို့ အနိုင်နိုင်ဟာကို ဘယ်လိုလုပ် သူတို့ကို သွားကျွေးနိုင်မလဲ။ 😥
သဂျီး ဖောက် – အမြောက်ဆိုတာ ပစ်ဖို့ပဲ..။ အခုကိုရင်ကြောင်ကြီးသဘောအတိုင်းဆို.. ကိုယ့်လူဖက်ကိုယ် လှည့်ပစ်တာ ဖြစ်နေတယ်ခင်ဗျ..။
ဦးကြောင် ခြောက် – သတင်းပေး သူလျှိုဒလန် ဆိုရင်တော့ တွေ့ရာသင်္ချိုင်း အမြောက်မိုင်းဗျို့…။ ကြောက်သွားလား မမြဝင်း၊ မကြောက်ပါနဲ့ ဗိုလ်အောင်ဒင် ဘောင်းဘီချွတ် ရေချိုးမလို့ပါ။ 😀
မင်းပြည်ရှိန် ရိ – တစ်ကယ်လို့ ဦးဖောက ဦးကြောင်ကို ထောက်ခံမယ်ဆိုရင် ဦးကြောင်က သူကိုယ်တိုင် ရှေ့က အသေခံပြီး ချီတက်မတဲ့.. ကဲ ဘယ်လိုလဲ..
ဦးကြောင်ညှိ – မရိပါနဲ့ကွယ်၊ ဦးကြောင် လုပ်ခဲ့စဉ်တုန်းကဆိုရင် ရှေ့ဆုံးမှာ နေခဲ့တာပါ၊ မယုရင် သေသွားခဲ့သူများကို မေးကြည့်လိုက်ပါ။ စိမ်ဝံ့ပါတယ်။ 🙄
htoosan – ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှု့အားကို စမ်းပြီဆိုတာ မြင်သာနေပါတယ်။
ဦကြောင် – ဖြစ်နိုင်ပါတယ်၊ အမေစုအနေနဲ့ အစမ်းသပ် ခံနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။ 🙂
Foreign Resident
November 7, 2011 at 12:59 pm
ခဏစောင့်ကြည့်ကြပါအုန်းကွယ် ။
၆ လ လောက်အတွင်း အဖြေပေါ်လာမယ် ထင်ပါတယ် ။
ဦးသိန်းစိန် ဒေါ်စု နှင့် အမေရိကန် သုံးပွင့်ဆိုင် ညှိနေပုံရပါတယ် ။
အမေရိကန်က အကူအညီတွေပေးမယ်လို့တောင် ပြောနေပါဘီ ။
အကြမ်းဖျင်းပြောရရင် အမေစုကသာ ချဉ်ချင်ချဉ် လိမ့်မယ် ။
အမေရိကန် ကတော့အချဉ်ကြီး မဟုတ်တာ သေချာပါတယ် ။
ခဏစောင့်ကြည့်ကြပါအုန်း ။
Shwe Ei
November 7, 2011 at 2:20 pm
ဘာဘဲ ပြောပြော ပြောမှ သိခွင့်ရသူများအတွက် ကောင်းပါတယ်။ ဝေဖန်နိုင်လောက်အောင်လိုက်မမှီလို့ ဒီလိုအကြောင်းအရာတွေ များများဖတ်ချင်ပါတယ်။