မောနင်းနဲ့မောမောင်း အပိုင်းနှစ် (မောမောင်းသို့အပြောင်း)
“မောနင်း………မောမောင်း…………..”(အပိုင်းနှစ်)
(မောမောင်းသို့အပြောင်း)
^^^^^^^^^^^^^^^^^^^^ *^^^^^^^^^^^^^^^^^^^^^*^^^^^^^^^^^^^^^
ကျနော်တို့အိမ်ထောင်သက် ငါးနှစ်လောက်အထိ မောင်ဗမာစက်ဘီးအပြာလေးနဲ့ပါဘဲ။
နှစ်ယောက်ပေါင်းတစ်စီးပေါ့။
မနက်ဆိုအိမ်က အတူထွက်။
လက်ဖက်ရည်သောက်ပြီးတော့လမ်းခွဲ။
ညနေကျတော့ မဒမ်ပေါက်က ကျနော်ကို လာကြို။
အိုကေလို့ပါဘဲ။
ခက်တာက မောင်ဗမာမိန်းမစီးစက်ဘီးတာယာ ရှားတာပါဘဲ။
ကုန်သွယ်ရေးကလဲထုတ်မပေး။
ထုတ်ပေးပြန်တော့လဲ တိုက်ဆွေးဗိုက်နာဆိုတော့ ခဏလေးနဲ့တာယာကွဲ။
အတော်လေးကို ခက်ခဲ ခဲ့ပါတယ်။
အဲဒီအချိန်မှာ ငွေစက္ကူကို တရားမဝင်ကြေငြာလိုက်တာကစလို့ 8888 အရေးအခင်းဖြစ်ပါတယ်။
အဲတော့ အတော်များများ စီးပွားပျက် စားရေးသောက်ရေးခက်ပေါ့။
ကျနော်သူငယ်ချင်းတစ်ယောက်ကလဲ ငွေရေးကြေးရေးအ တော်လေးအခက်အခဲဖြစ်သွားပါတယ်။
သူ့ မိချောင်းဘီးအနက် ကလေးကို ဇွတ်ရောင်းပါတယ်။
ကျပ်သုံးထောင့်ငါးရာလောက် တန်တဲ့ စက်ဘီးကို သုံးထောင်နဲ့ပေးတာပါ.
ကျနော်ကလဲ မောင်ဗမာဘီးကို စိတ်ပျက်နေချိန်ဆိုတော့ ငွေစုစာအုပ်လေးထဲကငွေကိုထုတ်
ပြီး ဝယ်လိုက်ပါတယ်။
သူ့ကိုလဲ ကူညီတဲ့သဘောလဲပါ ပါတယ်။
တစ်သက်လုံးလက်ကိုင်အဖြောင့်နဲ့ မောင်ဗမာဘီးကိုစီးလာရာကနေ လက်ကိုင်အကွေးလေးနဲ့
မိချောင်းဘီးလေးဆိုတော့ ဂိုက်ပေးလို့ကောင်းသပေါ့။
အဲဒီဘီးလေးကလဲ သခင်မချစ်ပါဘူး။
ဝယ်ပြီး နှစ်လလောက်ဘဲစီးလိုက်ရပါတယ်။
မဒမ်ပေါက် တရုပ်တန်းဈေးအသွား ဘုရားပန်းဝယ်နေတုန်း သူခိုးလက်ပါသွားပါတယ်။
လက်ထဲမှာတော့ စက်ဘီးသော့လေးဘဲကျန်ခဲ့တာပေါ့။
ရဲစခန်းသွားတိုင်တော့လဲ တိုင်တိုင်ဘဲရှိ။
ပြန်မရပါဘူး။
အဲဒီအချိန်မှာ စိုင်းထီးဆိုင်ရဲ့ ဘီးနံပါတ် အိုကေ 0111 L သီချင်းလေးက ရင်ထဲရောက်ရောက်လာပါတယ်။
ဟတ်ထိတဲ့စာသားလေးကတော့
“ငါတို့ဘီးလေးများလား အပြေးအလွှားကြည့်မိတယ်…………………………..”
အဲဒါနဲ့ အိမ်ကျန်တဲ့ပိုက်ဆံလေးကို စုဆောင်းပြီး စက်ဘီးတစ်စီးထပ်ဝယ်ရပါတယ်။
မဝယ်လို့လဲမရဘူးလေ။
မောင်ဗမာဘီးလေးကို ငါးရာနဲ့ ရောင်းပစ်လိုက်လို့ပါ။
အိမ်မှာရှုပ်နေလို့ရောင်းရတာပါ။
ထားစရာနေရာမရှိတော့ နှမျောပေမယ့်လည်း မတတ်နိုင်။
အဲဒီအရေးအခင်းပြီးတဲ့ကာလမှာ မြန်မာမြေကို တရုပ်ပြည်ဘက်ကစက်ဘီးတွေစလွှမ်းလာပါပြီ.။
ဆိတ်ငါးကောင် ဆိုတဲ့စက်ဘီးခေတ်စားချိန်ပေါ့။
ဈေးကလဲ အတော်လေးသင့်တင့်ပါတယ်။
1800ကျပ် 2000ကျပ်လောက်ဆို အသစ်တစ်စီးရတာကိုး။
ကျန်တဲ့ မိချောင်းဘီးတို့ ဘတ်တာဖလိုင်းတို့ဆိုရင်လေးထောင်ပါတ်ဝန်းကျင်။
ပန်းတွေနဲ့ဝေက ငါးထောင်ကျော်ကျော်ခြောက်ထောင်နီးပါး။
အဲဒီ တရုပ်ဘီးလေးကို စီးနေရင်းနဲ့ နောက်တော့ပိုက်ဆံစုပြီး ပန်းတွေနဲ့ဝေ
စက်ဘီးလေးတစ်စီးထပ်ဝယ်လိုက်ရပါတယ်။
အဲဒီအချိန်မှာ ရလေးစပုတ်ဆိုတဲ့ ဂီယာဘီးလေးက ခေတ်စားလာပြန်ပါတယ်။
စက်ဘီးလေးစီးသွားရင် လူကလဲကြွကြွရွရွ ဂီယာခွေးသွားစိတ်သံလေးက တတစ်တစ်နဲ့
ဆိုတော့ စီးနို်င်သူတွေ ဂိုက်ပေးကြမ်းခဲ့တဲ့ကာလပေါ့။
ဈေးကလဲသောင်းကျော်တော့ ကျနော်တို့လို လခစားသမား ဘယ်စီးနိုင်မလဲနော်။
ကျနော်သူငယ်ချင်းတစ်ယောက်ကတော့ အတော်လေးကို လိုချင်စိတ်ပြင်းပြတော့
စစခြင်း ဂီယာအုံလေးဝယ်။
နောက်ချိန်းနဲ့ခြေနင်းတံဝယ်။
လက်ကိုင်ဝယ် ဘီးဝယ် ဆင်စွယ်ဝယ်နဲ့ တစ်ခုခြင်းခွဲဝယ်ပြီး ဘီးတစ်စင်းရအောင်
စိတ်ရှည်လက်ရှည်နဲ့ ဖြစ်အောင်လုပ်သွားပါတယ်။
အံ့စရာ ဇွဲကတော့ ဩချလောက်ပါတယ်။
နောက်တော့ တရုပ်စက်ဘီးလေးတွေက ဈေးသက်သာတော့ လူတိုင်းနီးပါးလောက်စက်ဘီးစီးနိုင်တဲ့ အနေအထားကို ရောက်လို့လာပါတယ်။မန်းလေးမှာ မီးမကြာခဏလောင်တော့ အိ်မ်အသစ်တွေဆောက် ကန်ထရိုက်တိုက်ခန်းတွေ အများကြီးဆောက်လာတဲ့ အခါမှာ ဆောက်လုပ်ရေးလုပ်ငန်းက တွင်ကျယ်လို့လာပါတယ်။ ဒီဆောက်လုပ်ရေးလုပ်ငန်းမှာ မရှိမဖြစ်လူတန်းစားဖြစ်တဲ့ ပန်းရံခံကြွေးတွေက မြို့သစ်မှာနေကြတာများပါတယ်။
နောက်မြို့သစ်မှာ နေလို့ မြို့ထဲကို နေ့စဉ်သွားလို့အလုပ်လုပ်ကြတဲ့ သူတွေမှာ ဘတ်စကားကိုအားမကိုးဘဲ စက်ဘီးကို နေ့ပေးနဲ့ ငှားစီးကြပါတယ်။
တရုပ်စက်ဘီးတွေပေါ်လာတဲ့အခါမှာတော့ မြိုသစ်နေသတော်တော်များများက စက်ဘီးကိုယ် ကိုယ်ပိုင်ဝယ်လို့ စီးလာနိုင်တဲ့လူများလို့လာပါတယ်။
ဒါကြောင့်လဲ မနက် (7)နာရီကျော်ပြီဆိုတာနဲ့ သိပ္ပံလမ်းပေါ်မှာ စက်ဘီးတပ်ကြီးက မန်းလေးမြို့ထဲကို လုပ်ငန်းခွင်ဝင်ဘို့ ချီတက်လာလိုက်ကြတာ လမ်းအပြည့်ပါဘဲ။
မနက်ပိုင်းမှာဆိုရင်တော့ ရန်ကုန်မန်းလေးလမ်းမကြီးဖြစ်တဲ့ 78လမ်းမပေါ်မှာ လုပ်ငန်းခွင်ဝင်ကြတဲ့ စက်ဘီးတွေနဲ့ပြည့်နှက်နေသလို ညနေစောင်းဆိုရင်လဲ
အိပ်တန်းပြန် စက်ဘီးငှက်ကလေးတွေက လမ်းအပြည့် ဆိုတာကတော့ မန်းလေးမြို့ရုံးပိတ်ရက် ဥပုဒ်နေ့ကလွဲရင် မြင်နေကြ မြင်ကွင်းလေးပါ။
ကျနော်ကိုယ်တိုင်လေး စက်ဘီးလေးနဲ့ လမ်းပေါ်မှာပြေးလွားနေခဲ့တာ 1999ခုနှစ်ထိပါဘဲ။
အဲဒီနှစ်မှာ မြို့သစ်ထဲကိုပြောင်းနေပါတယ်။
မြို့သစ်ကနေ မြို့ထဲက 27လမ်းကို စက်ဘီးနဲ့အလုပ်လာရတာအဆင်မပြေပါဘူး။
အချိန်လဲကုန်လူလဲပန်းပါ။
အဲဒီမှာ ကျနော့် ဆရာက ကျနော်ကို စူပါကပ်ခိုပြာလေးတစ်စင်းဝယ်ပေးပါတယ်။ တကယ့်ကိုဆိုင်ကယ်အစစ်ပါဘဲ။
အလုပ်ဆိုင်က ကယ်တင်လို့ဝယ်ပေးတာကိုးဗျ။
မန်းလေးမှာ အရင်က ဆိုင်ကယ်စီးနိုင်တယ်ဆိုတာ ပိုက်ဆံတတ်နိုင်ရုံတင်မကဘူး စီးတတ်ဘို့လဲလိုပါသေးတယ်။
ဆိုင်ကယ်က စက်တပ် ်ပစ္စည်းဖြစ်နေတော့ စီးတတ်ဘို့ဆိုတာက အတတ်ပညာလဲပါတယ် ကြံ့ခိုင်ဘို့လဲလိုတယ်လေ ဆိုင်ကယ်ကြီးတွေ အကြီးကြီးတွေကိုဗျ။
အဲဒီတုန်းကတော့ နာမယ်အကြီးဆုံးကတော့ ဒုတိယကမ္ဘာစစ်လက်ကျန်အမွေဖြစ်တဲ့ BSA ဆိုင်ကယ်တွေပါဘဲ။
(အခုခေတ်မှာတောင် ရှိပါသေးတယ် သူ့ကို သံမြင်းကြီးတွေ လို့ တင်စားထားကြပါတယ်။
ဆိုင်ကယ်နဲ့ ပါတ်သက်လို့ မန်းလေး မှာအထူးခြားဆုံးလို့ပြောရရင် ဝင်းဦးနဲ့ စံရှားတင်တို့ ပါတဲ့ (မောင်မောင် နဲ့သိင်္ဂီ)
ဆိုတဲ့ရုပ်ရှင်ကားထဲမှာ ပြင်ဦးလွင်နဲ့ မန်းလေး အသွားလမ်းပေါ်မှာ မန်းလေးကို ဆိုင် ကယ်သူရဲကောင်းတွေနဲ့ ဝင်းဦးပေါင်းလို့ ဆိုင်ကယ် အစီးရေ 80 လောက်နဲ့ရုပ်ရှင်ရိုက်ပြသွားတာကို ခုချိန်ထိပြောစမှတ်ပြုနေကြတုံးပါ။
နောက် 1978ခုနှစ်လောက်မှာတော့ အရင် ကလပ်ဘီးလို့ ခေါ်တဲ့ ဆိုင်ကယ်အကြီးကနေ ဂီယာသုံးချက်ဘဲ ပါတော့တဲ့ စီးရလွယ်ကူတဲ့ စူပါကပ်လို့အမည်တွင်တဲ့ မီးခွက်အဝိုင်းလေးနဲ့ အင်ဂျင်ပါဝါ 70ဆိုတဲ့ ဂျပန်လုပ် ဟွန်ဒါဆိုင်ကယ်လေးတွေပေါ်လာပါတော့ တယ်။အဲဒီဆိုင်ကယ်ကလဲ အခုခေတ်လို ရောင်းဂီယာလို့ခေါ်တဲ့ ဂီယာကိုရှေ့ဆက်နင်းသွားရင ်နောက်ဆုံးမှာ “ဖရီးဂီယာ” ကိုရောက်သွားတဲ့အဆင့်ကို မရောက်သေးပါဘူး။
နောက်ကို တစ်ချက်ခြင်းနင်းပြီးဖြုတ်မှ “ဖရီးဂီယာ” ရောက်တဲ့ စနစ်ဘဲရှိပါသေးတယ်။
ဒါပေမယ့်လဲ အဲဒီတုန်းက လူတိုင်းမစီးနိုင်သေးပါဘူး။
နောက်တော့ မှ စူဇူကီးတို့ ယာမာဟာတို့ကပေါ်လာပါတဲ့။
စူပါကပ်တွေသိပ်ခေတ်မစားခင်မှာ ကလပ်ဘီးတွေဖြစ်တဲ့ ဂျာဝါးတို့ ကာဝါစကီတို့ကလဲ အင်ဂျင်သံလေး တတုတ်တုတ်ပေးလို့ လူတွေကိုမြူဆွယ်ခဲ့ပါသေးတယ်။
ဟွန်ဒါ90ဆိုတဲ့ ဘဲခေါင်းစိမ်းမီးခွက်အဝို်င်းလေးတွေပြေးလွှားနေတာကို ွမန်းလေးရဲ့လမ်းမများပေါ်မှာ တွေ့ရပါတော့တယ်။
နောက်ပိုင်းမှာ တော့ ရွှေမန်းသူရွှေမန်းသားတွေက စက်ဘီးနေရာမှာ မီးခွက်လေးဒေါင့်ရွှေရောင်ဟွန်ဒါစူပါကပ်ကလေးတွေနဲ့လမ်းသလားပါတော့ တယ်။မကြာခင်အချိန်လေးအတွင်းမှာဘဲခိုပြာ ဇီး အစိမ်းပုတ် ကျောက်စိမ်းကနေ ခဲရောင် တရောင်ပြီးတရောင်ပြောင်းလို့ ဆိုင်ကယ်ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲကြပါတယ်။
အဲဒီအချိန်မှာ သူ့လောက် ဈေးမရှိတဲ့ ယိုးဒယားဘက်က ဝင်လာတဲ့ ဒရင်းမ်(အိပ်မက်)လို့ အမည်တွင်တဲ့ ဖင်ထိုင်ခုံအရှည်နဲ့ဂီယာလေးချက် နဲ့ အင်ဂျင်ပါဝါ 110 ရှိတဲ့ဆိုင်ကယ်တွေဝင်လာပါတယ်။
ဒီဒရင်းမ်တွေပေါ်လာတော့ လူတော်တော်များများဆိုင်ကယ်ကိုလက်လှမ်းမှီလာသလို လူငယ်တော်တော်များများကတော့ မြင်းနဲ့တူတဲ့ ယာမာဟာဆိုင်ကယ် ဒိုလို့ အမည်တွင်တဲ့ အင်ဂျင်ပါဝါ 125 ရှိလို့ လေထဲမှာ မြောက်တက်သွားမလောက်ကို ဆွဲအားကောင်းတဲ့ ဆိုင်ကယ်တွေ ကိုမက်မက်စက်စက်စီးနေကြတာ အခုတိုင်ပါဘဲ။ဂျပန်ဖြစ် ဆူဇူကီးဆိုင်ကယ်ကတော့ မြန်မာပြည်ဈေးကွက် ကိုမတိုးနိုင်ပါဘူး။
လူမကြိုက်တဲ့အချက်ကတော့ အဲဒီဆိုင်ကယ်က ဓါတ်ဆီထဲမှာ 2T လို့ခေါ်တဲ့စက်ဆီတမျုးိထည့်မှ စီးလို့ရတော့ အလုပ်ရှုပ်တယ်ဆိုပြီး အသုံးနည်းတာပါ။
ဒီနောက်မှာတော့ တရုပ်ပြည်ကနေ မြန်မာပြည်နယ်စပ်ကို တောလမ်းကနေတစ်ဆင့်ဝင်လာတဲ့ ဝစ်သောက်လို့ ခေါ်တဲ့ ဆိုင်ကယ်မျိုးစုံရောက်လာတဲ့အခါမှာလူတိုင်းနီးပါးလောက် ဆိုင်ကယ်နဲ့ဖြစ်ကုန်ပါတယ်။
လူတိုင်းနီးပါးလောက် လက်ထဲမှာဝစ်သောက်ဆိုင်ကယ်တွေရှိနေတဲ့အချိန်မှာ ပေါက်တဲ့နဖူး မထူး ဆိုတဲ့ စကားပုုံလို ဒီတရုပ်ဆိုင်ကယ်တွေကို တရားဝင်ဖြစ်အောင်အခွန်ဆောင်လို့ လမ်းဖွင့်ပေးလိုက်တဲ့အချိန်ကစလို့ စက်ဘီးမြို့တော် မန်းလေးဟာ ဆိုင်ကယ်ရွှေမြို့တော်ကြီးအဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။
အခုအချိန်မှာတော့ ဟွန်ဒါဆိုတဲ့ ဂျပန်ဆိုင်ကယ်တွေနေရာမှာ ဟွန်ဒါပုံစံ အဘိုးကြီးစီး(ဂျာလင်းတို့ ဟိုင်းဘတ်)တို့လိုနာမယ်အစုံနဲ့တရုပ်ဆိုင်ကယ်တွေ။
သူဘာသာသူ ပေးချင်တဲ့နာမယ်ပေးခဲ့ နာမယ်ပြောင်းပေးရာမှာ အလွန်တော်တဲ့မြန်မာလူမျိုးများကတော့ ရုပ်ဆိုးတို့ ဆိတ်ခေါင်းတို့ ပုစင်းခေါင်းတို့ ငါးရိုးတို့ ဆိုင်ကယ်ပုံစံကို ကြည့်ပြီးအမည်ပေးလို့ မန်းလေးသူ မန်းလေးသား အပါအဝင် မြန်မာပြည်သားတို့ ရဲ့ဖင်အောက်ကို ဒီဆိုင်ကယ်တွေရောက်လို့ လိုရာခရီးကို အရောက်နှင်ကြပါတော့တယ်။
ဂီယာဘာညာ သာရကာတွေ နားမလည်သူများအတွက် ကတော့ လီဘာတစ်မျုးိတဲ့ပါတဲ့ “ဖီနို်”ဆိုင်ကယ်၊
အခုတော့ “ကလစ်”တဲ့။
စက်တပ်ယာဉ်မစီးချင်သူများအတွက်ကလဲ ဘက်ထရီဆိုင်ကယ်တွေ ကလဲ အလုအယက်နဲ့ဝင်လာပါတယ်။
ပုံမှန်ကြိုက်သူများအတွက်ကတော့ ရှေးရိုးရာမပျက် စူပါကပ်ပုံစံ ဆိုင်ကယ်နာမယ်ဆို ရောင်စုံ
အလှအပကြိုက်သူများအတွက် နဲ့ ချစ်သူများအတွက်ကတော့ နာမယ်မျိုးစုံပေးထားတဲ့ ထိုင်ခုံဖင်ရှည် ဒီဇိုင်းစုံ
အမြန်ကြိုက်သူများအတွက်ကတော့ ဂီယာခြောက်ချက်နဲ့ နတ်ပြည်ကိုတက်ရင်းငရဲပြည်ကိုလမ်းမှားရောက်သွားနိုင်တဲ့အင်ဂျင်ပါဝါအမြင့်နဲ့ကလပ်ဘီးတွေ
အဆန်းကြိုက်သူများအတွက်ကတော့ ဘော်ဒီကြီးကြီး ခပ်ထွားထွား ခပ်ကြွားကြွားနဲ့ ဆင်ပေါ်တက်ထိုင်ရသလိုခံစားရမယ့်
ထရပ်ကာလို့ ဆိုင်ကယ်မျိုးစုံ ကမြန်မာပြည်သူပြည်သားများအတွက် စူပါကော်ဖီမစ်ထက်သာတဲ့ ဝန်ဆောင်မူ့တွေ ပေးထားကြပါတယ်။
အခုအချိန်မှာတော့ သမီးရီးစားများ လမ်းပေါ်မှာသွားရင် နောက်ကနေခါးဖက်ထားဘို့ ကျနော်တို့ခေတ်ကလို တိုက်တွန်းစရာမလိုပါဘူး။
နောက်ကထိုင်နေတဲ့ကောင်မလေးက ရှေ့ကဆိုင်ကယ်မောင်းနေတဲ့ကောင်လေးရဲ့ကျောကို အရာထင်အောင် တံဆိပ်ကပ်နှိပ်လို့ လွတ်မသွားအောင် အရမ်းဖက်ပြီး ဝန်ဆောင်မူ့တွေပေးတာကို လမ်းပေါ်က မထူးဆန်းတဲ့မြင်ကွင်းပါ။
ဟိုအရင် က စက်ဘီးစီးလို့ ခြေသလုံးလေးပေါ်တာကို ကဗျာဆန်လှချည့်ရဲ့လို့ဆိုပြီးခိုးကြည့်ရတဲ့ခေတ်က အတိတ်မှာကျန်ခဲ့ပါပြီ။
ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်တိုတို ပေါင်ရှည်ရှည် မီးမီးလေးတွေက စကပ်တို ဘောင်းဘီတိုလေးတွေနဲ့ လေလာရင်အေးအောင်လေညှင်းခံသလို ဆိုင်ကယ်ကိုယ်တိုင်စီးတာ နောက်ကထိုင်လိုက်သွားတာက တော့ 2010 ဆိုင်ကယ်ယဉ်ကျေးမူ့အသစ်ပါ။
ရှေးရှေးတုံးက အမှတ်တမဲ့ လက်မြောက်လိုက်လို့ ပေါ်သွားတဲ့ မမြင်သာ မြင်သာခါးသားဝင်းဝင်းလေးတွေက ခိုးကြည့်ရတယ်ဆိုတာ ပုံပြင်လေးဖြစ်သွားပါပြီ။
ဆိုင်ကယ်ပေါ်မှာထိုင်လိုက်သွားတဲ့ကလေးမလေးများက” လူလူခြင်းဘဲ မထူးဆန်းဘူး” ဆိုတဲ့တရားကို အသံတိတ်ပြသလိုမျိုး ပြထားကြတဲ့ ခါးဖော် ဖင်ပေါ် ဝတ်ထားတဲ့ ဘောင်းဘီးအရောင်တို့ တံဆိပ်တို့ကို ကြည့်ချင်ကြည့် မကြည့်ချင်နေဆိုပြီး နေကြတာကလဲ ခေတ်ရေစီးပါဘဲ။
အခုတော့ မန်းလေးသားတွေနေတတ်သွားပါပြီ။
ဒါမျိုးလေးတွေမြင်စကတော့ “ဘာလဲဟ” ဆိုပြီး အပြစ်တင်သလိုလိုနဲ့ ရှိုးကြပါတယ်။
အခုတော့လဲ ရိုးသွားပါပြီ မလှရင်မသိသလိုနေပြီး အလန်းဇယားလေးတွေကိုမြင်မှ အားပေးမယ်လို့ စိတ်ဖြတ်နိုင်လောက်အောင် သမာဓိအာားကောင်းလာကြပါပြီ။
ဟိုနေ့က နာရေးတစ်ခုမှာထို်င်ကြရင်းမန်းလေးတောင်ကိုစက်ဘီးနဲ့တက်တဲ့
အဖွဲ့နဲ့ဆုံတော့ စကားတွေပြောဖြစ်ကြပါတယ်။
သူတို့စီးတဲ့ တောင်တက်ဘီးကလေးငါးပုံးတန်လောက်က မော်ဒယ်နိမ့်ပါသတဲ့၊ ဆယ်ပုံးလောက်ဆိုရင်အသင့်အတင့်ပါတဲ့။
တကယ်ကောင်းတာက ပုံးသုံးလေးဆယ်တောင်ကျော်ပါသတဲ့။
ဘရိတ်တံလေးတစ်ချောင်းကောက်သွားလို့ရှာဝယ်တာ တစ်သိန်းနဲ့မနဲဆစ်ရပါသတဲ့။
ဒီအသံတွေကြားတော့ “မောနင်း” ဆိုရင်တောင် မှ ဈေးမသေးဘူးလို့တွေးမိပြန်ပါတယ်။
အရင်ကဂျစ်ပုလေးတွေခေတ်စားတုန်းကလဲ ဘာမှန်းမသိတဲ့သီချင်းကို တဒုန်းဒုန်းဖွင့် လို့လမ်းပေါ်ပြေးခဲ့တာကလဲတစ်ခေတ်။
ဟော ရှေုးတုန်းက ချက်ဗလက်လိုကားအိုကြီးတွေကို ဟိုပြောင်းဒီပြောင်းနဲ့သက်တမ်းတိုးတုန်းလေးသာ
အမှန်အကန်ထားလို့ လမ်းပေါ်မှာပြေးလွှားနေတာကလဲတစ်ခေတ်။
ဟောသူနောက့်မှာတေ့ာ စက်မူ့ဇုန်ထုတ်ကားတွေနဲ့ဂိုက်ပေးခဲ့ကြတာကလဲတစ်ခေတ်။
ဟောအခု2012မှာတော့ ခေတ်ကြီးကပြောင်းသွားပြန်ပါပြီ။
ကားအဟောင်းတွေကို ဖျက်သိမ်းလို့ လက်ခံ သံရည်ကျိုစက်ပို့။
ကားအသစ်တွေကို တင်သွင်းခွင့်ပေးလို့ ကားကောင်းတွေ မန်းလေးမြို့ထဲကိုရောက်လာပြန်ပါပြီ။
နာမယ်အပေးကောင်းတဲ့ ကျနော်တို့ ရွှေမြန်မာတွေကြားမှာ
အရင်က ပြောခဲ့ကြတဲ ဆပ်တို့ ကျွဲတို ့ ပရာဒိုတို့ ဖင်ကောက်တို့ဖင်လုံးတို့နေရာမှာ
ရွှေငါးတို့ မျက်ပြူးတို့ ဖားပြုတ်တို့ချယ်ရီဝက်ဂွန်းတို့ 6ဂ 7ဂတို့ ကိုကျော်လွန်လို့
1ဃတို့ 2ဃတို့ စီးတဲ့ခေတ်ရောက်လာပါပြီ။
ဒါပေမယ့် ကျနော်နဲ့ကားကတော့ မနီးစပ်သေးပါဘူး။
အဲတော့ နေပူလေပူမှာ ဆီအစားလဲသက်သာ ဟိုတိုးဒီခွေ့နဲ့လိုရာခရီးပို့ပေးနိုင်တဲ့
စူပါကပ်ကလေးကိုဘဲစီးတော်မြင်းလုပ်လို့ ပြေးနေပါအုံးမယ်။
ခက်တာက ဆိုင်ကယ်တွေက မန်းလေးမှာပေါမှပေါ။
ဆိုင်ကယ် တင်ပေါသလားမမေးနဲ့။
စီးတဲ့လူကလဲပေါမှပေါ့။
လမ်းကကျဉ်းကျဉ်း ယာဉ်ကများများ။
စည်းကမ်းမဲ့တာကလဲအတော်များများ။
အရင်က လမ်းပြောင်းပြန်စီးလာတဲ့သူက မဝံ့မရဲ။
အခုများတော့ ပြောင်းပြန်စီးတဲ့ကောင်က ခပ်တင်းတင်းပါဘဲ။
တိုက်ရဲရင် ဝင်တိုက်သွား.ဆိုတဲ့မိုက်ကယ်ပုံစံနဲ့။
ရှေ့ကသွားနေရင်းအချက်မပြဘဲကွေ့လိုကွေ့။
လမ်းအကွေ့အရှိန်မရှော့ဘဲ လမ်းလယ်ခေါ်င်ရောက်အောင်ဇွတ်ကွေ့။
အကြိုအကြားထဲကနေဇွတ်ထွက်လိုထွက်ဆိုတော့
အသက်ဖက်နဲ့ထုပ်ပြီး ဆိုင်ကယ်မောင်းရတော့။
ဆူိုင်ကယ်စီးရတာကလဲ လူကို မူးနေအောင်မောပါတယ်။.
မောနင်းဘဝကလွတ်တော့ မောမောင်း ဘဝရောက်နေပြန်ပါတယ်။
အင်းဒီတစ်ခါတော့ သိန်းငါးရာပေါက်ရင် ကားစီးလို့ ရပြီထင်ပါရဲ့။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(26-3-2012)
23 comments
water-melon
April 1, 2012 at 8:27 am
ရလေးစပုတ်တစ်စီးတော့ အိမ်မှာရှိသေးတယ်
ပြစ်ထားလို့ စုတ်တောင်စုတ်နေပြီ
ဆိုင်ကယ်တွေကတော့ ပြောမနေနဲ့တော့
ထီပေါက်ရင် Tricker တစ်စီးလောက်ဝယ်အုန်းမှ ဟီဟီ
မနေ့က ဆိုင်ကယ်တိုက်လို့ စိတ်တိုနေတာ
ညံလိုက်တဲ့ငါ 😀
kai
April 1, 2012 at 8:34 am
ထီဆိုလို့ပါ…
ထီဖွင့်တာဗျာ.. ကမ္ဘာ့ထီရာဇဝင်မှာ.. ကြေးအများဆုံးကြီးဖွင့်သွားတယ်..
ဒေါ်လှသန်း ၆၅၆တဲ့..
အောင်မလေးဗျ…။ 😆
Three winning tickets sold in record $656 million US lottery
Reuters –
By David Beasley | ATLANTA (Reuters) – The largest lottery jackpot in US history – a whopping $656 million – will be shared by the buyers of three winning Mega Millions tickets in Illinois, Kansas and Maryland – but their identities remained a mystery, …
ကိုပေါက်(မန္တလေး)
April 1, 2012 at 8:58 am
ဒေါ်လှ 656 သန်းနဲ့ မြန်မာပြည်က သိန်းတစ်ထောင် သိပ်တော့ကွာပါဘူးဗျာ.။
ဒါပေမယ့်လည်း ဒီက တစ်စောင်မှ 300ကျပ်ထဲပေးရတာလေဗျာ။
kai
April 1, 2012 at 9:01 am
ကိုပေါက်ကလည်း.. ဒီက(မြန်မာပြည်ကဆို. ဟိုက) တစ်စောင် ၁ဒေါ်လာပဲပေးရတာပါ..
၈၂ဝကျပ်ပေါ့.. 🙂
နောက်ဆို.. ရွာသူားတွေကိုယ်စား.. ထိုးပေးဦးမယ်…
windtalker
April 1, 2012 at 9:21 pm
တစ်ကယ်ပေါက်လို ့တစ်ကယ်ပေးမှာဆိုရင် ( မှတ်ချက် သဂျီးကို မဟုတ် ၊ ထီဌာန ကို )
အနော့်အတွက် ဆယ်စောင်လောက် လစဉ် ထိုးပေးစေချင်တယ်ဗျို ့
သဂျီးရေ ဆယ်စောင်ဖြတ်ဗျာ
water-melon
April 1, 2012 at 9:07 am
တကယ်လား သူကြီး
သားနာမည်နဲ့ထိုးပေး
သမက်လေးနာမည်နဲ့
သားကကံကောင်းတယ် ဒယ်ဒီကီ
ဦးဦးပါလေရာ
April 1, 2012 at 9:13 am
ရှေးဟောင်းနှောင်းဖြစ်လေးတွေဖတ်ရတော့
ဟိုခေတ်က မောင်ဗမာစက်ဘီး အပြာလေးတွေအကြောင်းပွားဦးမယ်။
ကိုပေါက်ပြန်ရောင်းလိုက်တဲ့ဘီးမျိုးပေါ့။
အဲဒီဘီးမှာ အားနည်းချက်တွေအရမ်းများတယ်။ ဒါပေမယ့် အားသာချက်တမျိုးရှိတယ်။ အရမ်းပေါ့တာ။
ကျွန်တော် ရာလေးအဟောင်းကြီးနင်းရတာ လေးလွန်းလို့ အဲဒီတုန်းက အစိုးရကုန်တိုက်တခုက မောင်ဗမာတစီး သွားဆွဲဘူးတယ်။
အိမ်ရောက်တော့ တစစီအကုန်ဖြုတ်၊ ဘောတွေအကုန်လဲ၊ ဂွေကို ကိုယ်တိုင်စိတ်ကြိုက် စပုတ်တင်းတင်းလေးဆွဲပြီးချိန်၊ တာယာကျွတ်အကုန်လဲပြီး လေတင်းတင်းထိုးစီးတာ။ ပေါ့လိုက်တာ လွင့်နေတာပဲ။ အဲဒီတုန်းက မြောက်ပြင်နဲ့မြို့သစ်လောက်ကို စက်ဘီးနဲ့သွားတာဆိုတော့ ပေါ့မှတော်ရုံကျတာလေ။
ကိုပေါက်(မန္တလေး)
April 1, 2012 at 9:36 am
နောက်ရှသေးတယ် ကိုပါရေ
မောင်ဗမာစက်ဘီးဆင်စွယ်က ဖြောင့်နေတာ အဲတော့အမှတ်တမဲ့ ကွေ့လိုက်ရင် လက်ကိုင်နဲ့ထောက်ပြီး
လဲတာ ခဏခဏ။
TTNU
April 1, 2012 at 10:01 am
ကိုပေါက်ရေ
ကယ်ရီယာ မပါတဲ့ဘီးစီးချင်တာလည်း မင်းပဲမဟုတ်လား။
MaMa
April 1, 2012 at 11:17 am
ကိုပေါက်ရေ-
ရီစရာတစ်ခုပြောရဦးမယ်။
လူတစ်ယောက်က ဆုတောင်းပြည့်တယ်လို့ လူပြောများတဲ့
ညောင်ပင်က ညောင်စောင့်နတ်ဆီမှာ သွားဆုတောင်းတယ်။
ထီပေါက်ပါစေလို့..
အဲဒီတော့ ညောင်စောင့်နတ်က ကိုယ်ထင်ပြပြီးပြောတယ်တဲ့…
ထီပေါက်ချင်ရင် ထီအရင်ထိုးဦးတဲ့ လေ။ 😆
ဒါနဲ့ ကိုပေါက် ဒီနေ့ထီဖွင့်ရက်နော်။
ကိုပေါက်(မန္တလေး)
April 1, 2012 at 2:01 pm
ဟုတ်ပ မမပြောမှသတိရ
ထီမထိုးတာ ကြာပေါ့……………………….
ကိုပေါက်(မန္တလေး)
April 1, 2012 at 2:40 pm
ပျော်ရဲ့လားလို့..ပြိုင်တူမေးပြီးတော့ ရီကြရသေးတယ်……….
ခဏသာကြုံပေ့မယ် မေ့မရဘူးကွယ်
နောင်ကိုလဲ ကျောင်းအားလို့လျှောက်လည်ရင် ကယ်ရီယာမပါတဲ့ဘီးဘဲစီးချင်တယ်…………….
မာမီအဲဒါကျနော်ပြောတာဟုတ်ဘူး စိုင်းဆိုင်မောဝ်ပြောတာ…………………..
ကိုပေါက်(မန္တလေး)
April 1, 2012 at 4:57 pm
ဒီပိုစ်ရေးပြီး နှစ်ရက်မြောက် ညကိုးနာရီခွဲလောက်မှာ ကျနော်က ဆိုင်ကယ်အကွေ့ နောက်ကနေဝင်အောင်းသွားတော့ အခုလောလောဆယ် မောနာ ဖြစ်နေပါ၏.
TTNU
April 2, 2012 at 7:06 am
အဲဒါ မင်းဧပြီ(၁) ရက်နေ့ ပေးရမဲ့ကိစ္စ ပေးလိုက်ရင်
သက်သာသွားမှာ လူကလေးရဲ ့။
ကဲကဲ… အခုမပေးနိုင်သေးလည်း ရှိစေတော့၊
၂၀၁၃ ဧပြီ(၁) ရက်နေ့ ပေါ့။ 😮
ကိုပေါက်(မန္တလေး)
April 2, 2012 at 8:38 am
မာမီ သူ့ဆီကယူထားတဲ့အကြွေးတစ်သိန်းက ဆပ်ထားတာကြာလှပြီ.
သူကမေ့ပြီးလာတောင်းနေတာရယ်။
Mr. MarGa
April 2, 2012 at 11:52 am
အင်းးးးးးးးးး
စက်ဘီး ဆိုင်ကယ်မြို့တော် မန္တလေး
အခုတော့ ဦးမာဃတို့လဲ ဆိုင်ကယ်လေး တဝှီဝှီနဲ့ ဟိုသွား ဒီသွား ဖြစ်နေပြီ။
ဟိုနေ့ကတော့ ပြိုင်ဘီးလေးစီးချင်လို့ ဈေးစုံစမ်းတာ ဆိုင်ကယ်ထက်များနေလို့ လက်ရှောင်နေရတယ်
အဲဒါက မန္တလေးတောင်တက်ရင်းနဲ့ ထမိတဲ့ရောဂါ
pooch
April 2, 2012 at 12:32 pm
ဒါနဲ့ လေးပေါက် အနော့်ဆီက ယူသွားတဲ့ ရွှေငါးလေးရော ဘယ်နေ့ပြန်လာပေးမှာလဲ
ကိုပေါက်(မန္တလေး)
April 2, 2012 at 12:46 pm
အဲဒီရွှေငါးလေးကကြော်ပြီးတော့ ကမ်းကြီးကို တောနဲ့မြည်းခိုင်းလိုက်တာကြာလှပေါ့။
mg mg
April 2, 2012 at 3:53 pm
စက်ဘီးတစ်စီး 1800+2000 တဲ့၊
ခြေသလုံးပေါ်တာခိုးကြည့်တယ် တဲ့၊
ဟောဒီမှာ လေးပေါက်ကြီး လာနောက်နေတယ်ဗျို့။
ပိုက်ဆံတစ်မတ် ကောက်ရလို့ ဝမ်းသာရတဲ့အချိန်လေးပြန်သတိရရင်း အားပေးသွားပါတယ် ကိုပေါက်။
mg mg
April 2, 2012 at 4:15 pm
စက်ဘီးတစ်စီး 1800+2000 တဲ့၊
ခြေသလုံးပေါ်တာခိုးကြည့်တယ် တဲ့၊
ဟောဒီမှာ လေးပေါက်ကြီး လာနောက်နေတယ်ဗျို့။
ပိုက်ဆံတစ်မတ် ကောက်ရလို့ ဝမ်းသာခဲ့ရတဲ့အချိန်လေးပြန်သတိရရင်း အားပေးသွားပါတယ် ကိုပေါက်။
ကိုပေါက်(မန္တလေး)
April 2, 2012 at 5:07 pm
ကိုမောင်ရေ
1800 ကို 200နဲ့မြောက်ကြည့်လိုက်တော့အဖြေရသပေါ့။
စက်ဘီးတန်ဘိုးကျပ် 1800
လက်ဖက်ရည်တစ်ခွက် ကျပ်တစ်ရာ
သက်သာဆိုင်သောက်ရင်ပြားငါးဆယ်။
အဲဒီတုန်းကဈေးနူ-န်း။
အခုလက်ဖက်ရည်တစ်ခွက် အပြင်ဆိုင်မှာဆိုရင် 200-250
သက်သာပါတယ်ဆိုတဲ့ဆိုင်က 150 ကဲ အပျင်းပြေမြှောက်ကြည့်လိုက်စမ်းပါကွဲ့။
Khin Latt
April 3, 2012 at 4:28 am
ကိုပေါက် ရဲ့ ၂ဘီး ဇာတ်လမ်း တွေ ကနေ ၄ဘီး ဇာတ်လမ်းအကြောင်း ကိုလဲ မကြာခင် ရေးနိုင်တော့ မည်ဟု နမိတ်ဖတ်လိုက်ပါတယ် ဗျား။
ပျောက်သွားတဲ့ ဘီးလေးအတွက် စိတ်မကောင်းပါဘူး ကိုပေါက်ရေ။
ကျုပ်တောင် ကြားက နှမြောနေမိသေးရဲ့။
ဒါထက် ဘီးနံပါတ် OK၀၁၂၂L က secret code နော်။ မဟုတ်လား။ 😉
ကိုပေါက်(မန္တလေး)
April 3, 2012 at 9:02 am
ကိုလတ်ရေ
လခစားဆိုတော့ လေးဘီးက ဝေးသေး၏။
မမအကြံပေးချက်အတိုင်းထီအရင်ထိုးလိုက်ပါအုံးမယ်နော်။