“မတောင်းစကောင်း တောင်းစကောင်း ဘယ်ဆုတောင်းပါ့မယ်”

တစ်ရက်ကျနော်တို့ တတွေ ရောက်တတ်ရာရာထိုင်ပြောနေကြတုန်းသန်းလွင်က ပုံပြောမယ်ဆိုပြီးထဖောက်လာပါတယ်။
“မင်းက ငါတို့ကိုပုံပြောပြရအောင်ငါတို့ကလေးမှမဟုတ်တာ ”
လို့ဇော်ကြီးကပြောတော့
” အောင်မာ ကြီးကြီးကျယ်ကျယ် မင်းတို့တစ်သက်လုံးပုံပြောခံရမှန်းမသိ ခံလာရတာ ခုမှ လာကျယ်မနေနဲ့ ”
လို့သန်းလွင်ကြီးက ဇော်ကြီးကိုပြန်ပက်ပါတယ်။
နောက်ဆက်ပြီးတော့ “ငါကမင်းတို့ကို အသစ်တွေချပြမှာပါ “လို့ သန်းလွင်ကပြောတော့
ဇော်ကြီးက ” အင်တာဗျူးခံရတဲ့မင်းသမီးအသစ်လေသံနဲ့မပြောစမ်းပါနဲ့ကွာ စိတ်ကုန်လွန်းလို့ပါ “လို့ဆက်ပြောပါတယ်။
သန်းလွင်ကအမြဲဗရုတ်သုက္ခပြောတတ်တဲ့ကောင်ပါ သူက စပြောရင် တော့အဟုတ်ရယ် နောက်မှပြောရင်းပြောရင်းပေါက်ကရတွေဖြစ်ကုန်တတ်တာ။
” ငါဒီတခါတော့အတည်ပြောမှာပါကွာ ငါလဲသူများပြောတာကြားလာတာ မင်းတို့ကိုပြန်ပြောပြမလို့ “လို့ဆက်ပြောပါတယ်။
နောက်မှသန်းလွင်ကဒီလိုလေးပြောပြပါတယ်။
“တစ်ခါကဆို တစ်ခါကပေါ့ကွာ၊ ကိုဖိုးဘလို့ခေါ်တဲ့လူတစ်ယောက်က
ဘဝမှာအဆင်မပြေတာတွေများလွန်းလို့စိတ်ကုန်ပြီး အဆင်မပြေလွန်းတဲ့လောကကြီးကို ကိုယ့်ဘာသာကိုယ်အဆုံးသတ်ပစ်မယ် ဆိုပြီး ထွက်လာပါသတဲ့။
အစကတော့ရေထဲဆင်းသေမယ်ဆိုပြီး ရေကန်နားရောက်လာတော့ တော်ကြာလုံချည်ကျွတ်ရက်ကြီးပေါ်လာရင်
ရှက်စရာကြီးလို့တွေးမိတော့ သည်နည်းမကောင်းဘူးဆိုပြီး ရေကန်နားကထွက်လို့တောထဲဝင်လာပါသတဲ့။
တောထဲရောက်တော့ ကြိုးဆွဲချပြီးအဆုံးစီရင်လိုက်ရင်လဲ ရတာဘဲဆိုပြီးနွယ်ကြိုးလိုက်ရှာပါသတဲ့။
တစ်ပင်တွေ့တော့သေးတယ် ကြီးတယ်ချေးများလိုက် ရှည်တယ်တိုတယ် ဆိုပြီးရွေးလိုက်နဲ့
နွယ်ကြိုးလိုက်ရှာရင်းတောနက်ထဲကိုရောက်မှန်းမသိရောက်လာပါသတဲ့။
နောက်အနေတော်စိတ်တိုင်းကျတဲ့နွယ်ကြိုးကိုလဲတွေ့ပြီဆိုတော့ အဲဒီနွယ်ကြိုးကိုခုတ်လဲယူပြီးရော မောမောနဲ့သစ်ပင်အောက်မှာခဏနားနေပါတယ်။
နားနေရင်းစဉ်းစားမိပြန်တာက သူသည်လိုသေလိုက်ရင် သူ့သေနေတာကို ရက်တော်တော်ကြာလို့မှမတွေ့ရင် ပုတ်မယ် ပုတ်ရင်နံမယ် ဒါဆိုပါတ်ဝန်းကျင်ညစ်ညမ်း
တော့မှာလို့တွေးမိတော့ဒီနည်းလဲမကောင်းဘူးဆို ပယ်လိုက်ပြန်ရောတဲ့။
အဲဒါနဲ့သစ်ပင်အောက်မှာခဏလေးလှဲနေရင်းမောမောနဲ့အိပ်ပျော်သွားပါရော။
အိပ်ရာကလဲနိုးလာရော အတော်မှောင်နေပြီ။
ဒါနဲ့ဘဲမသေချင်တော့ဘူးသေလဲနောက်ဘဝလူပြန်ဖြစ်နေရင် သည်လိုဘဲကြုံနေရအုံးမှာဘဲသည်တော့ ဖြစ်သမျှအကြောင်းအကောင်းဆိုပြီးတွေးမိတာ နဲ့ဘဲအိမ်ကိုဘဲပြန်မယ်ဆိုပြီးသစ်ပင်အောက်ကထွက်လာလိုက်ပါတယ်။
ဖြစ်ချင်တော့ ပြန်မယ်လဲဆိုရော လာတုန်းကလဲ ပြန်ဘို့ရည်ရွယ်ချက် မရှိတော့လမ်းကိုလည်းမှတ်မထားမိ၊
သူအိပ်လိုက်တာတော်တော်လေးကိုကြာသွားတော့ အလင်းရောင်ပျောက် အမှောင်ရောက်သွားပြီဆိုတော့၊
ကြက်ဖနဲ့အေသင်လေးလို “ကမ်းမမြင်လမ်းမမြင် “သီချင်းဘဲဆိုရမလား ၊ကြက်ဖနဲ့ဂျယ်နီလေးလို “‘ဒုက္ခတွေ့ပြီပေါ့ “လို့ဘဲဆိုရမလား ဖြစ်သွားရော။
ဒါနဲ့ဘဲရောက်ချင်ရာရောက်ဆိုဆက်သွားမိတဲ့အခါ တော်တော်လေးကြာတော့စမ်းချောင်းလေးနားကို ရောက်လာတော့မှ ညောင်းရမှန်းရေဆာရမှန်းသတိရလာပါရော။
ဒါနဲ့ဘဲချောင်းရေသောက် အမောဖြေပေမဲ့စားစရာကတော့ဘာမှမရှိ။
ဒါနဲ့ပဲသည်ချောင်းနံဘေးမှာ တစ်ညအိပ်လို့မနက်လဲလင်းတော့မှ အနီးအနားက စားလို့ရမယ်ထင်တဲ့ အသီးအနှံလေးတွေကို ခူးစားဖြစ်ပါတယ်။
ဒါနဲ့ဘဲ အိမ်ရှိတဲ့ဘက်ကို မှန်းပြီးဆက်သွား၊သွားနေရင်းက မောရင်နား ဆာတယ်ဆို အသီးတွေခူးစားရေသောက်နဲ့သုံးရက်မြောက်သွားပေမဲ့ အိမ်အပြန်လမ်းနဲ့ဝေးနေတုန်းပါ။
မောမောဆာဆာနဲ့တွေးမိတာက “သေချင်တုန်းကတော့မသေ မသေချင်ဘူးဆိုမှ အစာပြတ်သေတော့မယ်”ဆိုပြီး မျက်ရည်တောင်လည်လာပါသတဲ့။
အဲဒါနဲ့လေးရက်မြောက်တဲ့နေ့လဲရောက်ရော အစာရေစာပြတ်တော့ဆက်တောင်မလျှောက်နိုင်တော့ဘဲ အားပြတ်ပြီးသစ်ပင်အောက်မှာလဲနေပါသတဲ့။
သေချင်လို့သေဘို့ကြိုးစားတဲ့သူကမသေချင်တော့ဘူးလို့စိတ်ပြောင်းမှသေမလိုဖြစ်နေတယ် ။
ဒါလူ့လောကကြီးပေါ့။
အဲဒီလိုသေမလိုမြောနေတဲ့အချိန်မှာ ကယ်တင်ရှင်ပေါ်လာပါတော့တယ်။
အဲဒီကယ်တင်ရှင်က ကိုဖိုးဘကိုမေးတာပေါ့ “မင်းလူ့ဘဝတုံးကွအများအကျိုးရှိတဲ့ကောင်းတာတွေဘာများလုပ်ခဲ့သလဲ “ပေါ့။
ကိုဖိုးဘကလဲ ပြန်ဖြေပါတယ်”မသေထမင်းစားမသေဟင်းစားဘို့လုပ်နေရတာနဲ့ ကောင်းတာတွေဘာမှမလုပ်ဖြစ်ခဲ့ပါဘူးဗျာ “လို့ပေါ့။
ဒါပေမဲ့အဲဒီကယ်တင်ရှင်က ” ထားပါတော့ ဒါကလဲ ဝတ္တရားအရမေးရတာပါ မင်းက အကယ်ခံရဘို့ အလှည့်ကျတော့လည်းငါက ကယ်ရမှာပေါ့ ပြောအခုကစပြီး မင်းလိုချင်တာ ဖြစ်ချင်တာ ဆယ်ခုတောင်းလို့ရတယ် “လို့ပြောပါတယ်။
ဒါနဲ့ဘဲ ကိုဖိုးဘကလဲ လိုချင်တာတွေကိုတောင်းဘို့စဉ်းစားရတော့တာပေါ့။
ဒါပေမဲ့ကယ်တင်ရှင်က “မင်းဘယ်လိုဆုတောင်းတောင်း
မသေချင်ဘူးဆိုတာရယ် မင်းအရင်ကနေခဲ့တဲ့အိမ်ကိုပြန်ရောက်ဘို့ရယ်ကတော့တော့လုပ်မပေးနိုင်ဘူးတောင်းလို့လဲမရဘူးကျန်တာကတော့ရမယ်၊
နောက်ပြီးတော့အကုန်လည်းတစ်ခါတည်းမတောင်းနဲ့ တစ်ခုတော့ချန်ထားပါ ဒါမင်းအတွက်ပါလို့”
ပြောပါသတဲ့။
ဒီတော့ကိုဖိုးဘလဲစဉ်းစားတော့တာပေါ့ သူတောင်းခိုင်းတဲ့ဆုက အိမ်ကိုပြန်မရောက်တာကလွဲရင် ဒုက္ခတောကလွတ်မှာသေချာသလောက်ဆိုတော့လက်ခံလိုက်တာပေါ့နော်။
ကိုဖိုးဘလဲ ကယ်တင်ရှင်ကို သူတောင်းခိုင်းတဲ့အတိုင်းဆုတွေတစ်ခုပြီးတစ်ခုတောင်းလိုက်တော့တာပေါ့။
အဲဒီအချိန်ကစလို့ကိုဖိုးဘတစ်ယောက်က သာယာအေးချမ်းတဲ့နေရာလေးတစ်ခုကိုရောက်သွားပါတော့တယ်။
စားချင်ရင်ထစားလိုက် သွားချင်တဲ့နေရာလေးတွေလျှောက်သွားလိုက် အိပ်ချင်ရင်အိပ်လိုက် ရေမီးအပြည့်အစုံဆိုသဘောပေါက်လိုက်ပေါ့နော်။
ဒီလိုအိပ်လိုက်စားလိုက် ဘာမှလုပ်စရာမလို စဉ်းစားစရာမလို ဦးနှောက်သုံးစရာမလိုဘဲနေလာလိုက်တာ လေးငါးခြောက်လလောက်လဲရောက်ရော
ကိုဖိုးဘတစ်ယောက်မနေတတ် မထိုင်တတ်ဖြစ်လာပါသတဲ့။
အစကတော့ဇိမ်ကျတာလိုလို အေးချမ်းတာလိုလိုနဲ့ ကြာလာတော့တစ်ရက်ပြီးတစ်ရက်နေသာနေရတာ ဘာမှ အနှစ်သာရမရှိသလိုခံစားလာရပါသတဲ့။
အဲလိုတွေးမိတဲ့ရက်ကစလို့ သူ့စိတ်ထဲမှာပျော်လဲမပျော်တော့ဘူး ကောင်းတာတွေစားပြီးသေမဲ့ရက်ကိုစောင့်နေရသလိုပေါ.။
ူဒါနဲ့တစ်ရက်ကျတော့သူ့ကိုကယ်တင်ခဲ့တဲ့သူကို နောက်ဆုံးတစ်ခုတောင်းဆိုလို်က်ပါသတဲ့။
“ဘာများဖြစ်မယ်ထင်သလဲ”လို့ မေးခွန်းမေးရင် သန်းလွင်ကပြောတာကိုရပ်လိုက်ပါသတဲ့။
ဇော်ကြီးက ” သန်းလွင်ကောင်းခန်းရောက်မှ မရပ်နဲ့လေ “လို့ပြောလိုက်မှ
ကိုဖိုးဘတောင်းတဲ့ဆုက ” သူ့ကို ငရဲပြည်ပို့ပေးပါ”တဲ့။
အဲဒီမှာ ကယ်တင်ရှင်က ” အခုမင်းရောက်နေတာ ငရဲပြည် ဘဲ “လို့ပြောလိုက်ပါသတဲ့။
ဆက်ပြောတာကတော့ “လူဖြစ်ရဲ့ သားနဲ့ဦးနှောက်လဲ မသုံးရ အလုပ်လဲမလုပ်ရနဲ့ ပေးတာယူကြွေးတာလေးစားနေပြီး အလဟဿအချိန်တွေကုန်သွားရတဲ့လူဟာ ဘယ်လောက်ဘဲကောင်းတာစားစား ကောင်းအေင်ဘဲနေနေ ငရဲရောက်တာနဲ့အတူတူဘဲ “ပါတဲ့ဗျား။
ဇော်ကြီးက ဆက်ပြောလေကွာဆိုတော့ သန်းလွင်ကြီး က “ပြီးပြီလေကွာ ဒါပဲ “လို့ပြောတော့
ဇော်ကြီးက “မင်းဟာကလဲ အဆုံးလဲမပါဘူး” လို့ပြောတော့သန်းလွင်ကြီး က “ဟ မင်းဘာသာမင်းဆက်စဉ်းစားပေါ့ကွ “လို့ပြောပြီးထပြန်သွားပါတယ်။
ကျနော်လည်းသူပြန်သွားမှဆက်စဉ်းစားမိပါတယ်။
လောကမှာ”လူ”ဆိုတဲ့သတ္တဝါတစ်ဦးသာ ဦးနှောက်ကို လိုသလိုအသုံးချနိုင်တယ်၊မျော်လင့်ချက်တွေကို အကောင်အထည်ဖော်နို်င်သလို
မျှော်လင့်မထားသောရလာဒ်တွေကိုလည်းရနိုင်ပြန်ပါတယ်။
တိရိစာ္ဆန်တွေမှာတော့ စားမယ်သောက်မယ် အိပ်မယ် ကာမဂုဏ်ခံစားမယ်ဆိုတာကလွဲလို့ ဘာမှမရှိနိုင်ပြန်သလို ဒီထက်ပိုသောလိုအပ်ချက်လည်း မရှိနိုင်သလိုရွေးချယ်စရာလည်းမရှိပြန်ပါဘူး။
တိရိစာ္ဆန်တွေမှာမွေးတာသေတာ သူ့ဘာသာသူ အလိုအလျှောက်ပြီးသွားမယ် လက်သည်မလိုဘူး ဆရာဝန်မလိုဘူး အထူးကုမလိုဘူး ။
ဝတ်ဘို့မလိုဘူး အိပ်ဘို့လဲကြုံရာအိပ်လိုက်ရုံဘဲ ကုတင်မလိုဘူး လိုချင်လို့လဲ မရနိုင်ပြန်ဘူး။
ကျနော် ပြင်သစ်ရုပ်ရှင်ကားတကားကြည့်ဘူးတယ်။
မင်းသားက မိန်းကလေးငယ်ငယ်လေးနဲ့အိမ်ထောင်ကျတယ်။
တစ်ရက်အိမ်ကနေခရီးထွက်သွားရင်းလမ်းမှာ မုန်တိုင်းထဲပါသွားတယ်။
အားလုံးကသူသေသွားပြီထင်တယ် သူ့မိန်းမကလဲ သူသေပြီထင်လို့ ချမ်းသာသူနဲ့အိမ်ထောင်ထပ်ပြုလိုက်တယ်။
နောက်သူပြန်ရောက်လာတော့သူမိန်းမဟောင်းက သူ့ကိုပြန်တွေ့သွားတယ်။
အဲဒီမှာ သူ့မိန်းမက လူမနေတဲ့တိုက်ခန်းလူသူဝေးတဲ့နေရာမှာသူ့ကိုတိတ်တိတ်လေးသွားထားတယ်။
အချိန်တန်ရင် စားစရာအကောင်းစားတွေသွားပို့ပေးတယ် သူစိတ်ကျေနပ်အောင်သွားပြီးပြုစုပေးတယ်။
သူနဲ့အိပ်တယ်ပြီးရင်အခန်းကိုသော့ပိတ်ပြီး မိန်းမက လက်ရှိယောက်ျားဆီကိုပြန်တယ်။
သူတစ်ယောက်ထဲနေခဲ့တော့ဘဲ။
အဲဒီလူက ဘာမှလုပ်စရာမလိုဘူး လုပ်စရာလဲမရှိဘူး။
ကြာတော့သူလဲကိုဖိုးဘလိုဖြစ်လာတာပါဘဲ။
ကဲကျနော်တို့ခင်ဗျားတို့နေ့စဉ်စားဝတ်နေရေးအတွက် လူမူ့ရေးတွေအတွက် အလုပ်တွေလုပ်ရ အုံးတွေစားရ လူပင်ပန်းစိတ်ပင်ပန်းနဲ့နေကြရပါတယ်။
ကိုဖိုးဘလိုများ ဆုတောင်းခွင့်ရမယ်ဆိုရင် ………………………………………………………………………………………………………..

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

3 comments

  • zaylay

    June 16, 2010 at 3:36 am

    so nice post. that is show human life in real world.

  • yannaingech

    June 16, 2010 at 5:55 am

    ငရဲတော့ မသွားရဲဖူးဗျ။ အနှိပ်ခန်းတစ်လှည့်၊ ကာရာအိုကေတစ်လှည့်ဆိုရင်တော့ မဆိုးလောက်ဘူး…

  • Thiri Lwin

    July 10, 2010 at 7:11 am

    အင်း ဟုတ်တယ်နော် ဥပမာပေးပုံလေးက ကောင်းလိုက်တာ……

Leave a Reply