(က)
အခုလိုမိုးလေးတစ်ဖြောက်တစ်ပေါက်ရွာချလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ရန်ကုန်ရွှေမြို့တော်ကြီးဟာ လမ်းတွေပေါ်ကို ရေတွေ အန်တင်လိုက်တော့တာပါပဲ။ ခြေမျက်စိလောက်၊ ခြေသလုံးလောက်၊ ဒူးလောက်တော့မြုပ်တဲ့မြောင်းပုပ်ရေတွေကြားမှာ လူတွေဟာ ထီးရောင်စုံမလုံ့တလုံ ဆောင်းပြီး တဖျစ်တောက်တောက် လမ်းလျှောက်နေကြရဲ့။ အမျိုးအစားအသီးသီးသောကားတွေဟာလည်း မိုးနဲ့ရေကြားမှာ တဂျစ်ဂျစ် တဗြီးဗြီးအော်ဟစ်လို့။ ရန်ကုန်မိုးဟာ ဒီနှစ်မှာ ခွင့်ရက်မရှိ၊ မနားမနေ ရွာစွေနေခဲ့လေတယ်။ တစ်ခါတလေတော့ တိမ်တိုက်တွေကြားက ခါးသက်သက် အရည်တချို့လည်း သွန်ကျလာတတ်တယ်ပေါ့။ လူတွေဟာ ကားမှတ်တိုင်တွေဆီမှာ၊ ဘတ်စ်ကားတွေပေါ်မှာ၊ အထူးယာဉ်လိုင်းတွေပေါ်မှာ၊ ရထားတွဲကြီးတွေထဲမှာ၊ ငါးပိသိပ် ငါးချဉ်သိပ်ပုံစံမျိုးနဲ့ တိုးဝှေ့ပြည့်ညှပ်နေကြရဲ့။ ဒီလိုနေ့မျိုးတွေမှာ အိမ်ထဲမှာပဲရှိနေကြမယ့် လူတန်းစားတချို့ကတော့ ကိုယ်နှစ်သက်ရာတေးသွားလေးတွေနဲ့ မိုးစက်တို့ရရဲ့နရီကို ခံစားလွမ်းမောနေကြလိမ့်မယ်။ အဖိုးကြီးတစ်ဦးက ““တိမ်တမာန်xxxအိုအဆွေxxxတို့များရွှင်လန်းxxxပုလဲပန်းကိုချွေ”” စသဖြင့်။အပျိုကြီးတစ်ဦးက ““သည်းသည်းမည်းမည်းရွာလိုက်မယ်တဲ့ဟန်ကိုဆင်xxxအဖော်နဲ့ဝေးတဲ့သူမှာxxxအဆွေးသာပိုချင်”” စသဖြင့်။ လူလတ်ပိုင်းတစ်ဦးက ““ဒီလိုမိုးသည်းထဲမှာxxxနှုတ်ဆက်ထွက်ခွာ..ရီဝေတဲ့အကြည့်ကိုxxxနာကျင်စွာခံယူရင်းxxမျက်ရည်စီးကျလို့”” စသဖြင့်။ လူငယ်လေးတစ်ဦးကတော့ ““မိုးရွာတဲ့ရက်ကိုချစ်ရင်မိုးရာသီမှာလှမ်းလာခဲ့…စောင့်နေတုန်း…သုံးရာသီလည်းတိုင်ခဲ့ပြီ… လျှောက်လို့မဆုံး…ငါ့ခြေထောက်တွေယိုင်နဲ့ပြီ”” စသဖြင့်။ အဲဒီလိုခံစားမှုကလေးတွေကိုယ်စီနဲ့ ရန်ကုန်မိုးကို ဖက်လဲတကင်းရှိနေကြ ပါလိမ့်မယ်။ ကျွန်တော်ကတော့….။ ။
(ခ)
ဩဂုတ်သုည
ကျွန်တော့်ကို တစ်ခုသောမိုးရာသီ ဩဂုတ်လအတွင်းမှာမွေးဖွားခဲ့သည်။ နေ့ရက်အရ ၁၃ရက်။ မိုးဥတုနှင့်အတူ ကမ္ဘာမြေပေါ်သို့ ကျွန် တော် ပရမ်းပတာရောက်ရှိလာခဲ့သည်။ မိုးရေလေးတစ်စက်နှစ်စက်ဖျန်းထား၍ သင်းပျံ့နေသောမြေရနံ့မွှေးမွှေးက ကျွန်တော့်ကို ကြိုဆို နှုတ်ခွန်းဆက်ခဲ့သည်။ ဘဝ ဆိုတာ သုညနှင့်စပြီး သုညနှင့်ပင်အဆုံးသတ်တာဖြစ်သည်။ ကျွန်တော်ကတော့ အလယ်အလတ်ကာလမှာတောင် သုညထက်ပို ၍ ““တစ်”” မဖြစ်ခဲ့။ ကိုယ်ရရှိထားသော သုညတစ်လုံးကိုသာ မက်မက်မောမောဖက်တွယ်ရင်း ကျွန်တော်လမ်းတွေ အများကြီးလျှောက် ခဲ့သည်။ ထိုလမ်းတွေကို ကျွန်တော်က ““သုညတွေခင်းထားတဲ့လမ်း”” ဟုအမည်ပေးလိုက်တော့ မိုးစက်တွေကလည်း သူတို့ကိုယ်သူတိုု့ သုညတစ်လုံးအဖြစ်ဖန်ဆင်းပြကြလေသည်။ ဩဂုတ်သုညသည် လာခြင်းကောင်းပါစေသား။
စက်တင်ဘာဆုံးရှုံးမှု
အဲဒီတစ်နေ့ဟာ…မိုးစက်တွေကငါ့ကိုသစ္စာဖောက်သွားတယ်လို့ ကျွန်တော်ထင်မှတ်မိခဲ့သောနေ့တစ်နေ့ဖြစ်သည်။ အဲဒီတစ်နေ့မှာ မိုးတွေကကြောက်မက်ဖွယ်ကောင်းစွာ တဝေါဝေါသွန်ကျလျှက်ရှိသည်။ ဘောင်းဘီတိုနှင့်စွပ်ကျယ်အဖြူလေးကိုဝတ်ဆင်ကာ အိမ်ရှေ့လမ်းမပေါ်မှာ တစ်စုံတရာကို ကျွန်တော်စောင့်စားနေခဲ့သည်ပေါ့။ ကျွန်တော်စောင့်စားနေသည့်အရာက ကောင်းကင်၌လျှပ်စီးတစ်ချက် ဝင်းခနဲလက်လိုက်ခြင်းနှင့်အတူပင်ဆိုက်ရောက်လာခဲ့သည်။ ထိုအရာသည် သပြေခက်တွေဝေဝေဆာဆာထိုးစိုက်ထားသော ဟိုင်းလပ်ကားငယ်တစ်စီးဖြစ်လေသည်။ထို့နောက်မှာတော့ ငိုကြေးသံတွေ အိမ်ဝိုင်းလေးအတွင်း တသောသောညံသွား၏။ သံပြိုင်ငိုကြွေးမှုသံစဉ်ကိုနားဆင်ရင်းကျွန်တော်အံကိုတင်းတင်းကြိတ်သည်။ ““ယောက်ျားဆိုတာ မျက်ရည်မကျရဘူး””““ယောက်ျားဆိုတာ မျက်ရည်မကျရဘူး””အသံတစ်သံကအဝေးတစ်နေရာဆီမှရိုက်ခတ်လာသည်။ ဟုတ်ကဲ့ပါ။ ကျွန်တော်မငိုပါဘူးအဖေ။ မျက်ရည်မကျစေရပါဘူးအဖေ။ ၂၀၀၂ခုနှစ်၊ စက်တင်ဘာလ၂၂ရက်။ အဖေ့ဝိညာဉ်ခန္ဓာမှခွာသည်။ အမေ့ရဲ့ငိုသံသဲ့သဲ့ကို လူမမယ်ညီနှစ်ကောင်က သဘောတကျရယ်မောနေကြသည်။ ပြီးတော့ အမူးတစ်ဝက်နှင့် စိတ်ထိခိုက် နေကြသည့် အဖေ့ရဲ့အချစ်ဆုံးသူငယ်ချင်းများ။ ကြေးစည်သံတဒူဒူကြားရသည်။ အသုဘဂီတ။ စက်တင်ဘာမိုးက ပင်လယ်လေနှင့်အတူ ဖျောခနဲဝှေ့ယမ်းသွား၏။ ငယ်စဉ်က မိုးတွေကိုဘာကြောင့်မှန်းမသိ စိတ်နာမိသော်လည်း ကျွန်တော်တို့မိသားစုရထားတွဲ၏ စက်ခေါင်းမှူးတစ်ယောက် ကြွေလွင့်ရခြင်းမှာ မိုးစက်တွေကြောင့်မဟုတ်မှန်း နောက်တော့ ကျွန်တော်နားလည်တတ်ခဲ့သည်။ စိတ်လောကြီးစွာ အပြစ်မြင်မိတဲ့အတွက် မိုးစက်တွေကိုတောင်းပန်ပါသည်။ ထိုစဉ်က ပင်လယ်စပ်နားသင်္ချိုင်းအိုလေးအလယ်မှာ အဖေ့ကို မိုးရေစက်လက်နှင့်ပင် ဂူသွင်းချိတ်ပိတ်လိုက်ကြသည်။ အဖေ့ကို သတ်သည့်တရားခံမှာ ယခုကျွန်တော်ခဏခဏဆက်ဆံနေသော ““အရက်”” ပင်ဖြစ်လေသည်။
ဇူလိုင်လမ်းခွဲ
မြေရနံ့သင်းသင်းညလယ်ခေါင်မှာ
ရင်ကွဲပက်လက်ဒဏ်ရာတွေပိုက်ထားတဲ့
ဝါရင့်အလွမ်းသည်ကြီးတစ်ဦးပါကွယ်
“မျက်ရည်တွေရောင်းတယ်…မျက်ရည်စစ်စစ်တွေရောင်းတယ်”
စံပယ်တေးတကြော်ကြော်နဲ့
သူမအမည်တွေပဲ အော်ခေါ်မိနေရဲ့။
ဇူလိုင်လ ၂ရရက်နေ့ ရက်စွဲတစ်ခုတွင် သူမနှင့်ကျွန်တော် အင်းလျားကန်ပေါင်ရှိ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ သူမရဲ့ ၂၃နှစ်ပြည့်မွေးနေ့ပွဲကို တိတ်တဆိတ်ဆင်နွဲခဲ့ကြသည်။ သာယာချမ်းမြစွာပေါ့။ ထိုစဉ်က…အွန်လိုင်းပေါ်မှာဆုံဆည်းခဲ့သော သူမနှင့် ကျွန်တော် အပြင်မှာဒုတိယအကြိမ်တွေ့ဆုံကြခြင်းဖြစ်၏။ မျက်မှန်တဝင်းဝင်းအောက်က ဖြူစင်သောမျက်ဝန်းနက်နက်တစ်စုံကို ကျွန်တော် ရင်ခုန်လှိုက်မောနေခဲ့သည်။ မိုးတွေက ခပ်ဖွဲဖွဲသာရွာနေသည်။ နတ်သမီးရေ…ငါ့ဆက်တင်တွေခမ်းနားခဲ့ပါရဲ့လား။ အချစ်ဆိုတာကိုရှေ့ကစေလွှတ်ပြီး ငါတို့ကနောက်ကလိုက်ခဲ့ကြ။ အချစ်က ကျဆုံးသွားတဲ့အခါ ငါတို့ခမျာလည်း ဖရိုဖရဲ တကွဲတပြား။ ငါ့နှလုံးသားကိုဖြန့်ခင်းပြီး မင်းပုံတူကိုရေးဆွဲနေမိတဲ့ မိုးညတွေမှာ …စံပယ်တွေလည်း တဖြုတ်ဖြုတ်ကြွေတယ်။ ငါနဲ့စိတ်နဲ့ အခါခါသေတယ်။ နွေဦးပေါက်ရင် မိုးစက်ပြောက်ကို မင်းမေ့မှာပါ။ ခုတော့ …သွားတော့ကွယ်…။ ဘဝအသစ် ၊ တည်တောက်မှုအသစ်မှာ ချစ်သူအသစ်နဲ့ မင်းပျော်ပါစေ။ ငါကတော့ နိုင်ငံတော်အသစ်ကို စောင့်မျှော်ရင်း ကျန်ရစ်ခဲ့ဦးမယ်…။ ကျွန်တော့်ရင်ခွင်တွေ ပြိုလဲကုန်သည်။ တဒိုင်းဒိုင်းဆူညံပွက်လောရိုက်။ မိုးသံတွေတလွင်လွင်မြည်နေသော ရန်ကုန်မြို့လယ် ကားဂိတ်တစ်ခုမှာ ထီးမပါခြေဗလာနှင့် သူမကို တာ့တာပြခဲ့ရသည်။ မျက်ရည်တို့မိုးနှင့်ရောထွေး။ မိုးချစ်တေးတွေဆွံ့အစွာ။ ကျွန်တော့် နှလုံးသားတစ်စကတော့ သူမရဲ့စလင်းဘတ်အိတ်ထဲမှာ သိမ်မွေ့စွာလိုက်ပါသွားပါလိမ့်မည်။ လုံလောက်ပါသည်နတ်သမီး။ မိုးရာသီလမ်းခွဲအပြီးမှာ ကျွန်တော်ရရှိလိုက်တာက ထုံးစံအတိုင်း မိုးစက်သုည။မျှော်လင့်ချက်လရောင်တွေ တဝေဝေနဲ့မဝံ့မရဲတောက်ပနေတဲ့ အိပ်မက်တွေခုတော့အားလုံးအသေ။ ဇူလိုင်၂ရရက်ရောက်တိုင်း စနေဂြိုဟ်ဖွား နတ်သမီးတစ်ပါး၏မွေးနေ့ပွဲကို ကျွန်တော်တစ်ဦးတည်း ရင်နှင့်ဆက်ဆက် ကျင်းပ ပေးတတ်စမြဲ။
အောက်တိုဘာနယ်ပယ်သစ်
စက်တင်ဘာလ၏ဂျူတီကုန်ဆုံးသွား၍ အလှည့်ကျတာဝန်ယူလိုက်သော အောက်တိုဘာလတွင် ကျွန်တော့်ဘဝက လက်ယာဖက် သို့ ထပ်မံချိုးတွေ့သွားသည်။ ဘဝတစ်ခုအချိုးအကွေ့မှာ တစ်ဖက်ကမောင်းနှင်လာသော အခြားဘဝတစ်ခုနှင့်သာတိုက်မိပါက မလွယ်ချေ။ ကံကောင်းထောက်မ၍ ကျွန်တော်အန္တရာယ်ကင်းခဲ့ပါသည်။ အိပ်မက်ထဲတောင်ထည့်မမက်ခဲ့သော၊ ဘယ်တုန်းကမှမစဉ်းစားမိခဲ့သောနယ်ပယ်သစ်တစ်ခုအတွင်းသို့ အောက်တိုဘာမိုး လက်ကျန်များနှင့်အတူ ကျွန်တော်တလိမ့်ခေါက်ကွေးဝင်ရောက်သွားခဲ့သည်။ နေ့ချင်းညချင်းထမင်းစားလက်မှတ်တစ်ခုရရှိသွားသလို ရှိစုမဲ့စုမာနတွေလည်း တက်တက်စင်အောင်ပြောင်သွားသည်ပေါ့။ ရန်ကုန်ဟူသောမြို့တော်ဟောင်းမှာ ကျွန်တော်ဘဝပြောင်းသွားသည်။ သို့သော်…ယခင်ကျင်လည်ခဲ့သည့်နယ်ပယ်ဟောင်းကို စွဲလမ်းမိသောအစွဲကြောင့် ကျွန်တော်မကျွတ်လွတ်။ အားလုံးဝိုင်းဝန်း၍အမျှဝေပါသော်လည်း ကျွန်တော်သာဓုမခေါ်။ မိုးစက်တွေကတော့ ကျွန်တော့်ကို ချီးကျူးထောပနာပြုကာ ဆဲရေးတိုင်းထွာကြသည်။ လျင်သူစားစတမ်းသတင်းမီဒီယာဂျာနယ်လောကထဲမှာ ကျွန်တော်ပျော်လာသည်။ ထို့နောက်မွေ့လာသည်။ ထို့နောက် ရပ်တည်မှု တွေအတွက် စိန်ခေါ်မှုတွေပါဝင်လာခဲ့လေသည်။ ထိုအခါတိုင်း ကဗျာလေးတစ်ပိုဒ်ကို ကျွန်တော်ခပ်ဖွဖွရွတ်ဆိုနေလေ့ရှိသည်။
ငါ့ရှင်တို့ကဘာလဲ
ငါက ဘာလဲ
နာမည်တွေမြေပေါ်ပစ်ချပြီး
လှလှပပပြိုင်ရဲပါတယ်
တစ်နေ့နေ့တော့ တွေ့ကြမယ်။
(တာရာမင်းဝေ)
ကျွန်တော့်အထက်ဆရာ(ကျွန်တော်သုံးစွဲရသောအသုံးအနှုန်း)တစ်ဦးက အမြဲမေးတတ်သည်။ ““မင်းရဲ့ရပ်တည်ချက်ကဘာလဲ၊ မင်းဘာကိုလုပ်ချင်တာလဲ၊ မင်းရည်မှန်းချက်အတိုင်းဆက်လျှောက်ဖို့က မင်းအလုပ်ထွက်မှရလိမ့်မယ်””သူ့ကိုကျွန်တော် သွားကလေးဖြဲပြပြီး စကားလေးလုံးပြောပြလိုက်သည်။ ““စား ဝတ် နေ ရေး””ဟု။ ကျွန်တော်တို့ဟာ ထိုဝေါဟာရလေးလုံးအတွက် ကြိတ်မှိတ်ရုန်းကန်နေကြသူတွေပဲဖြစ်သည်။ ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်မကြုံ သေးသောကာလမှာလည်း ကျွန်တော်ပျော်အောင်နေတတ်ခဲ့သည်။ ထိုဆμ အထက်ပါစကားကို ပထမဆုံးစပြောတဲ့နေ့က ကျွန်တော် အိပ်မက်တစ်ခုမက်သည်။ အိပ်မက်ထဲမှာကျွန်တော်က သတင်းထောက်မဟုတ်တော့။ ကိုယ့်ကိုယ်ကိုယ်ဘာမှန်းပင်မသိသောဘဝတစ်ခုကို အိပ်မက်ထဲမှာ ကျွန်တော်ပိုင်ဆိုင်ထားလေသည်။(ထိုဘဝကလည်းတော်တော်ကြီးကျယ်ပုံရပါသည်)။ သတင်းထောက်များက ကျွန်တော့်ကိုဓာတ်ပုံတွေ ရိုက်ကြသည်။ ဘာကြောင့်မှန်းတော့မသိ။ အားလုံးမေးမြန်းသမျှကို ကျွန်တော်က ပြန်လည်ဖြေဆိုနေရလေသည်။
““ကွိစိကွစ…ဘာညာကွိကွ…xxx+++–xx”” စသဖြင့်။ ထိုအထဲမှာ အသက်ကြီးကြီး(ဝါရင့်ပြီဟုထင်မှတ်ရ)သတင်းထောက်ကြီးတစ်ဦးက ကျွန်တော့်ကို လျှပ်တပြက်မေးခွန်းထုတ်လာ သည်။
““ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာလို့ခံယူထားတာလား၊ သတင်းသမားလို့ခံယူထားတာလား”” တဲ့။ ထိုစကားအဆုံးမှာ အိပ်မက်မှ ကျွန်တော်လန့်နိုးသွားသည်။ ဇောချွေးပြန်စွာ။ လက်ထဲမှာတော့တင်းကျပ်စွာဆုပ်ကိုင်ထားသော သုညတစ်လုံးက မြူးတူးစွာခုန်ပေါက်လျှက်ရှိလေသည်။ အိမ်အပြင်ညမှာ လက်ကျန်မိုးတွေစွေနေသည်။
ဇွန်လ၏ဓူဝံကြယ်
ကျွန်တော်သတင်းသမားမဖြစ်မီ တစ်နှစ်ကျော်ခန့်က အင်းလျားကန်သို့သွားရာလမ်းကို ပျောက်ဆုံးနေခဲ့ဖူးသည်။
အင်းစိန်မှ ၄၅ကားစီး၍ လှည်းတန်းမှတ်တိုင်မှာဆင်းကာ ပြည်လမ်းအတိုင်းသွားရမည်ကိုမသိသောကြောင့် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ငေးရင်း မောရင်းလျှောက်လာခဲ့၏။ (အင်းလျားကန်လှည်းတန်းမှာရှိသည်ဟု တစ်စုံတစ်ဦးကလမ်းညွှန်လိုက်သောကြောင့်ပင်)။ ထိုစဉ်က ရန်ကုန် ကိုရောက်တာ တစ်ပတ်ခန့်ပင်မပြည့်သေး။ လမ်းတစ်ဝက်မှာ ရန်ကုန်တက္ကသိုလ်မိန်းပေါက်ဝကိုတွေ့မြင်ရသည်။ ဆက်လျှောက်သော်လည်း အင်းလျားကိုမတွေ့သောကြောင့် ကျွန်တော့်နောက်မှ တောက်ဆတ်ဆတ်လမ်းလျှောက်လာသော ကောင်မလေးတစ်ဦးကို စောင့်ကာမေးမြန်းရသည်။ ရှေ့တည့်တည့်ဆက် လျှောက်ကာ မီးပွိုင့်ရောက်ပါက ဘယ်ဖက်ချိုး၍ လမ်းဆုံးသည်အထိသွားရန် ကောင်မလေးကလမ်းညွှန်၏။ ကျွန်တော်ခရီးဆက်သည်။ တွေ့ပါသည်။ အင်းလျားကန်။ တီဗီထဲမှာ မြင်နေကျဖြစ်၍ အလွယ်တကူမှတ်မိသည်။ ကျွန်တော့်ဘဝမှာ တလွဲတချော်ပျောက်ဆုံးနေခဲ့သော အင်းလျားကန်ကြီးကို လက်ညိုးထိုးလမ်းညွှန်ပေးခဲ့သော ထိုကောင်မလေးကိုလည်း ကျေးဇူးဥပကာရတင်ရှိ်ပါသည်။ တိုက်ဆိုင်စွာ…သတင်းဂျာနယ်တွင် အလုပ်ဝင်ပြီး နှစ်နှစ်ခန့်အကြာတွင် ကျွန်တော်အလုပ်လုပ်နေသောမီဒီယာကုမ္ပဏီကြီးသို့ အဆိုပါကောင်မလေး မျက်စိလည်၍(အကြောင်းတိုက်ဆိုင်၍ဟုလည်းသုံးစွဲနိုင်သည်)ဝန်ထမ်းသစ်အဖြစ်ရောက်ရှိလာခဲ့သည်။ ရိုးရှင်းစွာပင် မကြာခင်မှာဘဲ ကောင်မလေးနှင့်ကျွန်တော် ကံကောင်းထောက်မစွာ ဖူးစာဆုံခဲ့ကြသည်။ ထို့အတွက်လည်း ရိုက်ခတ်မှုအသံဗလံတချို့ ကျွန်တော့်ထံသို့ ပြင်းထန်စွာရောက်ရှိလာသည်။ ကျွန်တော်ရယ်မောနေခဲ့ပါသည်။ သုညတစ်လုံးအတွက် ရရှိမည့်ဆုလာဒ်မှာသိပ်ပြီးကြီးကျယ်လှမည်မဟုတ်ကြောင်း ကျွန်တော်သဘောပေါက်ခဲ့တာ ကြာပါပြီ။ မေလမှာမွေးသောကောင်မလေးက ဇွန်လ ၁ရက်နေ့မှာ ကျွန်တော့်ကိုအဖြေပေးသည်။ သူ့အဖြေမှန်ကန်သောကြောင့် ကျွန်တော် ကလည်း အမှတ်ပြန်ပေးရလေသည်။ သူနှင့်ရည်းစားဖြစ်ပြီး မကြာမီမှာ လွန်ခဲ့သောနှစ်နှစ်ခန့်က အင်းလျားကန်သို့မသွားတတ်သော ကောင်လေးတစ်ယောက်အကြောင်း ပြောပြလိုက်တော့ သူမက ““ဟာ””ခနဲအံ့အားသင့်ကာ ကျွန်တော့်ကိုအပြုံးတစ်ဝက်ဖြင့် ကြည့်သည်။ “နဖူးစာရွာလည်သည်”ဟူသောစကားပုံကို ကျွန်တော်နားမလည်သောကြောင့် သူမကိုအကျယ်တဝင့်မရှင်းပြဖြစ်ပါ။ အင်းလျားလမ်းအတိုင်း ကောင်မလေးကိုလိုက်ပို့ရင်း သူမကို စကားတွေအများကြီးပြောဖြစ်ပါသည်။ ““ငါ ရည်းစားခုနှစ်ယောက်ထားခဲ့ဖူးတယ်…သဘောထားခြင်းအကြောင်းခြင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြတာပါ…နင့်ကိုငါ့ဓူဝံကြယ်လေးလိုသဘောထားတယ်…ခုနှစ်စင်ကြယ်တွေ ဆုံးသွားရင် ဓူဝံကြယ်လေးကိုတွေ့ရလိမ့်မယ်လေ…နင်ဟာငါ့ရဲ့ ဓူဝံကြယ်လေးပါပဲ…”” ထိုသို့ပြောတော့ ကောင်မလေးက သွဲ့သွဲ့ပျောင်းပျောင်းရယ်သည်။ ““ အဲဒါ နင်ရေးခဲ့တဲ့ ဝတ္တုတစ်ပုဒ်ထဲက ဒိုင်ယာလော့ခ်တွေပဲ ”” တဲ့။ ကျွန်တော့်ဝတ္တုတွေကိုဖတ်ဖူးသော သူမက ထိုသို့ပြန်လည်တုံ့ပြန်ပါသည်။ ကျွန်တော်ချစ်သောကောင်မလေးသည် အဲသလိုဖြစ်သည်။ ကမ္ဘာခေတ်အဆက်ဆက်တိုင်အောင် ငါချစ်သွားမယ်ကောင်မလေးရေ…။ ဇွန်လသည် သူရွာသွန်းရမည့်မိုးရေစက်များကို ဝတ္တရားမပျက် ကြဲပက်ချနေခဲ့သည်။
(ဂ)
ဘဝဆိုတာ အလှကဗျာမဟုတ်ပါ။ မိုးရေစက်တွေကြားမှာ ကျွန်တော်လမ်းလျှောက်နေပါသည်။ လမ်းခွဲများက ပေါများလှချေသည်။ မိုးဥတုသည် ကျွန်တော့်ဒိုင်ယာယီထဲတွင် ပရမ်းပတာပင် ရွာသွန်းနေခဲ့သည်။ မိုး…..ချစ်သောမိုး….. ထိုသို့ဖြင့်…စံပယ်တွေဝေသည်… ထိုသို့ဖြင့်…စံပယ်တွေကြွေသည်…။ကောင်းကင်က သူရဲ့မာယာစနက်တံကို မီးရှို့လိုက်သောအခါ ပေါက်ကွဲသံတဂျိန်းဂျိန်းဖြင့် ကျွန်တော်သေသည်။
(ဇာတ်ဝင်ခန်း)
အားလုံး နေသားကျသွားပါပြီ…
အားလုံး နေသားကျသွားခဲ့ပါပြီ…။
(ဃ)
ဒီစာကိုရေးပြီးတဲ့အချိန်မှာ မိုးတွေမိပြီး တစ်ကိုယ်လုံးစိုရွှဲကာ ကျွန်တော်ဖျားသည်။ သုညတစ်လုံးကိုတော့ တစ်နေ့မှာ““တစ်””ဖြစ် လာလိမ့်မည်ဟူသော မျှော်လင့်ချက်ထူထူထဲထဲဖြင့် လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားဆဲ…။ ။
ဥက္ကာကိုကို(သံတွဲ)
၃ဝ ၊ ဇူလိုင် ၊ ၂၀၀၉။
Post Views: 142