ဘာမှပြန်မပြောရဲကြဘူး………….

naywoon niNovember 9, 20111min34212

အရင်နှစ်တွေတုန်းဆီက ဒီအချိန်ရောက်လာပြီဆိုရင် ဒီနေရာလေးတွေဟာ
ပြည့်ကျပ်နေတဲ့လူပင်လယ်
ကထိန်ရဲ့ဈေးတန်းမ
အရုပ်ပူဆာတဲ့ကလေး

သေနတ်သေးသေး
မလိုချင်လို့လွှင့်ပစ်တဲ့ကလေး
ရီမုကွန်ထရိုးနဲ့
ကားမရလို့
အမေကိုရန်တွေ့တဲ့ကလေး

ပွက်ပွက်ကိုညံနေရော
ပြန်တွေးကြည့်ရင်တောင်
ကြားယောင်နေရတုန်း…………။
ဟိုတစ်ဘက်နားဆီက
လူခေါ်နေတဲ့ပွဲခမ်းမ
တစ်ထိန်ထိန်တီးလို့
ရုတ်ရုတ်သဲသဲနဲ့ရယ်က
အလှည့်ကားလာပြီဆိုရင်လဲ
လိုက်ကြည့်ကြ
လမ်းလျှောက်ဖို့တောင်မလိုပါပဲ
လူလှိုင်းကိုစီးရင်း
ကထိန်အလှည့်ကားရှေ့မှောက်
ဒါရိုက်အရောက်…..။
ကားပေါ်မှာစတိတ်စင်ထိုးတင်ပြီး
ညလုံးပေါက်လှည့်စမ်းမြို့အနှံ့ဆိုပြီး
သီချင်းတွေဆိုတဲ့ကထိန်………..။
အရှေ့ဆီကရောင်နီချိန်ရောက်အောင်
သီချင်းတွေဆိုလို့ကောင်းတုန်း……။
ဒီနှစ်တော့ဝေးပေါ့….
ဟိုတစ်ခါခေတ်မကောင်းစဉ်ကတောင်
ကားတွေနဲ့နေ့ခင်းလှည့်
ပွဲဈေးကိုကိုးနာရီပိတ်
ဇာတ်ပွဲတွေနေ့ခင်းက
အဲဒိလိုရှိခဲ့တာ
နှစ်လေးဆယ်ကျော်ခဲ့ပြီလေ………။
တို့အရပ်တို့ဇာတ်
တို့ကထိန်ဆိုတာက
မြို့ပေါ်ကောတောနယ်ရောအားခဲ
တစ်နှစ်မှတစ်ကြိမ်နွဲရတဲ့ပွဲတစ်ခု
ကျန်တဲ့ရာသီ ပွဲဆိုတာမရှိရှာဘူး….။
ရွာသားတွေ မြို့ပေါ်ရောက်ဖြစ်တဲ့ကထိန်
ရွာသူတွေ ပွဲကြည့်တဲ့ကထိန်
သူတို့တစ်တွေမှာလည်း
တစ်နှစ်လုံးတစ်ပိန်ပိန်တစ်လိန်လိန်နဲ့
နွားနဲ့ဖက်ရုန်းရတာ
ဖင်ထဲရွှံ့တစ်ပိဿာဝင်ချင်ဝင်ပါစေ
ကထိန်ချိန်မြို့ပေါ်ရောက်ရင်ပြီးရော……..
အဲဒိလိုအားထားကြတာ….။
ဒီကထိန်ဟာသူတို့အတွက်တော့
စက်စဲနဲ့ပေးမလဲ
ချောင်းသာနဲ့အလိုက်ပေးလို့မရ
စင်္ကာပူရှော့ပင်းခေါ်ရင်တောင်
ဒီကထိန်တစ်နှစ်မသွားရဘူးဆိုရင်ဟင့်အင်းဆိုတဲ့အထဲက…..။
အစဉ်အလာမနှစ်ချိုက်လည်း
အားလပ်ရက်အပမ်းဖြေစခမ်းမရှိရှာလို့
ရွေးစရာဒီတစ်ခုထဲသာရှိခဲ့….။
ဆယ့်နှစ်ပွဲဈေးသည်တွေလည်း
ဒီကထိန်မှာပဲအားထားကြ
တပ်ကုန်းကထိန်ပြီးရင်ဒီလိုပွဲနဲ့ဝေးသတဲ့…..။
မြို့သူမြို့သားတွေလည်း
ရန်ကုန်ကခေတ်ပေါ်အဆိုတော် အယ်လ်နဲ့စတယ်ဆိုလား
တစ်နှစ်တစ်ခါပဲအရှင်လတ်လတ်တွေရတော့တယ်ဆိုလား အလှည့်ကားတွေတိုးဖို့အားခဲထားကြ….။
ဘယ်ကုန်သည်အဖွဲ့ကဘယ်ကတီးဝိုင်းငှားလို့တဲ့…။
ဘယ်သူကတော့ဘယ်အဆိုကျော်ရအောင်ငှားမယ်ဆိုလား
ဇာတ်ပွဲတွေကလည်းကြော်ငြာတွေချိတ်နေပြီ
ဟို…….မင်းသားလေးကတော့
အက,မကောင်းရှာပေမဲ့
ရုပ်ကလေးကတော့ချစ်စရာလေး
အားပေးဦးမှပဲဆိုတဲ့
အပျိုကြီးများရဲ့ကထိန်
တစ်ခြိမ်ခြိမ်ကျင်းပခဲ့တာက
နှစ်လေးဆယ်ကျော်လာပြီ
တစ်နှစ်မှဒီလိုမပျက်ခဲ့……။
ဒီနှစ်လည်း
အရင်နှစ်တွေလိုပဲမျှော်လင်ကြီးမျှော်လင့်ရင်းက
ပဒေသာပင်တွေစိုက်ထူရင်းက
ပွဲစမယ်ကြံခါမှ
စရံပေးပြီးသားပွဲခင်းတွေဖျက်

ရောင်းပြိးသားဈေးဆိုင်ခန်းတွေဖျက်
အဆိုေကျော်တွေကိုပြန်ပိတ်ရ
ဒီရက်အတွင်းပွဲမကရ
ဒီနေရာဘယ်ဈေးသည်မှမရောင်းရဆိုလို့

တစ်နှစ်လုံးထိုင်ရောင်းလာတဲ့

ကောက်ညှင်းပေါင်းသည်တောင်မှနေရာပျောက်ရတယ်…။
ဒီအချိန်ရောက်လာရင်
ကထိန်ဈေးတန်းလူပင်လယ်ပြင်ကြီးဟာ
အခုတော့ချောက်ကပ်လို့
ဒီနေရာလေးမှာ

လှူတန်းမဲ့

ပဒေသာပင်လေးတွေပဲငုတ်တုပ်……။
အဲဒိအချိန်မှာပဲ
ကောင်းကင်ကအသံတစ်ခုထွက်လာခဲ့
နေပြည်တော်မှာကြွလာမဲ့
စွယ်တော်လာဖူးပါလားတဲ့
တို့မြို့သူနယ်သားတွေခင်မြာ

ဒီ…ဒီမိုကရေစီစနစ်ကြီးမှာတောင်
ဘာမှပြန်မပြောရဲကြဘူး….။
ဘာမှပြန်မပြောရဲကြရှာဘူး…….။

နေဝန်းနီ

12 comments

  • ပေါက်ဖော်

    November 9, 2011 at 7:29 pm

    ကျနော်လဲ ပြောရဲဘူး အန်ကယ် နီရေ..
    မပြောရဲရှာပါဘူး..
    စိတ်ထဲကပဲ ကျိတ်ဆဲတာပဲ..အေရိုး.ဘီရိုး.စီရိုးတွေရဲ့ 😆

  • windtalker

    November 9, 2011 at 8:04 pm

    ဟောဗျာ…အဲဒီလောက်ကြီးလားဗျာ ။
    ဘိုနီ ရေ ၊ ထပ်တူထပ်မျှ ဝမ်းနည်းပါ၏

  • naywoonni

    November 9, 2011 at 8:33 pm

    ဟိုက်ရော……..ငါ့ကဗျာ ဘယ်လိုဖစ်တာလဲ စာလုံးတွေအကုန်ရောလို့ တစ်ကြောင်းချင်းမဖစ်ဘူး…………။ ဘယ်ပြောရဲကြမလဲ အဲဒါဘာသာရေးမှိုင်းခေါ်တယ်…………။ စိတ်ပူတာတစ်ခုက စွယ်တော်ပြပြီးဘာအတောင်းအရမ်းထူသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်……….။

    • ပေါက်ဖော်

      November 9, 2011 at 9:00 pm

      တိန်..ကျနော်က တုံးတိရေးနည်းထင်လို ့..ဖတ်နေတာ..
      အဲတာကြောင့် ကဗျာနဲ ့တော့တူသလိုပဲလို ့..
      😀

  • MaMa

    November 9, 2011 at 8:53 pm

    စေတနာတွေလေ။ ကထိန်ဆိုတာ နှစ်တိုင်းကျင်းပနေကြဖြစ်လို့ ရိုးအီ ပျင်းခြောက်နေလောက်လို့ ဒီနှစ်အတွက် ထူးထူးခြားခြားလေး ဖြစ်သွားအောင် ရွှေမြို့တော်ကြီးကိုအလည်သွားရင်း စွယ်တော်ဖူးခိုင်းတာ၊ အလှုရေစက် လက်နဲ့မကွာအောင် အလှုခံပေးတာ ဖြစ်မှာပါ။ 🙁

  • unclegyi1974

    November 9, 2011 at 10:31 pm

    အဲလိုကြီးတကယ်လုပ်တာလားကိုနီရဲ့
    ထူးထွေတည့်အံ့ဖွယ်

  • koyinmaung

    November 9, 2011 at 11:00 pm

    ကြည့်လဲသွားကြအုံး …
    သိတယ်မို့လား
    အတွင်းရေးမှူး ၂ ကြီးတောင်ကံကောင်းလို့
    ရာဇဝင်ကရှိတယ်နော်…..

  • Sonny

    November 9, 2011 at 11:37 pm

    ကိုနေဝန်းနီရေ…စည်းကမ်းရှိရှိနဲ့ ပြန်ပြောရမယ့်နေ့မဝေးတော့ပါဘူး….ခင်မင်လျှက်..ကိုဆန်နီ

  • aye.kk

    November 10, 2011 at 8:33 am

    အာဏာရှင်စနစ်ဆိုတာ ရွံ့မုံးစရာဘဲနော်

  • နီလေး

    November 10, 2011 at 11:26 am

    ထပ်တူထပ်မျှ အတူတူပါပဲဖြစ်ပါကြောင်း

  • hmee

    November 10, 2011 at 2:50 pm

    အဘနီရေ တပေါင်းပွဲလည်း မဖြစ်တာကြာပြီဆို။ မိုးကြိုးငှက်ငယ်ပွဲကို နှစ်တိုင်းကို အလွတ်မပေးပဲ ကြည့်ခဲ့တာ။ နှစ်ကျိတ်ရှစ်ဆူလည်း မစည်တာကြာပေါ့တဲ့။ ငယ်ငယ်က နှစ်ကျိတ်ရှစ်ဆူပွဲတိုင်း အားခဲပြီး စတိတ်ရှိုးကားတွေကို အိမ်ခေါင်မိုးပေါ်ကနေ မိုးအလင်း ကြည့်ခဲ့တာတွေ လွမ်းမိသေးတယ်။ မနက်ဆို ရှမ်းကန်ပတ်လည်မှာ အိပ်နေတဲ့လူတွေ အဘနီ ပြောတာနဲ့ လွမ်းသလိုလို သနားသလိုလို ဖြစ်လာပြီ။ 🙂

  • naywoonni

    November 11, 2011 at 7:37 pm

    ဟုတ်တယ်မမှီရေ….။ တပေါင်းပွဲက ရွှေမြင်တင်ပွဲပဲ သွားနေရတယ်…။ တောင်ပေါ်ပွဲဆိုတော့ ပျော်စရာတစ်မျိုးကောင်းပါတယ်…။ နှစ်ကျိတ် ရှစ်ဆူကတော့ အရင်က နာမယ် ရပြီးသားကော မရသေးတာကော စည်ကားနေကြ…။ ခုတော့ ဟီးးးးး ကျွန်တော်လည်း မပြောရဲတော့ဘူးးးးးးးးးး 😛

Leave a Reply