ရှင်းတမ်းတစ်စောင်

naywoon niMarch 10, 20121min2546

စကားပြောသံတွေကြားနေရတယ်….။
ဟုတ်တယ်…။ စကားပြောသံတွေကို ကျွန်တော်နားထောင်နေမိတယ်…။ အတင်းအဖျင်းတွေ ပြောနေကြတာ …။ အဲဒိအတင်းအဖျင်းစကားတွေကိုပဲ ကျွန်တော်နားထောင်နေမိတာ….။ အားလုံးကို ခြုံငုံပြီး ကျွန်တော် ခေါင်းစဉ်တစ်ခုပေးလိုက်ပါ့မယ် ။ ဘယ်နေရာ သွားသွားသူတို့ ပြောနေတဲ့ အကြောင်းအရာတွေကို နားမထောင်လည်းကြားနေရတာ…။
“ အသံတွေ ကြားနေရတယ်ပေါ့ ”
အဲဒိအသံတွေထဲမှာ ကျွန်တော်ဘဝင်မကျတဲ့ စကားလုံးတစ်လုံး ထပ်ခါတစ်လဲလဲ ပါနေတယ်…။
“ အဟောင်း အသစ်နဲ့ ခေတ်မီတယ် နောက်ကျတယ် ” ဆိုတဲ့ စကားလုံးကိုပေါ့….။ လူတွေအားလုံး ခေတ်မီတယ်ဆိုတဲ့ အသစ်အသစ်တွေ နောက်ကို ပြေးလိုက်နေကြတယ်လေ…။ အဲဒိလူများအတွက် ကျွန်တော် ရေခဲရေ များများ စုဆောင်းထားပါတယ်..။ ပြေးရလွှားရလို့ မောရင်တိုက်ရအောင်လို့ …..။ စာအုပ်တစ်အုပ်ထဲမှာတွေ့ဖူးလိုက်တယ်…။
“ အသစ်/ခေတ်ပေါ်ဆိုတာ ဟာ အချိန်ကာလရဲ့ လှည့်စားချက်တွေပါ ” တဲ့……။
လွန်စွာစိတ်ရှုပ်ထွေးစရာပါပဲ….။ အသစ်ဆိုတာ နောက်ထပ်အသစ်တစ်ခုပေါ်မလာခင်လေးအထိသာ သက်ဆိုးရှည်နေမှာ….။ အဲဒိအသစ်ကိုလူတွေ လက်ခံပြီးတဲ့နောက် နောက်ထပ်အသစ်ပေါ်မလာခင် သာမာန်ဆိုတဲ့ စကားလုံးတစ်ခုပြောင်းသွားပြီး နောက်ထပ်အသစ်လည်းပေါ်လာရော… မြောင်းထဲရောက်သွားရောလား ….။
အသစ် သာမာန် အဟောင်းဆိုတဲ့ ပညတ်ချက် ကာလဟာ သက်တန်းဘယ်လောက်ရှိမလဲ ကျွန်တော်တို့ သုံးသပ်ကြည့်ရအောင်…။ အသစ်ဆိုတဲ့ အတိုင်းအတာကာလဟာ ပြီးခဲ့တဲ့အဟောင်းမရှိဘဲနဲ့မရပ်တည်နိုင်ပါဘူး…။ အဟောင်းတစ်ခုခုကို အမှီပြုပြီး ပေါ်ပေါက်လာရတာပါ…။ အဟောင်းတို့ဟာ အသစ်အသစ် တွေဖြစ်ပေါ်လာဖို့ မျိုးစေ့တွေ မြေဩဇာတွေ သာဖြစ်တယ်…။ အဲဒိတော့ အချိန်နဲ့ ပတ်သက်ပြီးဥပမာပြောမယ်……။ 1987 ခုနှစ်ဖြစ်ပေါ်လာဖို့ 1986 ခုနှစ်ဖြစ်ပေါ်လာခဲ့ရသေးတယ်။ 1986 ခုနှစ်မကုန်သေးဘဲနဲ့ မဲရီး ခရစ်စမတ်လုပ်ပြီး မိုးပေါ်က ကျလာသလိုကျလာတာမဟုတ်ပါဘူး…။ ဒါကြောင့်အသစ်ဆိုတာ အဟောင်းပေါ်မှာရပ်တည် ရတယ်ဆိုတာကိုပေါ့……..။
အဲဒိအသစ်ဆိုတာကလည်း နောက်ထပ်အသစ်တွေ ဖြစ်ပေါ်လာဖို့ ဗီဇမျိုးစေ့ တစ်ခုမျှသာဖြစ်တယ်…။ ဒီသဘောတရားကိုလက်ခံမယ်ဆိုရင်တော့ အဟောင်းအသစ်ပြဿနာ ချုပ်ငြိမ်းသွားပါပြီ…။ အဲ…….စောစောက စာအုပ်မှာပဲ……
“ ကိုလံဘတ်ဆိုတဲ့ ငနဲ နယ်မြေသစ်တွေ ရှာဖွေခဲ့တုန်းက ကျွန်တော့ကို ခေါ်မသွားတဲ့အတွက် တစ်ခါမှ ဝမ်းမနည်းခဲ့ပါဘူး ” တဲ့……..။
ဟုတ်တယ်လေ…….။ သူဝမ်းမနည်းသလို ကျွန်တော်လည်း ဝမ်းနည်းစရာအကြောင်းမရှိပါဘူး….။ ဘာလို့လဲဆိုတော့ သူကော ကျွန်တော်ပါ ဦးတည်ချက်ချင်းတူနေလို့ ဖြစ်မှာပါ…။ သူကောကျွန်တော်ပါ ကဗျာတွေပေါ်မှာ နှစ်သက်ခံစား သိပ်ချစ်တတ်ကြလို့ပါ….။ ကျွန်တော်တို့ ဝမ်းနည်းကြရမှာက မာယာကော့စကီး သူ့ကို သူသတ်သေသွားလို့………..။ အသက်နဲ့ ထပ်တူပြုထားတဲ့ စာအုပ်တွေ ပျောက်ဆုံးသွားလို့ …………။ သူကဆက်ပြောပါသေးတယ်…….။
” အနုပညာရှင်တစ်ယောက်အဖို့ မိမိရင်ထဲမှာ ရှိနေတာကို ဖော်ပြဖို့ကြိုးစားတာထက် အရေးကြီးတဲ့ တာဝန်မရှိသင့်ဘူး ……………။ ဒီကနေ့ ခေတ်သစ် အနုပညာလို့ ကြွေးကြော်နေသူတွေဟာ အသံထွက်မှားယွင်း နေသူတွေပဲ……..။ သူတို့ဟာ အစဉ်အလာ တစ်ချို့ကိုမေ့ပစ်နိုင်ပါရဲ့……..။ ဒါပေမဲ့ ရှင်သန်တဲ့ အနုပညာဆိုတာဟာ အစဉ်အလာ တစ်ချို့ကိုမေ့ပစ်ရုံနဲ့ မလုံလောက်ပါဘူး……..။” တဲ့လေ……
သိပ်မှန်တာပေါ့ဗျာ .။ ကျွန်တော်တို့နဲ့ လမ်းချင်းတူသူများလည်း ဒီအတိုင်းပဲရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်…..။ ကျွန်တော်တို့ဟာ ခေတ်ပေါ်ဆိုတဲ့ အရာတွေနောက်ပြေးလွှားလိုက်နေသူတွေရဲ့ ဘေးမှာ အေးဆေးစွာ လိုက်လျှောက်ရင်းနဲ့ အသံထွက်မှန်အောင်ကြိုးစားဖို့ လိုက်လျောညီထွေဖြစ်မဲ့ မိမိတို့ ဝတ်စုံတွေကို သေသပ်အောင် ပြင်ဆင်ကြတာပေါ့…….။ အတောင်နှစ်ဆယ်ဝတ်ခဲ့တဲ့ မင်းယောက်ျားတွေ လေးတောင်ဝတ်ပုဆိုးပြောင်းဝတ်ကြတာ………။ လိုအပ်ရင်ဘောင်းဘီရှည်ဝတ်ဆင်ကြတာတွေ …………။
နွားလှည်းမောင်နေရင်းက ဆိုင်ကယ်တွေကားတွေ ပြောင်းမောင်းကြတာတွေ……….။ ဆံပင်ရဲ့ ကောင်းခြင်းဆိုတာကို စွန့်ခွာခဲ့ပြီး ဒီနေ့ သူ့နေရာနဲ့သူ လိုက်လျောညီထွေဖြစ်မဲ့ ဆံတိုမလေးတွေ ဖြစ်ကုန်တာတွေ……။
အားလုံးပြောင်းလဲပြီး ကိုယ့်ဝတ်စုံကိုသေသပ်အောင်ပြင်ဆင်နေကြပေါ့………။ အေးအေးဆေးဆေး လမ်းလှောက်ပြီး ခေတ်ကြီးရဲ့ နောက်ကိုလိုက်ကြပါစို့…….။ ရှေ့ကပြေးလွှားနေသူတွေဟာ ကျွန်တော်တို့ မပါပဲ မနက်ဖြန်ဆိုတာကို ဆက်သွားလို့ မရပါဘူး…။ သူတို့ မနက်ဖြန်ရောက်ရင် ကျွန်တော်တို့လည်း ဒီနေ့ထဲမှာ ရှိမနေတော့ပါဘူး…။ သူတို့ ရှေ့ကလုပ်ကိုင်သွားကြတာတွေ ကြည့်ပြီး အမှားအမှန် လိုက်လုပ်သင့် မသင့် ရွေးချာ်ဆုံးဖြတ်ဖို့က ကျွန်တော်တို့တာဝန်ပေပဲ….။ “ မျက်ခြေမပြတ်စေနဲ့ပေါ့”
မျက်ခြေပြတ်ခဲ့ရင်တော့ အနည်းနဲ့ အများဆိုတဲ့ ပမာဏနဲ့ ပြဿနာတွေ ပေါ်လာမှာပဲ……..။ ကျွန်တော်ပြောချင်တာက ခေတ်ကိုအမီ ပြေးလိုက်နေဖို့မလိုဘူး…..။ ပြေးလိုက်နေသူတွေရဲ့ ဘေးက အေးဆေးစွာ လျှောက်လှမ်းရင်း အမှားအမှန်ခွဲခြား ဆင်ခြင် ဖို့ပေပဲ…..။
ဖြူစင်နေတဲ့ အရာကို အရောင်ဆိုးရတာလွယ်ပါတယ်……..။ အနက်ပေါ်မှာတော့ အလွယ်တစ်ကူ ဆိုးလို့ရမှာမဟုတ်ပါဘူး…..။ အခု ကျွန်တော်ရည်းစားစာတစ်စောင်ရေးနေပါတယ်………..။ မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်အတွက်ဆိုပါတော့…….။ ပြီးခဲ့တဲ့သုံးနှစ်လောက်က ရည်းစားစာ ဆယ်စောင်ထက်မနည်း ကျွန်တော်ရေးခဲ့ဖူးပြီ…….။ ဒုတိယဆိုတဲ့ နေရာမှာပဲ မောလျစွာ ပြေးလွှားနေခဲ့ရသူပါ…….။ ပထမ နေရာကို ရောက်ဖို့ ဘယ်လိုဝတ်စုံမျိုးလိုအပ်ပါသလဲ……။ မရေရာတဲ့ အဖြေတွေ များစွာတွက်ထုတ်ပြီး ကောက်ချက်မဆွဲချင်ပါဘူး…..။
“ ဟော…….စကားသံတွေကြားနေရတယ်”
“ အချစ်ဆိုတာ အိပ်မက်ပါ” တဲ့……….။ မှန်သင့်တဲ့ အတိုင်းအတာတစ်ခု အထိမှန်ပါလိမ့်မယ်…..။ အဟောင်းအသစ် ပြဿနာ ကိုြ ပန်လည် ငြင်းချက်မထုတ်ချင်တော့ဘူး……..။ အခုလို အချိန်မျိုးမှာ……….
“ တဂိုးရဲ့ ကြက်တူရွေးတွေ ပြန်လွှတ်ပေးဖို့ သင့်ပြီ”
“ ဗရက်ရဲ့ ဝတ်စုံနက်ကလည်း ဟောင်းနွမ်းစုတ်ပြဲနေလောက်ပါပြီ…….။”
နေ့ရဲ့ အရသာကိုခံစားပြီး ညကို လွမ်းမနေသင့်ပါ……။ နေရဲ့ ပူပြင်းခြင်းဒဏ်ကိုခံပြီး လရဲ့ အေးငြမ်းမှုကို သတိရမနေပါနဲ့……။ ဆန့်ကျင်ဘက်တို့ရဲ့ နိယာမများ ဘယ်တော့ ပျောက်ကွယ်သွားမည် မဟုတ်ပါ…။
အခုအချိန်မှာ မညီညာတဲ့ သူ့မရဲ့ လက်ရေးလေးတွေ ကို မျက်စေ့ထဲမှာ ပြန်လည်မြင်ယောင်ဆဲ့မို့ ဘာမှဆက်မတွေးချင်တော့ပါ…။ သို့ပေမဲ့ သူမအကြောင်းပြောချင်ပါသေးတယ်…………။ သူမဆိုတာကိ မိန်းကလေးတစ်ယောက်လို့သာမှတ်ယူစေ့ချင်ပါတယ်………။ သူမဟာ သူမပေါ့………..။ သိပ်ချမ်းသာပါတယ်….။ လိုက်လျောညီထွေ ဖြစ်မဲ့ အဖော်လည်းရှိနေပါတယ်…….။ ထိုသူ မှာ ကျွန်တော် မဟုတ်ကြောင်း သိသာထင်ရှားပါတယ်……။ သူမကို ကျွန်တော် အချစ်ကြေညာစာတမ်းကမ်းလှမ်းခဲ့ဖူးပါတယ်…..။ သူမလက်မခံပါ……။ အဲဒိမှာ သူမ ဘဝအတွက် လက်တွဲဖေဖာ်ရွေးချယ်ပြီးကြောင်း တရားဝင်ကြေညာ ပါတော့တယ်…..။ ကျွန်တော်ကြောင့် သူမရဲ့ လျှို့ဝှက်စွာထားခဲ့သော ကိစ္စ ဖော်ထုတ်ခဲ့ရလေပြီ……..။ သူမ ဂရုစိုက်လိမ့်မယ်မထင်ပါ…။ သူမနဲ့ ကျွန်တော့အကြောင်း ဒီနေရာမှာတင်ပဲ ပြီးှဆုံးခဲ့ပါတယ်………..။
“ ကဲ့ရဲ့မှုကို ကောက်ယူပြီးလျွှင့်ပစ်ခဲ့ပြီးပါပြီ………..။ ကျွန်တော်ဟာ ကျွန်တော်လှောက်ဖို့ လမ်းတစ်ခု ဖောက်ထွင်ဖို့ ကြိုးစားနေပါတယ်…..။ အဲဒိလမ်းဟာ အဘယ် လမ်းနဲ့မှတူလိမ့်မယ်မထင်ပါ……..။ ကျွန်တော့ရင်ထဲမှာ သူမကိုမလွမ်းတော့ကြောင်း သေချာစွာသိရ၍ အံ့ဩနေမိပါတယ်……။ မည့်သည့်မိန်းကလေးကိုမှ စိတ်ဝင်စား၍ မရတော့ပါ…။ သို့သော်…….. ရည်းစားစာကိုတော့ ရေးထားရပါလိမ့်မယ်……..။ ကျွန်တော့ကို စိတ်ဝင်စားသော မိန်းကလေးတစ်ယောက်လောက်တော့ ရှိလျှင်ကောင်းမည်ပင်……။ မည်သူမည်ဝါပဲဖြစ်ဖြစ်ပေါ့……..။ တွေးရင်စိတ်ရှုပ်ထွေးလာရတယ်….။
စိတ်သိပ်ရှုပ်ထွေးနေလို့ ရယ်စရာ ကာတွန်းများ ဝတ္ထုများမရှိ၍ ပြောနေရခြင်းပါ………။ အကြောင်းမှာ စိတ်သိပ်ရှုပ်ထွေးလာလျှင် ဖြေရှင်းသောနည်း တစ်နည်း ကျွန်တော့မှာရှိပါတယ်………။ ယင်းမှာ ရယ်စရာ ကာတွန်းများ ဝတ္ထုများ ဖတ်ရှုခြင်းပင်ဖြစ်ပါတယ်…………။ ယင်းသို့မှ ဖတ်စရာမရှိလျှင် ရှုပ်ထွေးနေသော သပွတ်အူများကို (အတွေးစများကို ) တစ်မျှင်ချင်း ဖြည်လေ့ရှိပါတယ်………။ ယခု ဖြည် ပြီးလေပြီ…………။ ခင်ဗျားတို့ဒီစာကို တွေ့၍ ဖတ်ရှုပြီး စိတ်ထဲဘာမှမထားကြပါနှင့် ….။ နောက်ကြုံလျှင်လည်း ကျွန်တော်တွေးမိသမျှရေးချနေဦးမှာဖြစ်ပါတယ်….။ ဖတ်သူမှာလည်း ကျွန်တော်ပင်ဖြစ်ပါလိမ့်မယ်………..။

နေဝန်းနီ(19-10-1987) 14း35 PM

6 comments

  • MaMa

    March 10, 2012 at 10:08 pm

    နေဝန်းနီ (ဝေဝေရဲ့ မော်တင်စွန်းပို့စ်မှာ မန့်ထားတဲ့) ပင်လယ်ထဲ သွားပုန်းနေရာက ပေါ်လာပြီ ထင်ပါရဲ့။
    ၁၉၈ရ က ရေးထားတဲ့စာက ခုခေတ်မှာလည်း လိုက်လျောညီထွေဖြစ်သား။
    iPad မျိုးဆက်အသစ်ပြီးရင်း အသစ် ကိုများ ရေးထားတာလားလို့။ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 10, 2012 at 10:16 pm

    မောင်
    မောင်လို့ဘဲခေါ်မယ်နော်
    နေဝန်းနီ လို့ခေါ်ခြင်ဘူး 😀
    ဂယ်
    မောင်က ဖိုးသူတော်လိုဘဲ
    မိုက်ကယ်ဂျော်နီအောင်ပု တို့နဲ့များကွာပါ့
    မောင့်လက်က ဘာဖြစ်လို့ ပေါင်ဂျားမှာညှပ်ထားတာလဲလို့ 😀
    လက်ဆိုတာ တို့ဘို့ထိဘို့ ကလိဘို့
    ခုတော့
    မောင့်လက်ကြီးဟာလေ
    နှမြောလိုက်တာ
    ဂယ်
    ဘာမှမထိ
    မကလိဘဲ
    ဟင့်
    နေ
    အဲ့သလို လူပျိုကြီးအဖြစ်နဲ့
    …………..
    ဟဲဟဲဟဲ
    အရဂါးနောက်ဒါ
    အခြင်းခြင်းတွေဗျာ ခံစားချက်တွေက တူပါ့
    ………………..
    ( “ အဟောင်း အသစ်နဲ့ ခေတ်မီတယ် နောက်ကျတယ် ” ဆိုတဲ့ စကားလုံးကိုပေါ့….။
    လူတွေအားလုံး ခေတ်မီတယ်ဆိုတဲ့ အသစ်အသစ်တွေ နောက်ကို ပြေးလိုက်နေကြတယ်လေ)

  • pooch

    March 11, 2012 at 12:22 am

    အဘနီ ပျောက်ချက်သားကောင်းနေတာ ခုမှပဲ မြင်ရတော့တယ်။ ကဗျာတွေ မဖတ်ရတာလည်း ကြာပေါ့။

    ခံစားချက်တွေကတော့ ဘယ်အချိန်ပဲရောက်ရောက် သစ်လွင်နေတာပါပဲလို့..

  • kai

    March 11, 2012 at 3:58 am

    နှစ်အစိတ်လောက်ကြာတဲ့အခါမှာ. ခင်ဗျားစာတွေ …ခင်ဗျားနဲ့အတူ.. တခြားသူတွေဖတ်နိုင်ကြပြီ..။
    တကယ်တော့ လနှစ်တွေဟာ…. လူတွေလုပ်ထားခဲ့တာပါ။
    အသစ်တွေမဟုတ်သလို ….အဟောင်းလည်းမဟုတ်တဲ့ ပညတ်တွေပေါ့
    ရှေးတချိန်က.. အခုနှစ်တွေထဲက ….လရက်တချို့ အချိန်ညှိဖို့ ထုတ်ဖယ်ကြဖူးတယ်..

    တကယ်တော့ ကိုလံဘတ်ဟာ နယ်သစ်တွေ့ခဲ့တာလည် မဟုတ်ခဲ့ရပါဘူး
    အင်ဒီးယန်းမြေပေါ်.. သူက ..ကျူးကျော်သိမ်းပိုက် နာမယ်ယူခဲ့တာ
    သမိုင်းဟာ… အောင်နိုင်သူတွေရဲ့ ….ဥဒါန်းကျူးသံတခုမျှသာပဲ..။

    ဟုတ်ပါတယ်..။
    ဒီကနေ့ ခေတ်သစ် အနုပညာလို့…. ကြွေးကြော်နေသူတွေဟာ… ခေတ်ဟောင်းအနုပညာကို နာမယ်ပြောင်ပေးနေသူတွေပေါ့..
    ဒါဖတ်ပြီး.
    ရယ်နိုင်သူတွေ အော်ရယ်လိုက်ကြ
    ကာတွန်းမလိုတော့ဘူးပေါ့..
    ရယ်စရာလေ…။ 😆

    ( ခေတ်စမ်းမော်ဒမ်ရေးနည်း..)

  • kyeemite

    March 11, 2012 at 9:04 am

    ငယ်ငယ်ကအတွေးဆိုတာ
    ကြီးမှတွေးတာထက်တော့လတ်ဆတ်တာအမှန်ပါ..
    အနုပညာအကြောင်းတော့သိပ်မနားလည်ပါ..
    ဒါပေမဲ့ အနုပညာကိုခံစားတာတော့ဝါသနာပါတယ်..
    အားပေးနေပါတယ်ဆြာနီ…

  • နေဝန်းနီ

    March 11, 2012 at 8:40 pm

    မနေ့က ကိုးနတ်ရှင် က ကျသွားတော်မူလို့ ဒီကနေ့ ပြန်တင်ရပြီမှတ်နေတာ တော်ပါသေးရဲ့……….။ တစ်ရက်က စာအုပ်ပုံရှင်းရင်း ပြန်တွေတဲ့ စာစုလေးပါ………။ တစ်ချိန်က မေ့မရတဲ့ အတိတ်က ဒါဏ်ရာလေးတွေတောင် ပြန်တွေ့ရရဲ့ ………။ တစ်ကယ်တော့ နေဝန်းနီဆိုတာ ….. အစဥအလာ ကိုငြင်းပယ် သူ အသစ်မှန်သမျှကိုလည်း ဆန်းစစ်သူ …. လူဂွစာ တစ်ယောက် ဖြစ်နေပါပေါ့…………။

Leave a Reply