အမဲသနီချက်(သို့)အမဲသားချဉ်စပ်…
ဒီနေ့အချိန်ရတာနဲ့စာရေးဖြစ်ပါတယ်…ဖက်တာတွေများနေတော့လည်းပြန်ပေးရတာပေါ့နော်…
အမှန်တော့ကျနော်ကစာဖတ်တာပဲဝါသနာပါတာပါ..ရေးရမှာ အင်မတန်ပျင်းပါတယ်…ဒီဆိုဒ်ရောက်မှ ပိုးဝင်သွားတယ်ဆိုရင်လည်းမမှားပါဘူး…သက်တူရွယ်တူတွေလည်းများတယ်၊လူငယ်တွေကအစ တတ်တတ်ကြွကြွရေးကြ၊ပြောကြဆိုကြဆိုတော့ တကယ့်ကို မိသားစုဆိုဒ်လေးပါပဲ…ပျော်စရာလည်းကောင်း စိတ်လည်းအပန်းပြေစေပါတယ်….နောက်ပြီးဒီဆိုဒ်မှာဝင်ရောက်ဖတ်ရှုနေသူတွေက ပြည်ပမှာလည်းအများအပြြး
ရှိနေပါတယ်…ဒါကြောင့်ကိုယ့်လိုပဲ မအားတဲ့ကြားကဗဟုသုတအတွက်အပြန်အလှန်ဆွေးနွေးကြ၊တင်ပြကြနဲ့အလွန်နှစ်သက်စရာကောင်းလှပါတယ်။
ကဲ..ဒီနေ့တော့ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ချက်စားလို့ရမယ့်ဟင်းတစ်မျိုးကို လက်ဆောင်ပေးချင်ပါတယ်…။
ပြင်ဆင်ပုံ။ ။အမဲသားကိုခပ်ပါးပါးလှီးပါ၊ပြီးလျှင် ဆား၊ဟင်းချိုမှုန့်၊ငရုတ်ကောင်း၊စပါးလင်ကိုပါးပါးလှီးထည့်ပါ(အနည်းငယ်)၊ထို့အတူဂျင်းအနည်းငယ်ကိုလည်းဓါးပြားရိုက်နုတ်နုတ်စင်းပြီးထည့်ပါ။
ရှာလကာရည်အနည်းငယ်ထည့်ပါ၊ခရုဆီအနည်းငယ်ထည့်ပါ။ပြီးလျှင် ၁၅မိနစ်လောက်နှပ်ထာပါးပါ။
ပေါင်းဖူးငယ်လေးများ၊ငရုတ်ပွနီ၊ပဲသီးစိမ်းတောင့်တို့ကို လက်နှစ်သစ်လောက်စီဖြတ်ထားပါ၊ကြက်သွန်နီပါးပါးလှီး၊ခရမ်းချဉ်သီးတစ်ခြမ်းလောက်ကိုလည်းပါးပါးလှီးထားပါ။
ချက်ပြုတ်ပုံ။ ။ဒယ်အိုးထဲသို့ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလျှင် ကြက်သွန်နီနဲ့ဂျင်းအနည်းငယ်ကို ဆီသပ်ပါ၊ခရမ်းချဉ်သီးလှီးပြီးသားထည့်ပါ။
ငရုတ်သီးအနှစ်အနည်းငယ်ထည့်ပါ။ငါးငံပြာရည်အနည်းငယ်ထည့်ပါ။အနံမွှေးလာလျှင်…အမဲသားကိုထည့်ပြီးလုံးလိုက်ပါ။
ပြီးလျှင် အသီးအနှံများဖြစ်သော ပြောင်းဖူးငယ်၊ပဲသီးစိမ်း၊ငရုတ်ပွနီတို့ထည့်ပြီး ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထာလိုက်ပါ၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းတို့ထည့်ပါ၊ငရုတ်ဆီအနည်းငယ်လည်းထည့်ပါ။
အရသာကိုလည်းမြည်းကြည့်ပြီး လိုတာထပ်ထည့်ပါ၊အချဉ်အတွက်ရှာလကာရည် အနည်းငယ်ထပ်ထည့်နိုင်ပါသည်၊အစပ်ကြိုက်သူတွေကတော့ ငရုတ်သီးစိမ်းကို ဓါးပြားရိုက်ထည့်ချက်နိုင်ပါသည်။ရေခမ်း၍ဆီပြန်သလောက်ရှိရင်စားလို့ရပါပြီ…
မှတ်ချက်။ ။အမဲသားကို အရွတ်များ၊အကြောများမပါအောင်လှီးပါ…။ပါးပါးလှီးပါ။ဒါမှအသားနှုးတာမြန်ပါမည်။။။။။။။
ကဲ…စမ်းသပ်ကြည့်လိုက်ပါအုံး…ရွာသူ၊ရွားသားတို့…
14 comments
Thel Nu Aye
January 24, 2012 at 11:25 am
ကျေးဇူးပါရှင်။ အမဲသားမစားလို့ကြက်သားနဲ့ချက်စားကြည့်အုံးမယ်။ နည်းလေးကူးထားလိုက်ပါတယ်။
စိန်ပေါက်ပေါက်
January 24, 2012 at 11:47 am
ကြည့်ရင်း ကြည့်ရင်း ဆွဲချင်လာဘီ
ဂလု..ရှလွတ်
zaw min
January 24, 2012 at 12:37 pm
ကြက်သား၊ဝက်သား မိမိနှစ်သက်သည့်အသားနှင့်ချက်ပြုတ်နိုင်ပါတယ်…။
စိန်ပေါက်ပေါက်ရေ…ဆွဲ ဆရာဆွဲ…
weiwei
January 24, 2012 at 12:38 pm
ဒီ့ထက်ပိုကြီးတဲ့ပန်းကန်ကိုသုံးဖို့ အကြံပေးချင်ပါတယ် ကိုဇော်မင်းရေ …
zaw min
January 24, 2012 at 1:14 pm
ဒီထက်ကြီးတဲ့ ပုဂံဆိုရင် လေးထောင့်ပုဂံတွေပဲရှိတော့တယ်..မဝေရေ..ဒါတောင် ဒီမှာဆိုဒ်အကြီးဆုံးပဲ ပုဂံပြားအဝိုင်းတွေထဲမှာ….နောက်ပြီး ဈေးကွက်စီးပွါးရေးအရလည်း ပုဂံသိပ်ကြီးသွားရင် အိတ်စိုက်သွားရလိမ့်မယ်လေ…
weiwei
January 24, 2012 at 1:21 pm
ပန်းကန်ပြားအကြီးကြီး မရှိရင်လဲ လေးထောင့်ပန်းကန် အကြီးကြီးထဲမှာ အလယ်ခေါင်မှာ အဲဒီဟင်းနဲ့ထမင်းပမာဏအတိုင်း နေရာချကြည့်လိုက်ပါ … ထည်ဝါသွားပါလိမ့်မယ် … အစားအသောက်အရသာချင်းတူရင်တောင်မှ ပန်းကန်ကြောင့် စိတ်ခံစားမှု ကွာတတ်လို့ပါ … ဈေးပိုယူလို့လဲ ကောင်းတာပေါ့ ….
ဆူး
January 24, 2012 at 1:20 pm
ဆိုင်မှာဆို ကြိုပြင်ထားရမယ် ထင်တယ်နော်.. စားတဲ့သူရဲ့ အမှာစာ လာမှ အသားကို နယ်ဖတ်ပြီး ၁၅မိနစ်နေမှ ကြော်လှော်ရရင် စားတဲ့ သူတွေ စိတ်ပျက်သွားနိုင်မယ် ထင်တယ်နော်..
ဆိုင်တဆိုင် အနေနဲ့ ဘယ်လို ပုံစံ မနက်ခင်းမှာ ပြင်ဆင်ရတယ် ဆိုတာမျိုးလေး စီကာပတ်ကုံးရေးပြပါလား။ စာဖတ်သူတွေ စားသောက်ဆိုင်လုပ်ငန်း လုပ်တဲ့သူတွေကို ကိုယ်ချင်းစာသွားအောင်.. ဟိဟိ.. ခဏခဏ အဆစ်တောင်းတယ်နော်..
weiwei
January 24, 2012 at 1:23 pm
အန်တီဆူးကြည့်ရတာ ထမင်းဆိုင်ဖွင့်ဖို့ နည်းပညာတွေ စုဆောင်းနေတယ်ထင်တယ် … 😛
ဆူးဝေဝေ ဆူရှီဆိုင်ပြီးတော့ ဘာဆိုင်ဖွင့်ရင် ကောင်းမလဲ … 🙂
windtalker
January 24, 2012 at 1:22 pm
အမဲသား မစားတဲ့ ကျွန်တော်တို ့လင်မယား ကတော့
ကိုဇော်မင်း အညွှန်းအတိုင်း ကို ဆိတ်သား နဲ ့ပြောင်းချက်စားမယ် ဗျာ
etone
January 24, 2012 at 2:54 pm
ဒါလေးပြင်ဆင်ထားတာလည်း စားချင်စရာလေးပဲ … အမဲသားတော့ မစားလို့ .. ဝက်သားလေးနဲ့ ချက်ကြည့်ဦးမှ … ။ ယောကျာ်းလေး အကွက်စေ့တာ … လေးစားတယ်ဗျို့ …. 🙂
zaw min
January 24, 2012 at 2:58 pm
အမယ်လေးဒေါ်ဆူးရယ်…တစ်ယောက်လာမှတစ်ခါပြင်ရင် တစ်စာကြိုတင်ဘို့ကင်လုပ်ထားမှရတော့မှာပေါ့ကွယ်…ဆိုင်ဆိုတော့ မိမိတစ်နေ့တာရောင်းအားပေါ်မူတည်ပြီး၊ကြက်၊ငါး၊အမဲအားလုံးကိုကြိုတင်လှီးချွတ်ထားရတာပေါ့ကွယ်…
ကျနော်ဆိုင်မှာ ပုံမှန်အားဖြင့် အမဲသား နှစ်ကီလို၊ကြက်သား လေးကီလို၊ပုဇွန် နှစ်ကီလိုခွဲမှသုံးကီလို…ငါးနှစ်ကီလိုခွဲစသည်ပေါ့နော် ဒါနေ့စဉ်လုပ်ရတာပါ နံနက်ဆိုင်မဖွင့်ခင် တစ်နာရီခွဲလောက်ကြိုတင်ပြင်ဆင်ထားရပါတယ်။ဥပမာ…ကျနော်ဆိုင်က နံနက်(၁ဝး၃၀)စဖွင်ပါတယ်၊မနက်(၉းဝ၀)ထဲက အားလုံးပြင်ထားရပါတယ်။ဒါမှ အချိန်မှီမှာပေါ့နော်…လုပ်ငန်းကျွမ်းကျင်မူပေါမူတည်ပြီး အချိန်ကသိပ်မကြာပါဘူး…စားသောက်ဆိုင်လုပ်ငန်းကို စိတ်ဝင်စားရင် မြန်မာပြည်မှာဆိုင်လာဖွင့်ဖို့ရှိတယ်…အဲဒီအခါကြရင် သံချောင်းခေါက်လိုက်မယ်..လေ့လာလို့ရတာပေါ့နော်…
FattyCat
January 24, 2012 at 4:53 pm
ဂလု…
အချက်အပြုတ်များ တကယ်ဝါသနာပါတာ…
ကံမပါလို့ Cook မဖြစ်လိုက်ဘူး…
ဖြစ်များဖြစ်ခဲ့ရင် ကြောင်ဝတုတ်မဖြစ်ပဲ…ဝက်ဝတုတ်ဖြစ်နေလောက်ပြီ
manawphyulay
January 24, 2012 at 4:57 pm
အင်း ပုံစံလေးကတော့ စားချင်စရာပဲ။ ဒါပေမယ့် မနောက ဝက်သားနဲ့ အမဲသားမစားတော့ ဘယ်လိုလုပ်ရပါ့။ ကြက်သားနဲ့ကော ချက်စားကြည့်လို့ရလား…. ဒါဆိုရင်ကော အရသာ တစ်မျိုးပြောင်းသွားမှာလားဟင်..
zaw min
January 24, 2012 at 9:39 pm
မနောရေ…ကြက်သားနဲ့လည်းအရသာမပြောင်းပါဘူးကွယ်…ရှာလကာရည်မသုံးပဲ၊သံပုရာရည်နည်းနည်းထည့်ရင်ရပါတယ်…ရှာလကာရည်က အမဲသားအမြန်နူးအောင်ထည့်တာပါ။