အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော

black chawDecember 13, 20111min44512

ကျွန်တော်တို့ ရွာသူရွာသားတွေ သံအမတ်ကြီး တစ်ယောက်ရဲ့ အတွေ့အကြုံလေးတွေကို အတူလေ့လာရ အောင်ပါ။
ထုံးစံအတိုင်း ဘလက်က စာအုပ်တစ်အုပ်ကိုဖတ်ပြီး သကာလ ရွာသူရွာသားတွေလည်း ဖတ်သင့်တယ်လို့ ယူဆပါသဖြင့် ဝေမျှခွင့်ပြုပါ။
စာရေးသူက အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း ပါ။ စာအုပ်နာမည်မှာ “ကင်းဝန်ခြေရာ လိုက်၍သာ” ဟု အမည်ရပါသည်။
စာရေးသူ၏ ၁၉၇၅ မှ ၁၉၇၈ အထိ တာဝန်ထမ်းဆောင်ခဲ့သော ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဘဝ သံတမန် မှတ်တမ်းဖြစ်ပါသည်။
ကျွန်တော်တို့နဲ့ မနီးစပ်ပါသော ပြည်ပရောက်မြန်မာသံအမတ် တို့၏ အတွေ့အကြုံကို လေ့လာခွင့်ရပါမည်။
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးထားသော စာအုပ်ဖြစ်ပါသည်။ အခန်းပေါင်း ၁ရ ခန်း ပါဝင်ပြီး
ဖတ်သင့်တဲ့အခန်းတချို့ကို ဘလက်က ရွေးထုတ်ပြီး တင်ပြမည် ဖြစ်ပါသည်။
တစ်အုပ်လုံးကို ဖတ်ချင်ပါကလည်း တန်ဘိုးကျပ်တစ်ထောင် နှင့် ဝယ်ယူ ဖတ်ရှုနိုင်ကြပါသည်ခင်ဗျာ။
စာအုပ်ရဲ့အစ ဘုရင့်သံတမန်များ ခေါင်းစဉ်ပါ အခန်းတစ်ခန်းကို ကြော်ငြာဝင်ပါရစေ။ ဖတ်ကြည့်ပါ။

ဘုရင့် သံတမန်များ

အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသည်ဆိုသော ယခုခေတ် ပြင်သစ်(ဗြိတန်) နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့သည်
ဘယ်နည်းနှင့်မျှ မန္တလေးမြို့ နန်းစံ ဘဝရှင် မင်းတုန်းမင်းတရားကြီးက အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့သို့
စေလွှတ်တော်မူခဲ့သော အဂ္ဂမဟာ သေနာပတိ ဝန်ရှင်တော် ကင်းဝန်မင်းကြီး သတိုးမင်းကြီး မဟာ မင်းလှစည်သူ၏
ခြေရာကို နင်းနိုင်လိမ့်မည် မဟုတ်ပါ။ အကြောင်းမှာ ကင်းဝန်မင်းကြီးသည် သံကြီးတမန်ကြီးသာမက
ရွှေနားတော်ပေါက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သောကြောင့်ပင်။ ယခုခေတ် မြန်မာသံအမတ်ကြီးများ ဖြစ်ကြကုန်သော
ကျွန်ုပ်တို့သည် တတ်စွအဆုံး ကင်းဝန်မင်းကြီး၏ ခြေရာကို လိုက်ရန်သာ မျှော်လင့်နိုင်ကြပေမည်။
ထို့အတွက်ကြောင့် ဤစာတမ်းကို “ကင်းဝန်ခြေရာ နင်း၍သာ” အစား “ကင်းဝန်ခြေရာလိုက်၍သာ” ဟု အမည်တပ်လိုက်ရပေသည်။

ကင်းဝန်မင်းကြီးသည် ပြင်သစ်နိုင်ငံသို့ နှစ်ကြိမ် သွားရောက် ခဲ့ပါသည်။
ပထမတစ်ခေါက်မှာ ၁၈၇၂ ခုနှစ် အင်္ဂလန်သို့ သံကြီး အဖြစ် သွားစဉ်ကဖြစ်၏။
သံလတ်များအဖြစ် ဝန်ထောက် ပန်းတဉ်းဝန် မဟာမင်းလှကျော်ထင် ဦးရွှေဘင်နှင့် ဝန်ထောက် ဖန်ချက်ဝန် မဟာမင်းကျော်ရာဇာ ဦးရွှေအိုး၊
သံငယ်အဖြစ် စာရေးတော်ကြီး မင်းလှဇေယျသူဦးချိမ့်တို့ လိုက်ပါ၏။ မြန်မာသံအဖွဲ့ကို ပြင်သစ်သမ္မတနိုင်ငံ၏ ပထမဦးဆုံး
သမ္မတ မစ်စီယာသီယေး က ဗာဆိုင်းနန်းတော်၌ လက်ခံတွေ့ဆုံပါသည်။ ၁၈၇၃ ခု၊ ဇန်နဝါရီလ ၂ရ ရက်နေ့တွင် ကင်းဝန်မင်းကြီးသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရေမြူဆတ် နှင့် ပြင်သစ်မြန်မာ ကူးသန်းရောင်းဝယ်ရေး စာချုပ် တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပါသည်။
မင်းတုန်းမင်းတရားကြီးသည် ၎င်းစာချုပ်ကို လုံးဝဥသုံ လက်ခံ အတည်မပြုလိုသဖြင့် ၁၈၇၄ ခုနှစ်တွင် ကင်းဝန်မင်းကြီးအား
စာချုပ်ကို ပြင်ဆင်တိုးချဲ့ ချုပ်ဆိုစေရန် ပြင်သစ်နိုင်ငံသို့ တဖန် စေလွှတ်ခဲ့ပြန်သည်။ ဒုတိယ အကြိမ် ပြင်သစ်ပြည်သို့ ကင်းဝန်မင်းကြီး
သွားရောက်သောအခါ ဦးချိမ့်က သံလတ်အဖြစ် ဆောင်ရွက်၍ ဘုရင့်ခန်းဝင် လက်ဖက်ရည်တော် နေမျိုးမင်းထင်သူရိန် ဦးအောင်သူက သံငယ်အဖြစ် လိုက်ပါခဲ့၏။ မြန်မာသံအဖွဲ့ကို ထိုစဉ်က ပြင်သစ်သမ္မတကြီး မာရှယ်မက်မန်းက လက်ခံ တွေ့ဆုံခဲ့၏။ မူလ စာချုပ်ကို ပြင်သစ်လွှတ်တော်က အတည်ပြုပြီးဖြစ်၍ ပြင်သစ်အစိုးရက မြန်မာအစိုးရ အဆိုပြုသော စာပိုဒ်သစ်တို့ကို လက်ခံနိုင်ခြင်း မရှိခဲ့ပေ။
ကင်းဝန်မင်းကြီးသည် ပြင်သစ်နိုင်ငံသို့ ပထမဦးစွာ သွားရောက်ခဲ့သော မြန်မာသံ မဟုတ်ပါ။
ပြင်သစ်နိုင်ငံသို့ ပထမဦးစွာ သွားရောက်ခဲ့သော မြန်မာသံမှာ ၁၈၅၆ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးက
တတိယနပိုလီယန်ဘုရင်ထံ စေလွှတ်ခဲ့သော မဟာမင်းထင်ရာဇာသီဟသူ ဖြစ်ပါသည်။
၎င်း၏ လက်ထောက်အဖြစ် မင်းလှမင်းထင်စည်သူ လိုက်ပါ၍ ဂျေအက်စ်မနုတ်က စကားပြန်အဖြစ် ဆောင်ရွက်ပါသည်။
ပြင်သစ်ဗိုလ်ချုပ်ဆိုသူ အော်ဂိုနီလည်း လိုက်ပါလေသည်။
ကင်းဝန်မင်းကြီးသည် ပြင်သစ်နိုင်ငံသို့ နောက်ဆုံး သွားရောက်သော မြန်မာသံလည်း မဟုတ်ပါ။
အကြောင်းမှာ ၎င်း ကိုယ်တိုင်က သီပေါဘုရင်လက်ထက် ၁၈၈၃ ခုနှစ်တွင် ပြင်သစ်အပါအဝင် ဥရောပနိုင်ငံအချို့သို့
သံအဖွဲ့တစ်ရပ် စေလွှတ်ခဲ့ခြင်းကြောင့်ပင်။ ယင်းသံအဖွဲ့ကို အတွင်းဝန်မြို့စား မင်းကြီးမဟာသင်္ကြန် ဦးဘီ ခေါင်းဆောင်၍
ဝန်ထောက် သံချက်ဝန်မင်းကြီး မင်းလှ မဟာစည်သူကျော်ဦးမြူ၊ စာရေးကြီး မဟာမင်းလှ ရာဇာဦးပေါ်ထွန်း၊
ဗြဲတိုက်သံဆင့် နေမျိုးမင်းလှရာဇာနှင့် ဘုရင့်ခန်းဝင် လက်ဖက်ရည်တော် မောင်ဖိုးအုန်းတို့လည်း လိုက်ပါကြ၏။
ယင်း သံအဖွဲ့သည် ၁၈၇၃ ခု၊ ပြင်သစ် မြန်မာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ကို ပြန်လည် အသက်သွင်းပေးနိုင်ခဲ့သည်။
အထက်ပါ သံအဖွဲ့တို့ကို အထက်မြန်မာပြည်မှ စေလွှတ်ခဲ့ခြင်းဖြစ်ရာ ပထမဆုံးဌာနေ သံအမတ်ကြီးအဖြစ်
ဝန်ထောက်သံချက်ဝန်မင်းကြီး မင်းလှမဟာစည်သူကျော် ဦးမြူအား ၁၈၈၅ ခု၊ ဇွန်လတွင်မှ ခန့်အပ်ခဲ့လေသည်။
၎င်းသည် မန္တလေးနေပြည်တော်မှ ဇူလိုင်လ ၁၂ ရက်နေ့မှ ထွက်ခွာခဲ့သော်လည်း ရန်ကုန်မြို့၌ ဗြိတိသျှတို့နှင့်
စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေရသောကြောင့် ပါရီသို့ ၁၈၈၅ ခု၊ အောက်တိုဘာလတွင်မှ ရောက်ရှိလေသည်။
အထက်မြန်မာပြည်ကို ဗြိတိသျှတို့ မသိမ်းပိုက်မီ နှစ်လပင် မလိုတော့ချေ။
အောက်တိုဘာလ ၁၆ ရက်နေ့ ပြင်သစ်နိုင်ငံခြားရေးရုံးသို့ ဦးမြူ ရောက်ရှိသည့်အခါ နိုင်ငံခြားရေးဝန်ကြီးမှာ
ယခင်တစ်ခေါက်က ဦးမြူ သိရှိခဲ့သော ဂျူးလ်ဖဲရီ မဟုတ်တော့။ ၎င်းမှာ ပြင်သစ်နယ်ပယ် ချဲ့ထွင်ရေးကို
ကြွေးကြော်လေ့ရှိသဖြင့် ဗြိတိသျှတို့၏ ရန်ဘက် ဖြစ်ခဲ့၏။ ၎င်း၏ နေရာတွင် ပိုမို ပျော့ပျောင်းသော ဒီဖရေးဆီနေ
ရောက်နေရာ ၎င်းနှင့် တွေ့ဆုံရာမှ ဗြိတိသျှတို့ ထပ်မံကျူးကျော်ပါက ပြင်သစ်ထံမှ မြန်မာက အကူအညီ မရနိုင်ကြောင်း
ရိပ်စားမိခဲ့၏။ သို့ကြောင့် ဗြိတိသျှတို့နှင့် ဆက်ဆံရာတွင် တိုးသာ ဆုတ်သာ ရှိစေရန် နေပြည်တော်ကို အကြံပြုခဲ့၏။
ကံဆိုးချင်တော့ ဦးမြူနှင့် မန္တလေးအကြား ဆက်သွယ်မှုများကို ရန်ကုန်ရှိ ဗြိတိသျှတို့က ဖမ်းယူသိရှိခဲ့ကြ၏။
ထို့နောက် ဦးမြူသည် ပြင်သစ်နိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး လော့ဒ်လီယွန်ထံ လည်းကောင်း၊
ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး လော့ဒ်ဆော်လစ်ဘရီထံ လည်းကောင်း၊ အရေးဆို တင်ပြခဲ့သော်လည်း အရာမရောက်ခဲ့ပါ။
နောက်ဆုံးကြိုးပမ်းချက်အဖြစ် ဂျာမန်မင်းသားကြီး ဘစ်စမတ်ထံ လည်းကောင်း၊ အီတလီနှင့် ပြင်သစ်အစိုးရတို့ထံ လည်းကောင်း၊
ဗြိတိသျှတို့၏ ကျူးကျော်မှုကို ကန့်ကွက်တင်ပြ ခဲ့သော်လည်း အကြောင်းမထူးခဲ့ပါ။
ဤနေရာတွင် မေးစရာ တစ်ခုရှိလာပါသည်။ ကျွန်တော်၏ စာတမ်းခေါင်းစဉ်ကို အဘယ့်ကြောင့်ဌာနေ
သံအမတ်ကြီး ဦးမြူခြေရာလိုက်၍သာ ဟု အမည်မတပ်ဘဲ ခေတ္တခဏသွားရောက်ခဲ့သူ ကင်းဝန်ခြေရာလိုက်၍သာ ဟု အမည်တပ်သနည်း။
အဖြေမှာ ကင်းဝန်မင်းကြီးသည် ပြင်သစ်ပြည်တွင် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ၎င်း၏ ခရီးစဉ်တို့ကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့ပါသည်။
ဗြိတိသျှတို့ အထက်မြန်မာပြည် သိမ်းပိုက်မည့် အစီအစဉ်ကို သစ္စာရှိရှိ သံတမန်နည်းလမ်းဖြင့် တိုက်ဖျက်ခဲ့ရှာသော ဦးမြူ၏
သံ သက်တမ်းမှာ တိုတောင်းလွန်းလှပေသည်။
ကင်းဝန်မင်းကြီးခေတ်က မြန်မာပြည်မှ ပြင်သစ်ပြည်သွား ရန် နှစ်လသုံးလခန့် ကြာမြင့်ခဲ့ပါသည်။
ဆက်သွယ်ရေးကြာညောင်းလှသည့်အတွက် သံတမန်တို့အား စေ့စပ်ဆွေးနွေးမှုအာဏာ အတော်ပေးထားရလေရာ
အမှန်တကယ်ပင် “အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး” ဖြစ်ခဲ့ပါသည်။
ယခုခေတ်တွင်မူ လေယဉ်၊ ကြေးနန်း၊ တဲလက်စ်၊ တယ်လီဖုန်း အစရှိသည်တို့ဖြင့် မိမိမြို့တော်မှ
လမ်းညွှန်မှုများ အလွန် လျင်မြန်စွာ ရောက်ရှိနိုင်သောကြောင့် “အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော”
ဟူသည့် အသုံးအနှုန်းမှာ ဂုဏ်ပုဒ်မျှသာ ဖြစ်ပါသည်။

ဒါလေးက ပထမ ဆုံး ဖေါ်ပြထား သည့် အခန်းဖြစ်ပါသည်။ အင်္ဂလိပ် မသိမ်းမီ မြန်မာနိုင်ငံ၏ သံတမန်ရေး လှုပ်ရှားမှု တချို့ ကို သိခွင့်ရမည်ဖြစ်ပါသည်။ အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော ဟူသည့် အသုံးအနှုန်း အကြောင်း သိခွင့်ရမည်ဖြစ်ပါသည်။ နှစ်နိုင်ငံချုပ်ဆိုထားပြီးဖြစ်သည့်
ပြင်သစ်-မြန်မာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ကို ပြန်လည်ပြင်ဆင်ဖို့ စေလွှတ်သော မြန်မာဘုရင် ၏ တောင်းဆိုချက်အား
လွှတ်တော်က အတည်ပြုပြီးဖြစ်သဖြင့် ပြင်သစ်ဘက်က လက်မခံခဲ့တာကိုလည်း သမိုင်း ဗဟုသုတ အဖြစ် သိခွင့်ရပါမည်။

စိတ်ဝင်စားမည်ဆိုလျှင် စာအုပ်ပါ သံအမတ်ကြီး၏ စိတ်ဝင်စားဖွယ် အတွေ့အကြုံအချို့ကို ထုတ်နုတ် တင်ပြပေးပါဦးမည်။

12 comments

  • windtalker

    December 13, 2011 at 11:07 am

    ကင်းဝန်ခြေရာ ဆိုတာ ကျုပ်နဲ ့ဆို အဝေးကြီး ပါ ခင်ဗျာ
    အနီးစပ်ဆုံး ကိုဘလက်ခြေရာ အနောက်ဘဲ လိုက်ပါရစေ ဗျို ့

  • inz@ghi

    December 13, 2011 at 11:25 am

    အာ …တကယ်ကောင်းတဲ့ သမိုင်း စာအုပ်ပဲ ဘဘ ဘလက်ရ
    လုပ်ပါဗျ … အဲ့ဒါမျိုးတွေ ဖတ်ချင်နေတာ …
    တချိန်က ပြင်သစ်နဲ့ အင်္ဂလိပ်ကြားမှာ ပါဝါဘဲလန့်စ် မကစားတတ်လို့
    ကျွန်ဖြစ်ခဲ့ရတာ … ဒီအကြောင်းတွေ ပြန်ဖော်ထုတ်ပေးမှ…
    ယနေ့ခေတ် အန်ကယ်ဆမ်နဲ့ နဂါးကြီး ကြားမှာ ပါဝါဘဲလန့်စ် ကစားတတ်ဖို့…
    ကစ်သိုပြောတဲ့ ပျော့သောပါဝါတွေ ထက်မြက်ဖို့အတွက် …
    ရေးပါဦး မျှပါဦး လို့သာ…

    😀

    သမိုင်းကိုသင်တာ ဂျင်းမမိစေဖို့.

    ပုံ
    မွန်သူရဲကောင်း
    လဂွန်းဂီ

  • ဆူး

    December 13, 2011 at 11:47 am

    ကင်းဝန်မင်းကြီးက တကယ်တော်တဲ့ ပညာရှင်ပါပဲ။
    သီပေါမင်း မိန်းမကတော့ ဒေါသတကြီးနဲ့ ကြောက်တတ်ရင် ထမိန်ဝတ်ထားဆိုပြီး အော်ဖူးတယ် ထင်တယ် ဇတ်လမ်းထဲမှာ ထည့်ရိုက်ပြထားတယ်။

  • super

    December 13, 2011 at 11:50 am

    ကိုဘလက်ရေ သံအမတ်ကြီး၏ စိတ်ဝင်စားဖွယ် အတွေ့အကြုံအချို့ကို စောင့်ဖတ်နေပါမယ်ဗျာ……..:)

  • amatmin

    December 13, 2011 at 12:47 pm

    ကိုဘလက်ရေ..

    အပေါ်က မွန်သရဲခေါင်း ပြောထားသလိုပဲ (ကိုဂီရေ.စတာပါ) ဖတ်လို့ကောင်းတဲ့ သမိုင်းစာအုပ်ဆိုတော့ .
    ကိုဘလက်ကြီးသာ အပင်ပန်းခံပြီး မျှဝေ မယ်ဆို တော်တော်များများ ဖတ်ချင်ကြမှာပါ.
    ကိုယ့်ဘာသာ ဝယ်ဖတ်လဲ ရပေမယ့် ကိုဘလက်ရေးပြထားတဲ့ အပေါ် ဝိုင်းပေးမဲ့ မတူတဲ့ အမြင်တွေ ကို ခံစားရမှာမဟုတ်ဘူး
    ဒီတော့ ဆက်ရေးပေးပါဦးဗျာ..စိတ်ဝင်စားပါတယ်

  • thit min

    December 13, 2011 at 3:15 pm

    အားလုံးရဲ့ကိုယ်စားကျေးဇူးတင်စရာကောင်းလှပါတယ်။ တကူးတက
    ရေးကူးတင်ပေးသောကိုဘလက်အားကျေးဇူး။

    ကိုဘလက်ရေ အဲဒီစာအုပ်က တော်တော်ကို ကောင်းတဲ့စာအုပ်ပါ။ကျနော်
    အမှတ်မမှားဘူးဆိုရင် အဲဒီစာအုပ်ထွက်တာတော်တော်ကြာခဲ့ပြီထင်ပါရဲ့။
    (အကယ်၍ခုမှထွက်တဲ့စာအုပ်ဆိုရင်တော့ကျနော်ဆောင်းပါးကိုဖတ်မိတာများလားလို့၊စာသားတွေကရင်းနှီးနေတယ်)

    ဆရာကြီး ဦးသက်ထွန်းဆိုတာနယ်ပယ်စုံကိုတတ်သိနားလည်သော ကျနော်လေးစားရတဲ့ ဆရာကြီးတဦးပါ။ နောက်သံအမတ်ကြီးတဦးကတော့ဦးလှမောင်ပါ။ သူကတော့ဆောင်းပါးတွေရေးတာဖတ်ဖူးပါတယ်။
    သူလည်းသံတမန်အကြောင်း စာအုပ်လည်းထွက်တယ်ထင်ပါရဲ့။

  • “ဘီလူးကြီး”ogre

    December 13, 2011 at 4:13 pm

    မဆလ ခေတ်မှာတော့
    သံအမတ်ဆိုတာဟာ မြန်မာပြည်ထဲမှာလဲ ကြည့်လို့မရ /ရာထူးလဲ မပေးချင်ရင်
    ချောင်ထိုးထားလို့ကောင်းတဲ့ ရာထူးနေရာတစ်ခုပဲဗျ
    စောက်ငြင်ကပ်ရင် သံအမတ်ရာထူးပေးပြီး
    ပြည်နှင်လိုက်တာပဲလေ… 🙂 🙂 🙂 😛

  • MaMa

    December 13, 2011 at 7:09 pm

    စိတ်ဝင်စားပါတယ် ကိုဘလက်ရေ။
    ဖတ်ပြီး တကူးတက ပြန်ပြောပြတာမို့လည်း အနှစ်ချုပ်ပြီးသားဖြစ်သွားလို့ စောင့်မျှော်ဖတ်ရှု့နေကြောင်းပါ။

  • blackchaw

    December 13, 2011 at 7:49 pm

    ဒီစာအုပ်ထဲမှာ သံတမန်တို့ရဲ့ နေရာထိုင်ခင်း တို့
    သံတမန်တို့ရဲ့ ငွေရေးကြေးရေး တို့က စိတ်ဝင်စားဘို့ ကောင်းပါတယ်ဗျာ။
    အမြန်ဆုံး စာရိုက်ပြီး စာမြည်းလေးပေးနိုင်အောင် ကြိုးစားပါမယ်ဗျာ။

  • ကိုချောရေ
    မမြည်းခိုင်းပါနဲ့တော့။
    အားလုံးကစားချင်နေပြီဆိုတော့ ချသာကြွေးလို်က်ပါတော့နော်

  • blackchaw

    December 14, 2011 at 9:03 am

    ကိုသစ်ရေ။
    စာအုပ်ထုတ်ဝေတဲ့ ခုနှစ်က ၁၉၉၈ လို့ ဖေါ်ပြထားပါတယ်။
    ထွန်းဖေါင်ဒေးရှင်း ဘဏ်က ဖြန့်တာပါ။

  • ကြောင်ကြီး

    December 14, 2011 at 9:21 am

    သံအမတ်ကြီး ခြံပတ်ပြီး ဟန်မပြတ်တီးတာလည်း သိရင်ရေးပါအုံး….။

Leave a Reply