မော်တင်စွန်းခရီးစဉ် (၁) လမ်းခရီးအခြေအနေ
မော်တင်စွန်းဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်သာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်အချိန်အတွင်းမှာ သွားလာနိုင်ပြီး တစ်ခြားအချိန်တွေ ရေတက်နေတဲ့နေရာဖြစ်ပါတယ်။ အရင်တုန်းက ရေကြောင်းခရီးဖြင့်သာသွားလာနိုင်ပြီး ကုန်းလမ်းခရီးဖြင့် သွားနိုင်ခဲ့တာ သိပ်မကြာသေးပါဘူး။ ခရီးသွားဖို့ ဝါသနာပါလေ့ရှိတဲ့ ကျွန်မတို့မိသားစု တစ်ကြိမ်တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီနှစ်တော့ ကားလမ်းကောင်းတယ်လို့ သတင်းကြားတာနဲ့ သွားလည်ကြဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်မကတော့ ဘာမှစီစဉ်စရာမလိုပဲ ဒီအတိုင်းပဲ ကားပေါ်ထိုင်လိုက်သွားရုံပါပဲ …
(ရွာထဲက သွားချင်တဲ့သူရှိရင် အလွယ်တကူသွားနိုင်အောင် ခရီးစဉ်ကို အတတ်နိုင်ဆုံးမှတ်ထားခဲ့ပြီး ပြန်လည်ဖောက်သည်ချပေးရခြင်းဖြစ်ပါတယ်။)
အလုပ်ကနေခွင့်ယူစရာမလိုအောင်လို့ သောကြာနေ့ည ၁ဝ နာရီခန့်မှာ ရန်ကုန်ကစထွက်ကြပါတယ်။ မနက်စောစော မော်တင်စွန်းအရောက်လို့တွက်ထားခဲ့တယ်။ ရန်ကုန်-ပုသိမ် ၁၂၈ မိုင်နဲ့ ပုသိမ်-မော်တင်စွန်း မိုင်ပေါင်း ၉၆ မိုင်ရှိပါတယ်။ စုစုပေါင်း ၂၃၄ မိုင်ခန့်ရှိပါတယ်။ ရန်ကုန်ကနေ ည ၁ဝ နာရီလောက်မှာ ကားကိုဆီအပြည့်ဖြည့်ပြီး စထွက်ကြပါတယ်။ ကားမောင်းတဲ့သူကလဲ တစ်ခါမှမရောက်ဖူးဘူး။ ကျွန်မတို့မိသားစုကလဲ တစ်ခါမှမရောက်ဖူးလို့ လမ်းမှားမှာစိုးရိမ်စိတ်နဲ့ ကားပေါ်မှာ မအိပ်နိုင်ပဲ ပါတ်ဝန်းကျင်ကို သေချာကြည့်ပြီး မောင်းလာခဲ့ကြပါတယ်။ ဗိုလ်မြတ်ထွန်းတံတားကိုရောက်ပြီးနောက် ကားရော လူရော ခဏနားလိုက်ကြတယ်။ ည ၁၂ နာရီကျော်လာချိန်မှာ မြူနှင်းတွေကျလာတယ်။ ဗိုလ်မြတ်ထွန်းတံတားကျော်လာတာနဲ့ ပန်းတနော်မြို့ကိုရောက်တဲ့အချိန်မှာ ရွာထဲက အန်တီမမကို သတိရပြီး အတင်းမျက်လုံးပြူးပြီး မြို့အခြေအနေကိုစပ်စုလိုက်သေးတယ်။ နှင်းတွေတာ်တော်လေးများလာလို့ လမ်းကိုတောင်ကောင်းကောင်းမမြင်ရတော့တာနဲ့ ဟိုင်းဝေးမောင်းတဲ့ ကားကြီးတစ်စီးနောက်ကနေ လိုက်မောင်းရင်း ဖြေးဖြေးပဲ သွားနိုင်ပါတယ်။ ပုသိမ်ကိုကျော်ပြီး ငွေဆောင်လမ်းခွဲရောက်ပြီးချိန်မှာ နှင်းအခြေအနေပိုဆိုးလာပြီး အရှေ့ကကားကြီးကလဲ လမ်းခွဲသွားတာမို့ စိတ်ချလက်ချဖြစ်အောင် လမ်းဘေးမှာကားကိုချရပ်ထားပြီး မိုးလင်းသည်အထိ အိပ်ရင်းနဲ့ စောင့်နေလိုက်ကြပါတယ်။
မိုးလင်းလို့ အလင်းရောင်ရလာတော့မှ ခရီးဆက်ခဲ့ကြတယ်။ ၉၆ မိုင်ခရီးမှာ တောင်ပတ်လမ်းတွေဖြစ်ပြီး မြွေလိမ် မြွေကောက်လမ်းတွေဖြစ်ပါတယ်။ ဖြောင့်နေတဲ့လမ်းကိုမတွေ့ရပဲ တစ်ချိန်လုံး ကွေ့နေရလို့ ကားပေါ်ကနေ ဓါတ်ပုံရိုက်လို့ မရခဲ့ဘူး။ လမ်းဘေးအခြေအနေအရ ပုသိမ်နဲ့နီးတဲ့အပိုင်းမှာ သစ်ပင်တွေပိုပြီး ခြောက်သွေ့နေပါတယ်။ စိမ်းစိမ်းစိုစိုသိပ်မတွေ့ရပါဘူး။ ငပုတောမြို့နယ်ကိုရောက်ချိန်မှာ ခဏနားပြီး ကော်ဖီသောက်တယ်။ လက်ဖက်ရည်ဆိုင်ကလဲ ဘာမုန့်မှမရပါဘူး။ ကော်ဖီမစ်ပဲမှာသောက်ပြီး ယူသွားတဲ့ ဘီစကစ်စားပြီး နံနက်စာပြီးလိုက်ရပါတယ်။ ငပုတောဘက်မှာ ရာဘာစိုက်ပျိုးရေးစတင်နေပါတယ်။ တောင်ကတုံးတွေမှာ ရာဘာစိုက်ဖို့ မြေကြီးပြင်နေကြတယ်။ တစ်ချို့နေရာတွေမှာ ရာဘာအပင်ငယ်တွေ စိုက်ပျိုးထားပြီးနေပါပြီ။ ငပုတောကျော်လာပြီးနောက် တစ်လမ်းလုံး ဘာမြို့မှ ထပ်မတွေ့ရတော့ပဲ တောတောင်တွေပဲ တွေ့ခဲ့တယ်။ အပွင့်တွေပွင့်နေတဲ့ လက်ပံပင်တွေ၊ ထန်းပင်တွေနဲ့ သဘာဝအတိုင်းပေါက်နေတဲ့ အရိုင်းပင်တွေ၊ ပန်းပွင့်တွေတွေ့ခဲ့ရပါတယ်။ လမ်းတစ်နေရာမှာ နွားနှစ်ကောင်နဲ့ သစ်တုံးဆွဲနေကြတာတွေ့ခဲ့လို့ ဓါတ်ပုံရိုက်ခဲ့လိုက်သေးတယ်။ နွားတွေအများကြီးနဲ့ သစ်တုံးတွေကို ဆွဲနေကြတာကိုမြင်ရလို့ နွားတွေကိုသနားမိသေးတယ်။
ငပုတောကနေ ၂ နာရီလောက်ဆက်မောင်းလာပြီးမှ ငရုတ်ကောင်းတောင်ကို ရောက်တယ်။ အဲဒီမှာ ဘုရားဖူးကားတွေ တော်တော်များများတွေ့ခဲ့ပါတယ်။ ကားကြီးတွေ ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းပြီးမှ မော်တင်စွန်းကို မနက်စောစောထွက်ကြတဲ့ပုံပဲ။ ငရုတ်ကောင်းတောင်ရောက်ပြီးနောက်ပိုင်း လမ်းခရီးပတ်ဝန်းကျင်က စိမ်းစိုလာပါတယ်။ အုန်းပင်တွေလဲ အများကြီးတွေ့လာရတယ်။ ကျွန်မတို့လဲ မနားပဲ ဆက်မောင်းလာလိုက်တာ နေ့လည် ၁၁ နာရီလောက်မှာ ပင်လယ်ကြီးကို ဘွားကနဲ တွေ့လိုက်ရပါတော့တယ်။
ပင်လယ်ဘက်ကို မကြာခဏခရီးထွက်တဲ့အခါတိုင်း ပင်လယ်ကိုအရင်မြင်ပြီး ဆက်မောင်းရင်းမှ ကမ်းခြေကိုရောက်လေ့ရှိတာမို့ အခုတစ်ခါမှ ရုတ်တရက် ပင်လယ်ကိုမြင်လိုက်တာနဲ့ ရောက်ပြီဆိုတော့ နဲနဲအံ့ဩတဲ့ခံစားချက်ဖြစ်သွားကြတယ်။ ပင်လယ်ကြီးက တစ်လက်လက်နဲ့ အရောင်တွေတောက်နေပြီး မြင့်တက်နေသလိုဖြစ်နေတယ်။ ကျွန်မတို့လဲ ရောက်ရောက်ချင်း ဘာလုပ်ရမှန်းမသိ၊ ဘယ်မှာတည်းရမယ်မှန်းမသိနဲ့ ကြောင်တောင်တောင်ဖြစ်ရင်း ဖောင်တော်ဦးဘုရားရှိရာ ကမ်းခြေဘက်ကို ကားမောင်းသွားလိုက်တယ်။ အဲဒီနားမှာ မီးသတ်နဲ့ လုံခြုံရေးစခန်းတွေ့တာနဲ့ ကားကိုစိတ်ချလက်ချ ရပ်ထားလိုက်ပြီး ဘုရားသွားဖူးလိုက်ပါတော့တယ် ….
27 comments
weiwei
February 27, 2012 at 9:14 pm
လမ်းခရီးပုံတွေက ကားပေါ်ကနေကြိုးစားပြီး ရိုက်ခဲ့ပေမယ့် အဆင်မပြေတာများလို့ နဲနဲပဲ ရွေးတင်ပေးလိုက်ပါတယ်။ ကွေ့ကောက်ပြီး မောင်းနေရတာကလွဲလို့ ကားလမ်းကောင်းပါတယ်။ အသွားအလာသိပ်မများလို့ လမ်းကောင်းနေတယ်လို့ထင်တာပဲ ….
MaMa
February 27, 2012 at 10:54 pm
ပင်လယ်စာတွေ စားကောင်းခဲ့လား ဝေဝေ။
မော်တင်စွန်းကို ကားနဲ့ တိုက်ရိုက်သွားနိုင်ပြီဆိုတာတောင် မသိသေးဘူး။
မြစ်ဝကျွန်းပေါ်ရှု့ခင်းတွေကလည်း ခြောက်သွေ့နေလိုက်တာ။
အဲဒီကနေ ပင်လယ်ဖြတ်ကိုပြီး ရွာတွေကို သွားလည်လို့ရသေးတယ်ထင်တယ်။
weiwei
February 27, 2012 at 11:47 pm
ဘာပင်လယ်စာမှ မရှိပါဘူး မမရေ ..
ကျွန်မကလဲ အသားငါးကြောက်တဲ့သူမို့ နောက်ဆုံးတော့ ဘဲဥဟင်းနဲ့ပဲ စားခဲ့လိုက်ရတယ် … ဆန်ကောင်းလို့ တော်ပါသေးတယ် …
မနက်ဖြန်ကျမှ ဘုရားပုံနဲ့ ပင်လယ်ပုံ တင်ပါအုန်းမယ် ….
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 27, 2012 at 11:04 pm
အညာရှုခင်းနဲ ့ခပ်ဆင်ဆင်ပုံလေးမှာ ကားမှန်ကနေ ရောင်ပြန်နေတယ်နော် မမဝေဝေ။
ရောက်ဖူးချင်တယ်ဗျာ။ရေလမ်းခရီးကနေ သွားမယ်ဆိုရင် ကျနော်တို ့သံတွဲ(ငပလီ)ကနေ
မဝေးပေမယ့် ကားလမ်းကနေဘဲသွားကြတော့ခရီးကတထောက်ဖြစ်နေတယ်။ရောက်အောင်
သွားဖူးပါအုံးမည်။
weiwei
February 27, 2012 at 11:51 pm
ရခိုင်ပြည်နယ်နဲ့ ရေလမ်းခရီးနီးလို့ ဘုရားဈေးတန်းမှာ ရခိုင်လူမျိုးဈေးသည်တွေ တော်တော်များများတွေ့ခဲ့ရပါတယ် … ရခိုင်မုန့်တီဆိုင်တွေ ပေါမှပေါပဲ … ပုသိမ်ကနေ ရှပ်ပြေးယာဉ်တွေနဲ့ ဘုရားဖူးလာသူတွေလဲ အများကြီးပဲ …
ရေလမ်းခရီးက ခရီးစရိတ်ပိုသက်သာပါတယ် …
aye.kk
February 28, 2012 at 4:16 am
weiwei,ရေ..
ဓါတ်ပုံတွေတင်ပေးတာ..
ကျေးဇူးပါနော်..။
ရောက်ဖူးပေမဲ့….
ဆုမတောင်းခဲ့လို့..
ဝေးရဘူးပါသည်..။(သတိရသွားလို့ပါ)
ကိုပေါက်(မန္တလေး)
February 28, 2012 at 9:53 am
မဝေကမောင်ပုတော့ မမေ့ဘူးဘဲ။
သူ့အတွက်ထန်းပင်ထည့်ရိုက်လာတယ်။
ကျနော်ကတော့ နွားသုံးကောင်ပုံကြိုက်တယ်နော်။
ကိုရင်မောင်
February 28, 2012 at 10:24 am
ဒီရေတက်နေတယ်ထင်တယ်ကျနော်တို့ရောက်ခဲ့တုန်းကကမ်းစပ်နဲ့ရေပြင်
နဲနဲလှမ်းတယ် ကမ်းစပ်ကနေအထက်ဘက်မြွေတောင်ဘုရားကိုသွားလို့ရတယ်
ခုမြင်ရတာကကမ်းစပ်ကတောင်ခြေကိုရောက်နေတယ်
ညဘက်ဆိုပင်လယ်လှိုင်းသံတွေကြားနေရတယ်
မရောက်တာကြာတော့သွားခြင်ပါဘိ
ကျေးဇူးဘဲမဝေရေ………
weiwei
February 28, 2012 at 10:46 am
ဓါတ်ပုံထဲကအခြေအနေက မနက်ပိုင်း ၁၁ နာရီလောက်ပါ .. ရေတက်နေချိန်ပေါ့ … နေ့လည် ၂ နာရီကျော်မှာ ရေကျပြီးမှ ငွေတောင်ကို သွားလို့ရပါတယ် … ညဘက်မှာ လှိုင်းသံတဝေါဝေါနဲ့ အိပ်ရတာ အရသာတစ်မျိုးပါပဲ … ကမ်းခြေတစ်လျှောက်ကားစီးရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်အောင် ကောင်းပါတယ် … ပုံလှလှလေးတွေ တင်ပါအုန်းမယ် …
ba gyi
February 28, 2012 at 10:45 am
ကျေးဇူးပါပဲ ဒေါ် wei wei ရေ၊ကျနော်လည်းနောက်တစ်ပါတ်ထဲ မော်တင်စွန်းနဲ့၊ ဧရာဝတီ တစ်ပါတ်သွားရအုန်းမှာမို့၊မော်တင်စွန်းလမ်းညွှန်လေးဖတ်ရတာ၊အကျိုးရှိပါသဗျား။
လွန်ခဲ့တဲ့နှစ်နှစ် လောက်ကတော့ ရုံးမှအဖွဲ့သားတွေသွားကြပါတယ်၊လမ်းကဖေါက်ကာစ ၊မြေသားလမ်း အဆင့် ပဲရှိသေးတာတဲ့၊လမ်းဖေါက်သူတွေကသတိပေးတာ၊ဆင်တွေတော့သတိထားဆိုပါပဲ။
ခုတော့ကျောက်ချောခင်း လမ်းတောင်ဖြူးလို့နေပေါ့ဗျား။တမနက်ခင်းခရီးဆိုတော့ ရိက္ခာတော့သယ်သွားမှပဲ။
weiwei
February 28, 2012 at 10:48 am
လမ်းမှာ ဘာမှစားစရာဆိုင်မရှိဘူး … ရိက္ခာသယ်သွားတာ အကောင်းဆုံးပါပဲ … လမ်းကတော့ တော်တော်လေးကိုကောင်းပါတယ် …. မူးနေအောင်တော့ စီးရလိမ့်မယ် … ရိုလာကိုစတာ စီးသလိုမျိုးပေါ့ … 🙂
Ma Ei
February 28, 2012 at 12:06 pm
ကားလမ်းမရှိခင်က ပုသိမ်ကနေ သုံးထပ်သင်္ဘောနဲ့သွားဖူးတယ်…
ညနေ 5 နာရီလောက်ရောက်ပြီး မနက် 6 နာရီ ပြန်လာရတာ..
sunset အရမ်းလှတယ်..နေလုံးကြီးက ရန်ကုန်မှာမြင်ရတာထက်ပိုကြီးသလိုဘဲ..
စိတ်ထင်လားမသိ….
weiwei
February 28, 2012 at 12:55 pm
နေအပြည့်ထွက်လာပြီးချိန်မှာ နေလုံးကြီးက အရမ်းအဝါရောင်တောက်ပြီး အနီးအနားမှာရောက်နေသလို ခံစားရပါတယ် … နေနဲ့နီးလိုက်တာလို့ ခဏခဏပြောမိသည်အထိ တောက်လွန်းတယ် … ရန်ကုန်ကနေထက် ပိုကြီးပြီး ပိုနီးတာ အမှန်ပဲ …
နွေဦး
February 28, 2012 at 12:17 pm
ပင်လယ်ပြင်ကြီး လှတယ်နော်..
blackchaw
February 28, 2012 at 12:23 pm
ပန်းတနော်ကိုလည်း ဖြတ်သွားရသေးတာပေါ့နော်။
ကမ်းစပ်မှာ ချောင်းသာတို့ ငွေဆောင်တို့လို ရေကူးလို့ ရလားဗျ။
ဘိချ် ဖီလင်ရော ရရဲ့လား ဆိုတာလေး သိချင်ပါတယ်ဗျာ။
ခရီးစဉ်ကို ပြန်ရေးပေးထားတာ ကျေးဇူးပါ။
😀
weiwei
February 28, 2012 at 12:53 pm
ငွေတောင်မှာ ရေကူးလို့ရတယ် .. ဘိချ်ဖီလင် အပြည့်အဝရတဲ့ အရမ်းလှတဲ့ နေရာတစ်ခုပါ … ဒီနေ့ ကော်နက်ရှင်မကောင်းလို့ ညကျမှပဲ ပုံတွေထပ်တင်ပါအုန်းမယ် …
Rose Minn
February 28, 2012 at 2:35 pm
-အန်တီဝေရေ အတိတ်ကို ပြန် အမှတ်ရစေတယ်။ တကယ့်ကို မှတ်မှတ်ယယ ပဲ မော်တင်စွန်းကို rose တို့ ရှပ်ပြေးနဲ့သွားခဲ့ရတာပုသိမ်ကနေ။ တမေ့တမော စီးတာ။ ရှစ်နာရီတောင် မောင်းတယ်။ နောက်တခေါက်ထပ်ကို မစီးချင်လောက်အောင်ပဲ။
-နာဂစ်ဖြစ်တဲ့နှစ်က သွားခဲ့တာပေါ့။ သွားတဲ့ အချိန်က ဒီလိုချိန်။ ဖြစ်တာက မေလ ဆိုတော့လေ။
-ဖောင်တော်ဦးဘုရားမှာမနက်စောစော ဆွမ်းကပ်တယ်။ ငွေတောင်မှာ ရေကူးပြီး တက်လာတော့ငါးကင်၊ ပြည်ကြီးငါးစားကင် စားရတဲ့ အရသာ ကောင်းမှကောင်း။ မနက်စောစောထပြီး ဈေးဝယ်သေးတယ်။ ပင်လယ်စာတွေလေ rose က ကြိုက်လို့ ရှာဝယ်တာပေါ့။ ဂုံးခြောက်တို့၊ ပုစွန်ခြောက်တို့ပေါတယ်၊ ငါးပုတ်ခြောက် ငါးလိပ်ကျောက်ခြောက် အစုံပဲ။ အဲဒီတုန်းက တော့ပေါတယ်။ အခုတော့မသိဘူးပေါ့နော်။ ပင်လယ်ကမ်းစပ်က ခမောက်မှော်ဆိပ်ကမ်းမှာ ရောင်းတဲ့ ပင်လယ်စာထမင်းကြော်ကတော့ကောင်းမှကောင်း တစ်ပွဲကို နှစ်ထောင်။ အခုတော့မသိဘူး။ ဟီးဟီး။ ပြောရင်းစားချင်လာပြီ။
ဓါတ်ပုံတွေလဲ အများကြီးရိုက်ခဲ့တယ်၊ ပင်လယ်ကြီးက လှလို့၊ မြန်မာနိုင်ငံရဲ့အလှဆုံးတစ်နေရာထဲပါတယ်နော်။
ဆူး
February 28, 2012 at 3:35 pm
မော်တင်စွန်း ကို တခါမှ မရောက်ဖူးပါဘူး။
သွားရေး လာရေး အဆင်ပြေပေမဲ့ စားဖို့ နေဖို့ အဆင်မပြေရင်တော့ သိပ်တော့ မသွားချင်သေးဘူး။
အမ တင်တဲ့ ဒေသ ရှုခင်း ပုံလှလှလေးတွေကိုတော့ မျှော်လင့်နေပါတယ်။
pooch
February 28, 2012 at 7:07 pm
နွားတွေပုံကို မြင်ရတာ အညာနံ့လေးကို သင်းနေတာပဲ။ လမ်းတွေကတော့ ကောင်းလို့။ ဒါပေမဲ့
ကျမက ကားမူးတတ်တော့ ဘယ်ခရီးသွား သွားခေါင်းလေးကတော့မူးလိုက်ရမှ။
ကျမလည်း မော်တင်စွန်းဘုရားပွဲ တခေါက်မှမရောက်ဖူးဘူး။
marblecommet
February 28, 2012 at 9:38 pm
နာဂစ်တုန်းက အဲဒီဘုရားပေါ်က ထန်းပင်အချို့တောင်ထက်ပိုင်းပြတ်ကုန်ပေါ့ မဝေရေ့….
ကျွန်တော်က အဲဒီတုန်းက မုန်းတိုင်းဒဏ်ကြောင့် မွကြေနေတဲ့ဘုရားကို ဖူးခဲ့ရပါရဲ့ခင်ဗျ
ဦးဦးပါလေရာ
February 28, 2012 at 10:52 pm
မော်တင်စွန်းခရီးစဉ် စီစဉ်ပေးတဲ့ (ဘုရားဖူးလို) ခရီးသွားလုပ်ငန်းတွေရှိမလားမသိဘူး။
ကားနဲ့သွားလို့ရမှန်းလဲ မဝေဝေ ပြောမှသိတော့တယ်။
အဆင်ပြေရင်သွားကြည့်ဘို့ တေးထားလိုက်ပါတယ်။
အစားအသောက်တွေ ဝယ်စားလို့အဆင်သိပ်မပြေတဲ့သဘောက
အဲဒီဘက်ကို ခရီးသွားလုပ်ငန်း သိပ်မဖွံ့ဖြိုးသေးတဲ့သဘောပဲထင်တယ်။
သွားကြည့်မှပဲ သိတော့မယ်။
Diamond Key
February 29, 2012 at 9:30 am
မဝေရေ၊ ကျွန်တော်က အခုထိမရောက်ဖူးသေးပါဗျာ။ ရောက်ဖူးချင်နေတဲ့ နေရာတစ်ခုကို မဝေက ရေးပြလို့ တွေ့ရတာ၊ ရောက်ရသလို့ ခံစားခွင့်ရတာ ကျေးဇူးပါ။ ပုံလေးတွေနဲ့ ခရီးစဉ်အကြောင်းလေး ဆက်မျှော်နေပါမယ်။ 😀
kyeemite
February 29, 2012 at 9:50 am
မဝေရေ..မော်တင်စွန်း ကို တခါမှ မရောက်ဖူးပါဘူး။တစ်ခါလေက်တော့ မိသားစုနဲ့သွားချင်သား..
အချိန်..အချိန်..အင်းဒီတရုတ်ကြောင့်ကို မရောက်နိုင်သေးတာဗျို့..ပုံလေးတွေနဲ့တကွ..ခရီးသွား
ဆောင်းပါလေးကိုဖတ်ရတာ..ကျေးကျေးပါဗျာ။
ကြောင်ကြီး
February 29, 2012 at 10:47 am
သဂျီးက နွားတွေကိုကြည့်ပြီး သွားရည်ကျနေတယ်…တကောင်ကို ဒေါ်လာတထောင် အက်ဖ်အိုဘီ ဈေးပေးမယ်တဲ့။ အန်တီဝေစိတ်ဝင်စားရင် သူ့ကိုအမြန်ဆက်သွယ်ပါ..။
kai
February 29, 2012 at 10:56 am
အဲဒီနွားတွေက.. ခိုင်းနွားတွေလေ..။ အသားစားနွားကမှ.. စားကောင်းတာ…
ဘီယာတိုက်ထားတဲ့.. အသားစားနွားဆို.. ရှယ်ပေါ့…။
ဝေမမရေ..
ပင်လယ်နားကပ်နေပြီး.. ကန္တာရဆန်နေတဲ့.. ရှုခင်းကို… အံ့ဩမိပါတယ်..။
နွားတွေနဲ့..သစ်တုံးတွေဆွဲတယ်ဆိုတော့.. နည်းနည်းသဘောပေါက်သလိုဖြစ်သွားတယ်..။
သစ်ပင်ကြီးတွေ ကုန်ရောပေါ့…။
ပုံတွေအတွက်.. ကျေးဇူး..။ 🙂
လင်းဝေ
February 29, 2012 at 2:36 pm
မော်တင်စွန်းကိုမရောက်ဖူးသေးဘူး။
မော်တင်စွန်းလမ်းခွဲကိုပဲရောက်ဖြစ်တယ်။ ငွေဆောင် ချောင်းသာ လမ်းခွဲအလွန်ပေါ့။
ငရုပ်ကောင်းက မိတ်ဆွေကလည်း အလည်ခေါ်နေတာကြာပြီ။
ဘာတွေစိုက်ထားပါလိမ့်ဆိုတာ ရာဘာပင်တွေပေါ့။ ကွန်တိုညှိထားပြီး စိုက်ထားတာလေ။
အဲဒီဘက်မှာ ရာဘာတွေအရမ်းစိုက်လာကြတယ်။ အဲဒီနားရောင်းဈေးက ပျိုးပင် တစ်ပင်ကို ၈၀ဝပါ။
တစ်ပင် စိုက်အပြီးကို ၁၄၀ဝယူပါတယ်။ တစ်ဧကမှာ ၂၂ဝပင်ရှိတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
February 29, 2012 at 4:23 pm
ဝင်ဖိန့်အုန်းမှ …. အဟမ်း
တစ်ခါမှတော့မရောက်ဖူးဘူး ပုသိမ်မော်တင်းစွန်းဘုရားဆိုတာကတော့ ဘယ်သီချင်းထဲမလဲသိဘူး
ကြားဘူးသလိုလိုဘာလိုလိုဘဲ
မြေပုံအရ ပင်လယ်ဝဆိုပေမယ့် ဧရာဝတီမြစ်ရေတွေစီးကျလာတဲ့ အောက်ဆုံးချောင်ဝကြီးဆိုတော့ကာ
အဲ့သည် မြစ်ဝတစ်လျှောက်ရေချိုတွေရှိနိုင်မယ်ထင်တယ်
( ဟုတ်မဟုတ်တော့သိဘူး ရမ်းပြောတာ 😀 )
ရေရဲ့သဘောအရ ရေချိုနဲ့ရေငန်မှာ ရေငန်က ပိုလေးတယ် ပင်လယ်အော်အဝဆိုတော့ကာ
ပုံမှာပါတဲ့ ဘုရားတောင်ခြေက ချောင်းလား ပင်လယ်လားသိဘူး
အဲ့သည်ရေပြင်ရဲ့ အပေါ်ယံပိုင်းဟာ ရေငံ%ပြည့်တော့မဟုတ်လောက်ဘူး ဧရာဝတီမြစ်ဝဟာဂိုး
အဲ့သည်ရေပြင်ရဲ့ အပေါ်ယံရေကိုစက်တွေနဲ့ စုပ်တင်ပြီး ဘုရားတောင်ပေါ်မှာ
စိမ်းလမ်းဆိုပြေရေး သစ်ပင်ပမ်းမံတွေစိုက်ပျိုးပြီး တောင်ကုန်းကြီးကို တန်စာဆင်သင့်တယ်
တောင်ပေါ်မှာ ဆယ်ပီပါလောက်ဆန့်တဲ့ ရေကန်တစ်ခုဆောက် ငါးသိန်း ဗမာပိုက်ဆံ
13ကောင်အား တရုပ်စက် တစ်လုံးနဲ့ရေပန့်တစ်စုံများ မသမာ ဆယ်သိန်းဗမာပိုက်ဆံပေါ့
တစ်နေ့ ဒီဇယ်နှစ်ပုလင်းဘဲ တောင်ပေါ်ကန်ထဲရေတင်ပြီး အောက်ကို
တရုပ် တစ်လက္မ ရေပိုက်တွေ နဲ့ပြန်သွယ်ချ
ဟမလေး ဆူးပုတ်ပင်တွေ ဒညင်းသီးပင်တွေ ပိန္နဲသီးပင်တွေ သစ်တိုပင်တွေ
ဘာပင်တွေ ညာပင်တွေ အပင်တွေနဲ့ စိမ်းလမ်းသွားရင် သိပ်ကြည်နူးသွားမယ်
ဘာရယ်မဟုတ်ပါဘူး
ကျုပ်များ အဲ့သည် တောင်ပေါ်ကျောင်း ဘုရားဒါယကာကြီးဖြစ်ရင် အဲ့သည်လို လုပ်မိမလားလို့ 😀 😀 😀