ဖုံးခြင်း၊ ဖော်ခြင်း Cover/ Uncover


လောကကြီးရဲ့ ဆန့်ကျင်ဖက် သဘောတရားတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ သူတို့ကပဲ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်မှု၊ လှုပ်ရှားမှုများကို ဆောင်ကြဉ်းပေတယ်။ ဒါကိုပဲ ဘုရားသခင် အလိုတော်၊ သဘာဝတရား ထိန်းညှိမှု၊ အညမည ဆက်နွယ်မှု သဘောတရားလို့ အမျိုးမျိုး သမုတ်ကြတယ်။ တရုတ်တွေရဲ့ ဖုန်းရွှေပညာရပ်မှာတော့ ရင် ယမ် ခေါ်တဲ့ဓာတ်မျိုး ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ သူက ရှိနေမှာမို့ သဘောသဘာဝကို နားလည်ထားဖို့ပဲ လိုတယ်။ ကောင်းသလား ဆိုးသလားထက် လိုက်လျောညီထွေ ရှိရင် အပေါင်းလက္ခဏာ ဆောင်မယ်၊ ကန့်လန့်တိုက်နေရင် အနုတ်ခံရမယ်။
ဥပမာပေး ပြောရရင် အိမ်ထောင်တခုမှာဗျာ မိဘနှစ်ပါးစလုံးက တပုံစံထဲဖြစ်နေရင် သိပ်မနိပ်ဘူး။ ခလေးတွေကို ထိန်းကျောင်းရာမှာ တဦးကတင်းရင် နောက်တဦးက ချော့မော့စည်းရုံး တတ်ရမယ်။ တဦးက ဖွင့်ရင် နောက်တဦးက ပိတ်ပေါ့ဗျာ။ သဘာဝတရားကြီးကို၌ကလည်း အပူ အအေး၊ အပျော့ အမာ၊ အကောင်း အဆိုး၊ မွေးဖွားခြင်း သေဆုံးခြင်း (သဂျီးက မသေဆေး တွေ့တော့မယ် ပြောထားပေမဲ့ မှားသွားမှာ မပူပါဘူး၊ ဆေးက သူမသေခင် တွေ့မှာမှ မဟုတ်ဘဲ 😛 ) ဆန့်ကျင်ဖက် စုံတွဲခြင်းရာတွေ ဖန်တီးပေးထားတယ်။ သူနဲ့ အလိုက်အထိုက် ဆက်ဆံတတ်ရမယ်၊ အသုံးချနိုင်ရမယ်။ လက်ဝဲဝါဒမှာဆိုရင်လည်း ပဋိပက္ခရှိမှ တိုးတက်မယ် ဆိုတာ မကြာခဏ သုံးလေ့ရှိတယ်။ ပြောချင်တာ ကြိုက်ကြိုက်မကြိုက်ကြိုက် ရှောင်လွှဲမရနိုင်ဘူး ဆိုတာပါ။
မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ယခုအခြင်းအရာ ဆန့်ကျင်ဖက် သဘောတရားများနဲ့ ပတ်သက်ပြီး မြင်ကြည့်ပါ။ အစိုးရ အတိုက်အခံ နှစ်မျိုးရှိတယ်။ (တတိယအင်အားစုဆိုတာ စားဖား၊ သာယာစီး၊ ငကြောက်တွေများတယ်။ ကျနော်လည်း ပြည်တွင်းမှာရှိရင် အဲဒီစောင်ခြုံကောင်း ခြုံမိမှာပဲ။ အတိုက်အခံစစ်စစ် များလို ယုံကြည်ချက်အတွက် အနာမခံနိုင်ဘူးလေ :wink ) အစိုးရ အလုပ်က စီမံအုပ်ချုပ်တယ်။ နောက်လာမဲ့ ရွေးကောက်ပွဲမှာ ထပ်အနိုင်ရဖို့ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေဖို့ ဖုံးသင့်တာဖုံး ပိတ်သင့်တာ ပိတ်ရတယ်။ အတိုက်အခံကြတော့ ပြောင်းပြန်ဖြစ်ပြီး ပြစ်တင်ဝေဖန်ရတယ်၊ နောက်ရွေးကောက်ပွဲအတွက် အချက်ကောင်းမိဖို့ ဖေါ်ထုတ်အရေးဆိုတယ်။ ပြည်သူတွေက လက်ရှိအာဏာရပါတီ အသုံးမကျ ညံ့ဖျင်းတာ သိမှ နောက်အစိုးရတရပ်ကို မဲပေးရွေးချယ်ကြမှာကိုး။။
အခုပြောခဲ့တာ အခြေကျနေတဲ့ ပါတီနိုင်ငံရေးစနစ် လုပ်နည်းလုပ်ဟန် ဆိုပေမဲ့ အသွင်ကူးပြောင်းရေး ကာလဖြစ်စဉ်များမှာလည်း အတူတူဖြစ်ပါတယ်။ ပိုသတိထားရ နူးညံ့သိမ်မွေ့ရ သဘောထားကြီး ရတာမျိုးသာ ရှိပါမယ်။ ဒေါ်စု ကိုယ်တိုင်ကလည်း နိုင်ငံရေးလုပ်မှတော့ ပါတီနိုင်ငံရေးဆိုတာ မရှိမဖြစ်လို့ ပြောခဲ့ပြီးပါပြီ။ စစ်တပ် သူလျှိုများနဲ့ အလိုတော်ရိများကသာ ရှေ့ပိုင်းမှာ တဖက်သတ် မီဒီယာအားကိုးနဲ့ အမျိုးသားနိုင်ငံရေး ဆိုပြီး ပြည်သူအကြား သွေးခွဲခဲ့တာပါ။
လက်ရှိ အနေအထားမှာလည်း ထုံးစံရှိတဲ့အတိုင်း စစ်အစိုးရက ပိတ်မယ် ဖုံးမယ်၊ အန်အယ်ဒီကလည်း တာဝန်ရှိတဲ့အတိုင်း ဖွင့်ရ ဖော်ရပါမယ်။ အန်အယ်ဒီ အာဏာရသွားရင်လည်း ဖြစ်စဉ်အတိုင်း ဖုံးရဖိရမှာဖြစ်ပြီး အတိုက်အခံများက ဖော်ထုတ်ဖွင့်ချတဲ့ တာဝန် လက်ပြောင်းယူရပါမယ်။ ဒါကို မြင်တတ်ရင် အန်အယ်ဒီ ဘာ လုပ်သင့်သလဲ၊ ဘယ်ခြေလှမ်း လှမ်းသင့်သလဲ ရှင်းပါတယ်။ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ စစ် အစိုးရအဖို့ ဖုံးကွယ်ဝှက်ထားတာ အကျိုးရှိပါတယ်။ နိုင်ငံတိုင်းမှာ ဒီလိုပဲ အနည်းအများသာ ကွာပါမယ်။ အစိုးရ မဟုတ်တဲ့ အန်အယ်ဒီက အာဏာရထားသူများ အလိုအတိုင်း လိုက်ဖုံးနေရင် မိမိပဲ အကျိုးယုတ်ဖို့ ရှိပါတယ်။ စစ်အစိုးရအဆက်ဆက် အတိုက်အခံများနဲ့ ဆွေးနွေးတဲ့အခါ ကွယ်ဝှက်ထားကြတယ်။ သူတို့လိုတဲ့ အခါမျိုး ကြတော့လည်း အဆက်အသွယ်များကတဆင့် ဖွင့်ချခဲ့တာပဲ။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ဒေါ်စုနဲ့ စစ်ဗိုလ်ချုပ်များ ဆွေးနွေးနေပုံ၊ ဒီပဲယင်း အရေးအခင်းအပြီး ဒေါ်စုကို ဖမ်းထားစဉ် ကောင်းမွန်စွာ ထားရှိကြောင်း ဓာတ်ပုံအထောက်အထားများနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်များ နိုင်ငံတကာလှည့်လည် ခဲ့ကြတာတွေ များစွာရှိပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင် ဒေါ်စုနဲ့ စစ်ခေါင်းဆောင်များ ဆွေးနွေးပြီး သဘောတူချက် ရလုဆဲဆဲ တပ်ရှုပ်ကြီးဖျက်လို့ ပြည်သူအများ စားကာနီး ထမင်းလုပ် ပုတ်အချခံခဲ့ရတာ ဘယ်သူသိလို့လဲ။ ဝါရှင်တန်သံရုံးက သံမှူးကြီး ဗိုလ်မှူးအောင်လင်းထွဋ် ပြောမှ အများပြည်သူ သိခွင့်ရတာ။ အရင်ကဆို ဒေါ်စုကပဲ ခေါင်းမာသလိုလို၊ အတိုက်အခံဖက်ကပဲ အတ္တကြီးသလိုလို သတင်းတွေနဲ့ အမှောင်ချထားခဲ့တာ။ (အဲဒီတုန်းက သဂျီးကလည်း အက်ဘီအိုင်မှာလုပ်နေလို့ လူဆိုးဖမ်းပြီး ဆုငွေထုတ်ဖို့ပဲ စဉ်းစားတယ်။ အခုမှ စီအိုင်အေရောက်ပြီး ဘယ်ဆီကရမှန်းမသိတဲ့ ပိုက်ဆံများနဲ့ အွန်လိုင်း ဆိုက်တခု ဖမ်းထောင်လိုက်တာ။) 🙄
စစ်အစိုးရက ပေးထားတဲ့ကတိ ချိုးဖောက်ဖို့ ဝန်မလေးဘူး။ ပေးပြန်တော့လည်း ချည်တုပ်ပြီး ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် အကွက်ချထားတယ်။ အတိုက်အခံဖက်က အနှောင်အဖွဲ့ နဲနိုင်သမျှ အနဲဆုံးဖြစ်အောင် ပါးနပ်ရမယ်။ နို့မို့လို့ ဆွေးနွေးပွဲပျက်ရင် သူ့ကြောင့် ငါ့ကြောင့် ပြောကြတဲ့အခါ အစိုးရလုံခြုံရေး အက်ဥပဒေ ဘာညာနဲ့နှိပ်ကွပ် ခံရမှာပေါ့။ အရင်ကလည်း ဒီလိုပဲ မတရား လုပ်ခဲ့တာပဲ။ အခုတော့ စစ်တပ်ထွင်တဲ့အတိုင်း လိုက်လျောက်နေရင်း ပါတီတွင်း၊ အတိုုက်အခံများအကြား မလိုအပ်ဘဲ စကားများရတယ်။
ဒေါ်စု အခုလို ရေငုံနှုတ်ပိတ်နေတာ အမေရိကန်လက်ချက် အများကြီး ပါမယ်လို့ ထင်တယ်။ တရုတ်နဲ့ စစ်အစိုးရ လမ်းခွဲမယ် ယုံကြည်လို့ အန်ကယ်ဆမ်က ငါခြေစုံပစ်ဝင်တော့မယ်၊ နင်ဖက်က လိုက်ဖို့ပြင်ထားလို့ ပြောကောင်းပြောလိမ့်မယ်။ တကယ်ဆိုတော့လည်း မြန်မာပြည် ဒီမိုကရေစီအရေးထက် အမေရိကန်အတွက် ခြေကုပ်ရဖို့က ပိုအရေးကြီးပါတယ်။ ဘယ်အစိုးရမဆို ကိုယ့်တိုင်းပြည်ကောင်းစားရေး အရင်ကြည့်ကြမှာပါ။ မြန်မာပြည်လို ဆင်းရဲ ပညာတတ်နည်း၊ တရုတ်ပြည်နဲ့ နယ်ခြင်းထိစပ်၊ လက်ဝဲဝါဒလည်း အားကောင်းခဲ့တဲ့ တိုင်းပြည်မှာ တရုတ်မျှော်ဝါဒ အချိန်မရွေး ခေါင်းထောင်လာနိုင်လို့ တည်ငြိမ်ပြီး ကိုယ့်စကားလည်းအောင်မယ့် အစိုးရမျိုး အလိုရှိတာ မဆန်းပါဘူး။ ဒီတော့ တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ သွပ်သွင်းရင်း တဖက်ကလည်း စစ်တပ်အတွင်း သူ့လူများမွေးမြူပါမယ်။ ပြောသလို ဖြစ်ရင်တော့ကောင်းရဲ့၊ သို့ပေမယ့် အဆိပ်ပင်ရေလောင်း ဖြစ်ဖို့က ပိုများပါတယ်။ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ စစ်တပ်များလို ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူများ စစ်တပ်အတွင်း နေရာရ မထားဘူး။ ဗီယက်နမ်၊ ကမော္ဘဒီးယားနိုင်ငံများမှာလို တင်းကျပ်လှတဲ့ အရပ်သား အုပ်ချုပ်ရေးစနစ် ဖြစ်လာမယ့်ကိန်းသာ ရှိနေပါတယ်။ လွှတ်တော်မှာ ဇီးထုပ်အတွင်း ဆိုးဆေးများတာ၊ မြောင်းဖော် သန့်ရှင်းရေး လုပ်ပြီး အဖုံးပြန်မဖုံးခဲ့၊ အမှိုက်ကား နေ့စဉ်မှန်မှန်မလာ၊ လာလည်း ခေါင်းလောင်းမတီးတာ စတာတွေတော့ ပြောခွင့်ပေးထားအုံးမယ်လို့ ယူဆပါတယ်။ 😆

9 comments

  • Koyin Sithu

    November 7, 2011 at 1:59 pm

    အရှင်ကြောင်မင်းထံတွင်လည်း
    ဗမာပြည်ရောက် ရှမ်း၊ ရှမ်းစပ်တရုတ်များနှင့်တကွ
    တရုတ်အပေါင်းတို့ မည်သို့ချမ်းသာနေကြသည်ကို
    ဉာဏ်မမီလို့ မေးမြန်တင်သွင်းချင်ပါသည်… ဦးကြောင်မင်း.. 🙄 🙄

  • Shwe Ei

    November 7, 2011 at 3:01 pm

    ရင်မောစရာကြီးပါလား အောင်ကြူးရယ်။ မျိုးကြီး သီချင်းဆိုရတော့မယ် (မျှော်လင့်ချက်မဲ့ ဘီဟေ့၊ ဒီဘဝဒီမျှနဲ့ဘဲ…….)။

  • naywoonni

    November 7, 2011 at 7:54 pm

    ဖုံးတဲ့သူကဖုံး ဖော်တဲ့သူကဖေါ် ….။ လုံအောင်ဖုံး ရအောင်ဖော် ပျော်တော့ပျော်စရာကြီးနေမှာပဲ…။ အာဃာတတွေ အညှိုးအတေးတွေ မပါဘူးဆိုရင်ပေါ့…………။

  • three colors

    November 7, 2011 at 9:02 pm

    ဘာပြောချင်မှန်း ဖတ်ပြီး နားမလည်ဘူး၊
    ဘာပဲဖြစ်ဖြစ် နီးရာ ဓါးက အကြောက်ရဆုံးပဲ၊
    မိတ်ဆွေကောင်းမဟုတ်တာလဲ သေချာတယ်၊
    ဒါကြောင့် တရုတ်ထက်တော့ ဘာပဲပြောပြော သာတယ်။

  • ba gyi

    November 8, 2011 at 10:37 am

    ကိုကြောင်ကြီး ဘာလို့မှန်တာတွေပြောရတာတုန်း၊ ဒါ့ကြောင့် Hard Line လို့ယူဆသူခေါင်းဆောင်ပိုင်းတွေ
    ကိုလောလောဆယ်မလွှတ်သေးပဲ၊နိုင်ငံတစ်ကာဆက်ဆံရေးအပြောင်းအလဲနဲ့၊ပြည်တွင်းအတိုက်အခံနှင့်ဆက် ဆံရေးအပြောင်းအလဲတစ်ပြိုင်တည်းလုပ်ချိန်မှာ၊သဘောထားညှို ယူနေတုန်းမှာ၊ အနှောက်ယှက်မ ဝင်ဘို့ သတိ ကြီးကြီးထား လုပ်နေတယ်ထင်ပါတယ်၊

  • fatty

    November 8, 2011 at 11:31 am

    ဒီလိုကိစ္စမျိုးဆိုတာ အချိန်ဆွဲထားလို့ သိပ်ကောင်းတာမဟုတ်ဘူး ဆိုတဲ့ ဒေါ်စုရဲ့ စကား နောက်ကွယ်က
    အဓိပ္ပါယ် ကို စဉ်းစားကြည့်မိပါတယ် ။

  • ba gyi

    November 8, 2011 at 12:50 pm

    ကိုဖက်ရေ၊ သူတို့မှာ ဘယ်အချိန်ဘာလုပ်မယ်ဆိုတဲ့ Time Frame ဟာ ရှိနေနှင့်တာ၊သူတို့ Plam ထဲပါပြီး သား ဒါကို ဒေါ်စု လည်း ရိပ်မိပြီးဖြစ်မယ်ထင်တယ်၊ဒါ့ကြောင့်Target မြန်မြန် တောင်းနေတာ ၊တိုက်တွန်း နေတာ၊ခုဆို ကိုရွှေ အ မေရိ ကန်တို့ဘက်ကလည်း ခပ်မြန်မြန်မြန်နဲ့ မြန်မာ့ ဘက်ကို့ခြေလှမ်း တွေလာ နေ သလို၊အာာစီယံမှ လည်း ဝိုင်း တွန်း ပို့နေပ်ီ၊ အမေရိကန်ကြီးနဲ့ဆွေးနွေးဘို့ပေါ့။ ဘာပဲဖြစ်ဖြစ်၊ တိုင်ပြည် ကောင်း ဘို့၊ အမျိုးသားရေးတစ် ကယ် အ ကျိုးရှိမယ် ဆိုရင်- အားလုံးရင်းရတာမြတ်ပါတယ်၊တန်ပါတယ်၊ တစ်ခါတစ်ခါ ကျူပ်တွေးမိတယ် ကျုပ် အပါအဝင်အားလုံးဟာ 1988 ကနေ ခုထိ၊ ရှိပြီးသား /သတ်မှတ် ပြီး သားနိုင်ငံရေး Frame ကြီးထဲ၊ မှာရှိနေခဲ့ကြတာပဲ၊ သည်တော့သည်အချိန်မှာအတိုက်အခံဘက်က ၊ အလွန် ပါး နပ်စွာနဲ့ အပြောင်းလဲတစ်ခုကိုအစီစဉ်တစ်ကျ မြန်မြန်ရွှေ့ဘို့ အဲသည် Frame နဲ့ လုပ်နေရခြင်းဖြစ်လို့ ကျွန်တော်တို့ ရဲ့ ဖြစ်လိုမှုစေတ နာကို အရင်း ခံပြီး စိတ်ရှေ၊နားလည်၊စောင့်ကြည့်၊ပြင်ဆင်ကြပါစို့လို့ လေး စားစွာတင်ပြပါရစေဗျား။

  • alinsett

    November 8, 2011 at 7:00 pm

    ရယ်ချင် လာလိုက်…ငိုချင်လာလိုက် ဖြစ်သွားပါတယ်။

    ဘာပဲ..ပြောပြော… ပြောင်ပြောင်တင်းတင်းရေးထားတဲ ့ဦးကြောာင်ရဲ ့ပို ့စ်ကို ဖတ်ရတာ သိပ်ကောင်းပါတယ်။

    နောက်ဆိုလည်း..ပြောင်ပြောင်တင်းတင်း…( အင်း..အဲဒီ စကားလုံးက သုံးသာ သုံးရတယ်..ပြောင်ပြောင်ဆိုတာက ထားပါတော့၊ တင်းတင်းဆိုတာက ဘာတုန်း….)
    အို..ရှုုပ်ပါတယ်..ထပ်ရေးလိုက်ဦးမယ်။ ပြောင်ပြောင်တင်းတင်း…ရေးပါဦး..လို ့။

    ကျွန်တော်..လည်း..ပြောင်ပြောင်တင်းတင်းပဲ….ဖတ်နေပါဦးမယ်။
    ဦးကြောင်..ကို ချစိခင်လေးစားသောအားဖြင့်

    လေးစားစွာ…

  • taungpawthar

    November 11, 2011 at 11:02 am

    ဆန် ့ကျင်ဘက်တွေရှိနေလို ့လဲ လူ ့လော ကကြီးက ပို ပြီးတိုးတက် ပြီး စိတ်ဝင်စားစရာ ကောင်းနေတာ ပေါ့

Leave a Reply