ကဲ– ဒီသီတင်း ကို ဘယ်လိုမြင်ကြပါသလည်း။

ba gyiNovember 15, 20111min1426

မနေ့ကရုံးဆင်ပြီး အိမ်ပြန်တော့၊လမ်းမှာ ကျနော့လမ်းထဲမှရာအိမ်မှူးနှင့်ဆုံသည်။
သူနှင့်ကျနော်က၊ လမ်းအတွက်၊ဝါတွင်းဆွမ်းလောင်းကိစ္စ၊ဆွမ်းသိမ်းပွဲကိစ္စ၊ဆွမ်းသိမ်းအောင်ပွဲ တရားပွဲသဘင်ကိစ္စ၊နှစ်ကျိပ်ရှစ် ဆူဘုရားပူဇော်ရေးကိစ္စ များနှင့်ပါတ်သက်ပြီးဆက်ဆံရသည်။
လမ်းထဲတွင် ထိုရာအိမ်မှုးခေါင်းဆောင်လုပ်သောပွဲများသည် ပေါ်လစီအရသာလုပ်ရိုးလုပ်စဉ်လုပ်ခဲ့သော်လည်းအဝေဘန်ခံ၊အပြောဆိုခံရ တတ်သည်ကများသည်။ သည်လိုနှင့် သူ့လုပ်ဆောင်ချက်တွေ၊နောက်နဲနဲ ဆုတ်လာသည်၊ အခြားတစ်ဦးဦးဆောင်သည်၊ရာအိမ်မှုးကို တော့ခေါင်းစဉ်တပ်ပြီးလုပ်ရသည်၊(သို့သော်) ထိုနောက် တစ်ဦး ဦးဆောင်သည်ကိုတစ်လမ်းလုံးသိကြသည်။
(တစ်နှစ်) နှစ်ခါပြန်တော့– သူလည်းရာအိမ်မှုးအပြောခံရသလို ဝေဘန်ခံရပြန်သည်။ ထိုဒါဏ်ကိုလည်းသူမခံနိုင်တော့၊သည်လိုနှင့် ထိုနှစ်တွင်- ( တနင်္ဂနွေနေ့တိုင်းလုပ်နေကျ ) ဝါတွင်းဆွမ်းလောင်း ပွဲပျက်တော့မလို လို၊ သည်မှာ ကျနော်တို့ လူငယ်၊လူလတ်ပိုင်း တွေခေါင်းချင်းဆိုင်ပြီး၊ဆွေးနွေးကြရပြီ၊ ဝါတွင်းဆွမ်းလောင်းပွဲကားတစ်ပါတ်ပင်ပြီးသွားပြီ၊သည်နှစ်တော့လမ်းထဲဆွမ်းလောင်ပွဲမလုပ်ဖြစ်တော့ဟုပင်တစ်လမ်းလုံးထင်ထားကြပြီ တည်း။ သည်လိုနှင့်နောက်အပတ်( စနေနေ့ )အရောက်မှာတော့ လမ်းအတွင်း လော်သံကြီး စကြားရပြီ၊ကျွန်တော်တို့တပ်ဖွဲ့ချီလာပြီပေါ့၊ သပ္ပူရိယ အပေါင်း- အို— သူတော်ကောင်းတို့–၊ နောက်နေ့– နံက်(3း30) မှာထုံးစံအတိုင်း( ဘွန်တော် သံ ညံစည်ဟိန်းလို့ ) ဆွမ်လောင်းပွဲကလေးပြန်အသက်ဝင်လာခဲ့ရပါတော့သည်။
ပြောရလျှင် ကျနော်အပါအဝင် လမ်းထဲရှိလူလတ်၊လူငယ်များ၏၊မဖြစ်ဖြစ်အောင်လုပ်ပြမယ် ဟူသော ဆန္ဒ တူညီစွာ ၊ ရင်မှာပိုက်ပြီးဆောင်ရွက်ကြသည်၊
လူပြောမခံရအောင် စာရင်းအင်းတိကျစွာကိုင်တွယ်သည်၊အများမြင်သာအောင် တစ်ပါတ်တစ်ခါရှင်းတမ်းဆွဲပြီးကပ်သည်၊ရသမျှအလှူငွေကို လမ်းထဲရှိ
လူရိုသေ/ရှင်ရိုသေရှိသော ပုဂ္ဂိုလ်ထံစာရင်းနှင့်တစ်ကွအပ်နှံသည်။ ကျွန်တော်တို့စတင်ဦးဆောင်သောနှစ်တွင်၊ လမ်းထဲ ရှေးအဆက်ဆက်(မတည်ဆောက်နိုင်ခဲ့သော)
ဓမ္မာရုံ အဆောက်ဦးကလေးကို၊ ပြီပြင်စွာဆောက်နိုင်ခဲ့သလို၊ ထိုနှစ်မှစပြီး ဗုဒ္ဓဘာသာ တရားပွဲကြီးကို နှစ်စဉ်ကျုင်းပနိုင်ခဲ့သည်မှာ(3)နှစ်ပြည့်ခဲ့ပါပြီ။
နောက်ပိုင်းမှာတော့ ရာအိမ်မှုးပါ ပါဝင်ပူးပေါင်းလာရပြီးထုံစံအတိုင်းသူ့ကို၊ ပြန်အမှုးထာရပါသည်၊ သူ့ထံငွေကိုစာရင်းအင်းနှင့်အပ်ရသည်၊တရားပွဲကိစ္စ၊ရုံးကိစ္စ၊
ပါမစ်ကိစ္စ သူပါမှရသည်ကိုး။
ကဲ – အဲ ဒါ ကိုသည်လောက်ဇတ်ရည်လည်စေလေက်ပြီဖြစ်သဖြင့်-လိုရင်းပြောပါတော့မည်၊ ပထမစာပိုဒ်အစမှာရေးခဲ့သလို၊ အနှီ ရာအိမ်မှုးနှင့် လမ်းတွင် တွေ့
ပြီး၊ပြန်အလာ သူကကျနော့ကိုပြောလာသည်မှာ -ရပ်ကွက်/ကျေးရွာများနှင်သက်ဆိုင်သော ဘာသာရေးဆိုင်ရာသတင်းတစ်ပုဒ်ဖြစ်ပါသည်။
ထိုသတင်းအရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားချက်အရ၊ လမ်း၊ရပ်ကွက်/ကျေးရွာများတွင်- ဘာသာရေးအသင်းအဖွဲ့များတရားဝင်ဖွဲ့စည်းရေးနှင့်၊ထိုအဖွဲ့ကို
ဥက္ကဌ၊အတွင်းရေးမှုး၊တွဲဘက်အတွင်းရေးမှုး၊ဘဏ္ဍာထိန်း၊စာရင်းစစ်၊အဖွဲ့ဝင်များပါဝင်ဖွဲ့စည်းလျှက်၊ထိုအဖွဲ့၏စာရင်းကိုလည်း၊သက်ဆိုင်ရာသို့ပေးပို့ရမည်ဖြစ်ကြောင်းတည်း။
လူမှုဝန်ထမ်းလိုစိတ်၊သာသနာရေးစိတ် တို့ဖြင့်ဆောင်ရွက်နေကြကုန်သော စေတနာ့ဝန်ထမ်းများသည်ပင်လျှင် ထိုညွှန်ကြားချက်ဘောင်အတွင်းသက်ဆင်းကြရဦးတော့မည်၊
ကောင်း၏လော၊မကောင်း၏လော၊ ရည်ရွယ်ချက်ကိုတော့ ထိုသူရို့မှတစ်ပါး၊အခြားမသိနိုင်သေးပါ။သည်သီတင်းကြားရတာတော့ကြာပါပြီ၊သာသနာရေးဦးစီးဌာနတွင်ပင်၊ ထိုကိစ္စအတွက် မူရေးဆွဲပြီးပင်မ အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ဒေတာတွေစုဆောင်းပြီးနေပြီ၊ကွန်ပြူတာဌာနပင်သီးခြားဖွဲ့ထားပြီးပြီလို့သိရသည်၊တစ်ကယ့် လူမှုကိစ္စအထွေထွေနှင့်
ဘာသာ၊သာသနာအတွက်ရည်ရွယ်သော ပန်းတိုင်စစ်စစ်ဖြစ်ပါစေလို့ပင် ဆုတောင်းရပါတော့မည်။

6 comments

  • blackchaw

    November 15, 2011 at 1:56 pm

    ဖတ်တော့ ဖတ်လိုက်ပါတယ် ဘကြီးရေ။
    ရပ်ရွာကိစ္စ ရပ်ရွာမှာပဲ ပြီးတာကောင်းတယ်လို့ ထင်ပါတယ်။
    လှူတဲ့ တန်းတဲ့ ကိစ္စပဲလေ နော။
    ဘာလုပ်လုပ် သက်ဆိုင်ရာ ကို သတင်းပို့နေရမယ်ဆိုတာကြီးကတော့
    သိတ်မဟုတ်လှဘူးလို့ထင်ပါတယ်။
    ထင်တာပြောတာပါနော်။ ကျန်တဲ့လူတွေ ဆွေးနွေးကြပါလိမ့်ဦးမယ်။

  • ပေါက်ဖော်

    November 15, 2011 at 3:14 pm

    စနစ်တကျ ဖြစ်စေချင်လို ့..ဖွဲ ့ခိုင်းရင်တော့ ကောင်းပါတယ်..
    တခြားအကြံစည်နဲ ့ဆိုရင်တော့ မကောင်းပါဘူး..

  • Shwe Ei

    November 15, 2011 at 5:13 pm

    အဖွဲ့အစည်းဆိုရင်တော့ ရပ်ရေးရွာရေး အချိန်ပြည့်လုပ်နိုင်သူတွေသာ အကျုံးဝင်တော့မှာပါ။ ဗော်လန်တီယာလုပ်ပေးတဲ့ လူငယ် လူလတ် (ဝန်ထမ်းတွေ) ကတော့ လိုအပ်တာလေးတွေ ဝိုင်းဝန်းပံ့ပိုးတာလောက်ပဲ လုပ်ခွင့်ရတော့မယ်ထင်ပါတယ်။ ငါဟဲ့အဖွဲ့ဝင်ဆိုပြီး အာဏာပြချင်တဲ့လူတွေ တန်းစီပီးဝင်လာရင်တော့ ပိတ်ကားပေါ်မှာသာ ဆက်လက်ကြည့်ရှုရတော့မှာပါဘဲ။

  • windtalker

    November 15, 2011 at 7:35 pm

    ဘကြီး ရေ
    ဘကြီးစာဖတ်ပြီးတော့ ဆရာကံချွန် ရဲ ့ပုံတိုလေး တစ်ပုဒ် ကို သတိရမိသဗျာ
    အရင်ခေတ်တုန်းက ၊ အစစအရာရာရှားပါးချိန်တုန်းကပေါ့
    သက်လတ်ပိုင်းအရာရှိဝန်ထမ်း နှစ်ယောက်ဟာ ကမ်းခြေတစ်ခု ကို အပန်းဖြေ ထွက်ခွင့်ရပါသတဲ့
    ဟိုရောက်တော့ ဘိုတဲ မှာ တည်းကြတယ် ။
    ညနေစောင်းတော့ သူတို ့နှစ်ယောက် က အားလုံးပြည့်စုံပေမယ့် ၊ သောက်ဖို ့မရှိ ဖြစ်နေလို ့၊ နေရခက်နေပါသတဲ့ ။
    အဲဒီမှာ ဘိုတဲ့စောင့် အဘိုးကြီးဟာ သူတို ့နားကို ရောက်လာပြီး
    “ လူလေးတို ့၊ ဘ ဘာများကူညီရဦးမလဲ ၊ လိုတာရှိ ဘ ကို ပြောပါနော် ၊ ဘာမှ အားမနာနဲ ့ ” ဆိုပြီး လောကွတ်ပြုပါသတဲ့ ။
    ဒါနဲ ့ဟိုလူနှစ်ယောက်လဲ အားနာနာ နဲ ့
    “ ဘ ရယ် ၊ ကျုပ်တို ့အရက်သောက်ချင်နေတာ ၊ အဲဒါ အဘ များ ဝယ်ပေးနိုင်မလား ” ဆိုတော့
    “ သိပ်ရတာပေါ့ ၊ ဘယ်နှစ်လုံး ဝယ်ပေးရမလဲသာ ပြော ”
    ဒါနဲ ့ဟိုလူနှစ်ယောက် လဲ ၊ နှစ်ယောက် တစ်လုံး ဆိုရပြီပေါ့ ။ တစ်လုံး ဝယ်ခိုင်းလိုက်တယ် ။
    အဘိုးကြီးလဲ သွားဝယ်ပေးတာပေါ့ ။ ပုလင်းရတော့ နှစ်ယောက်သား ထိုင်ဆွဲတော့တာပေါ့ ။ ပုလင်းတစ်လုံး သာ ကုန်သွားတယ် ။ နှစ်ယောက်စလုံး ဘာမှကို ခရီးမရောက်ကြဘူးတဲ့ ။ ဒါနဲ ့အဘိုးကြီးကို အားနာစွာနဲ ့နောက်တစ်လုံး ထပ်ဝယ်ခိုင်းလိုက်တယ် ။ နောက်တစ်လုံး ရောက်လာတယ် ။ ဒီတစ်လုံးသောက်ပြီးတော့လဲ သူတို ့ဘာမှ ကို မဖြစ်ကြဘူး ။ ဒါနဲ ့ သံသယ ဝင်လာတယ် ။ အဘိုးကြီးများ ရေများရောလားသလား ပေါ့ ။ မေးရမှာလဲ အားနာတယ် ။ ဒါနဲ ့နောက်တစ်လုံး ထပ်ဝယ်ခိုင်းလိုက်တယ် ။ ဒီတစ်ခါ အဘိုးကြီး ပုလင်းလာပေးတော့ တစ်ယောက် က မေးတယ် ။
    “ အဘ..အရက်ကရေရောထားသလို ပဲနော် ” ဆိုတော့
    “ လူလေးတို ့ရယ် ၊ ဘ အလကားလုပ်ပါ့မလား ” လို ့ပြန်ပြောပြီး ၊ အဘိုးကြီး ဟာ မူးမှောက်သွားပါတော့တယ် တဲ့ ။

  • rapperlay

    November 16, 2011 at 12:02 am

    ဘယ်သူ့မှ အလွတ်မပေး သူတို့အတွေး
    အလွတ်ပေးသည်မှာ ဆက်ကြေးပါ

  • etone

    November 16, 2011 at 10:26 am

    ဘကြီးရေ ကျွန်မကတော့ သူတို့ အားနေလို့ အလုပ်မရှိအလုပ်ရှာပြီး သတင်းပို့ခိုင်းတာလို့ ထင်ပါတယ် ။
    တကယ်ဆို လှူတယ် တန်းတယ်ဆိုတာမျိုးက စေတနာသဒါ္ဓဖြစ်လာတဲ့ အချိန်ပေါ်မူတည်ပြီး လုပ်မိသွားတဲ့ လုပ်ရပ်မျိုးပါ … အခုလို စာရင်းလုပ်ခိုင်းတာတို့ အဖွဲ့စည်းအနေနဲ့ လုပ်ခိုင်းတာတို့ ဆိုလျှင် အလုပ်ရှုပ်မှာစိုးလို့ … စေတနာဝန်ထမ်းရှားသွားမယ်လို့ ကျွန်မထင်မိတယ် ။
    ကျွန်မလည်း အရင်က ရပ်ကွက် သာရေးနာရေးဆို လူငယ်ပီပီ တတပ်တအားလုပ်ပေးခဲ့ဖူးတယ် ။ နောက်ပိုင်း မဲမပေးခင်က အဖွဲ့ဝင်တွေအားလုံး ဘယ်ပါတီဝင်ဆိုပြီး အော်တိုမစ်တစ်ဖြစ်သွားပြီး ကတည်းက နည်းနည်း ချဉ်သွားတယ် …. ။ ရပ်ကွက် ကိစ္စဘာမှကို လိုက်မလုပ်တော့ဘူး … 🙄

Leave a Reply