ကျွန်ုပ်နှင့် တစ်သက်စာအလွဲများ (၄)

“When I was younger” ကျွန်တော်ရမ်းကားခဲ့တဲ့အချိန်မှာဖြစ်ခဲ့တဲ့ ဆေးချတဲ့အကြောင်းပြီးတော့ အရက်သောက်ရင်း ဖဲရိုက်တဲ့အကြောင်းထပ်ပြောပါဦးမယ်…

ဒီနေ့အလုပ်မှာ အဆင်မပြေတာလေးတွေ ကြုံရတော့ ရှေးခေတ်ဟောင်းအူတက်ဖွယ်လေးများကို စဉ်းစားပြီး ရွာထဲမှာစာရေးမိတယ်…စိတ်လေးများသက်သာရာရအောင်ပေါ့ကွယ်…

ကျွန်တော်က အဆောင်မရောက်ခင် (၉)တန်းကျောင်းသားလောက်မှာ ဆေးလိပ်နဲ့ အရက်ကိုစပြီး သောက်ဖူးတယ်…ဖဲကိုတော့ ယောင်္ကျားတို့တတ်အပ်တဲ့အတတ်ပညာအနေနဲ့ သေချာသင်ခဲ့တာပါ..

အခုချိန်အထိ ဆေးလိပ်ကို ရတိပြတ်မဖြတ်နိုင်တာကလွဲရင် (တစ်နေ့ကို ၃လိပ်လောက်ပဲသောက်တော့တယ်).. ရံဖန်ရံခါ အပေါင်းအသင်းနဲ့ ဘီယာသောက်ရုံပဲ အရက်နဲ့ပတ်သက်တော့တယ်..ဖဲကိုတော့လုံးဝမရိုက်တော့တာ (၃)နှစ်လောက်ရှိသွားပါပြီ…အမှန်အတိုင်းပြောရရင် သိပ်ပြီးတော့ စိတ်မပါတာလဲပါတာပေါ့..

ဆေးလိပ်နဲ့ အရက်မကောင်းမှန်းသိပါတယ်…ဆေးလိပ်ဖြတ်ဖို့ အခါ (၂၀)ကျော်ကြိုးစားဖူးပါတယ်…အရက်နဲ့ ပတ်သက်ရင် (၄)နှစ်လောက် လုံးလုံးလျားလျားခဝါချခဲ့ဖူးပါတယ်…

ဒါပေမယ့် အရှင်းဆုံးဝန်ခံရရင် မပြတ်ပါ…

အဲဒီတော့ (၉)တန်းကျောင်းသားဘဝမှာ တောင်ကြီးမြို့၊ (၁၀)တန်းကျောင်းသားဘဝမှာ ပြင်ဦးလွင်ဆိုတော့ အရက်သောက်ကောင်းတဲ့ ချမ်းအေးတဲ့မြို့တွေချည်းပဲကိုးဗျ…

နောက်ပြီးတော့ ကျွန်တော်တို့ ရှမ်းပြည်မှာ အရက်သောက်တာ (ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းခလေးဖြစ်ဖြစ်)  အစမ်းမှမဟုတ်တာကိုး…

ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်သွားတယ်ဆိုပါတော့ဗျာ…

ပြင်ဦးလွင်အဆောင်ရောက်တော့ မိုးကုတ်သား၊ လားရှိုးသား၊ တောင်ကြီးသားနဲ့ ကျိုင်းတုံသားတွေစုမိတော့ ရှမ်းပြည်နယ်သားအချင်းချင်း အတွေ့အကြုံတွေဖလှယ်ကြရင်းနဲ့ ဖဲလဲရိုက်ဖြစ်ကြတယ်ဗျ…

အဆောင်မှာ ကျွန်တော်နေတဲ့အခန်းက အခန်း(၁) အဝင်ဝကအခန်း၊ အခန်း(၂)က ကြားထဲမှာရှိပြီး၊ အခန်း(၃) ကတော့ ထောင့်ဆုံးအခန်း၊ ဂွင်အကောင်းဆုံးအခန်း။ တစ်ခန်းမှာ (၃)ယောက်စီနေတာဆိုတော့ အခန်း(၁)က ဝါသနာရှင် (၃)ယောက်နဲ့ အခန်း(၃)က ဝါသနာရှင် (၂)ယောက်တို့က တစ်လမှာ နှစ်ကြိမ်လောက်တော့ ဖဲခိုး ရိုက်လေ့ရှိသဗျ…

ဖဲခိုးရိုက်ရင်းနဲ့ ဝီစကီလေးကိုလဲ ကစ်ကြသေးသကိုး…ဆေးလိပ်သောက်လို့တော့မရဘူး…မနက်အစောင်မှူးလာ လို့ အနံ့များရခဲ့ရင် ကြောပြင်လေးဗျောတင်ခံရမယ်အရေးကြောက်ရသေးသကိုးဗျ…

ဝီစကီသောက်ပုံလေးကို ဖောက်သည်ချပါဦးမယ်…

ခိုးသောက်ရတဲ့အရက်ဆိုတော့ ဖန်ခွက်နဲ့အမြည်းရယ်လို့ သေချာမရှိဘူးပေါ့ဗျာ…

ရေချိုးတဲ့ဖလားထဲကို သောက်ရေအိုးထဲကရေကိုအပြည့်ဖြည့်ပြီး စားပွဲလေးပေါ်မှာတင်၊ ကုတင်အောက်က ပုလင်းလေးကိုဖွင့် အရင်ဆုံးမော့ချ၊ ပြီးတော့မှ ဖလားထဲကရေကို မြန်မြန်သောက်ချရင်း ကတိုက်ကရိုက်ဇိမ်ယူ လိုက်ရပါတယ်…

အဲဒီမှာ အမြည်းပြသနာလာပါတော့တယ်…အပြင်မထွက်ရတဲ့သူတွေအနေနဲ့ အမြည်းဆိုတာ အူဘယ်စိုပါ့မလဲ။ တစ်ခါတစ်ရံ အာလူးကြော်၊ တစ်ခါတစ်ရဲ ပဲကြမ်းကြော် ဒီလောက်ပဲပေါ့…နောက်ဆုံးဘာမှမရှိရင် ဦးချိန်တီလဲ အမြည်းဖြစ်၊ အစာကြေဆေးလဲအမြည်းဖြစ်တော့တာကိုး…

အလွဲတွေဖြစ်တဲ့နေ့က (၅)ယောက်လုံး ဖဲရိုက်ချင်တယ်…စာကျက်ခန်းထဲမှာ ဆရာလစ်တုန်း ဖဲကြွေးတောင်းရင်း ဖဲရိုက်ဖို့အကြောင်းကဖန်လာ…ကံဆိုးချင်တော့ အရက်ကလဲမရှိ…အရက်ကလဲသောက်ချင်…အရက်တောင်မရှိ မှတော့ အမြည်းဆိုတာ ဝေလာဝေး…

ဘာပဲဖြစ်ဖြစ် ကြောင်ဝတုတ်ပဲ စီမံရတော့တာပေါ့…

အရက်အဖြစ်…ပူတာအိုကလာတဲ့ ကချင်လေးဆီက သွေးဆေး ငှက်ပျောဖူးပုလင်းနဲ့အပြည့်ကို အကြွေးနဲ့ဝယ် သူ့သွေးဆေးက မီးတောက်အရက်နဲ့ဖော်တာဆိုတော့ သောက်ကောင်းတယ်၊ မူးတယ်၊ ပြင်းတယ်…အဆင်ကို ပြေလို့..

အမြည်းအဖြစ်ကတော့ ဦးချိန်တီကိုပဲ အဖော်ပြုကြတာပေါ့….

ည (၁)နာရီကျော်တော့…အဆောင်မှူးအိပ်ပါပြီ…ဖဲဝိုင်းစပါပြီ…အရက် (သွေးဆေး)ဝိုင်းစပါပြီ…

ရိုက်တဲ့ဖဲက ပိုကာ…စိတ်ဝင်စားမှုကအပြည့် တွက်ချက်မှုအမြင့်ဆုံး…

အဲဒီမှာ ကျွန်တော်တို့က ဖဲရိုက်တာဆိုတော့ လက်တွေကမအားဘူး…အမြည်းကိုကျတော့ စာအုပ်ထဲက ဗလာစာရွက်တစ်ခုစုတ်ပြီး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပုံထားပြီး ရိုက်ကြတယ်…

သွေးဆေးလေးမော့လိုက်…လျက်ဆားလေးလျက်လိုက်နဲ့ လျှာလေး အာလေးတွေလဲဖြစ်လာ…

ဖဲသာရိုက်ရတာ ခိုးရိုက်ရတာဆိုတော့ အော်ဟစ်ပြောလို့လဲမရ…တိုးတိုးတိုးတိုးနဲ့ ရိုက်လာတာ ည(၃)နာရီ လောက်ရောက်တော့ ကျွန်တော့ဘေးက မိုးကုတ်သားက ကျွန်တော့ကိုမေးတယ်…ဟေ့ကောင်ဘာလုပ်တာလဲ တဲ့…

ကျွန်တော်လဲ ကိုယ့်ရှိတဲ့ဖဲချပ်လေးတွေကို အရက်သောက်ရင်း အမြည်းလျက်ရင်းလုပ်နေတာဆိုတော့ သူဘာမေးမှန်း နားမလည်တဲ့မျက်နှာနဲ့ သူ့မော့ကြည့်တော့ သူကထပ်မေးတယ်…ဘာလုပ်တာလဲတဲ့…

ကျွန်တော်လဲ ဘာမှန်းမသိလို့ ကြောင်တောင်တောင်နဲ့ကြည့်နေတုန်း…

သူက…မင်းငါ့ခြေမကိုဘာလို့ လျက်တာတုန်းတဲ့…

ကျွန်တော် ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်က ခြေမကြီးက ဖွေးနေတာပဲ…တံထွေးတွေစွတ်တာများလို့ အရေပြားတောင် တွန့်စပြုနေပြီ…

အဲဒီတော့မှ ကျွန်တော်သတိထားမိတာက…

ဖဲချပ်ကိုကြည့်လိုက် အရက်ကိုမော့လိုက် အောက်ငုံမကြည့်ပဲနဲ့ တံထွေးစွတ်ထားတဲ့လက်နဲ့ အောက်ငုံ့မကြည့်ပဲ လျက်ဆားကို တုံ့ လျက်လိုက်လုပ်နေတာ…

တကယ်တော့ ကျုပ်လျက်နေတာ ဦးချိန်တီမဟုတ်ဘူးဗျ…မိုးကုတ်သားရဲ့ ခြေမကြီး…..

 

အရက်ကို လျက်ဆားနဲ့မြည်းတာမြင်တိုင်း ကြောင်ဝတုတ်ကို သတိရကြသည်ပေါ့ဗျာ….

 

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂ နှစ်ဆန်းပိုင်း

6 comments

  • ငပေါက်ဖော်

    January 11, 2012 at 6:46 pm

    လျက်ဆားလဲ ငံတယ်.
    ခြေမလဲ ငံတယ်မလား ဟင်
    တော်တော်ဆိုးတဲ့လူ..
    လူဂျိုး..
    😆

  • Thel Nu Aye

    January 11, 2012 at 10:05 pm

    ခြေထောက်ကရေဆေးထားပုံမရဘူး။ ရက်ဆားနဲ့တောင်မှားယူရတယ်ဆိုတော့။

  • FattyCat

    January 13, 2012 at 9:46 am

    Base on True Story ပေါ့နော်….

  • htet way

    January 13, 2012 at 10:30 am

    လွဲချက်ကနာတယ်ဗျာ
    ကျွန်တော် လွဲပုံနဲ့တော့ကွာပငယ်ငယ်က မီးနင်းပွဲကြည့်တော့လူတွေတိုးကြပြီး
    ကြည့် ရတာပါ ကျွန်တော်သူငယ်ချင်းကို ပခုံးလေးဖက်လို့ပေါ့
    ဒီလိုနဲ့ တိုးကြရင်း နောက် ပွဲပြီးတော့ ကျွန်တော် ဖက်ထားမိတာ ကရင်မချောချောလေးဖြစ်နေတယ် ကောင်မလေးကလည်းမသိဘူး ကျွန်တော် လန့်ပြီးလွှတ်
    လိုက်မှ သူကလည်းသိတာပါ ကဲ လွဲတာတွေ….

  • FattyCat

    January 13, 2012 at 10:50 am

    အွန်…ထက်ဝေးရယ်…
    နင့်အလွဲက အလွဲကောင်းကြီးပါ…ငါ့အလွဲနဲ့ တခြားစီပါကွယ်…
    အဲလိုလွဲပုံများ အခါတစ်သိန်းတောင် လွဲလိုက်ချင်ပါသေးတယ် (ပါးရိုက်မခံရရင်ပေ့ါ)
    နင့်လိုလွဲရင် ငါဆို သူငယ်ချင်းကို ချစ်လွန်းလို့ဆို ဖက်တောင်နမ်းလိုက်ဦးမှာ…

  • amatmin

    January 13, 2012 at 10:55 am

    ကြောင်ဝတုတ် နည်းပေးလိုက်တာဦးချိန်တီက ခြေမှုုန်နဲ့ လျက်ဆားဖော်နည်းရသွားပြီတဲ့ဗျ..

Leave a Reply