စိတ်အပူ

““ စိတ်အပူ””

            အညာနေကပူစပ်ပူလောင်။

            ကျောပြင်ကပူ။ လက်ကပူနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

            ရွာဦးကျောင်းက ခေါင်းလောင်းသံလည်းမကြားရသေး။ သည်နေ့ဘာဖြစ်နေမှန်းမသိ။ ဗိုက်ကလည်းတဂွီဂွီနှင့်ဘေးလူကြားမှာတောင်စိုးရတဲ့အထိမြည်လို့။ သည်အတိုင်းဆို အခင်းရှင်ကတော့ ခေါင်းလောင်းသံမကြားမချင်းနားမယ့်ပုံမပေါ်။ နို့မို့ဆိုမဆာသေးပါဘူး။  ဒင်း …..ကိုသာဒင်ကြောင့်။ ထမင်းကြမ်းခဲတောင်မျိုခဲ့ရဘူး။ ပျာရိပျာယာနဲ့ အလောသုံးဆယ်ထွက်ခဲ့ရတော့ အဆာပြေစားဖို့ ထန်းလျှက်ထုပ်တောင် မဆွဲခဲ့ရဘူး။

““ အလုပ်ရှိတယ်…ဟေ့ ””လို့ မမြရီ အော်တာနဲ့ဘဲ ပျိုးနုတ်လား? ၊ ပေါင်းရှင်းလား?၊ ကောက်သင်းကောက်လား? သေချာမမေးမိဘဲ လိုက်လာလိုက်တာ။ ဟော…. ခုတော့ ငရုပ်ဆွပ်ရမှာတဲ့။

 ““ အို….သေပါပြီ ”” လို့ ညည်းနေလည်းအပိုပါပဲ။ လိုက်လက်စနဲ့ တစ်နေ့တော့လုပ်လိုက်ဦးမှလို့ စိတ်ဒုံးဒုံးချပြီး လုပ်လာလိုက်တာ လက်တွေကိုပူ…ထူလို့…။ အစကတည်းက ဘယ်တော့မှ ငရုပ်ဆွပ်မလိုက်ဘူး။ သည်လိုတွေဖြစ်မှာစိုးလို့။ အေးမြ အပျိုဘဝကတည်းက ငရုပ်ခင်းဆို ယောင်လို့တောင် ခြေဦးလှည့်တာမဟုတ်ဖူး။

            ကိုသာဒင်နဲ့ရပြီးမှကို

                        ““ တို့ လင်မယား တက်ညီလက်ညီလုပ်စားမှချောင်လည်မဟ…..ဟေ့ …အေးမြ မပျင်းနဲ့နော် ””

ဆိုတဲ့စကားသံနဲ့ကို အအားနေရတဲ့ရက် တစ်ရက်မှမရှိသေးဘူး။  ဟုတ်တော့လည်းဟုတ်တယ်လေ။ ရပ်ရွာဆိုတာက မပြေလည်တဲ့အချိန် ဆန်တစ်ဗူးတောင်အနိုင်နိုင်။ လင်မယားနှစ်ယောက် တက်ညီလက်ညီလုပ်စားပေမယ့်လည်း ရလိုက် စားလိုက်နဲ့ ဒုံရင်း….ဒုံရင်းပဲ။ ပြေလည်လိုပြေလည်ညား နှစ်လုံးလေး၊ သုံးလုံးလေး ထိုးမိပါတယ် ။ ကံကောင်းလို့ တဲထိုးရတော့မလို့။ အေးမြတို့ ကံကိုက ဆိုးတာလားမသိ။ နှစ်ဖက်မိဘကလည်း ကြုံရင်ကြံသလို ဆန်လေးပေး၊ ဆီလေးပေးနဲ့ ထောက်ပံ့ပါသေးတယ်။ ဆိတ်အဖက်လည်းမွေးရဲ့။ နွားအဖက်လည်းကျောင်းခဲ့ရရဲ့။ ရွာရှေ့ကန်စပ်လည်း ကိုသာဒင်က ဘဲကျောင်းခဲ့ရသေး။ ကိုသာဒင်က ယောက်ျားဆိုတော့ အပိုဝင်ငွေရအောင် ညဖက်လည်း ဘဲခြံစောင့်လိုက်တာပဲ။

            အေးမြလည်းဘယ်နေမလဲ။ ရာသီအလိုက်ကို ဝါပေါ်ချိန်လည်း ဝါကျိတ်၊ ဖရဲပေါ်ချိန်ဆိုလည်း ဖရဲရောင်း၊ ပြောင်းပေါ်ချိန်ဆိုလည်း ပြောင်းချွေရ ပြောင်းလှန်းရနဲ့။ နေ့စားအလုပ်ဆိုတာက ရရစားစားမဟုတ်လား?။ ဒါပေမယ့် အေးမြတို့လင်မယားက လည်တယ်တော့်။ ကိုသာဒင်ရတဲ့ထဲက သုံးချိုးတစ်ချိုး၊ အေးမြရတဲ့အထဲက သုံးချိုးတစ်ချိုးကို မရအရ စုထားဆောင်းထားရအောင်တိုင်ပင်ပြီးသား။ အဲဒီစုဗူးလေးက ဘုရားစင်မှာ ဝင့်လို့ထည်လို့တော်။ တစ်နေ့တစ်နေ့ စုဗူးလေးကိုကိုင်ကြည့်ရတာအမော။ အခုဆိုရွာမှာ အေးမြ မလုပ်ဖူးတာ မရှိသလောက်။ အဝတ်လျှော်၊ အိုးတိုက်ခွက်တိုက်၊ မောင်းထောင်း၊ ဆန်ရွေး၊ နွားစာစဉ်း၊ ထမင်းချက် ဟင်းချက် အို…စုံလို့။ ပိုက်ဆံရတဲ့အခါလည်းရှိသလို ဆန်လေးပေး ဆီလေးပေးတဲ့အခါလည်း ရှိသပေါ့။ ကိုသာဒင်လည်း ဘာထူးလို့လည်း။ အိမ်ဆောက်ဆိုလည်းပါတာပဲ။ ထည်ထွန်၊ ထိုက်(အရပ်ခေါ်““ ဒိုက်”” )ဖော်၊ ပိုက်ချ၊ နွားပွဲလည်းပါတာပဲ။ ပြောရမယ်ဆိုရင်တော့ ကျပန်းပေါ့။ တစ်ခုတည်းရှိတယ် ငွေကိုတသတ်မတ်တည်းမရတာပဲ။ အေးမြတို့ လင်မယားအလုပ်လုပ်ပြီးဘာလို့ ပိုက်ဆံမစုမိတုန်းမေးလိမ့်မယ်။ သည်လိုတော့်။

            အေးမြတို့ကလူကတာဘာမှမဟုတ်တာ အိမ်ကတော့ သာတယ်တော့်။ အိမ်သာမှတော့ ဧည့်လာရောမဟုတ်လား?။ အဲဒီ ဧည့်ထောင်းတဲ့ စရိတ်စကကပဲ အေးမြတို့လင်မယားခေါင်းမဖော်နိုင်ဘူးလေ။ ဝင့်ထည်နေတဲ့စုဗူးလေးလည်း ဧည့်သည်တစ်ယောက်လာလိုက် ဖောက်ပြီးတစ်ဝက်သုံးလိုက်နဲ့ မပြည့်နိုင်တော့ဘူး။ ဧည့်သည်တစ်ယောက်ရဲ့ စရိတ်စကကရော အေးမြတို့လင်မယားအဖို့တော့ ကြီးလေးရန်ကော။ ကိုသာဒင်အမျိုးမို့၊ အေးမြတို့အမျိုးမို့နဲ့ ကျွေးရ ပေးရ ကမ်းရတာတွေက နည်းမှမနည်းတာ။ ဧည့်သည်တွေကလည်း အလိုက်သိရင်တော့ တမျိုးပေါ့။ အလိုက်မသိရင်တော့လား။ ထားပါတော့ စကားတွေက ဘေးကိုကားကုန်ပြီ။ အေးမြတို့မျှော်ရာကျမလားနော်။

(၂)

            ““ ငါ့ ဘကြီးမို့ပါ အေးမြရယ် ဟိုဟာလေးဝယ်ပေးရအောင် သည်ဟာလေးဝယ်ပေးရအောင်””

            ဆိုတော့လည်းမငြင်းသာ။ စုဗူးပြည့်ဖို့အရေး လင်မယားနှစ်ယောက် ပြေးလွှားရှာလိုက်ရတာ  ဖက်ဖက်ကိုမော ရင်ဘတ်နောက်ကကျောပါပဲ။ မစုမိမဆောင်းမိတာက အေးမြတို့အပြစ်လည်းပါမယ်ထင်တာပဲ။ အေးမြက နေညိုရင် မိန်းမသားပီပီ ရေနွေးဗန်းလေးချ ဘေးအိမ်တွေခေါ်ပြီး ဟိုအကြောင်း သည်အကြောင်း အတင်းအုပ်ချင်သေးတာတော့်။ အဟင်း……ကိုသာဒင့်ရဲ့ လျှိုဝှက်ချက်ကိုပြောရဦးမယ်။ အလုပ်လုပ်သလောက် အရက်တော့ လွှက်ကြိုက်တတ်သာတော့်။ တစ်နေ့လုံးပင်ပန်းသမျှ သည်အရက်သောက်ရင် အညောင်းပြေတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့ စဉ်းစားကြပါကုန်။ ဆေးဖြစ်ဝါးဖြစ်နည်းနည်းပါးပါးရယ်ပေါ့တဲ့။ အေးမြတို့ကလည်း ကိုယ့်ဝါသနာကိုမထိပါးရင်ပြီးရော ။ သေလောက်အောင်သောက်လည်းပြောဘူးတော့်။ အတင်းအုပ်ပြီဆိုတာနဲ့ အာခေါင်တွေခြောက်လာရော။

            ““ ဟဲ့ ….ကောင်မ သူများအကြောင်းပြောရတာ အာခြောက်တယ်အေ…ညည်းလက်ဖက်သုပ် ငါရေနွေးကျိုမဟေ့””

            လို့လော်ဆော်လိုက်တာနဲ့ နှစ်ခွန်းမပြောရဘူး။ လက်ဖက်ပွဲက အာချလောင်းဆိုနောက်ကရောက်နှင့်ပြီ။ ပါးစပ်ကသာ ချောင်လည်အောင်ဆိုပြီးပြောနေတာ။ စုတာက သုံးချိုးတစ်ချိုးဆိုတာလည်း ကိုယ်ချင်းကိုယ်ချင်းအကြောင်းတွေသိနေလို့ပေါ့။  အဲဒီလို နေ့တိုင်းအတင်းအုပ်နေတော့ ဆီ၊ဆား၊လက်ဖက်ကတော့ အအိတ်စိုက်ပြီး အာခြောက်တာပဲ အဖက်တင်တယ်လေ။ ကောင်မတွေကလည်း အတင်းအအုပ်တော့ဖြစ်တယ်။ လာရင်တော့ လက်ကတော့ဗလာချည်းရယ်။ ပြောရင်တော့ –

            ““ ညည်းကလည်းအေ လာမှာပေါ့”” ဆိုပြီး စူလလိပ်ရေထဲလွှတ်ရင်တောင်ပြန်လာဦးမယ်။ အင်း….ဒါကလည်းဝါသနာကိုး။ ဒါကြောင့် ရွာက အေးမြတို့အိမ် လူစုပြီဆိုရင်  အတင်းမျှတို့အဖွဲ့ကတော့ စစ်ဖြစ်နေရင်တောင် နေရာယွင်းမယ့်အဖွဲ့ မဟုတ်ဘူးလို့ပြောကြတာနေမှာ။ မှားလည်းမှားပါဘူးလေ။

            ကိုသာဒင်ကတော့ အရက်သောက်ပြီးရင်အငြိမ်တော့်။ တစ်ခွန်းဆိုတစ်ခွန်းမှကိုမပြောတာ။ အေးမြတို့ကလည်း ကိုယ့်အသားကိုပုတ်ရိုက်ဆိုးသွမ်းနေတာမဟုတ်မချင်းတော့ လက်ပိုက်ကြည့်နေရုံပ။ အဟင်း…….အေးမြတို့အကြိုက် လိုက်နေသလားရယ်လို့လေ။ သဘောရယ်ကခက်ကျကျပေါ့။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတော့ ဟုတ်ဖူးရယ်လေ။ သည်လို လက်ဖက်ဖိုး ၊ အရက်ဖိုးတွေနုတ်လိုက်ရင်တော့ ဘယ်လောက်မှကျန်တော့ဘူးတော့်။ အေးမြတို့က နေ့စားပဲ လုပ်တတ်တာ ။ ဈေးလည်းရောင်းတတ်ဘူးလေ။ မမြရီတို့များ စွယ်စုံရတယ်တော့်။ အခုတောင် လည်ပင်းပေါ်မှာ ဝါဝါဝင်းဝင်းနဲ့။ အဲဒါကိုအားကျတာ။ ရွာမှာက ဂုဏ်တုဂုဏ်ပြိုင်ရအောင်လည်း အေးမြအထာ အေးမြသိနေတော့ မပြိုင်ရဲပေါင်။ ဟုတ်တယ်လေ။ နေ့စားဝင်ငွေထဲက ဝါဝါဝင်းဝင်းဖိုးလေးနုတ်ရင် ထမင်းတစ်နှပ်ငတ်မှာစိုးတယ်တော့်။ ကိုသာဒင့်ကိုလည်းမပူစာရဲ။

ဒါပေမယ့်လည်း

““ ကိုသာဒင်ရယ် မမြရီ လည်ပင်းလေးမှာ ဝင်းဝင်း ဝင်းဝင်းနဲ့ ကြည့်လို့ကောင်းလိုက်တာနော်””

““ ဘာကိုလည်း ဝင်းဝင်း ဝင်းဝင်းနဲ့ဆိုတာ  ””

““ ဪ…ယောက်ျားနယ် ရွှေဆွဲကြိုးကိုပြောနေတာ…တကတည်း””

““ ဘာဖြစ်လဲ သူ့ဟာသူရှိလို့ဆွဲတာ””

တော်ပြီ။ အေးမြကိုယ့်ပါးစပ်ကိုယ်ပိတ်။ သူ့ဟာသူရှိလို့ဆွဲတာဆိုမှတော့ ကိုယ့်မရှိရင် မဆွဲနဲ့လို့ပြောနေတာ မဟုတ်လား?။ ဆွဲကိုဆွဲရမှ ဖြစ်မယ်။  အေးမြကတော့ အိပ်လည်း သည်စိတ်၊ စားလည်း သည်စိတ်နဲ့ ဆွဲကြိုးမှဆွဲကြိုးဖြစ်နေတော့ ကိုသာဒင်ကဘာပြောတယ်မှတ်လဲ?။

““ အရင်ထပ်နှစ်ဆ အလုပ်လုပ်””တဲ့။

““ အလုပ်မရှိအလုပ်ရှာပြီးလုပ်ပေါ့ အေးမြရဲ့ ၊ ငါလည်းအခုညနားတာကြာပြီဆိုတော့ နင့် ဆွဲကြိုးရဖို့အရေး နွားလိုကုန်းရုန်းဦးမယ် အေးမြရေ……”” တဲ့ ။

အဲဒါကြောင့်ပြောတာ““ ကိုသာဒင်ကြောင့်လို့”” ။

(၃)

တကယ်တော့ ကိုသာဒင်ကြောင့်မဟုတ်ပါဘူး။ အေးမြကြောင့်ပေါ့နော်။ ကိုယ့်စိတ်ကိုယ်အလေးခံလို့ ဟော …အခု ငရုပ်သီးတွေ ကိုင်နေရပြီ။ ကျောကပူ၊ ငရုပ်သီးကပူ၊ နေကပူနဲ့ စိတ်အပူနောက်လိုက်နေတော့ စိတ်ရဲ့ကျွန်ဖြစ်တာပေါ့။ တော်ပြီ………….စိတ်ရဲ့သခင်ပဲလုပ်တော့မယ်။

““ ဒေါင်…..ဒေါင်….ဒေါင်…””

ရွာဦးကျောင်းကခေါင်းလောင်းသံ အချိန်ကိုက်ပြီး ခေါက်လိုက်လေသလား?