“တိမ်းနွယ် ယီမ်းဖယ် စိမ်းလွယ်”(အပိုင်းနှစ်)

“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းနှစ်)
(ယိမ်းဖယ်……………….)
“မမနွယ်….…. …. …. …. …. …. …. “
ကျနော် မမနွယ်ကို ဒီစကားလေးပြောဘို့အတွက်နေ့ပေါင်းများစွာ ညပေါင်းများစွာစဉ်းစားခဲ့ရပါတယ်။
မမနွယ်ရဲ့ သူငယ်ချင်းအရင်းကြီးတွေနဲ့စကားတွေအကြိမ်ပေါင်းများစွာပြောပြီးသူတို့ ထင်မြင်ချက်တွေကိုအများကြီးနားထောင်ခဲ့ရပါတယ်။
တကယ်တမ်းပြောကြေးဆိုရင် မမနွယ် နဲ့ဆုံတွေ့ခဲ့ခြင်းကို ကျနော့်ဘဝနဲ့ချီပြီးပြောရရင် ပျောက်ဆုံးသွားပြီး ပြန် မရနိုင်တော့ဘူးလို့မှတ်ထင်ထားတဲ့ရတနာပစ္စည်းလေးကို မထင်မှတ်ဘဲပြန်ရလိုက်သလိုပါဘဲ။
တကယ်တော့ မမနွယ်ရောကျနော်ပါ ဘဝတူတွေပါ။
လူမှန်ရင် အဖေရှိမယ် အမေရှိမယ် ညီအကိုမောင်နှမရှိမယ်။
ကံကောင်းရင် အဖေ့ဖက်က အဖုးိအဖွား အမေ့ဘက်က အဖိုးအဖွားရှိမယ်။
ဒီထက်ပိုကံကောင်းရင် ဦးလေးတွေ အဒေါ်တွေရှိမယ်။
ထပ်ကံကောင်းတဲ့သူက မောင်နှမဝမ်းကွဲတွေနဲ့သိုက်သိုက်ဝန်းဝန်းနေရမယ်။
အဖေရှိတယ်အမေမရှိဘူး။
အမေရှိတယ်အဖေမရှိဘူး။
တစ်ခုလိုနေမယ်။
အတူဆော့စရာ တိုင်ပင်စရာ ညီအကိုမောင်နှမမရှိဘူး။
ချစ်ခင်ယုယမယ့် ကိုယ်နွဲု့ဆိုးဆိုးလို့ရမယ့် အဒေါ်တွေဦးလေးတွေမရှိဘူး။
အဖိုးတွေအဖွားတွေနဲ့သိုက်သိုက်ဝန်းဝန်းမနေရဘူး။
ကျနော်တို့လို ချစ်ခွင့် မကြုံ သူတွေ ချစ်ခွင့် မဆုံသူတွေ ကတော့ လောကမှာအများကြီးပါ။
မေတ္တာငတ်မွတ်နေတဲ့လူသားတွေကတော့ နွေးထွေးသောမေတ္တာကို တောင့်တနေတာအမှန်ပါဘဲ။
မေတ္တာငတ်သူ ခြင်းတူတာတောင်မှ ပြည့်စုံတဲ့ဘဝနဲ့လိုအပ်ချက်တွေဘဲရှိနေတဲ့ဘဝ
ကွာခြားနေပါသေးတယ်။

ကျနော်နဲ့ ဆုံတွေ့ချိန်မှာ မမနွယ် အဖေကတော့ မရှိတော့ပါဘူး။
အမေကတော့ အသက်ထင်ရှားရှိပါသေးတယ်။
ဒါပေမယ့် ပြန်မလာနို်င်တဲ့ ပြန်လာခွင့်မရှိတဲ့ ဟိုအဝေးမှာ။
မမနွယ်ငါးနှစ်သမီးမှာ အဖေနဲ့အမေလမ်းခွဲခဲ့။
အဖေက သမီးဖြစ်သူကို သူနဲ့အတူခေါ် သူ့ညီမအပျိုကြီးနဲ့ အတူနေကြပါတယ်။
အမေက ခေတ်ဆန်သူ လုပ်တဲ့အလုပ်က ဧည့်လမ်းညွှန်။
အဖေကတော့ငွေရှာဘို့သာစဉ်းစားနေတဲ့ စီးပွားရေးသမား။
ကျောက်လုပ်ငန်းကို အဦးဆုံးလုပ်ခဲ့ စီးပွားလမ်းဖြောင့်ခဲသူ။
သူအယူအဆကတော့ ခပ်ပြတ်ပြတ်။
ငွေရှာတာယောက်ျားအလုပ်။
မိန်းမဆိုတာအိမ်မှာတင်အေးအေးနေ အိမ်ထောင်တစ်ခုကိုထိန်းသိမ်း။
ကိုယ့်သားသမီးကို ရင်အုပ်မကွာစောင့်ရှောက်။

မမနွယ်အမေကတော့ တိုးတက်တဲ့ခေတ်မှာ တက္ကသို်လ်ပညာတောင်သင်လာပြီးမှ
မီးဖိုချောင်မှာထမင်းချက် အိမ်ထဲမှာကလေးမွေးပြီး ဘဝကိုအဆုံးသတ်မခံနိုင်ဘူးလို့
ယုံကြည်ထားတဲ့သူ။
ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားမယ်။
ယောက်ျားကို လက်ဝါးဖြန့်တဲ့အလုပ်မလုပ်နိုင်ဘူးလို့ ဆုံးဖြတ်ထား။
ကိုယ်လမ်းကိုယ်သွားလျှောက်နိုင်အောင်လမ်းခွဲ ဘို့ဆုံးဖြတ်။
ဒီမှာတင် ငွေမာနနဲ့ပညာမာန အားပြိုင်ပွဲမှာ ရလာဒ်ကတော့ သူတို့နှစ်ယောက်တွက်က သရေ။
ဒီအထဲမှာဆုံးရှုးံသူကတော့ နှစ်ဦးပိုင်သမီးလေး “တင်ဇာနွယ်”
တစ်ဦးထဲသောသမီးလေးကိုတော့ အဖေက ဇွတ်ယူထား။
ဒီမှာတင် တကိုယ်ရည် တကာယ သမား မမနွယ်အမေက သူ့အလုပ်က အဆက်အသွယ်နဲ့
မြန်မာပြည်အပြင်ဘက်ကို ထွက်သွား။
နှစ်တွေကြာတော့ ဟိုမှာတင်အိမ်ယာအသစ်ထူထောင်လို့နိုင်ငံသားခံယူလိုက်ပါတယ်။
သူ့အဖေကတော့ သေသည်အထိ အိမ်ထောင်ထပ်မပြုတာကတော့ မမနွယ်ဘဝမှာအဆိုးထဲက
ကောင်းကွက်တစ်ခု။
အဖေနဲ့အမေကွဲကတည်းက အဖေညီမဒေါ်လေးနဲ့အတူနေခဲ့ရ။
အဲတော့မမနွယ်အတွက် သူ့ဒေါ်လေးသည်အဖေ သူ့ဒေါ်လေးသည်အမေဖြစ်လို့နေပါတယ်။

မမနွယ်အဖေက သူ့ကို လုပ်ကိုင်စားနိုင်ဘို့ ကျောက်စိမ်းနဲ့ပါတ်သက်တဲ့ပညာတွေသင်ပေးသွားခဲ့ပါတယ်။
အချို့သောကလေးများရဲ့ဘဝက ကစားဖော်တွေ ကစားစရာတွေနဲ့ ဖြတ်သန်း။
မမနွယ်ဘဝမှာတော့ သူ့ကစားစရာက သူ့အဖေအရောင်းအဝယ်လုပ်တဲ့ကျောက်တွေပါဘဲ။
အဲတော့ငယ်ကတည်းက မြင်နေရတဲ့ပစ္စည်း ရဲ့အကြောင်းကိုနောကျေနေပါတယ်။
သူ့အဖေကလဲ မမနွယ်ကို ကျောက်ဝိုင်းတွေ ၊ကျောက်အရောင်းအဝယ်လုပ်တဲ့နေရာတွေကို ကျောင်းပိတ်တာနဲ့ခေါ်သွား။
တစ်ခါတစ်ခါ ငွေထုတ်ပေးပြီးစမ်းအဝယ်ခိုင်း။
တစ်ခါတစ်လေတော့လဲအရောင်းခိုင်း။
တစ်စထက်တစ် အတွေ့အမြင်များလာတော့ လဲ ဒီအလုပ်က မမနွယ် အတွက် ထမင်းအုးိလေးဖြစ်လာပါတယ်။

ဆယ်တန်းအောင်ပြီးတဲ့နှစ်မှာ မမနွယ်အဖေက အသဲကင်ဆာနဲု့ဆုံးသွားပါတယ်။
ဒီတော့ နှစ်ယောက်ထဲကျန်တော့ အသွားအလာဝေးတဲ့မြို့သစ်ကိုရောင်း။
မြို့ထဲနဲ့ အသွားအလာ နီးတဲ့ မန်းလေးကန်တော်ကြီးနားမှာ ခြံလေးတစ်ခြံဝယ်ပြီးနေလိုက်ပါတယ်။
ဒီနေရာလေးက တိတ်ဆိတ်အေးချမ်း သလို လုံခြုံစွာနေနိုင်တဲ့ ပါတ်ဝန်းကျင်လဲရှိပါတယ်။
ဒီကနေ 41လမ်းက ကျောက်ဝိုင်းကို သွားမယ်ဆိုရင်လဲအဆင်ပြေပါတယ်။
မမနွယ်လက်ထက်မှာတော့ သူ့အဖေတုံးကလိုကျောက်မဖြတ်တော့ပါဘူး။
ရင်မောရတာရယ် ကိုယ်တိုင်လဲ ကျောက်ထွက်တဲ့နေရာထိဆင်းမဝယ်နိုင်တာရယ်ကြောင့်လဲပါပါတယ်။
ဒါပေမယ့်လဲ လာပြတဲ့အထဲက စိတ်တိုင်းကျရင်ဝယ်ထား ပြီးကြိုက်ဈေးရရင်တာ့ပြန်ရောင်း။

နဂိုရ်ကထည်းက ဒီဇိုင်းတွေ ဖန်တီးရတာနှစ်သက်တဲ့သူဆိုတော့ အထည်လိုင်းကိုကူးလိုက်ပါတယ်။
ကျောက်ဝိုင်းနားမှာငှားထားတဲ့အခန်းလေးမှာ နေ့စဉ်ဆိုင်ဖွင့်။
ကျောက်အပွင့်လေးတွေကောက် သူများတဲ့မတူတဲ့ဒီဇိုင်းလေးတွေထုတ်။
ရွှေသက်သက်နဲ့လုပ်တဲ့အခါလုပ်။
ဈေးသက်သာတာကြိုက်သူအတွက် ကြေးများများနဲ့ အဆင်လုပ်တဲ့အခါလုပ်။
စကားအပြောအဆိုကောင်း ကတိလဲတည်တော့ အရမ်းကြီး မမြတ်တောင်မှ
အိန္ဒြေမပျက် လုပ်ကိုင်စားနိုင်တဲ့ အဆင့်မှာရှိပါတယ်။
သူ့အဖေရှာထားခဲ့တဲ့ ဥစ္စာပိုင်ဆိုင်မူ့တွေက မမနွယ် ဒီဘဝအတွက် ပူပန်စရာမရှိ။
အေးချမ်းစွာ သက်တောင့်သက်သာစွာနေနိုင်ပါတယ်။
အဝေးမှာနေတဲ့အမေကတော့ အဆက်အသွယ်မရတာ အတော်ကြာခဲ့ပြီလို့ဆိုပါတယ်။

မမနွယ်မှ သူငယ်ချင်းအပေါင်းအသင်းလဲသိပ်မရှိ။
ဘုရားကြီးစောင်းတန်းမှာ နှိဗ္ဗာန်ကုန်တွေရောင်းနဲ့ နှင်းနှင်းခိုင်ဆိုတဲ့ မိုးစနရယ်၊
ကုမ္မဏီတစ်ခုမှာအရောင်းမန်နေဂျာဖြစ်တဲ့ အိအိတုန်လို့ ခေါ်တဲ့ မိဂွဲရယ်က ဆိုးတိုင်ပင်ကောင်းတိုင်ပင်။
၉တန်းကျောင်းသူဘဝကတဲက အတူတွဲခဲ့ကြ တက္ကသိုလ်တက်တော့လဲအတူတူ ။
သူတို့ရဲ့ မိဘအသိုင်းအဝိုင်းတွေက လဲ မမနွယ်ကို သမီးအရင်းလိုမေတ္တာတွေပေးဝေခဲ့ကြတော့ ဘဝဟာနေပျော်တယ်လို့သတ်မှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
မမနွယ်ဘဝမှာ ပုံမှန်ကျောင်းတက် အိမ်နေရင် ဒေါ်လေးဆီက အိမ်မူ့ကိစ္စတွေသင်၊
အဖေခေါ်ရင် ကျောက်ဝိုင်းလိုက်အလုပ် လုပ်။
အားတယ်ဆိုရင် သူငယ်ချင်းနှစ်ယောက်နဲ့ အတူသွားနဲ့ ပြောင်းလဲမူ့မရှိတဲ့ ဘဝဖြတ်သန်းမူ့နဲ့နေခဲ့ပါတယ်။
ကျောင်းတက်နေချိန်မှာလည်း ပျော်တတ်တာကလွဲလို့ ခပ်ရိုးရိုးနေတတ်တဲ့သူတို့သုံးယောက်ကို
ယောက်ျားလေးသူငယ်ချင်းတွေက မစားကောင်းတဲ့အသီးလိုသဘောထားသလားတော့ မသိ
သူငယ်ချင်းထက် နည်းနည်းလေးမှမပို။
မမနွယ် ပါတ်ဝန်းကျင်မှာအလုပ်နဲ့ပါတ်သက်တဲ့ တစိမ်းယောက်ျားတွေ နဲ့အလုပ်အတူလုပ်ကြပြောကြဆိုကြ
တော့ရှိပါတယ်။
ဒါပေမယ့်အနေအထိုင်တည်ကြည်တဲ့ မမနွယ်ရဲ့အမူအယာကြောင့်ရယ်၊
တစ်ဦးထဲသောသမီးကို အရိပ်တကြည့်ကြည့်နဲ့နေတဲ့အဖေရယ်ကြောင့်
မမနွယ်ဘဝထဲကို အချစ်နဲ့ပါတ်သက်လို့ ဝင်လာတဲ့ယောက်ျားသား မရှိသလောက်။
မမနွယ်ကို ချွေးမတော်ချင်သူပေါ်ပေမယ့် အဖေက ကျနော်သမီးသူစိတ်ကြိုက်သူရွေးလိမ့်မယ်ဆိုပြီးငြင်းပယ်ခဲ့။
ဒီတော့လဲ ကျောင်းပြီးတာနဲ့အလုပ်ထဲကိုစိတ်နှစ်လုပ်ခဲ့တဲ့မမနွယ်အဖို့ အချစ်ရေးဆိုတာ ခေါင်းထဲရောက်မလာခဲ့။
အိမ်နဲ့အလုပ် အလုပ်နဲ့အိမ် တစ်ခါတစ်လေမှ သူငယ်ချင်းတွေနဲ့အပြင်ထွက်။
ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ရပါတယ်။
တစ်ခါတစ်ရံ သိုက်သိုက်ဝန်းဝန်းနဲ့နေကြတဲ့မိသားစုတွေကိုမြင်ရင်တော့ တွေတွေငေးငေးလေးဖြစ်ပြီး
ငြိမ်သက်သွားတတ်ပါသတဲ့။
ဒါတွေကတော့ မမနွယ်ရဲ့သူငယ်ချင်းတွေက ပြောပြလို့ သိရတာလေးတွေပါ။

ဟိုအရင်က မမနွယ်ကို ကျနော်သိခဲ့တာတော့အမှန်။
တစ်မြို့ထဲသားချင်းဆိုတော့ လဲတွေ့ဘူးချင်လဲတွေ့ဘူးပါမယ်။
ဒါပေမယ့် အမှတ်တမဲ့။
သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ကိုးဗျ။
မင်းကွန်းမှာတွေ့တဲ့နေ့ကတော့ တကယ့်ကိုမှတ်မှတ်ရရ။
တကယ်တော့လဲ သူငယ်ချင်းတစ်ယောက်ပြောသလို ဖူးစာပါရင်တော့ ဘာသာပူးမှာ ဆိုသလိုပေါ့။
တကယ်အဲဒီနေ့က သွားဘို့စီစဉ်တာ က အင်းဝ။
အင်းဝလမ်းခွဲရောက်မှာ တစ်ယောက်က သပြေတန်းခံတပ်ကြီးမြင်ဘူးချင်ပါတယ်လုပ်ရော။
သပြေတန်းခံတပ်ကိုလှည့်ပါတ်ကြည့်ပြီး တစ်ယောက်က မင်းကွန်းသွားချင်တယ်ဖြစ်လာပါတယ်။
ကျနော်တို့ကဆိုင်ကယ်နှစ်စီးလူလေးယောက်။
အဲဒါနဲ့မင်းကွန်းကိုသွားဖြစ်ကြတာ။
မင်းကွန်းရောက်တော့သူတို့တွေက ပန်းချီပြခန်းတစ်ခုမှာ ပန်းချီဆွဲတာကိုမော့နေကြတာလေ။
ကျနော်က ပန်းချီတွေဘာတွေဝါသနာပါဘူး။
အဲတော့ မြသိန်းတန်စေတီဖက်ကိုကျနော်တစ်ယောက်ထဲထွက်လာတာ။
ကျနော်ကလဲ ငေးမောရင်းအတက် အဝတ်စလေးလွင့်သလို ဆင်းလာနေတဲ့သူ့ကိုတော့ မြင်မိတယ်။
ကျနော်နဲ့သူဆုံခါနီးကျနော်ကလဲ သူဖက်ကိုဖျတ်ကနဲ့လှည့်အကြည့် သူဟန်ချက်ပျက်သွားတာကိုမြင်တော့
ကျနော်ကဖမ်းထိန်းမိလိုက်ပါတယ်။
အောက်ငုံ့ကြည့်တေ့ာသွေးတွေက ရဲလို့။
ဘယ်ခွေးချီလာမှန်းမသိတဲ့အရိုးစ စူးသွားတာပါ။
အဲဒါနဲ့ကျနော်သူ့ကို ကူညီခဲ့တယ်ပေါ့။
စူးနေတဲ့အရိုးစကိုနုတ် သွေးတွေကိုသုတ်ဆိုတော့ သူ့ခြေသလုံးသားဖြူဝင်းဝင်းလေးကို
အမှတ်တမဲ့ ပယ်ပယ်နယ်နယ်ကိုင်လို့လုပ်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ အမတစ်ယောက်ကိုပြုစုသလိုစိတ်ထက်တော့မပိုခဲ့တာအမှန်။
ဒါပေမယ့် မော့ကြည့်လိုက်တော့ သူ့ပါးနှစ်ဖက်မှာရှက်သွေးတွေကြောင့်ရဲလို့။
ဒီလိုကူညီရာကနေ အိမ်အထိဆက်ကူညီပေးဘို့ဖြစ်လာပါတယ်။
အပြန်လမ်းမော်တော်ပေါ်မှာအင်မတန်မှကို ခင်စရာကောင်းပြီးစပ်စုတတ်တဲ့
မိုးစနနဲ့ မိဂွဲတို့ရဲ့ ကောင်းမူ့ကြောင့် ကျနော်အကြောင်းလဲသူတို့သိသွားသလို
“တင်ဇာနွယ်”ဆိုတဲ့မမနွယ်အကြောင်းလဲသိခွင့်ရလိုက်ပါတယ်။
အဲဒီတော့မှ ကျနော်အလုပ်လုပ်တဲ့ပွဲရုံနဲ့ မမနွယ်တို့ရဲ့ ဆိုင်က ကျောခြင်းကပ်နေတယ်ဆိုတာသိရပါတယ်။
မျက်နှာခြင်းဆိုင်မှာရှိတဲ့ဆိုင်တွေ ဆိုရင်တော့ သွားရင်းလာရင်းတွေ့ဖူးပါမယ်။
ကျောခြင်းကပ်ရက်လမ်းမှာဆိုတော့ တွေ့ဘို့ အခွင့်အရေးနည်းပါး ပါတယ်။

သူ့အိမ်ရောက်တဲ့အခါ အပြင်မှာ မသိသာပေမယ့် အိမ်ထဲဝင်လိုက်တဲ့အခါ ငွေကြေးပြည့်စုံသူတွေသာ သုံးနိုင်တဲ့
အဆောင်အယောင်တွေကြောင့် ကျနော်တောင်ဝင်မိတာရှိုးတို့ရှန့်တန့်။
ဝင်စမှာ မမြင်ဘူးသူနဲ့တွဲလာတဲ့တူမကိုမြင်တော့ မျက်နှာမှာအံ့ဩရိပ်နဲ့အရောင်တွေပြောင်းသွား။
ဒါပေမယ့် ဇာတ်ရေလည်အောင်ရှင်းပြလိုက်တော့ ကျေုးဇူးတင်ကြောင်းအထပ်ထပ်ပြော။
ဖော်ရွေတဲ့သူ့ဒေါ်လေးကိုမြင်မြင်ခြင်းစိတ်ထဲကခင်မင်မိပါတယ်။
နောက်သူတို့အိမ်မှာထမင်းဇွတ်အစားခိုင်းလို့စားရင်းအခုမှတွေ့ဘူးတဲ့ကျနော်ကို
ဒေါ်လေးက ယုံကြည်စိတ်ချစွာနဲ့ မမနွယ်ကို အကြိုအပို့လုပ်ဘို့အစီအစဉ်တွေဆွဲပါတော့တယ်။
ကျနော့်အလုပ်ကအိမ်အပြန်မှာ ကြိုဆိုသူမရှိ။
ခပ်အေးအေးဘာသိဘာသာနေတတ်တဲ့အဒေါ် က ကျနော်အလုပ်ပြန်ရင် အိပ်ယာထဲဝင်နေပြီ။
သူက ကပ်ကျော်ဈေးမှာ အထည်ဆိုင်ဖွင့်ထားပါတယ်။
အဖေကတော့ ရပ်ရေးရွာရေးတွေနဲ့အိမ်မကပ်။
အလုပ်ကအပြန်မှာ ကြောင်အိမ်ထဲကအေးစက်နဲ့တဲ့ထမင်းဟင်းကို ကိုယ့်ဘာသာကိုယ်ခူးခပ်စားနေရတဲ့သူက
ထမင်းဝိုင်းမှာလူသုံးယောက်ဆုံ ဟင်းတွေကပူပူနွေးနွေး နွေးထွေးတဲ့ အပြောအဆိုတွေကိုမက်မောတာကြောင့်
မမနွယ်တို့အိမ်မှာဘဲနေ့စဉ်ထမင်းစားဖြစ်ပါတော့တယ်။
နောက်တော့မနက်ဝင်ခေါ်အလုပ်အတူသွား တစ်ခါတစ်လေ လမ်းမှာ မုန့်ဝင်စား။
ညနေကျနော်အလုပ်ပြီး ပြီဆိုရင် သူဆိုင်ကိုဝင် ဆိုင်ကူပိတ်ပြီးအတူပြန်။
တစ်ခါတစ်လေအိမ်အတွက်လိုအပ်တဲ့ ကော်ဖီမူန့်တို့သကြားတို့ကို ဝင်ဝယ်။
မမနွယ်တို့ ဒေါ်လေးတို့နဲ့ ညစာအတူစားမိုးချုပ်မှပြန်။
ပိတ်ရက်ဆို မိုးစနတို့နဲ့အတူသွားချင်သွား။
ရုပ်ရှင်ကြည့်ချင်ရင်ကြည့်။
နှစ်ယောက်ထဲသွားတဲ့အခါသွား။
ရုပ်ရှင်ကြည့်ချင်ရင်ကြည့်။
ကြာတော့လဲသံယောဇဉ်တွယ်မိတာ မဆန်းပါဘူး။
အားကိုးစရာယောက်ျားသားမရှိ ဆူပူဆုံ့းမစရာ မောင်လေးမရှိတဲ့ မိန်းမသားတစ်ယောက်နဲ့ မိန်းမသားတွေရဲ့နွေးထွေးတဲ့မေတ္တာကိုမခံစားဘူးတဲ့ကောင်လေးတစ်ယောက်ရယ်
အတူတူ နေရင်းက တစ်စထက်တစ်စနှောင်ဖွဲ့ရင်းကနေပြီး
ရင်ထဲမှာဖြစ်တည်လာတဲ့အချစ်က တဏှာပေမကို အခြေမခံခဲ့တာကတော့ သေချာပါတယ်လို့ အာမခံရဲပါတယ်။
ကျနော်နဲ့မနွယ်အကြောင်းသိတဲ့ သူငယ်ချင်းတွေရယ်လုပ်ဖော်ကိုင်ဘက်တွေက မမနွယ်နဲ့ကျနော်ချစ်သူဖြစ်နေပြီလို့တစ်ထစ်ချသတ်မှတ်။
ကျနော်က မဟုတ်ပါဘူးလို့ပြောတော့လဲဘယ်သူမှမယုံ။
မိုးစနတို့ဂွဲဂွဲတို့က ကျနော်ကို တစ်ဆင့်တက်ဘို့ မြောက်ပေးသလို မမနွယ်ကိုလဲသွေးနွေးအောင်ဘေးတီးပေးကြပါတယ်၊
ဒါပေမယ့်အပြောင်းအလဲရှိမလာတဲ့ကျနော်တို့ကို အားမလိုအားမရ။

အရွယ်ရောက်တဲ့ယောကျာ်းလေးတစ်ယောက်ရဲ့သင်စရာမလိုဘဲသိနေတဲ့အသိကြောင့်
မမနွယ် စိတ်တွေကလဲကျနော့်ဆီမှာဆိုတာ အလိုလိုသိနေပါတယ်။
ဒါပေမယ့် ဒါကကိုယ့်ဘက်က တစ်ဖက်သတ်အတွေးဆိုတော့ မှန်ချင်မှလဲမှန်မယ်ဆိုတာကိုတော့မေ့ထားလို့မရ။
မမနွယ်ပေးထားတဲ့ဆို်င်ကယ်ကိုစီး သူလက်ဆောင်ပေးထားတဲ့ ဟန်းဖုန်းကို သုံး။
သွေးမတော်သားမစပ်ပေမယ့် မမနွယ်တို့ကျွေးတဲ့ထမင်းကိုနေ့စဉ်စား၊
မမနွယ်ဆင်ပေးသမျှအဝတ်အစားနဲ့နေ။
တကယ်ကို နှောင်ဖွဲ့တဲ့မေတ္တာနဲ့ချစ်မိလို့ ဖွင့်ဟမိတဲ့အခါ မတော်လို့များ ကို်ယ်ကအတွက်လွဲပြီး
သူ့ဖက်က ငြင်းပယ်ခဲ့ရင် သားရေပေါ်အိပ်သားရေနားစားတယ် အလိုလိုက်အမုိုက်စော်ကားတယ်လိုု့များထင်သွားမှာ
ကိုတော့ ကျနော်အတော်လေးကြောက်ရွှံ့မိပါတယ်။
၁၅၀ဝဆိုတဲ့မေတ္တာမရချင်ရင်နေ ကိုယ်တစ်သက်လုံးမပိုင်ဆိုင်ရရင်လဲနေပါစေ
နွေးထွေးတဲ့ မေတ္တာအရိပ်ကလေးပျောက်သွားမှာကိုတော့ အတွေးထဲမှာတောင်ကြောက်မိပါတယ်။
ပိုခက်ခဲစေတဲ့အကြောင်းတစ်ခုက ဒေါ်လေးပါဘဲ။
ကျနော်နဲ့မမနွယ်တို့ကို သူက မောင်နှမတွေလိုသဘောထားပါတယ်။
ကျနော်တို့ဘယ်လိုနေနေ ဘယ်ကိုသွားသွား သူက မနှစ်သက်တဲ့အမူအယာမပြသလို
ကျနော်တို့ ငြိစွန်းနေသလားလို့ စူးစမ်းတဲ့အကြည့်လေးတောင်တစ်ခါမှ မသက်ရောက်ခဲ့ပါဘူး။
ဒေါ်လေးကစားစရာဖြစ်ဖြစ် လုပ်စရာရှိတာဘဲဖြစ်ဖြစ ် ဘာလေးဖြစ်ဖြစ်ကျနော်ကိုသာအားကိုးအားထားပြု
ပြီး “ကိုမင်း”ရေလို တ လေလေ ကျနော်မှာ မမနွယ်အပေါ်မှာ စည်းကျော်မယ့် စိတ်ကူးကိုပြင်ရလေလေပါဘဲ။
မမနွယ်လို ရုပ်ရည်လဲသန့်ပြန့် ဥစ္စာဓနလဲကြွယ်ဝသူကို သိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် လက်လှမ်းနေသူ
တွေက လဲကျနော့်မျက်မြင်ကိုယ်တွေ့။
ဒါပေမယ့် မမနွယ်က အားလုံးကို ယဉ်ကျေးစွာငြင်းပယ်ရုံမက တစ်ယောက်ချင်းစီအကြောင်းကို လဲ
ကျနော်ကိုအမြဲပြောပြထားတော့ သိနေပြန်ပါတယ်။
မမနွယ်ရဲ့ ကိုမင်းရေ တစ်ခါတစ်လေ မင်းရေလို့ ခေါ်သံလေးကတော့ ကျနော်အတွက်ချိုမြိန်သောဂီတတွေ
ဆို်ရင်လဲမမှားပါဘူး။
“ဆံပင်တွေရှည်နေပြီ မညှပ်သေးဘူးလား”ဆိုပြီး ခေါင်းကဆံပင်ကို အသာဖွပြီးမေးရင်၊
“ညစ်ပတ်အိုးလေး လက်သဲတွေရှည်နေတာလဲမညှပ်” ဆိုပြီးကျနော်လက်သဲကိုသူညှပ်ပေးနေတဲ့အခါမျုးိမှာ
ကျနော်စိတ်ထဲမှာ ကျေနပ်စိတ်တွေအပြည့်။
မမနွယ် ခေါင်းလျှော်တဲ့နေမျုးိမှာ သူ့ရဲ့နူးညံ့ပျော့အိတဲ့ ဆံပင်တွေကို လေမူတ်စက်နဲ့ကျနော်ကမူတ်ပြီးခြောက်အောင်
လုပ်ပေးနေချိန် မျက်စေ့လေးမှိတ်လို့ ငြိမ်သက်နေတဲ့ မမနွယ် မျက်နှာမှာ အပြုံးရိပ်ကလေးတွေစွန်းထင်း။
တကယ်တော့ ကျနော်တို့နှစ်ယောက်က တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်တင်းပေးဘို့ အသင့်
ရှိနေတဲ့လူသားနှစ်ဦးလိုပါဘဲ။
ရင်ထဲမှာတစ်ယောက်နဲ့တစ်ယောက်ချစ်နေတယ်ဆိုတာကိုတော့ သိနေသလို၊
ဖွင့်ဟဘို့ခက်နေတာကလဲအမှန်။
တစ်ခါတစ်လေတော့လဲ မမနွယ်နဲ့အတူလက်တွဲမယ့်ဘဝကို စိတ်ကူးနဲ့ပုံဖော်လို့ပျော်မိပါတယ်။
လက်တွေ့မှာတော့ ဖွင့်များပြောလိုက်ရင် မမနွယ် စိတ်ဆိုးသွားမလား၊
ဒေါ်လေးက သဘောမတူဘူးဆိုပြီး အဆက်အသွယ်များဖြတ်ခိုင်းမလား။
အများအမြင်မှာ အထိုင်မှန်တဲ့နေရာလေးဆိုပြီး အချောင်ဝင်ထိုင်တဲ့လူလိုများ ထင်ကြမလားဆိုတဲ့
ပူပန်မှု့တွေကြောင့် နုတ်ဆွံ့မိတာလဲအမှန်ပါဘဲ။

သာယာတဲ့နေ့ကလေးကို လေပြင်းဝင်နှောက်သလို ခံစားရတဲ့နေ့ကလေးတစ်နေ့ကရောက်လို့လာပါတယ်။
ကျနော်စိတ်ထဲမှာမေ့လျော့ထားတာကြာပြီဖြစ်တဲ့ နှစ်အတန်ကြာအောင်အဆက်အသွယ်ပြတ်နေခဲ့တဲ့
ကျနော်နဲ့ပါတ်သက်ဘူးသူတစ်ယောက်က မန်းလေးကို ပြန်လာတော့မယ်ဆိုတဲ့အကြောင်း၊
ကျနော်နဲ့ဘဝကိုလက်တွဲကြဘို့ သူဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်တယ်ဆိုတဲ့အကြောင်း၊
သူမျှော်လင့်စောင့်စားခဲ့တဲ့အချိန်တွေကို ရောက်လာပြီဖြစ်တဲ့အကြောင်း
စာလေးတစ်စောင်ရောက်လာခဲ့ပါတယ်။
အရင်က ကျနော်နဲ့သူ ဘဝကိုလက်တွဲပြီး လျှောက်လှမ်းကြဘို့ ကျနော်ကမ်းလှမ်းတာကို
သူကလည်းလက်ခံခဲ့ပါတယ်။
ဒါပေမယ့်သူက ကျနော့်ဘဝထဲကနေအကြောင်းမကြားဘဲပျောက်ကွယ်သွားတာကြာခဲ့ပေါ့။
သူနဲ့ကျနော်အဆက်အသွယ်ပြတ်သွားတာ နှစ်နှစ်ကျော်ကျော်သုံးနှစ်နီးပါး။
ကျနော့်မှာအဆက်အသွယ်မရတော့ မေ့ပျောက်ထားတာကြာတောင်ကြာခဲ့ပါပြီ။
ခက်တာက သူ့ဘက်က မမေ့သေးဘဲ အခုမှပြန်ဆက်လာတာပါဘဲ။
အဲတော့ ကျနော်ဘက်က ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှဖြစ်ပါတော့မယ်။

အခုရက်ကျနော်စိတ်တွေလေလွန်းတော့ စိတ်နဲ့လူမကပ်သလို။
ရင်ထဲမှာဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိတော့ တင်းကျပ်လို့နေပါတယ်။
မမနွယ်ကတောင် ကိုမင်း အခုရက်နင်ဘာဖြစ်နေတာလဲ။
အလုပ်မှာအဆင်မပြေဘူးလား။
အိမ်နဲ့အဆင်မပြေဘူးလား။
မမနွယ်တို့ကိုစိတ်ခုစရာများရှိနေသလား ဆိုတဲ့လားပေါင်းများစွာနဲ့ဂရုတစိုက်နဲ့မေးလေ
ကျနော်သွေးပျက်လေပါဘဲ။
နောက်ဆုံးစိတ်ထဲမှာ မခံစားနိုင်တဲ့အဆုံးမမနွယ်ကို ဖွင့်ပြောဘို့ဆုံးဖြတ်လိုက်ပါတယ်။
မမနွယ်သဘောထားကို သိရင်လဲ ကျနော်ဆုံးဖြတ်ရတာပိုလွယ်သွားမယ်ထင်ပါတယ်။
ဒါပေမယ့် ဒေါ်လေးရှိနေတဲ့အိမ်ထဲမှာတော့ မပြောရဲပါဘူး။
ဒါကြောင့်လဲတစ်ခုသောညနေမှာ
“မမနွယ်ကိုပြောစရာရှိတယ် လမ်းလျှောက်ရင်းပြောကြရအောင်”ဆိုပြီး ကရဝိက်ဘက်ကိုထွက်ခဲ့ကြပါတယ်။
အေးဆေးဆိတ်ငြိမ်တဲ့ မမြလေးဘုရားနားအရောက် စွယ်တော်ပင်လေးတစ်ပင်အောက်မှာ အသင့်ယူလာတဲ့
စာစောင်လေးကို ခင်း မမနွယ်ထိုင်ဘို့လုပ်ပေးပြီးတဲ့အခါ ကန်ရေပြင်ဘက်ကို ခပ်ငေးငေးလေးနေ နေတဲ့မမနွယ်
ရဲကလက်မောင်းကို ကိုင်လို့ ကျနော်ဘက်ကို အသာဆွဲလှည့်ပြီး။
“မမနွယ်ကျနော့် မှာ ဟိုးအရင်က ရီးစားတစ်ယောက်ရှိခဲ့ဘူးတယ်။
သူ့ကို လက်ထပ်မယ်လို့ ကတိတော့ ပေးခဲ့ဘူးတယ်။
သူနဲ့အဆက်အသွယ်ပြတ်တာကြာပြီ။
ကျနော်ကလဲသူ့ကို ကျနော့်ဘဝထဲက ဖယ်ထားတာကြာပြီ။
အခုတော့သူက ကျနော်ကို ပြန်ဆက်သွယ်လာတယ်။
ဒါပေမယ့်ကျနော်ကတော့ မမနွယ်ကိုဘဲတကယ်ချစ်တယ်ဆိုတာ သေချာတယ်။
မမနွယ်ကိုဘဲလက်ထပ်ချင်တယ်။
ကျနော်ဖွင့်မပြောရဲလို့ မြိုသိပ်ထားခဲ့တာကြာပြီ။
မမနွယ်ဘက်ကရော“လို့ပြောလိုက်တဲ့အခါမှာ
မမနွယ်ရဲ့မျက်နှာမှာ အလွန်အံ့ဩတဲ့ အရိပ်တွေဖြတ်သန်းသွားပြီး၊
မှင်သက်မိသလို တိတ်ဆိတ်ငြိမ်သက်လို့သွားပါတယ်။
ကျနော်တို့နှစ်ယောက်တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ရင်း
ငြိမ်သက်။
ခဏနေတော့ “မင်းရယ် မမနွယ်ဖွင့်ပြောမှဘဲ မင်းသိတော့မှာလား ကွယ် ဒါပေမယ့်………………”
ဆိုတဲ့စကားလုံးလေးတွေ ကရှိုက်သံသဲ့သဲ့လေးနဲ့အတူ ကျနော်ရင်ခွင်ထဲကို
အသာအယာတိုးဝင်လာပါတယ်။
အဲဒီအချိန်မှာ ပါတ်ဝန်းကျင်တစ်ခုလုံးကလဲ ငြိမ်သက်။
အပင်ပေါ်ကသစ်ရွက်ကလေးတွေကို လေတုိုးသံကတော့ ဝမ်းသာအားရနဲ့ဩဘာပေးနဲ့သလို
တရှဲရှဲ။
ခဏတော့ စိတ်ထဲမှကြည်နူးသလိုခံစားရပေမယ့် မဖြေရှင်းရသေးတဲ့ ပြဿနာတစ်ခုအတွက်ကတော့
ရင်ထဲမှာမောနေပါသေးတယ်။
မမနွယ်ကျနော်အအချစ်ကို လက်ခံတာကတော့ အသေအချာပါဘဲ။
ဒါပေမယ့်လဲ မမနွယ်ရဲ့နောက်ဆက်တွဲစကားလေး
“ဒါပေမယ့် ……………………….”ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာ ကမသိတော့
ကျနော့်ရင်ထဲမှာအရင်ကထက်တောင်ပိုမိုတင်းကျပ်လို့လာပါတယ်။
သာယာတဲ့ညနေခင်းလေးဖြစ်ပေမယ့်လဲရင်ထဲမှာတော့ လှိုင်းထန်လို့နေပါတာအမှန်ပါဘဲ။
ကဲအခုဘယ်လိုလုပ်မလဲ………………………………….

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
(21-11-2011)

13 comments

  • ပေါက်ဖော်

    November 22, 2011 at 9:35 am

    ဒါပေမဲ့ပြီးတော့ ဘာဆက်ဖစ်လဲဟင်..
    ရင်ထဲမှာ လှိုင်းထန်နေပြီနော်..လှိုင်းထန်နေပြီ

    လေးပေါက်ရေ
    မီးရထား မမ မလာခင်ဦးအောင် ပြောရလျင်တော့..
    ခေါင်းစဉ်မှာ ယိမ်းဖယ် မဟုတ်ပဲ..ယီမ်းဖယ် ဖစ်နေတယ်ဂျ

    လှိုင်းထန်နေပြီဂျာ..လှိုင်းထန်နေဘ

    😆

  • ကြောင်ကြီး

    November 22, 2011 at 12:29 pm

    ဒါပေမဲ့… အန်အယ်ဒီက ပါတီမှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တော့ အခြေအနေတွေ တမျိုးပြောင်းကုန်ပြီကွယ်။ 😥
    မမနွယ်ကို ကြောင်ကြီးချစ်တယ်ဗျာ။ ဟိုကောင် ဂကျီဂကျောင်လုပ်နေရင် ကြောင်ကြီးကို ရွေးလိုက်။ မင်္ဂလာကိစ္စအမြန် စီစဉ်ဖို့ သိန်းတထောင်လောက် အမြန်ပို့ပေးပါ။
    အမည် – နေအေး
    လိပ်စာ – 420 ဝင်္ကပါလမ်း၊ ပုရွက်ဆိတ်ကုန်း။။ 😆

  • etone

    November 22, 2011 at 1:29 pm

    လေးပေါက်ပို့စ်ထဲက နာမည်လေးတွေကလည်း လန်းတယ်နော် အဟိ … 😀 ဆင်သလိုလိုလေးတွေချည်းပဲ … ဟီးဟီး 😆

    ဪ…တင်ဇာ … တင်ဇာ …
    မြင်သူတကာ လိုချင်စရာ 😀

  • hmee

    November 22, 2011 at 1:57 pm

    လေးပေါက်ကတော့ လုပ်ပြီ မထင်တဲ့ဘက်က လှည့်ထွက်သွားတယ်။ 🙂 မေတ္တာငတ်သူခြင်း ဖူးစာစုံတာ ပိုကောင်းမယ် ထင်တယ်နော်။

  • MaMa

    November 22, 2011 at 6:22 pm

    ကိုပေါက်ရေ- ဒါပေမယ့်ဆိုတဲ့ စကားတစ်လုံးရဲ့ နောက်ကွယ်မှာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ အခုမြင်နေရတာတော့ သူတို့ နှစ်ယောက်အတွက် သာယာချမ်းမြေ့တဲ့ ဘဝလေးတစ်ခုပေ့ါ။ ဒါပေမယ့် လူ့အတွင်းစိတ်ဆိုတာ ခန့်မှန်းရခက်တာမို့ ( သံသယများတယ်လို့ပဲ ပြောပြော) ဇစ်ဇစ်မြစ်မြစ် မသိတဲ့ လူတစ်ယောက်ကို အနေနီးရုံ၊ အပေါ်ယံကြည့်ရုံနဲ့ ယုံကြည်လို့ မရနိုင်ဘူးလို့ ထင်မိတယ်။ 🙁

  • “ဘီလူးကြီး”ogre

    November 22, 2011 at 6:29 pm

    အောင်းမျလေးဂျ
    ဖြည်းဖြည်းလေးဖွင့်ဖတ်လိုက်ရတယ်
    အနုအရွလေးတွေ များနေလို့ဗျို့
    ငယ်ငယ်တုန်က အကြောင်းတွေပြန်ခံစားတာဖစ်ရမယ်ဂျ

    မဒန်ပေါက်နဲ့ တိုင်ကျောမယ် 🙂

  • ကိုရင်စည်သူ

    November 23, 2011 at 1:03 pm

    ဆရာပေါက်က ဓါတ်ပုံပညာတင်မဟုတ်ဘူး..
    ဒရမ်မာ ဆွေးဆွေးလေးတွေလည်း
    တယ်ကောင်းသကိုးဗျ…
    တစ်ပင်ထဲ ရင်ထဲက နွယ်ပေါ့လေ… 😀 😀 😀

  • လေးပေါက်ပို့စ်ထဲက နာမည်လေးတွေကလည်း လန်းတယ်နော် အဟိ … 😀 ဆင်သလိုလိုလေးတွေချည်းပဲ … ဟီးဟီး 😆

    ဪ…တင်ဇာ … တင်ဇာ …
    မြင်သူတကာ လိုချင်စရာ 😀

    တင်ဇာနွယ် (ခ) မနွယ်တဲ့
    မင်းဇော်ဟန်တဲ့
    မိနှင်း (ခ) မိုးစန တဲ့
    အိအိတုန် (ခ) မိဂွဲဂွဲ တဲ့
    ကဲ ဘယ်သူပါချင်ပါသေးသလဲ
    အန်တီလေးနာမယ်ကတော့ ဘယ်သူလို့ပေးရင်ကောင်းမလဲမသိဘူး အန်တီမိုးလို့ပေးရင်ကောင်းမယ်ထင်တာဘဲနော်

    • etone

      November 23, 2011 at 2:31 pm

      အာ.. လေးပေါက်မျက်နှာလို်တယ် …တခြားလူတွေကြတော့ နာမည်တခုကို တခါပဲသုံးတယ် ..တူညားနာမည်ကျတော့ …ဟွန့် … နှစ်ခိရှာ နှစ်ခါရှိအောင်ကို သုံးထားတယ် .. ဟွန့်… ။

      အဲ…. နောက်တစ်ယောက်ကလည်း အဲ့နာမည်နဲ့ ခပ်ဆင်ဆင်ဆိုတော့ … ကောင်မလေးကိုကြောက်ရတဲ့ လူရဲ့ နာမည်များလားနော် ဟီး ။ 😀

  • windtalker

    November 23, 2011 at 2:12 pm

    တင်ဇာရေ
    မင်းတော့ ဘယ်လိုနေမလဲ မသိဘူး
    ပေါက်ရင်ထဲမှာတော့ ငယ်တုန်းက တို ့နှစ်ယောက်အကြောင်းတွေ ကို စာစီရေးရင်း
    မျက်ရည်တွေ တောက်တောက် တောက်တောက် တောက်တောက်

  • အေမီ

    November 23, 2011 at 3:17 pm

    ဒီတစ်ပိုင်းကတော့ ဖတ်ရတာနည်းနည်းအီတယ်….ပထမပိုင်းလောက်မသွက်ဘူး။ “ဒါပေမဲ့………..” ဆိုတော့ ဘာများပါလိမ့် ဆိုပြီးတော့ စိတ်ဝင်စားရပြန်ပါရော………..
    စောင့်မျှော် ဖတ်ရှုအားပေးပါဦးမယ်။

Leave a Reply