ကျွန်တော်နှင့် နိုင်ငံရေး အပေါက်များ
ဒီမိုကရေစီ .. စစ်တယ် .. မစစ်ဘူးတွေ … အခုထိ စစ်တပ်ထွက်လူတွေ ၂၅% .. ၅၀% .. ၇၀% ပါတာတွေ … လာလာပြောနေကြတယ်ဗျာ ..။
ပေးတဲ့သူက ပေးပြီးသွားပြီ .. တကယ့်ကိုယ်လိုချင်တဲ့ ဒီမိုကရေစီဖြစ်ဖို့က ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ အခွင့်ရေးတွေ ရအောင်ယူပေးချင်တဲ့ အဖွဲ့အစည်း (နိုင်ငံရေးပါတီမဟုတ်ပါ) တွေက ဆက်လုပ်ကြရမှာမလား..။
အခုကျတော့ အင်တာနက်တက်တက်၊ ဂျာနယ်ဖတ်ဖတ် ဒါတွေချည်းပဲ။
အောက်မှာပြည်သူက ဘာတွေဖြစ်နေလဲ။ ငတ်တဲ့ သူငတ်၊ ကြပ်တဲ့သူ ကြပ်နေကြပြီ။ ကျောင်းသားအတွက် ကျောင်းသား၊ အလုပ်သမားအတွက် အလုပ်သမား၊ ပညာရေးအတွက် ပညာရေး …၊ ဒါတွေကျတော့ ဘယ်သူမှ မဆွေးနွေးကြတော့ဘူးလား။
ခုသုံးနေရတဲ့ အင်တာနက် လိုင်းက နှေးချင်နှေး၊ ပျက်ချင်ပျက်၊ ဖြတ်ချင်ဖြတ်၊ အချိန်တန် လစဉ်ကြေးက ပုံမှန်ပေးပဲ။ Customer Right ဆိုတာ ဘယ်မှာလဲ။ ဒါကို ဘယ်သူတွေက ရအောင်ယူပေးကြမှာလဲ။
သင်နေကြတဲ့ State ကျောင်းက ပညာရေး၊ သင်ရိုးညွှန်းတမ်းက ကောင်းတယ်ထား၊ အဲဒီသင်ရိုးညွှန်းတမ်းကို တကယ်ပဲ သင်နိုင်ကြပြီလား။ ကျောင်းသားတွေ ဘာဖြစ်နေလဲ။ ချမ်းသာတဲ့ သားသမီးတွေက Private ကျောင်းတွေထား၊ မတတ်နိုင်တဲ့ သူတွေက အစိုးရကျောင်းတွေသာ တက်၊ ပညာအရည်အချင်းတွေက ကွာခြားကြ။ ဒါတွေကိုကော ဘယ်သူက ပြင်ဆင်ပေးကြမှာလဲ။
မြို့ပြတည်ဆောက်တဲ့နေရာကော ကြည့်ရင် စည်းမဲ့ ကမ်းမဲ့ လုပ်သူလုပ်ဆဲ။ Ethic မရှိတဲ့ စီးပွားရေးလုပ်ငန်းအချို့ရဲ့ ဖြစ်ကလဲ့စမ်း ဆောက်လုပ်ထားတဲ့ တိုက်တွေ အိမ်တွေ၊ Fire Escape တောင်မပါတဲ့ တိုက်တွေ၊ ကွန်ဒိုတွေ၊ စည်းမဲ့ ကမ်းမဲ့ နောက်ဖေးဆို ပစ်ချင်တဲ့ အမှိုက်ပစ်ချနေတဲ့ သူတွေ၊ လမ်းဘေးမှာ လိုက်ဖမ်းနေလဲ ဖွင့်မြဲ ဖွင့်ဆဲ လမ်းဘေးဆိုင်တွေ (လိုက်ဖမ်းတယ်ဆိုလည်း သူတို့ ဖွင့်ဖို့ နေရာ စနစ်တကျ ပြန်ပေးသင့်တာ)။ ကဲ ဒါတွေကို ဘယ်လို တိုးတက်အောင် လုပ်ကြမှာလဲ။
ဒီခေတ်တက္ကသိုလ်ကျောင်းသားတွေ ဘာလုပ်နေကြလဲ။ ပျော်ပါးမူးယစ်နေကြသလိုပဲ။ အကုန်လုံးကို မဆိုလိုရင်တောင် ရာခိုင်နှုန်းတော်တော်များများကြီးဖြစ်နေတယ်။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ခံစားမှုမရှိတော့ဘူး။ အရင်က တက္ကသိုလ်ကျောင်းသားဆိုတာ မာန်ရှိတယ်၊ စံရှိတယ်၊ မူရှိတယ်၊ မာနရှိတယ်။ အခု ကျောင်းသားတွေက ငွေရှိရင် ဘိလိယက်ထိုးသူထိုး၊ ဘီယာဆိုင်ရောက်သူရောက်၊ ရည်စားထားမယ်၊ ဖဲ (ခိုး) ရိုက်မယ်၊ ဂိမ်းပစ်မယ် (ဒေါ်တာ ခုတ်မယ်)၊ အင်တာနက်သုံးပြီး Chat (ကြူ) မယ်။ သင်နေတဲ့ ပညာရေးရဲ့ အနှစ်သာရကဘာလဲ။ Aero နဲ့ ပက်သတ်တဲ့ တက္ကသိုလ်ဖွင့်တယ်။ ဘွဲ့ရလာတော့ ဘာလုပ်ရမှန်းမသိဘူးတဲ့။ ဆရာတွေကကော ဘာမှလုပ်စရာမရှိတဲ့ ပညာရေးကို ဘာလုပ်ဖို့ သင်ပေးလိုက်တာလဲ။ ဒါမှမဟုတ် ကျောင်းသားတွေကိုက သူတို့ ဘာလုပ်ရမယ်ဆိုတာ မသိကြတာလား။ ကွန်ပျူတာနဲ့ ကျောင်းပြီးတယ်။ ကျောင်းက သင်လိုက်တာတွေနဲ့ ဘာလုပ်ကြမှာလဲတဲ့။ မဆိုင်တဲ့ စီးပွားရေးတွေဘက် ရောက်သွားကြတယ်။ ရောက်တဲ့ ရာခိုင်နှုန်းက ၆၀% အထိ လက်ခံလို့ရပေမယ့် ၈၀% လောက်ဖြစ်နေတယ်။ ကဲ .. ဒါတွေကိုကော ဘယ်သူတွေ ပြင်ပေးကြမှာလဲ။
စီးပွားရေးလုပ်ငန်းတွေမှာ Ethic မရှိတဲ့ အမူအကျင့်တွေ၊ စည်းစနစ်တွေ အများကြီးပါ။ ဆောက်လုပ်ရေးဆိုပြီး ပိုက်ဆံရှိတဲ့ သူက အင်ဂျင်နီယာပေါက်စတစ်ယောက်ကို လက်မှတ်ငှား၊ တကယ်ဆောက်တော့ ပန်းရံ၊ လက်သမားတွေက ဆောက်၊ ခိုစရာရှိတာခို။ တစ်ခါ ကုမ္ပဏီပါရယ်လို့ တရားဝင်ထားတာတောင် ခံစားခွင့်ကိုတွက်ရင် အခြေခံလစာနဲ့ ဖြတ်တောက်ဖို့ဆိုရင် ရသမျှ လစာနဲ့။ လုပ်ငန်းရှင်တွေက Ethic မရှိသလို အလုပ်သမားတွေက လည်း Ethic မရှိကြတော့ဘူး။ ခိုသူခို၊ အချောင်လိုက်သူလိုက်ကြဦး။ ၈၀% လောက်သော အလုပ်သမားဟာ အလုပ်ရှင်အတွက် လုပ်ကြတာဖြစ်နေတယ်။ လုပ်ငန်းအတွက် မဟုတ်ဘူး။ နေရာလုမယ်၊ ရာထူးလုမယ်။ အလုပ်ရှင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး။ ဘာတွေလဲ။ ဒီစိတ်ဓါတ်တွေ ဘယ်သူက ပြုပြင်ဖို့ တွန်းလှန်ကြမှာလဲ။
ကျွန်တော်ဟာ သာမန်ပြည်သူတစ်ဦးပါ။ ဘာပညာမှ ထွန်းထွန်းမြောက်မြောက်မတတ်သူပါ။ နိုင်ငံကို ပြန်လည် တည်ဆောက်ရေးလုပ်နေတဲ့ သက္ကရာဇ်ကြီးမှာ လူဖြစ်ခွင့်ရလို့ ဝမ်းသာပေမယ့် စိတ်ထဲကတော့ ပြောင်းလဲနေတာကို အပြည့်အဝ သဘောမတူချင်ဘူး။
လမ်းလျှောက်ရင် လမ်းဘေးမှာ ရောင်းနေတာက အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ကားပေါ်တက်ရင် လာရောင်းတဲ့ ဇာတ်ကားက The Lady၊ အင်တာနက်ပေါ်တက်ရင်တွေ့နေရတာက အမေစု ဘာလုပ်တယ်၊ ကိုမင်းကိုနိုင်တို့ ဘာလုပ်တယ်၊ ဘယ်သူနဲ့ တွေ့တယ်၊ NLD ပါတီက ဘယ်သူတွေ ဘယ်နေရာမှာ ပြိုင်ကြမယ်။ ဂျာနယ်ဖတ်တော့လည်း ဒါတွေချည်းပဲ။
အပေါက်ကလေးက သေးသေးလေးဗျ။ အဲဒီအပေါက်လေးထဲကို မီဒီယာကြီးကလည်း တိုးနေတယ်။ ဆရာဝန်ကလည်း တိုးနေတယ်။ စာရေးဆရာကလည်း တိုးနေတယ်။ အင်ဂျင်နီယာကလည်း တိုးနေတယ်။ စီးပွားရေးသမားတွေကလည်း တိုးနေတယ်။ နိုင်ငံရေးသမားတွေကလည်း တိုးနေတယ်။ လူမှုရေးလုပ်ငန်းက လူတွေကလည်း တိုးနေတယ်။ စစ်တစ်ဖြစ်လဲ နိုင်ငံရေးသမားတွေကလည်း တိုးနေတယ်။ အုပ်ချုပ်ရေးပညာရှင်ကလည်း တိုးနေတယ်။ ဥပဒေပြုသမားတွေကလည်း တိုးနေတယ်။ လက်နက်ကိုင်တွေကလည်း တိုးနေတယ်။ ဟိုမရောက်၊ ဒီမရောက်တွေကလည်း တိုးနေတယ်။ အဖွဲ့အစည်းလိုက်လည်း တိုးနေတယ်။ တစ်ဦးချင်းလည်း တိုးနေတယ်။
ဪ .. အပေါက်ကသေးပါတယ်ဆို။ တိုးနေတော့ ကြပ်မှာပေါ့။ သူနေရာ၊ ကိုယ့်နေရာ လုဝင်ရမှာနော်။ ကိုယ်ဝင်ဖို့အရေး ဘေးကလူရဲ့ ခြေထောက်ကို ခပ်နာနာလေး နင်းချင် နင်းရမယ်။ နောက်ကလူရဲ့ ရင်ဘတ်ကို တံတောင်နဲ့ တွတ်ချင် တွတ်ရမယ်။ ရှေ့ကလူရဲ့ အင်္ကျ ီကို ဆွဲချင်ဆွဲထားရမယ်။ ကြည့်လို့တော့ အမြင်တော်မယ် မထင်ဘူးဗျာ။
ဖြစ်နိုင်ရင် ကျွန်တော်ပြောချင်တာက တခြားဝင်စရာ အပေါက်တွေ ရှိသေးတယ်လို့။ ဘာလို့ ဒီအပေါက်ကျဉ်းလေးထဲကို တိုးဝင်နေကြတာလဲ။
ကျွန်တော်ပြောတာ လက်ခံချင်မှ လက်ခံပေးကြပါ။ လက်ခံရင်လည်း ကျွန်တော်ပြောတာ မကြားမှာ စိုးလို့ ပြောပေးကြပါဗျာ။
ဆရာဝန်တွေအတွက် ဆေးပညာမြင့်မားတိုးတက်ဖို့ အပေါက်ဆိုတာလေးရှိတယ်။
အင်ဂျင်နီယာတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ နည်းပညာနဲ့ Ethic တိုးတက်ရေးအပေါက်ရှိတယ်။
ပညာရေး မြင့်မားရေး၊ နည်းပညာ တိုးတက်ရေး၊ အခြေခံလူတန်းစား တိုးတက်ရေး၊ ရေရရေး၊ မီးရရေး၊ အင်တာနက်ရရေး၊ ရတဲ့ ရေ၊မီး၊အင်တာနက်၊ဖုန်း မှန်မှန်ကန်ကန်ရရေး .. အဲဒီ အပေါက်တွေရှိတယ်။
မနာလိုဖြစ်ချင်တဲ့ စိတ်တွေ၊ သူများကိုနင်းပြီးမှ ကိုယ်တက်လို့ရမယ် ထင်တဲ့ စိတ်ဓါတ်တွေ၊ ပေါ့ပေါ့ပျက်ပျက်နေတာကို လောဘမရှိတာလို့ ပြောချင်နေတဲ့ စိတ်တွေ၊ မနိုင်လို့ သည်းခံတာတွေ၊ မရှိလို့ ရောင့်ရဲတာတွေ .. ဒါတွေကို ပြုပြင်ဖို့ အပေါက်တွေ ကျန်သေးတယ်။
မြို့ပြတွေ စနစ်တကျဖြစ်ဖို့၊ ရေနှုတ်မြောင်းတွေ စနစ်တကျဖြစ်ဖို့၊ စည်းမဲ့ ကမ်းမဲ့ သူတွေ စည်းရှိကမ်းရှိဖို့၊ (ရန်ကုန်လို မြို့လယ်ခေါင်မှာ ကြွက်ကတိုးတွေ တစ်နေ့တခြားပေါလာတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ)၊ ပြင်ဖို့သင်တဲ့ တိုက်တွေ အိမ်တွေမှာ ဒီအတိုင်းနေနေကြတဲ့ သူတွေ၊ ဒါတွေလည်း အပေါက်တွေ ရှိသေးတယ်။
တစ်ချက်လောက် မီဒီယာတွေကလည်း ဒီအပေါက်တွေ ရှိကြောင်းပြပေးပါ။ ဝင်ချင်သူတွေက ဝင်ကြပါဦး။
တိုးမနေကြပါနဲ့။ တစ်ပေါက်တည်းမှာ။
ကြာရင် ဒီမိုကရေစီဟာ အပေါက်လေးတစ်ခုတည်း ဝိုင်းတိုးရင်းနဲ့ ရန်တွေလည်း ထဖြစ်ကုန်ဦးမယ်။ (ရန်ဖြစ်လို့ တိုင်းပြည် မငြိမ်မသက်ဖြစ်ရင် အခြေအနေအရပ်ရပ်ကို ဝင်ရောက်ထိန်းသိမ်းခြင်း ခံရမယ်။)
ဒါကြောင့် အပေါက်တစ်ပေါက်တည်းမှာ မတိုးကြပါနဲ့လို့ တိုက်တွန်းလိုက်ရတာပါ။
ရင်နင့်အောင်
(ဘယ်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။ အားမရသေးတဲ့ ပြောင်းလဲမှုတွေကို ကိုယ်သိသလောက် ချပြချင်ရုံသာ ဖြစ်၏)
5 comments
Thel Nu Aye
February 3, 2012 at 1:16 pm
ဒီအပေါက်သေးသေးလေးကိုအရင်ဝင်နိုင်မှကျန်အပေါက်တွေကိုပြင်နိုင်မယ်လို့ထင်တာပဲ။ ဒီအပေါက်သေးသေးကိုတောင်မှဝင်အောင်မတိုးနို်င်ရင်ကျန်အပေါက်တွေပြင်ဖို့ဆိုတာအိပ်မက်တောင်
မက်နိုင်မယ်မထင်ပါဘူး။ ဒီအပေါက်ကအားလုံးအတွက်အရေးကြီးဆုံးပါ။ ဒီအပေါက်ကိုမေ့ထားပြီး ကျန်အပေါက်တွေကိုပဲအာရုံထားနေမယ်ဆိုရင်တော့စည်ပင်လမ်းဖာသလိုပဲဖြစ်မှာပါ။ ဒီအပေါက်သေးသေးလေးဟာခိုင်မာတဲ့အုတ်မြစ်ပါ။ တိုင်းပြည်အတွက်အရေးအကြီးဆုံးပါ။
ရင်နင်အောင်
February 3, 2012 at 1:23 pm
Right Men Right Place ဆိုတဲ့ စကားရှိတယ်ဗျ။ ကျွန်တော်ဆိုလိုချင်တာ ဒီအပေါက်က အရေးမကြီးဘူး မဟုတ်ဘူး။ မှန်တယ်။ ဒီအပေါက်က ခိုင်မာတဲ့ အုတ်မြစ်ပါ။
ဒါပေမယ့် အကုန်မလိုအပ်ဘူး။ အကုန်ဝင်ဖို့ မလိုအပ်ဘူး။
ကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာ ပို့စ်တွေချည်း၊ မန်နေဂျာတွေချည်း လုပ်လို့ မရသလိုပေါ့။ ဝန်ထမ်းက ဝန်ထမ်း၊ သန့်ရှင်းရေးက သန့်ရှင်းရေး။ ရှိရဦးမယ်။ ရှိတဲ့ ဝန်ထမ်းတွေကလည်း ဝန်ထမ်းကောင်းတွေ ဖြစ်ရဦးမယ်။
တိုင်းပြည်မှာလည်း အဲလို အပေါက်မျိုးစုံကို မေ့ထားလို့ မရတာ။ မမေ့သင့်တာ။
တစ်ခါလာလည်း ပါတီ နိုင်ငံရေး၊ တစ်ခါလာလည်း ဒီမိုကရေစီ။ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တင်ပြတာ .. ကျွန်တော်ပြောချင်တာ .. ကျန်တာတွေ မမေ့ဖို့ ..။
ဘက်ပေါင်းစုံက တပြိုင်တည်း တိုးတက်စေချင်တာ။
ရှေ့တန်းက ကန်မယ့်သူတွေချည်းနဲ့ ဘောလုံးအသင်း မဖြစ်သလို
နောက်တန်းတွေချည်းနဲ့လည်း မဖြစ်ပါ။
ကျေးဇူးပါ။
Thel Nu Aye
February 3, 2012 at 1:54 pm
မှန်ပါတယ်။ အကုန်ဝင်ဖို့မလိုပါဘူး။ ဒါပေမဲ့ဝင်မဲ့လူတွေကိုတော့ထမ်းတင်ပေးရမယ်လေ။ ဝိုင်းထမ်းမှမြန်ဆန်ချောမွေ့ပြီးလိုရာပန်းတိုင်ရောက်မယ်လေ။ အဲဒီတော့မှပန်းတိုင်ရောက်မှ ကျန်တဲ့လူတွေကလိုနေတဲ့အပေါက်တွေကိုသူ့ဆိုင်ရာပညာရပ်တွေနဲ့ပညာရှင်တွေကလိုက်ဖြည့်လို့ရတော့မှာပေါ့။ အပေါ်မှာကျွန်မပြောထားသလိုပဲ ပန်းတိုင်မရောက်ခင်အပေါက်ဖြည့်ရင်စည်ပင် လမ်းဖာသလိုပဲခဏပါဆို။ ဝင်မထမ်းပဲကိုယ်ထင်ရာလုပ်လို့မရတဲ့အခြေအနေပါ။ ခေါင်းဆောင်
ကောင်းရဲ့ဦးဆောင်မှု့နောက်ကိုအရင်လိုက်ပြီးမှအောက်ကနေကျရာတာဝန်ကိုလိုသလိုဖြည့်ရမှာပါ။
zarlay
February 3, 2012 at 1:32 pm
ပြန်မရေးတတ်ပေမယ့် အကုန်လုံးကို ဖတ်သွားပါတယ်
awra-cho
February 3, 2012 at 2:24 pm
ပြော ချင်တာကို သဘောပေါက် ပါတယ်၊ ကိုယ့်အလုပ် ကိုယ်လုပ် ရမှာပေါ့၊ ကိုယ့်တာ ကိုယ်လုံအောင်
ထိန်းရမှာပေါ့၊ အဓိက က လက်ရှိတာဝန် ရှိတဲ့လူတွေက အရိုးစွဲနေတော့ ပြင်ရခက်နေတာ ပေါ့၊
ဒါကြောင့် ပြင်လို့ရတဲ့ နေရာကို ပြင်ချင်တဲ့သူတွေ များများရောက်ဖို့ အရေးကြီးကြောင်းပါဗျား။