အစရှိ အနောင်နောင် bad habit


ခလေးများ ငယ်စဉ်မှာ မဟုတ်တာတခုခု လုပ်တော့မယ်ဆိုရင် ဒါမှမဟုတ် လုပ်မိရင် လူကြီးတွေက အင်အားသုံးဟန့်တားတယ်၊ ဖြောင်းဖျပြောဆို တားမြစ်ကြတယ်။ ဆုံးမပုံနည်းလမ်း ကွဲပေမဲ့ အမှားဖြစ်စေမဲ့ အစကို ဘယ်သူကမှ မလိုလားဘူး။ ဘာပြုလဲ?၊ အစရှိ အနောင်နောင်ဆိုတဲ့အတိုင်း ခလေးအသိစိတ်ထဲမှာ၊ မိမိပတ်ဝန်းကျင် အသိုင်းအဝန်းမှာ အကျင့်ဖြစ်သွားမှာ ဆိုးလို့ပါ။ အကောင်းအဆိုး ဘယ်အရာမဆို ဖြစ်လာဖို့ အစလိုတယ်။ အစရှိလာရင် တောက်လျောက်ဆက်သွားဖို့ မခဲယဉ်းတော့ဘူး။ ဒါကို သိထားတဲ့ သူများက ကောင်းသော အလေ့အကျင့်များ ဖြစ်စေဖို့ အားပေးအားမြောက်ပြုတယ်၊ မသိသူများကတော့ ဘာအရေးလဲ ဆိုပြီး ဂရုပြုရကောင်းမှန်း မသိကျိုးကျွံပြုတယ်။ လူ့အသိုင်းအဝန်းတခု ဖြစ်ပေါ်ပြောင်းလဲမှုမှာ တဖက်ဖက်က အရမ်းအားကောင်းနေရင် အကျင့်မှ စနစ်ဆီသို့ ပြောင်းလဲသွားပြီး တိုးတက်မှု ဆုတ်ယုတ်မှု၊ တရားမှု မတရားမှု များကို ဖြစ်ပေါ်စေတယ်။
စစ်တပ်အုပ်စိုးနေတဲ့ လက်ရှိမြန်မာ့ နိုင်ငံရေးစနစ်မှာ မကောင်းသော အစပေါင်းများစွာ ရှိနေတယ်။ ပြင်ဖို့ဆိုတာကလည်း သင့်တော်တဲ့ ပတ်ဝန်းကျင် ရှိရပါမယ်။ မီးလောင်စေရခြင်း အကြောင်းကို မဖြေရှင်းဘဲ မီးလောင်မှ တတ်နိုင်သလောက် ဝင်ငြိမ်းမယ်ဆိုတာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ မီးလောင်နေတဲ့ မှောင်ခိုဓာတ်ဆီဂိုဒေါင်ကို ရေပုံးလေးဆွဲပြီး မီးငြိမ်းဖို့သွားသလို ဖြစ်နေပါမယ်။ မီးသတ်ကားတောင် ဝင်ငြိမ်းလို့ မဖြစ်နိုင်ဘူးဆိုတာ မသိနိုင်ရင်တော့ အသိညဏ်မဲ့သူများလို့ ခေါ်ရမလား၊ ရူးချင်ယောင်ဆောင်သူများလို့ ကင်ပွန်းတပ်ရမလား တခုခုပါပဲ။
တိုင်းပြည်တခုရဲ့ နိုင်ငံရေးဆိုတာကလည်း အစကနဦး ဖြစ်ရပ်များနဲ့ များစွာဆက်နွယ်မှု ရှိပါတယ်။ အကြမ်းဖက်မှုနဲ့ စခဲ့တဲ့နိုင်ငံများ တည်ငြိမ်မှုရဖို့ ခဲယဉ်းတယ်။ ထစ်ခနဲရှိ လုပ်ကြံဖို့၊ အကြမ်းဖက်ဖို့၊ အကြပ်ကိုင်ဖို့လောက်သာ စဉ်းစားကြပါတော့တယ်။ အစဉ်အလာ ဖြစ်နေပြီကိုး။ ဘာသာရေး အစွန်းရောက်၊ အမျိုးသားရေးဝါဒီ၊ စစ်အာဏာရှင်စနစ် နဲ့အုပ်ချုပ်တဲ့ တိုင်းပြည်များလည်း ဒီသဘောပါပဲ။ စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာရေးထက် ဆူလွယ်နပ်လွယ်ရှိတဲ့ ပုံစံကို စိတ်စေတနာနဲ့ ဖြစ်စေ၊ ကိုယ်ကျိုးစီးပွားအတွက် ဖြစ်စေ ရွေးချယ်လိုက်ကြပါတယ်။ ရလဒ်က အာလုံးသိတဲ့အတိုင်း တရားမျှတမှု၊ လွတ်လပ်မှု၊ တိုးတက်မှု၊ လူ့ ဂုဏ်သိက္ခာ ကိုယ်ကျင့်တရား အားလုံးပျက်ဆီးဆုံးပါးရတဲ့ အဖြစ်ကို ရောက်ကုန်ရတာ မိမိပတ်ဝန်းကျင်မှာတင် မြင်တွေ့နိုင်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာလည်း အကျင့်ဆိုးများစွာ ရှိတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကျင့်ပျက်ခြစားမှု၊ မဲလိမ်တာ၊ နိုင်ငံရေး အကြမ်းဖက်တာ၊ အင်အားသုံးဖြေရှင်းတာ အစလုပ်ခဲ့မိကြလို့ အစဉ်အလာမျိုးလိုတောင် ဖြစ်နေပြီထင်ပါရဲ့။ စစ်တပ်လက်ထက်မှာတော့ ဆန္ဒပြ သံဃာတော်၊ သီလရှင်များကို ဖမ်းဆီးထောင်ချခဲ့တာ၊ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တာ၊ အတင်းအဓမ္မ သင်္ကန်းချွတ် လူဝတ်လဲပစ်တာ ဖြစ်ပါတယ်။ မဆလခေတ်ဦး ပိုင်းမှာတော့ သာသနာတော် သန့်ရှင်းရေးဆိုပြီး ဝိနည်းနဲ့မညီတဲ့ ကိုယ်တော်များကို အင်အားသုံး လူဝတ်လဲ စေခဲ့တာက အစပြုတယ် ထင်ပါတယ်။ အစရှိသွားပြီဆိုတော့ ခေတ်အနေထားနဲ့ နောင်ဆက်ဖြစ်ဖို့သာ ရှိပါတယ်။
လောလောဆယ် အစတခုကတော့ နိုင်ငံရေးအကျဉ်းသမားများကို အတိုက်အခံများနဲ့ ဆွေးနွေးရာမှာ ဓားစာခံပြုလုပ်ထားခြင်းပါ။ အရင် စစ်အစိုးရများလို ပြည်တွင်းပြည်ပ အဖက်ဖက်မှာ အသာစီးရ မထားတော့ နိုင်ငံရေးအကျဉ်းသမားများကို အသုံးချဖို့ စစ်တပိုင်းအစိုးရက ကြံစည်နေပါတယ်။ အစဉ်အလာ မကောင်းတဲ့ အစအကြီးကြီး တခုဖြစ်ပါတယ်။ အောင်မြင်သွားခဲ့ရင် အရေးပေါ်လာတိုင်း အတိုက်အခံများကိုဖမ်း မတန်တဆ နှစ်ရှည် ထောင်ဒဏ်များချ၊ နယ်ဝေးထောင်များသို့ ပို့ပြီး ရှေ့တန်းကြားခံနယ်မြေများအဖြစ် ထားပါလိမ့်မယ်။ လိုအပ်ရင် ယင်းနယ်မြေများကို လက်လွှတ်ပေးပြီး ခံစစ်စည်း မကျိုးပေါက်ရေး အကာအကွယ်ယူပါမယ်။ ယနေ့ စစ်အုပ်စု ကျင့်သုံးနေတဲ့ ကစားကွက်ကိုပဲကြည့်ပါ။ ပထမအဆင့် လွတ်ငြိမ်းသက်သာခွင့် တနှစ်ပေးတယ်။ ဒုတိယအဆင့် လွတ်ငြိမ်းချမ်းသာဆိုပြီး ထောင်သက်တဝက်ကျော်သူများကို လွှတ်တယ်၊ တတိယအဆင့် နယ်ဝေးထောင်များသို့ ပို့ထားသူများကို နီးစပ်ရာထောင်တွေကို ပြန်ခေါ်တယ်။ တိုက်ဆိုင်မှုလို့ ထင်ပါသလား။ အဲဒါတွေလုပ်ဖို့ မတရားဥပဒေများ ထုတ်ပြန်တယ်။ နိုင်ငံရေးပုဒ်မဆိုရင် ထောင်လျော့ရက် မပေးဘူး။ ပုဒ်ထီး ပုဒ်မ အမျိုးမျိုးခွဲ အပြစ်ပေးတယ်။ အရေးယူတော့ တလုံးတခဲထဲ၊ ပြန်လျော့ပေးတော့ တထစ်ခြင်း သွားတယ်။
အန်အယ်ဒီအနေနဲ့ မှတ်ပုံတင်၊ မတင်ရေးကို နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ လဲလှယ်ခဲ့ရင် နောင်လည်း ဒီလိုပဲ အလုပ်ခံရပါအုံးမယ်။ ပြန်ပေးအဆွဲခံရတဲ့အခါ ငွေပေးရွေးလိုက်ရင် အခြားသူများလည်း ဆက်ခါဆက်ခါ ပြန်ပေးအဆွဲခံရသလိုပါပဲ။ လက်တွေ့အခြေအနေအရ ရှောင်လွှဲမရဆိုရင်လည်း နိုင်ငံရေးအကျဉ်းသမားများ အရေးသည် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သင့်တယ်။ သူ့တခုထဲ ဦးတည် မဆုံးဖြတ်သင့်ဘူး။ အကြောင်းကတော့ လူသားအရသာ မသိအောင် ကျားကိုလူသား မစားစေခြင်း ဖြစ်ပါတယ်။

7 comments

  • blackchaw

    November 17, 2011 at 11:59 am

    “လောလောဆယ် အစတခုကတော့ နိုင်ငံရေးအကျဉ်းသမားများကို အတိုက်အခံများနဲ့ ဆွေးနွေးရာမှာ ဓားစာခံပြုလုပ်ထားခြင်းပါ။ အရင် စစ်အစိုးရများလို ပြည်တွင်းပြည်ပ အဖက်ဖက်မှာ အသာစီးရ မထားတော့ နိုင်ငံရေးအကျဉ်းသမားများကို အသုံးချဖို့ စစ်တပိုင်းအစိုးရက ကြံစည်နေပါတယ်”
    ဟုတ်မယ်ဗျ။ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လွှတ်မလွှတ်က အခု အန်အယ်ဒီ မှတ်ပုံတင်၊ မတင် ဆိုတာနဲ့
    သက်ဆိုင်လိမ့် မယ်ထင်တယ်ဗျာ။

  • ba gyi

    November 17, 2011 at 2:07 pm

    နိုင်ငံရေးအကျဉ်းသားအရေးသည် သဘောတူညီချက်ရဲ့အစိတ်အပိုင်းသာဖြစ်သင့်တယ်ဆိုပြီး၊အတွေးရဲရဲ
    နဲ့ ဆွေးနွေးတာလေးကျိုက်ပါတယ် ကိုကြောင်ကြီးရေ။ဆရာကြီး မောင်သာရ ပို့စ် မှာကျနော် ဖေါ်ပြသ လိုပြန် ရေးရရင်၊ လူတစ်ဦးအရေးထက်၊ အဖွဲ့အရေး၊အဖွဲ့အရေးထက်၊ တစ်တိုင်းပြည်လုံးအရေးကပိုအရေး ကြီးပါ၏။
    အထဲကနိုင်ငံရေးသ္မားတွေ –
    ၊ရဲဘော်တွေပြန်လွတ်ဘို့ဆိုတာ၊အပြင်နိုင်ငံရေးတိုးတက်ပြောင်းလဲမှု၊အခင်းအကျင်းတွေပေါ်မှာတင်မကပဲ၊
    ခုလောက်ဆို – ကျနော့အတွေ့အကြုံအရ ထောင်ထဲက အချို့တောင် သူရို့ ရှေ့ဆက်သွားမည့် အခင်း အ ကျင်း တွေပေါ် ဘယ်လိုသဘောထားလည်းဆိုတဲ့ မေးခွန်းတွေ ဖြေရင်တောင်ဖြေနေရလောက်ပြီ။သည်ပေါ်
    မူတည်ပြီးသူတို့ဆုံးဖြတ်တာ တွေလည်းရှိတတ်ပါသဗျား။

  • ပေါက်ဖော်

    November 17, 2011 at 3:11 pm

    ငါးကြော်တွေ.သိပ်မစားနဲ ့..
    ဆွဲသွားရင်..သဂျီးက….ဆယ်ပုဒ်ပြည့်မှ တစ်ကောင်ကျွေးမယ်တို ့..အပုဒ်၂ဝ ပြည့်မှ တစ်ကောင်ပေးမယ်တို ့..လုပ်လိမ့်မယ်
    🙄

  • မှော်ဆရာ

    November 17, 2011 at 3:17 pm

    ကိုကြောင်ကြီးကတော့ သူပြေတဲ့အတိုင်းကို မတူညီတဲ့ ရှုထောင့်ကကြည့်တာ ကျွမ်းကျင်ပါ့ဗျား ….
    မှော်ဆရာတို့ကတော့ နုံပါတယ် ။ ဖြန့်ကျက် မကြည့်တတ်တာ အမှန် …
    ကိုကြောင်ပြောတော့လဲ ဟုတ်သလိုလို … နဲနဲတော့ နားလည်သလိုလို ..

  • koyinmaung

    November 17, 2011 at 3:48 pm

    ဟုတ်ပကိုကြောင်ကြီးရေ
    နယ်ဝေးထောင်ကနေ နီးစပ်ရာထောင်ကိုပြောင်းပေးတယ်ဆိုတာ
    လွတ်မပေးသေးဘဲ တဆင့်လျော့တဲ့သဘောက
    မရိုးသားတာတော့အမှန်ဘဲ……

  • windtalker

    November 17, 2011 at 6:59 pm

    တောကြောင်သားကတော့ အညောင်းအညာပြေ ဒူလာပျောက်တယ် ဆိုလားဘဲ ကောင်ကြိုရေ

  • alinsett

    November 17, 2011 at 7:34 pm

    အင်း…ဦးကြောင်ရဲ့ စာတွေ ကပြောင်ပြောင်တင်းတင်းပဲ.နော်။

Leave a Reply