အချစ်အကြောင်း
“The sweetest joy, the wildest woe is love.”
(Bailey)
“Pray love me little, so you love me long.”
(Herrick)
အချစ်ဆိုတာ ကမာ္ဘ့ပြဿနာတွေထဲ မှာတစ်ခုအပါအဝင်ဖြစ်မယ်ထင်တယ်။ ချစ်လိုက်ကြတာ သဲသဲတုန်ဆိုတဲ့ လူ့ဘဝဇာတ်လမ်းတွေလည်း အများကြီးပဲ။ ပုံပြင်၊ ဝတ္ထု၊ ရုပ်ရှင်၊ သီချင်း တွေမှာလည်း ချစ်ခန်း ကြိုက်ခန်း တွေက ခေတ်အစားဆုံးပဲ၊ ဒါကြောင့် လောကမှာ လူစိတ်အဝင်စားဆုံး အရာတွေထဲမှာ အချစ်ဆိုတာ ထိပ်ဆုံးကပါနေမယ်ထင်တယ်။ ရှင်မဟာရဋ္ဌသာရတောင်မှ အချစ်အကြောင်းဖွဲ့ဆိုတဲ့ ကဗျာတွေ ရေးခဲ့သေးသည်။ အချစ်ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသလို၊ အချစ်ဒဿနအမျိုးမျိုးကိုလည်း ကဗျာဆရာတွေ၊ ဒဿနသမားတွေ ဖော်ထုတ်ခဲ့ကြသည်။ ဒါပေမယ့် ဘယ်တော့မှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိခဲ့ဘူး။ ဒီလိုနဲ့ အချစ်ပြဿနာဟာ ခေတ်အဆက်ဆက်မှ ယနေ့ထက်တိုင် အသက်အရွယ်အမျိုးမျိုးကြားမှာ ရှင်သန်လွှမ်းမိုးနေဆဲဖြစ်သည်။
ကျွန်တော့်အနေနဲ့ ပြဇာတ်တွေ၊ ပုံပြင်တွေထဲကလိုဂန္တဝင်ဆန်ဆန်အချစ်မျိုးကို ဒီခေတ်ဒီအခါမှာ မယုံကြည့်မိတာတော့ အမှန်ပဲ။ အချစ်ဟာ အသက်အရွယ်အလိုက် ခံစားမှု့အနိမ့်အမြင့် ကွာခြားသလားလို့ တော့ သေချာမပြောတက်ဖူး။ အသက်အရွယ်အနည်းငယ် ရလာတာနဲ့အမျှ အချစ်မှာ ဦးနှောက်တွေ ရောထွေးလာမယ်ထင်တယ်။ ငါ့ကိုလာကြိုက်တဲ့ ဒီကောင်ဘာကောင်လဲ၊ ဒီကောင်မလေးကို ကြိုက်ရင်ငါနဲ့ အဆင်ပြေပါ့မလား၊ သူ့ကို ကြိုက်ရင်ငါ့သူငယ်ချင်းတွေ ဘာများပြောမလည်း၊ သူငါ့ကိုပြန်ကြိုက်နိုင်ပါ့မလား၊ သူနဲ့ လက်ထပ်နိုင်ပါ့မလား၊ ပညာအရည်အချင်းကရော၊ သူ့အရင်ရည်းစားနဲ့ရော ကင်းကင်းရှင်းရှင်းရှိရဲ့လား၊ စသဖြင့် ရည်းစားတစ်ယောက် ရဖို့အတွက် ဦးနှောက်နဲ့ အရင်စဉ်းစားကြလိမ့်မယ်ထင်တယ်။ ဒီလိုနဲ့ ရည်းစားဖြစ်ဖို့ကြိုးစားကြရင်း ရည်းစားဖြစ်မှ ချစ်မိသွားကြတာမျိုးလည်း ဖြစ်နိုင်သည်။ အသက်အရွယ်အရ အိမ်ထောင်ပြုသင့်တဲ့ အရွယ်မှာပိုစဉ်းစားကြလိမ့်မည်ထင်သည်။
မြင်မြင်ချင်းချစ်မိတယ်ဆိုတာကတော့ ရုပ်ရည်နဲ့ဆိုင်မယ်ထင်တယ်။ ရုတ်တရက် မြင်လိုက်ရတဲ့ ကောင်လေး သို့မဟုတ် ကောင်မလေးက ကိုယ်ရည်မှန်းထားတဲ့ပုံစံ၊ ကိုယ်ကြိုက်တက်တဲ့ပုံစံ လေးဖြစ်နေရင် မြင်လိုက်တဲ့ အချိန်တော့ သဘောကျသွားတက်သည်။ ဘယ်ကောင်လေး၊ ကောင်မလေးမှတော့ အသားမည်းမည်း၊ သွားခေါခေါနဲ့ မျက်နှာမှာ ဝက်ခြံအပြည့်နဲ့ သူကို မြင်တာနဲ့ချစ်မိလိုက်ကြ မယ်မထင်ဘူး။ (ရှင်းလင်းချက်အနေနဲ့ ရေးခြင်းသာဖြစ်သည်၊ ထိုသို့သောသူများအား စော်ကားလိုသော ဆန္ဒမရှိပါ) တစ်ချို့ ကအချစ်မှာ မျက်စိမရှိဘူးလို့ဆိုတယ်။ ကျွန်တော့်အမြင်အရတော့ ချစ်သူကိုရွေးချယ်ရာမှာ သူ့ရဲ့ပုံပန်းသဏ္ဍာန်နဲ့ ရွေးချယ်မှု့ကလည်း တစ်ခုအပါအဝင် ဖြစ်မယ်ထင်တယ်။ ဒါဟာရုပ်ရည် ချောမောမှ ချစ်ကြတယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ ကိုယ့်ချစ်သူဟာချောသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ ချစ်သူရဲ့ပုံစံ၊ နှုတ်ခမ်း၊ မျက်လုံး၊ အကြည့်၊ အသံ၊ အရယ်၊ အပြုံး၊ ပြောဟန်ဆိုဟန်၊ လေယူလေသိမ်း၊ အငွေ့အသက် ကအစ ဂရုတစိုက်နဲ့ ကျေနပ်နေတက်ကြတယ်။ တစ်ချို့က ချစ်သူကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်ရတဲ့ပီတိကို နှစ်ခြိုက်ကြတယ်။ ပီတိစားအားရှိပြီး ချစ်သူတွေ့ရင် ထမင်းမေ့ ဟင်းမေ့ဖြစ်တက်ပြန်တယ်။ ဒါဟာ အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့တွေနဲ့ ချစ်နေကြတာလို့ဆိုနိုင်သည်။ အချစ်မှာ အာရုံငါးပါးကအပြည့်အဝလွှမ်းမိုးနေတယ်လို့ ယူဆတယ်။
လူငယ်ဘဝမှာတော့ အချစ်ကို ပိုမိုရူးသွပ်ကြသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှာပင် အချစ်ဇာတ်လမ်း အမြောက်အမြားပင်။ ချစ်လိုက်ကြတော့လည်း အသည်းအသန်၊ မည်သို့မျှမခွဲနိုင်မခွာရက်၊ ဒီလိုနှင့် အသည်းကွဲ ကြပြန်သည်။ ကြေကွဲကြသည်၊ တစ်သက်လုံးပဲ နောက်တစ်ယောက်မချစ်နိုင်တော့ မလိုလိုပြောကြပြန်သည်။ တစ်လ၊ နှစ်လ၊ ပြီးတော့ ကောင်လေးအသစ်၊ ကောင်မလေးအသစ်။ အချစ်ဆိုတာ ချစ်စရာတွေ့တိုင်း တွေ့တိုင်း နောက်ထပ် ပေါက်ဖွားလာနိုင်သော အရာဖြစ်သည်။ တစ်ခါချစ်ရုံနှင့် ကုန်ခန်းသွားနိုင်သော အရာမဟုတ် (သစ္စာနီ၏ ပဉ္စရူပနှင့် တွေ့ဆုံခြင်း မှ) ဟုယူဆလျှင်ရမလား မပြောတက်။
တစ်ချို့ကငယ်စဉ်ကတည်းက အချစ်ကိုစိတ်ကူးယဉ်ကြတာတွေလည်း ရှိတယ်။ ဒါကလည်း အချစ်အကြောင်း စဉ်စားတယ်လို့တော့ ရေရေရာရာပြောလို့မရဘူး၊ ရှေ့ကအစ်ကိုတွေ၊ အမတွေကိုကြည့်ပြီး ရည်းစားထားဖို့ စဉ်းစားကြတယ်။ ကိုယ်နဲ့ နည်းနည်း ရင်းနှီးတဲ့ကောင်မလေးသူငယ်ချင်း၊ ကောင်လေးသူငယ်ချင်းတွေဆို ရင်ခုန်သလိုလို၊ ရင်တုန်သလိုလို ဖြစ်တက်ကြတာသဘာဝပဲ။ ရတန်း၊ ၈တန်းအရွယ်မှာ ဆန့်ကျင်ဘက်လိင် ကိုစပြီးစိတ်ဝင်စားတတ်ကြတယ်။ ကျွန်တော်ငယ်ငယ်ကလည်း ဒီလိုပဲထင်တယ်။ အတန်းထဲမှာ ကောင်မလေး ချောချောတွေ တွေ့ရင်ခင်ချင်တယ်၊ သူတို့နဲ့ တခြားကောင်လေးတွေ စကားပြောနေတာတွေ့ရင် အားကျသလိုလို။ ဒါကလည်း အတန်းထဲမှာ ပေါ်ပြူလာဖြစ်ချင်စိတ်တွေ ပါမယ်ထင်တယ်။ ဒါကြောင့်လည်း ဒီအရွယ်တွေကို စိတ်ကစားတတ်တဲ့ အရွယ်လို့ပြောတက်ကြသည်။ တစ်ချို့တစ်ချို့လည်း ကြီးကောင်ကြီးမား ထိပင် စိတ်ကစားလို့ကောင်းတုန်းရှိကြသေးသည်။ အပျော်ဖတ်ဝတ္ထုလေးတွေ ဖတ်ရင်းထိုဇာတ်လမ်း ထဲကဇာတ်ကောင်များအတိုင်းတွေးရင်း စိတ်ကူးယဉ်တက်ကြသေးသည်။ မိမိချစ်သူက ဇာတ်လမ်းထဲကလို ကို်ယ့်ကိုဂရုစိုက်မပြ၊ ကြင်နာမပြရင်ပဲ ငြိုငြင်လို့မဆုံး၊ ကိုယ့်ချစ်သူကပင် မချစ်တက်သလိုလို တွေးတောရင်း ဗျာများနေတက်ကြပြန်သည်။
တစ်ချို့များကြတော့ တိတ်တခိုးချစ်တက်ကြသည်၊ သူ့မျက်နှာလေးမြင်နေရရင်၊ သူ့အသံလေး ကြားနေရရင် ကျေနပ်ကြသည်။ သူ့ကိုနောက်ကွယ်က အမျိုးမျိုးကူညီသည်၊ သူလိုအပ်တာဖြည့်စည်းပေးချင်သည်။ သူ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေချင်မိသည်။ မတွေ့ရရင်မနေနိုင်၊ တွေ့ပြန်တော့လည်း ရှက်သလိုလို ဖြစ်တက်သေးသည်။ သို့သော် ကိုယ့်အချစ်ကို ဖော်ထုတ်ပြသရန် မဝံ့မရဲဖြစ်နေကြပြန်သည်။ ဒီလိုအခြေအနေမျိုးက မိန်းကလေးများနှင့်၊ မိမိတွင် အားနည်းချက်ရှိသည်ဟု ထင်ကြသောယောက်ျားလေး များတွင်ဖြစ်တက်သည်။ ဒါကိုပင် ပေးဆပ်ခြင်းဖြင့် ချစ်ခြင်းတစ်မျိုးဟု ဆိုနိုင်မည်ထင်သည်။
အချစ်ဟာစွဲလမ်းမှု့တစ်ခုပဲလို့ဆိုချင်တယ်။ သူ့အသံကိုစွဲလမ်းတယ်၊ သူ့အပြုံးကိုစွဲလမ်းတယ်၊ သူ့မျက်လုံး၊ မျက်ခုံး၊ ဆံပင် စသဖြင့်စွဲလမ်းချင်တိုင်စွဲလမ်းကြတယ်၊ အစွဲအလမ်းကြီးလွန်းသွားတော့ မျက်စိအောက်က အပျောက်မခံနိုင်တော့ပြန်ဘူး။ သဝန်တိုတာတွေ၊ မနာလိုတာတွေဖြစ်လာပြန်တယ်။ ဒီလိုနဲ့ အချစ်ဟာ ပူလောင်ခြင်းဘက်ကို ရောက်မှန်းမသိရောက်သွားပြန်တယ်။ ဒီလိုစွဲလမ်းမှု့ကလည်း မတည်ငြိမ်နိုင်ဘူး။ ခွင့်လွှတ်သည်းခံမှု့မရှိတဲ့အတွက် အချစ်မာနတွေကြီးလာတယ်။ တစ်ခါတစ်ရံ သူတပါးကိုချစ်တယ်ပြောတာက ကိုယ့်ကိုကိုယ်ချစ်နေကြတာပဲလို့ ဆိုနိုင်တယ်။ ဒီလိုနဲ့ ပြဿနာတွေပေါ်လာတော့ ကွဲကုန်ပြဲကုန်ရင်း နေပူပူတစ်နေ့မှာ အချစ်တွေခမ်းခြောက်သွားပြန်တယ်။ မိုးရွာတဲ့ တစ်နေ့ကြတော့ အချစ်သစ်တွေ ပေါက်ဖွားလာကြပြန်ရော။ ဒါကြောင့်လည်း မိဘဆွေမျိုးသားချင်း အကြားချစ်ကြတဲ့ အချစ်ကသာအေးချမ်းတယ်လို့ ဆိုချင်ကြတာဖြစ်မယ်။ သူ့တို့မှာ စွဲလမ်းမှု့နဲ့ အချစ်မာနတွေမှ မရှိပဲကိုး။
ဒီလိုနဲ့ အချစ်ဟာ ရယူပိုင်ဆိုင်မှကောင်းတယ်၊ ပေးဆပ်ခြင်းကသာအချစ်စစ်၊ နှစ်ဦးနှစ်ဖက်မျှမျှတတ ရှိသင့်တယ် ဆိုပြီး အငြင်းအခုန်ခံရပြန်တယ်။ ကျွန်တော်ကတော့ အကောင်းမြင်စိတ်လေး နည်းနည်းနဲ့ သူများဆီက ယူလို်စိတ်နည်းလို့၊ ပေးဆပ်ခြင်းဘက်ကို မဲပေးချင်တယ်။ အလံဖြူမှာ အသည်းပုံလေးတပ် ပေးလိုက်တာကမှ ကဗျာဆန်လိမ့်မယ်လို့ ယူဆမိတယ်။
အချစ်ဆိုတာကောင်းကင်ကြီးဆို ချစ်ကြသူများကတိမ်တိုက်တွေပဲ။ တစ်ခါတရံ တိမ်တိုက်တွေ ရန်ဖြစ်ရင် မိုးခြိမ်းသံတွေ လည်းကြားရမယ်၊ တစ်ခါတစ်ရံ တိမ်တိုက်တွေ ငိုကြွေးကြမယ်။ တိမ်ကင်းစင်တဲ့ နေ့များကျတော့ ကောင်းကင်ကြီးလည်း အထီးကျန်နေမယ်။ ကောင်းကင်ကြီးလည်း အစဉ်တည်ရှိနေမှာဖြစ်သလို၊ ကမာ္ဘတည်သရွေ့ အချစ်ဆိုတာလည်း ရှိနေဦးမယ်။ ကောင်းကင်ကြီးရှိနေသ၍ တိမ်တိုက်တွေလည်း ပေါ်ပေါက်လာဦးမယ်။ တိမ်တိုက်တွေပေါင်းစည်းရင်း မိုးအဖြစ်ရွာချကာ ကမာ္ဘမြေကိုထာဝရ အေးချမ်းစေချင်သည်။ တိမ်တိုက်တွေအကြား ပြဿနာတွေကင်းဝေးမှ ကောင်းကင်ကြီးသာယာမည်။ တိမ်တိုက်များအကြား ငှက်ကလေးတွေ ပျံသန်းနေစဉ်မှာပင်၊ လူသားများလည်း အစဉ်ထာဝရ ချစ်နေကြဦးမည် ဖြစ်သည်။
…ငှက်ငယ်…