ထက်ထက်မိုးဦး…အေးသူစံနှင့် ဆရာလူထုစိန်ဝင်း
မကြာသေးမီအချိန်က မြန်မာစာနယ်ဇင်းလောကတွင် အသံများဆူညံသွားစေခဲ့သည့်ဖြစ်ရပ် တစ်ခုဖြစ်ပျက်ခဲ့ပါသည်။ ရင်းဖြစ်ရပ်မှာ ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် သတင်းထောက်မအေးသူစံတို့ ဖျော်ဖြေရေးကဏ္ဍအတွက် အင်တာဗျူးရာမှဖြစ်ပေါ်လာခဲ့သည့် မကျေမလည်မှုမှစတင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယင်းဖြစ်ရပ်တွင် သတင်းထောက်တစ်ယောက်၏ လုပ်ပိုင်ခွင့်အတွင်းမှ မအေးသူစံက လုပ်ဆောင်ခဲ့သလို သတင်းရင်းမြစ်ဘက်မှ ထက်ထက်မိုးဦး၏ လုပ်ပိုင်ခွင့်ဖြစ်သည့် မေးခွန်းများအား ပြန်လည်ဖြေကြားခြင်းမပြုဘဲ ငြင်းဆိုပိုင်ခွင့်ကို ပြုသည်မှာ မှန်ကန်သောတုန့်ပြန်မှုဖြစ်သော်လည်း နောက်ပိုင်းတွင် ထက်ထက်မိုးဦးမှ မိမိ၏ စိတ်ကို မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်သည်အထိဖြစ်ခဲ့သည်မှာ သတင်းရင်းမြစ်ဘက်က အမှားတစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။(ထက်ထက်မိုးဦးနှင့် အေးသူစံတို့တွေ့ဆုံမှုကို The Voice Weekly တွင် မူရင်းအသံဖိုင်အတိုင်း ဖော်ပြထားသည်ကို ဖတ်ရှုရခြင်းအားဖြင့် ထက်ထက်မိုးဦးမှ “သွားလိုက်တော့….နင်သွားလိုက်တော့´´ဟုဆို၍ သတင်းထောက်တစ်ဦးအား မိမိနှင့်တွေ့ဆုံမှုကို ရပ်တန့်သည့်ကာလအချိန်အထိ မှန်ကန်သောလုပ်ရပ်ဖြစ်သည်။ သတင်းရင်းမြစ်က မေးမြန်းလာသောမေးခွန်းကို မဖြေကြားခြင်း၊ တွေ့ဆုံမေးမြန်းမှုအား ရပ်တန့်စေခြင်းသည် သတင်းရင်းမြစ်ဘက်မှ လုပ်ပိုင်ခွင်ဖြစ်သည်။ ယင်းလုပ်ပိုင်ခွင့်ထက် ထက်ထက်မိုးဦးမှာ ကျော်လွန်သွားခဲ့သည်။)
ထိုသို့ သတင်းသမားနှင့် သတင်းရင်းမြစ်တို့အကြားဖြစ်ပေါ်လာသော ပြဿနာများနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့် အခွင့်အရေးများနှင့်ပတ်သက်၍ ယခုတစ်ပတ်ထွက်ရှိလာသည့် Weekly Eleven စာစောင်ထဲမှ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါး“ကိုယ့်အလုပ်ကိုယ်လေးစားသလို သူ့အလုပ်ကိုလည်း လေးစားပါ´´တွင် ရေးသားဖော်ပြချက်ထဲမှ အချို့ကို ဂေဇက်ပရိသတ်များနှင့် စာနယ်ဇင်းလောကနှင့် ကင်းကွာသူပြည်သူလူထု သိရှိစေလိုသောဆန္ဒဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်…
အင်တာဗျူးစည်းကမ်း
အလားတူပါပဲ၊ ပေါ့ပ်သတင်းထောက်ကလည်း သူ့ရဲ့ ပေါ့ပ်ပရိသတ်အတွက် ရုပ်ရှင်ဂီတစတဲ့ ဖျော်ဖြေရေးလောကထဲ လှည့်လည်သွားလာပြီး သတင်းတွေ မေးမြန်းစပ်စုရပါတယ်။ ပေါ့ပ်သတင်းထောက်က ဖျော်ဖြေရေးနယ်ပယ်က လူတွေကိုသွားပြီး ပဲဈေး၊ နှမ်းဈေး၊ ကြက်သွန်ဈေး သွားမေးလို့ဘယ်ဖြစ်မှာလဲ။ သူ့ပရိသတ်က ပေါ့ပ်ပရိသတ်လေ။ ပေါ့ပ်သတင်းကိုသာ ဖတ်ချင်မှာပေါ့။ ဒီတော့သူကလည်း ပေါ့ပ်သတင်းတွေပဲမေးပြီး ရေးရမှာဖြစ်တယ်။ ဒါသူ့အလုပ် သူ့ဝတ္တရားဖြစ်တယ်။ အဲဒီလိုမေးတဲ့ အခါမှာ မေးပုံမေးနည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ဘယ်လိုအကြောင်းအရာကိုပဲ မေးရမယ်၊ ဘယ်လိုအကြောင်းအရာကို မမေးရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့မေး၊ဖြေလုပ်တာမျိုးနဲ့ ဘယ်လိုကန့်သတ်ချက်မှမထားဘဲ မေးဖြေလုပ်ကြတာမျိုးဖြစ်ပါတယ်။ ဒါတင်မက အမေးခံရသူက ဒါတော့အလွတ်သဘောပြောတာပါ။ ထည့်မရေးနဲ့လို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
မပါတာထည့်မရေးနဲ့
အဲဒီလို တောင်းဆိုလာရင် သတင်းထောက်က လိုက်နာစောင့်ထိန်းရပါတယ်။ လုံးဝထည့်မရေးရပါဘူး။ ဖြေတဲ့အထဲမှာ မပါတာတွေကိုလည်း လုံးဝထည့်မရေးရပါဘူး။ ဖြေသမျှ တစ်လုံးမကျန်ရေးပေးရမယ်လို့လည်း ထုံးစံမရှိပါဘူး။ ကိုယ်ပေးနိုင်တဲ့ စာမျက်နှာ အနေအထားအရ လိုအပ်သလို တည်းတာ၊ ဖြတ်တာလုပ်ပြီး ရေးရမှာပါပဲ။ ဒါတင်မက ဖြေတဲ့သူရဲ့ စကားထဲက ဖော်ပြဖို့ မသင့်တော်တာတွေကိုလည်း တည်းရဖြတ်ရ၊ ဖြုတ်ရမှာပါပဲ။ သူမပြောခဲ့တာကို အပြောလုပ်ပြီး ထည့်ရေးတာ ဖြည့်စွက်တာ သူ့စကားကို ပြင်တာမျိုး လုံးဝမလုပ်ရပေမယ့် တည်းတာဖြတ်တာ၊ ဖြုတ်တာကတော့ စိတ်ကြိုက်လုပ်နိုုင်ပါတယ်။ သတင်းထောက်က မတည်းမဖြတ်တောင် အယ်ဒီတာက တည်းဖြတ် ဖြုတ်ထုတ်လုပ်မှာ အသေအချာပါ။
မေးနည်းမျိုးစုံ
ရေးတဲ့နေရာမှာ ဆင်ခြင်ရပေမယ့် မေးတဲ့နေရာမှာတော့ မျိုးစုံအောင်မေးရမှာပါပဲ။ လှည့်ပတ်မေးနည်း၊ အစ်အောက်မေးနည်း၊ ဆွမေးနည်း၊ မြှောက်ပင့်မေးနည်း၊ ချောင်ပိတ်မေးနည်းစတဲ့ နည်းမျိုးစုံသုံးပြီး မေးကြရမြဲဖြစ်ပါတယ်။ ဆိုဗီယက်ဝန်ကြီးချုပ် ခရုရှော့ရဲ့ ပထမဆုံး အနောက်မီဒီယာနဲ့ အင်တာဗျူးမှာ တိုင်းမဂ္ဂဇင်းအယ်ဒီတာနဲ့ သတင်းထောက်နှစ်ယောက်က လေးနာရီလောက်ကြာအောင် မေးခွန်းတွေ မေးခဲ့ကြရပါတယ်။ မဂ္ဂဇင်းထဲမှာရေးတော့ နှစ်မျက်နှာပဲရှိပါတယ်။ အဲဒါလောက်ရေးစရာရအောင် ခရုရှော့ကို အထက်ကပြောခဲ့တဲ့ နည်းမျိုးစုံသုံးပြီး မနည်းကြီးညှစ်ထုတ်ယူခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သတင်းထောက်တစ်ယောက် မမေးရတဲ့မေးခွန်း၊ မမေးအပ်တဲ့ မေးခွန်းဆိုတာမရှိဘူး။ မရေးအပ်တဲ့အကြောင်း၊ မရေးသင့်တဲ့အကြောင်းဆိုတာပဲ ရှိတယ်လို့ ကောက်ချက်ချလိုက်ချင်ပါတယ်။
One comment
argu
June 1, 2010 at 2:57 am
ကောင်းပါတယ်ခင်ဗျား