ကျားနဲ့ မ ခွဲခြားထားသည့် ပြဿနာ?…
“ဘုန်း” ဆိုတာသည်မှာ “ပုည” ကောင်းမှုကုသိုလ် ဟူသော စကားမှ ဖြစ်ပေါ်လာသည်ဟု ဆိုကြပေသည်။ ထိုကြောင့် “ဘုန်း” ကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်ကတော့ ရှေးကာလ၊ အတိတ်ကာလ၏ ကောင်းမှုကုသိုလ်အကျိုးဆက် ပင်ဖြစ်သည်။ အတိတ်ကာလဟု ဆိုရာဝယ် ဖြစ်ပျက်ခဲ့ပြီးသော နာရီ၊ မိနစ်၊ စက္ကန့် အချိန်များလည်း ပါဝင်နေသည်။
ဘုန်းကြီးသည် ဟု ပြောဆိုခြင်းသည် ကုသိုလ်ကောင်းမှု တန်ခိုးအရှိန်အဝါ ကြီးမားနေခြင်းကို ဆိုလိုသည်။ ဘုန်းနိမ့်သည် ဟု ပြောဆိုခြင်းသည် ကုသိုလ်ကောင်းမှု တန်ခိုးအရှိန်အဝါ မရှိခြင်း၊ နည်းပါးနေခြင်း တို့ကို အဓိပ္ပာယ် သက်ရောက်ပါသည်။ ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ အဝိဇ္ဇာ နှင့် တဏှာမှ စတင်ခဲ့သော ဘဝ သံသရာ တစ်လျှောက်လုံးတွင် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု အနည်းအများ ကိုယ်စီကိုယ်စီ ရှိနေကြပေသည်။ ထို့ကြောင့် လူတိုင်း လူတိုင်းတွင် ဘုန်းတန်ခိုး ကိုယ်စီကိုယ်စီ ရှိနေသည်ကို ပြောရပေလိမ့်မည်။အကယ်၍ ယောက်ကျားများတွင် ကောင်းမှုကုသိုလ် များစွာရှိနေလျှင် ဘုန်းတန်ခိုးကြီးနေသလို မိန်းမများတွင်လည်း ကောင်းမှုကုသိုလ် များစွာ ရှိနေလျှင် ဘုန်းတန်ခိုး ကြီးနေပါလိမ့်မည်။ ထို့ကြောင့် ယောက်ကျားလည်း ရဟန ္တာ ဖြစ်နိုင်သလို မိန်းမလည်း ရဟန ္တာ ဖြစ်နိုင်ပါသည်။ ရဟန ္တာ ဖြစ်နိုင်လောက်အောင် ကုသိုလ်ကောင်းမှု ဘုန်းတန်ခိုး ပါရမီ ကျင့်ကြံအားထုတ်မှုများ ပြည့်စုံသွားပြီ ဆိုလျှင်ဖြင့် ရဟန ္တာ ဖြစ်ရမည်မှာ မလွဲနိုင်ပေ။ ထို့ကြောင့် ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ မိမိတို့တွင် ရှိကြသော ကျင့်ကြံအားထုတ်မှု ဘုန်းကံ ပါရမီများ အတိုင်း နိဗ္ဗာန်ကို ရောက်ကြရသည်။
ထိုအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် ဘုန်းကြီးခြင်း မကြီးခြင်းသည် ယောက်ကျား၊ မိန်းမနှင့် မသက်ဆိုင်ဘဲ မိမိတို့၏ ကုသိုလ်ကောင်းမှု၊ အကုသိုလ်မကောင်းမှုများ ကြောင့်သာလျှင် ဖြစ်ကြရပေသည်။
သို့သော် မြင့်မြတ်ခြင်း၊ မမြင့်မြတ်ခြင်း ဆိုသည်ကိုတော့ ဆက်၍ လင်းဦးအံ့။
မြင့်မြတ်ခြင်း ဆိုသည်မှာ အဆင့်အတန်း၊ အရည်အချင်း စသည်တို့ သာမန်ထက် ထူးကဲသာလွန်နေခြင်းကို ဆိုလိုပေသည်။ လောကသုံးပါး၏ ဆရာသခင် ဘုရားရှင်ဖြစ်ရန် ဗျာဒိတ်ခံယူနိုင်သော ပုဂ္ဂိုလ်သည် ယောက်ကျားစင်စစ် ဖြစ်မှသာလျှင် ဗျာဒိတ်ခံယူနိုင်သည်။ နောက်တစ်နည်း ထပ်မံ၍ ရှင်းရလျှင် ဘုရားအဖြစ် ဗျာဒိတ်ခံယူနိုင်ဖို့အတွက် လိင်္ဂသမ္ပတ္တိ ယောက်ကျားစင်စစ်ဖြစ်ခြင်း ဟူသော အရည်အချင်း လိုအပ်သည်။ မိန်းမများ အနေဖြင့် ဘုရားဖြစ်ရန် ဗျာဒိတ်ခံယူချင်လျှင် ယောက်ကျားဘဝကို ဖြစ်အောင် ပထမ ပြုလုပ်ရပေသည်။ မိန်းမဘဝဖြင့် ဗျာဒိတ်ခံယူရန် လုံးဝ မဖြစ်နိုင်ပေ။ ထိုကြောင့် ယောက်ကျားသည် မိန်းမထက် ပို၍ မြင့်မြတ်သည်ဟု ဆိုရပေသည်။ (ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ဗန်းမော်ဆရာတော်ကြီးနှင့် သီလရှင် မယ်ကင်း တို့၏ ဇာတ်လမ်းတွင် ဗန်းမော်ဆရာတော်ကြီးက သီလရှင် မယ်ကင်းကို ပြောသော စကားကို သိသူများက အဓိပ္ပာယ် ပိုပြီး ထင်ရှားပါလိမ့်မည်။ ရုန့်ရင်းကြမ်းတမ်းသော စကားဖြစ်မည် စိုးသောကြောင့် ဤနေရာတွင် မဖော်ပြတော့ပါ)
မြတ်စွာဘုရား လက်ထက်တော်က ယောက်ကျားရဟန်းများအပြင် အရှင်အာနန္ဒာ၏ ကျေးဇူးကြောင့် မိန်းမ ရဟန်းမများလည်း ရှိခဲ့သည်။ မိန်းမဘိက္ခုနီမ ရဟန ္တာများလည်း ရှိခဲ့သည်။ သို့သော် ဘိက္ခုနီမများ၏ ဂရုဓမ္မ ရှစ်ပါးအထဲတွင် ဘိက္ခုနီသည် ရဟန်းဝါ တစ်ရာပင် ရနေစေကာမူ ယနေ့မှ ပဉ္ဇင်းဖြစ်သော ရဟန်းယောက်ကျားကို ရှိခိုးရမည် အရိုအသေ ပြုရမည် ဟု မြတ်စွာဘုရားသည် ပညတ်ထားသည်။ ယောက်ကျားသည် မိန်းမထက် မြတ်သောကြောင့်သာလျှင် ဖြစ်ပေသည်။
ဥပမာ အားဖြင့် ပြောရလျှင် ဖခင်နှင့် မိခင် နှစ်ဦးတွင် မည်သူက မြင့်မြတ်သနည်း ဟု မေးလျှင် ဖခင်က မြင့်မြတ်သည်ဟု ဖြေဆိုရပေလိမ့်မည်။ သို့သော် ကျေးဇူးတရားအနေဖြင့် ကြည့်မည်ဆိုလျှင် မိခင်သည် ဖခင်ထက် ပို၍ ကျေးဇူးများနေသည်ကို တွေ့ရပေလိမ့်မည်။ မိခင်သည် ရင်သွေးသားသမီးများကို ဝမ်းဖြင့်လွယ်၍ မွေးဖွားရသောကြောင့်ပင် ဖြစ်သည်။ ကျေးဇူးများခြင်း မများခြင်းသည် မိခင်လည်း ဖြစ်နိုင်သကဲ့သို့ ဖခင်လည်း ဖြစ်နိုင်ပေသည်။ သို့သော် မြင့်မြတ်ခြင်း သည် ဖခင်ကသာ ဖြစ်ရပေလိမ့်မည်။
ယောက်ကျားသည် မိန်းမထက် အသက်ငယ်သော်လည်း မြင့်မြတ်သည်ကတော့ ယောက်ကျားသာလျှင် ဖြစ်သည်။ မိန်းမများကို ဘုရားစေတီများ၏ အထက်ပစ္စယာရင်ပြင်တော် အပေါ်သို့ မတက်ခိုင်းသည်မှာလည်း ဘုန်းကြီးသည် ဘုန်းနိမ့်သည်နှင့် မဆိုင်ပေ။ မိန်းမများတွင် အဝေဏိက ဒုက္ခတစ်မျိုးဖြစ်သော လစဉ်ဓမ္မတာ ဥတုလာရခြင်းဆိုသော အကြောင်းနှင့် သက်ဆိုင်နေပါသည်။ ထိုကြောင့် မိန်းမများသည် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို ကြည်ညိုသည့်အတွက် အဂါရဝ မရိုမသေ ဖြစ်ကြမည် စိုးသောကြောင့်သာလျှင် ဘုရားစေတီတော်များ၏ အထက်ပစ္စယာကို မတက်ကြခြင်းသာ ဖြစ်သည်။
ဗုဒ္ဓဘာသာ မဟုတ်ကြသော အထူးသဖြင့် အနောက်နိုင်ငံများတွင် ယောက်ကျားနှင့် မိန်းမ ခွဲခြားဆက်ဆံမှု မရှိခြင်း (Gender Discrimination) ဆိုသည်ကို တွေ့ရပေသည်။ ယောက်ကျားနှင့် မိန်းမများကို သူ့နေရာနှင့်သူ ခွဲခြားထားမှု မရှိသောအခါ ယောက်ကျားမိန်းမ လူမှုရေး ရှုပ်ထွေးပွေလီမှုများသည် ရှင်း၍မရနိုင်လောက်အောင်ပင် လူ့ယဉ်ကျေးမှု ဟူသော စကားအသုံးအနှုန်းကို ပြောင်းပြန်အချိုးချပြီး တစ်ဖက်လှည့် သုံးစွဲလေတော့သည်။
ယောက်ကျားစင်စစ်ကသာလျှင် ဘုရားဖြစ်ရသည် ဆိုသောကြောင့် မိန်းမများကလည်း ငါတိုမိန်းမကျတော့ ဘုရားဖြစ်ခွင့်မရှိဘူး ခွဲခြားထားတယ် မတရားဘူး ဟု တန်းတူအခွင့်အရေး ရရှိအောင် တောင်းဆိုရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ တန်းတူအခွင့်အရေး ဆိုသည်မှာ နေရာတကာ လိုက်တောင်းနေလို့ ရသည့် ကိစ္စမဟုတ်။ ယောက်ကျားနှင့် မိန်းမတို့သည် သူ့နေရာနှင့်သူ တန်ဖိုးကိုယ်စီ ရှိနေကြပြီးသားပင် ဖြစ်သည်။
အမှန်တကယ် ဆိုရလျှင်ဖြင့် ယောက်ကျားပင်ဖြစ်စေ မိန်းမပင်ဖြစ်စေ မည်သူမဆို နိဗ္ဗာန်သို့ ရောက်ရန် ကျင့်ကြံပွားများ အားထုတ်ကြလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ ရသည်သာချည်းပင် ဖြစ်သည်။ နိဗ္ဗာန်ကို သွားသည့်လမ်းတွင် ယောက်ကျား၊ မိန်းမ ခွဲခြားထားခြင်း မရှိပေ။
ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ပန်းတိုင်သည် နိဗ္ဗာန်ပင် မဟုတ်လော။ နိဗ္ဗာန်ကို ရောက်မည့် တရားတော်များကို မည်သူမဆို ကျင့်ကြံပွားများ အားထုတ်ပြီး အမှန်တကယ် ရောက်အောင် သွားနိုင်ကြသည် ဆိုကတည်းကပင်လျှင် သဘာဝတရားသည် တရားပြီးသား ဖြစ်နေပေသည်။ ငါက ယောက်ကျားပဲ မြင့်မြတ်တယ် ဆိုပြီး ကုသိုလ်ကောင်းမှုတွေကို မလုပ်ဘူးဆိုရင် ဘုန်းကံမကြီးတော့ဘဲ အပါယ်ဘုံတွေကိုပဲ သွားရဖို့ ရှိပေသည်။ မိန်းမဖြစ်နေပေမယ့်လည်း ကုသိုလ်ကောင်းမှုတွေကို လုပ်နေလျှင် ဘုန်းကံကြီးပြီး ကောင်းရာ သုဂတိဘုံများကို သွားရပေလိမ့်မည်။ နိဗ္ဗာန်ကို ရောက်ရေပေလိမ့်မည်။
သဘာဝတရားသည် မည်သူ့ကိုမျှ မျက်နှာလိုက်ခြင်း၊ အသာပေးခြင်း မရှိ။ ဘက်လိုက်ခြင်း မရှိပေ။ ထိုကြောင့် ကျား/မ ခွဲခြားပုံကို အကျဉ်းချုပ် ပြောဆိုရလျှင် ယောက်ကျားများသည် မြင့်မြတ်သည်သာ ဖြစ်ပြီး ဘုန်းကံကြီးခြင်း၊ မကြီးခြင်းတို့သည် ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ မည်သူမဆို မိမိတို့ ပြုလုပ်ကြသော ကံ အတိုင်းသာလျှင် ဖြစ်ကြရပေသည်။ မိမိတို့၏ ကံသာလျှင် ကိုယ်ပိုင်ဥစ္စများ ဖြစ်ကြသည်။
သို့ဆိုလျှင် အားလုံးသော ကျား/မ မရွေး သံသရာ သမုဒ္ဒရာကြီး၏ လှိုင်းဂယက်တွေကြားတွင် မိမိတို့၏ ဘဝလှေကြီးကို ကုသိုလ်အပြည့်တင်ဆောင်ရင်း ဒုက္ခကင်းငြိမ်းရာ နိဗ္ဗာန်ကမ်းဆီရောက်အောင် ဦးတည်ပြီး သတိရှိရှိဖြင့် ဝိရိယအားတင်း ကိုယ်တိုင် လှော်ခတ် သွားနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါပေတော့သည်…..