ဆွေးနွေးကြတဲ့အခါ….

who whoNovember 7, 20111min1154

သေခြင်းနှင့်ပတ်သက်၍ သိခွင့်ရခဲ့သမျှကား….
သင်္ကြန်တွင်းကာလ ရိပ်သာရဲ့ အဆောင် တစ်ခုအတွင်းမှ တီးတိုး တရားဆွေးနွေးပွဲလေး တစ်ခု ။
“ ဘယ်လို …ကျနော် နားမလည်လို့ သေချာလေး ပြောပြပေးပါဦးနော်။”
အဆောင်ဖော် တစ်ယောက်အား မေးလိုက်ခြင်းဖြစ်သည်။
“အင်း…ဒီလိုလေ ။ ကျနော်တို့ အခု အားထုတ်ကြတယ်ဆိုတဲ့ ရည်ရွယ်ချက် က အပါယ်လေးဘုံက လွတ်ဖို့က အဓိကပဲမလား။ ”
“အင်းပေါ့။ ဒါကြောင့်လည်း ဆရာတော်တွေက အပါယ်လွတ်ဖို့ကို ကြိုးစားဖို့ ပြောနေတာပေါ့။ ဒါပေမယ့် ကျနော် မသိတာက အဲလို လွတ်အောင်ကျ ဘယ် လို ကြိုးစားရသလဲဆိုတာရယ်။ ဘယ်လို အခြေအနေမျိုးကျမှ လွတ်မှာလဲ ဆို တာရယ် အဲဒါလေး အရင် သိချင်တယ်။”
“ဟုတ်ကဲ့ပါ။ အဲဒါကို ဆွေးနွေးရမယ်ဆိုရင် ကျနော်တို့ အခု တရားတွေ အားထုတ်နေကြတယ်နော်။ အဲလို အားထုတ်ရင်းက ဖြစ်ပျက်မြင်တဲ့ ဉာဏ်လေးကို ရသွားတယ်ပေါ့နော်။ အဲလိုကနေမှ ဆက်အားထုတ်တော့ ဖြစ် ပျက်မြင်ရာကနေ မုန်းလာမယ်။ မုန်းရာကနေ ဆုံးတဲ့ အဆင့်ထိ ရောက်အောင် အားထုတ်နိုင်လာမယ် ဆိုရင်တော့ ပထမ နိဗ္ဗာန်ကို မြင်နိုင်တဲ့ မဂ်ဉာဏ်ကို ရရှိသွားပြီလေ။ အဲဒီလို အခြေအနေထိရောက်သွားရင်တော့ ခင်ဗျားဟာ အပါယ်ကို ဘယ်တော့မှ မကျတော့ဘူးလို့သာ မှတ်လိုက်ပေတော့။”
“ဟင် အဲလို အပါယ်မရောက်တော့ ဘယ်ကိုရောက်မှာတုန်း။ ဆက်ပါဦး။”
“၃၁ဘုံကိုတော့ ခင်ဗျားလည်း သိမှာပေါ့။ အပါယ်လေးဘုံရယ်၊ လူ့ဘုံရယ်၊ နတ်ပြည်က ခြောက်ထပ်ရယ်၊ ဗြဟ္မာက နှစ်ဆယ်ရယ်ဆိုတော့ ပေါင်း လိုက်တော့ ဘယ်လောက်ရလဲ။“
“အင်း စုစုပေါင်း ၃၁ဘုံပေါ့။”
“အဲဒီ ၃၁ဘုံထဲကမှ အပါယ်လေးဘုံကို ရောက်မယ့် ဘေးက လွတ်သွားပြီလို့ ပြောတာလေ။”
“ဟင် တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းသားနော်။ ဒါနဲ့ အဲလို ရောက်အောင်ထိ အားမထုတ်နိုင်ပဲ သေရင်ရော ဘယ်တွေကို ရောက်မှာလဲ။”
“အင်း ဆရာတော်တွေ ဟောထားတာကတော့ အပါယ်ဘုံဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်လိုပဲတဲ့နော်။ ခု လူ့ပြည်ကို ခဏ အလည်လာပြီးရင် ခုနက ပြော သလို သေချာအောင် မလုပ်ထားဘူးဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်နဲ့တူသော အပါယ်ကို ပြန်ရလိမ့်မယ်လို့တောင် ဆရာတော်တွေက ပြောတယ်နော်။”
“ဟင် ဒါဆို လူဘယ်နှစ်ယောက်လောက် အပါယ်က လွတ်အောင် ရုန်းနိုင် သွားကြသလဲ။ မလွတ်တာနဲ့ပဲ အပါယ်ကို ရောက်ရောလား။ ပြောပါဦးဗျာ။ ကျနော်ဖြင့် သိချင်လာပါပြီ။”
“ဒါပေမယ့် တရားအားထုတ်တဲ့ လူတွေမှာ တနည်းပြောရင် ရုပ်နာမ်ကွဲပြီး ဖြစ်ပျက်မြင်တဲ့ အနေအထားထိ အားထုတ်ထားပြီ ဆိုရင်ကိုပဲ မဂ်ဖိုလ် နိဗ္ဗာန်ထိ မရောက် သေးတောင်မှ သေခါနီးမှာ ဒီဖြစ်ပျက်အာရုံလေးနဲ့သာ သေသွားပါ။ ခင်ဗျား နောက်ဘဝမှာ သေချာပေါက်ကို နတ် ပြည်ရောက်ပြီး မဂ်ဉာဏ်ရသွားလိမ့်မယ်တဲ့နော်။”
“ဘယ်လို…ဘယ်လို…နောက်ဒုတိယ ဘဝမှာ မဂ်ဉာဏ် တန်းရသွားမယ် ဟုတ်လား။ ဘယ်လိုက ဘယ်လိုတွေ ရသွားမှာမို့လဲ။ ”
“အင်း…ဒီလိုဗျ။ ခင်ဗျားက ဒီဘဝမှာ ဖြစ်ပျက်တွေကို ဖြိုင်ဖြိုင်မြင်အောင်ထိတော့ အားထုတ် နေတယ်။ သို့သော် အသေက ဦးသွားတယ်ထား။ သေခါနီးမှာလည်း ဒီဖြစ်ပျက်ကိုပဲ အာရုံပြုပြီး သေတယ်ပေါ့။ အဲလိုများသေသွားခဲ့ရင် ဒုတိယဘဝမှာ နတ်ပြည်မှာ ပြုလုပ်နေတဲ့ တရားပွဲမှာ သွားပြီး တရားတွေ နာရတဲ့ အနေအထားကို တန်းရောက်သွားမယ်။ အဲလိုလည်း ရောက်ရော ခင်ဗျားက အဲဒီနတ်သဘင် တရားပွဲက ဟောတဲ့ တရားကို နာရင်းကပဲ မဂ်၊ ဖိုလ် နိဗ္ဗာန်ကို တန်းရသွားမယ်လေ။ ”
“အော အဲလိုလား။ ထူးဆန်းလိုက်တာနော်။ အဲလို ဖြစ်ပျက်မြင်တဲ့ ဉာဏ်လေးက အဲလောက် တောင်ထိ အကျိုးတွေ ပေးတယ်ပေါ့။ အင်း ကျနော်ဖြင့် ဒီတစ်ခါ တရားစခန်းဝင်ရတာ တော်တော်လေးကို တန်သွားပြီဗျာ။ ခုလိုတွေ တစ်ခါမှ မသိခဲ့ဘူးလေဗျာ။ ဒါဆို ကြိုးစားတာပေါ့ဗျ။ ဒီလောက်တောင် အာမခံ ချက်ရှိနေမှတော့နော့။”
“ဒါကြောင့်လဲ ဆရာတော်တွေက ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်း ဟော ပြောနေတာပေါ့ဗျာ။”
“အင်း ကျနော်က နည်းနည်း လျှာရှည်တော့ ထပ်မေးချင်သေးတယ်။ ဒါပေမယ့် တရားချိန်ရောက်နေပြီဆိုတော့ နောက်နေ့ကျမှ ဆက်မေးတော့ မယ်။ ခုတော့ တော်ကြဦးစို့ဗျာ။”
ကျနော်တို့ရဲ့ ဒီနေ့ ဆွေးနွေးခဲ့သမျှ အကြောင်းအရာတွေကို ကျနော် ခုမှပဲ သိခွင့်ရခဲ့ပါတယ်။ တဆက်တည်းလည်း ကျနော် သိချင်ခဲ့တဲ့ မေးခွန်းရဲ့ အဖြေလေးတွေကိုပါ ထုတ်ကြည့် နေမိပါတယ်။

4 comments

  • TTNU

    November 7, 2011 at 10:57 pm

    အပါယ်ဘုံဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်လိုပဲတဲ့နော်။
    Whowho ရေ တို့တစ်တွေ ကိုယ်ပိုင်အိမ်နဲ့နေရတာ အဟုတ်မှတ်နေလို့ မဖြစ်သေးဘူးနော်။
    လူ့ပြည်ကို ခဏ အလည်လာပြီးရင် သေချာအောင် လုပ်ထားမယ် ဆိုရင် ကိုယ့်ရဲ့
    ကိုယ်ပိုင်အိမ်နဲ့တူသော အပါယ်ကို ပြန်ရလိမ့်မယ် ဆိုတဲ့ ကိစ္စ စိတ်မပူရတော့ဘူးပေါ့။

    မမေ့မလျော့အောင် Alarm ချပေးတတ်တဲ့ Whowho ကိုကျေးဇူးတင်ပါတယ်ကွယ်။

    • whowho

      November 8, 2011 at 11:16 am

      လိုအပ်ချက်များရှိပါက ပြုပြင်လမ်းညွှန်နိုင်ပါကြောင်း။

  • windtalker

    November 8, 2011 at 11:53 am

    လေးဖြူ သီချင်း ကို ချက်ချင်း သတိရသွားတယ်
    “ ရှေ ့မှာ သေခြင်းရဲ ့တံခါးများ ”

  • Shwe Ei

    November 8, 2011 at 4:31 pm

    အပယ်ဘုံဆိုတာ ကိုယ်ပိုင်အိမ်တဲ့။ ဒုက္ခပါဘဲဗျာ။ လူ့ပြည်မှာတော့ကိုယ်ပိုင်အိမ်တလုံးတောင်မရှိဘဲ အပယ်ဘုံကျမှ ကိုယ်ပိုင်အိမ်ဖြစ်ရတဲ့ဘဝ။ ဆိုးလိုက်တာ။

Leave a Reply