နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်မှာရပ်တန့်နေသော….(အပိုင်းတစ်)
ကျနော်ရဲ ့ငယ်စဉ်ဘဝကတည်းက စလို့ခုထိမကင်းနိုင်တာလေးကိုပြောပြပါဆိုရင် ကျနော်ကတော့ထမင်းကလွဲရင် သီချင်းလို့ပြောရမှာပါဘဲ။
အခုကျနော်ပြောပြချင်တာလေးကလည်း ကျနော်ငယ်စဉ်ကစလို့ ကြားဘူးခဲ့ ဘဝနဲ့ယှဉ်လို့နှစ်သက်ခဲ့တဲ့သီချင်းမှတ်တမ်းလေးလို့လဲပြောရင်ရပါတယ်။
ကျနော်ပြောပြတဲ့သီချင်းလေးတွေကကောင်းတယ် ကျန်တာတွေမကောင်းဘူးလို့လဲမဆိုလိုပါဘူး။
ကျနော့်ရင်ကိုလာညိတဲ့ ဟတ်ထိလို့မှတ်မိနေတဲ့သီချင်းလေးတွေကို ပြောပြချင်လွန်းလို့ပါ။
ဟိုအရင်နားထောင်စကတော့ သီချင်းနာမယ်တွေရယ် ဘယ်သူဆိုခဲ့တယ်ဆိုတာကိုတော့ဘယ်သိမလဲပေါ့။
ဒါတွေက ကြီးမှ ဘယ်သီချင်းကိုဘယ်သူတွေဆိုတယ်ဆိုတာကို သိလာရတာပါ။ငယ်ငယ်တုန်းကတော့ကြိုက်သာကြိုက်လိုက်တာ
သီချင်းနာမယ်လဲမသိ ဘယ်သူဆိုတာလဲမသိ ဘယ်သူရေးတယ်ဆိုတာ ကတော့ပိုဝေးပေါ့ဗျာ။
ပထမဆုံးစပြောမယ်ဆိုရင် စကားမပီ့တစ်ပီပြောတတ်စမှာ စတင်လို့သိတဲ့သီချင်လေး့ကတော့
” လက်ပန်ပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့အခါ တဝဲဝဲလွင့်လို့လေယာဉ်ပမာ “ဆိုတဲ့စာသားလေးပါတဲ့ ပိုးအိစံရဲ့ဖေဖေ သန်းထွန်းလေးရဲ့” မမေ့သောအညာ “သီချင်းလေးပေါ့။
ကျနော်တို့အိမ်မှာ ESB လို့တံဆိပ်တပ်ထားတဲ့ ရက်ကော်ဒါကြီးတစ်လုံးရှိပါတယ်။
ဒီကောင်ကြီးက အသံလဲဖမ်းလို့ရတယ်လေ။
” ရက်ပန်ပွင့်တွေ ရေအတိုက်ကြေရိုက်တဲ့အခါ ”
လို့ကျနော်ရဲ့ပိုးစားလို့ကျိုးနေတဲ့သွားကျုးိလေးကလေထွက်တဲ့အသံနဲ့သန်းထွန်းလေးရဲ့သီချင်းကိုမပီမသဆိုတာကိုဘဲအိမ်ကလူကြီးတွေက
လက်ခုပ်တွေဝိုင်းတီးပေး၊အသံဖမ်းထားပြီးနောက်ပြီးတော့မှ ပြန်ဖွင့်ပြကြ ရီလိုက်ကြနဲ့လုပ်ခဲ့ကြတာလေးကို အခုပြန်တွေးမိတာတောင်စိတ်ထဲမှာကြည်နူးမိပါတယ်။
နောက်ကျနော်သုံးနှစ်သားလောက်မှာအိမ်က အမရပူရလို့လည်းခေါ် ကျနော်တို့မန်းလေးသားတွေကတော့ တောင်မြို့လို့ခေါ်တဲ့မြို့ကိုပြောင်းနေဖြစ်ကြပါတယ်။
အဲဒီတုံးက ကျနော်တို့အိမ်ရဲ့မြောက်ဘက်ကပ်ရက်က “မမငွေ “တို့အိမ်ပါ။
ကျနော်တို့ရောက်တဲ့အချိန်တုန်းက “မမငွေ ” ကအိမ်ထောင်ကျစ သူ့အမျိုးသားက တပ်မတော်သားအရာရှိတစ်ယောက်ပါ။
သူအမျိုးသားက ရှေ့တန်းထွက်သွားတော့ သူက သူ့အိမ်က ချည်ထည်ဆေးဆိုးတဲ့လုပ်ငန်းကိုလုပ်ရင်းကျန်နေခဲ့ပါတယ်။
သူတို့အိမ်က ယက္ကန်းစင်လဲထောင်ထားပါတယ်။
သူတို့မိသားစုက ကလေးချစ်တတ်တဲ့အပြင် အနီးအနားမှာ ကလေးကလည်းကျနော်တစ်ယောက်ထည်းဆိုတော့ သူတို့ကျနော်ကို မနက်ကစပြီးခေါ်ထားလိုက်တာ ညအိပ်ချိန်မှပြန်ပို့ပေးတာပါ။
ဒီတော့လည်းကျနော်ကသူတို့အိမ်မှာအမြဲနေရသလိုဖြစ်နေပါတယ်။
နေ့လည်ရောက်ရင်ထမင်းစားပြီးတာနဲ့ “မမငွေ “က ကျနော်ကို သူ့ရင်ခွင်ထဲထည့်လို့ သီချင်းလေးဆိုပြီးသိပ်ပါတယ်။
“မမငွေ “ဆိုနေကျသီချင်းကတော့ “အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ မယ်တစ်ရွာမောင်တစ်မြို့တော့နေလို့လည်းမဖြစ်နိုင်ပါပြီ “ဆိုတဲ့သီချင်းလေးပေါ့။
အရင်ကတော့ဘယ်သူဘယ်ဝါဆိုမှန်းမသိပေမဲ့ အဆိုတော်ကြီး”မေလှမြိုင်”ဆိုထားတဲ့ “ဆောင်းအမှီ “ဆိုတဲ့သီချင်းလေးဆိုတာကို သိရပါတယ်။
သည်သီချင်းကိုပြန်ဆိုတဲ့သူအများကြီးနားထောင်ဘူးပေမဲ့ “မေလှမြိုင်”လိုကောင်းအောင်ဆိုနိုင်သူကတော့ “ခင်ညွန့်ရည်” ဘဲရှိပါတယ်။
ဝမ်းနည်းစရာကောင်းတာက ကျနော်တို့တောင်မြို့ကနေ မန်းလေး 16လမ်းအိမ်ကိုပြန်ပြောင်းလာလို့ တစ်နှစ်လောက်အကြာမှာ “မမငွေ “ကလည်းလက်မှာနှင်းခူပေါက်ရာကနေ ညော်မိ မန်းဝင်လို့ကွယ်လွန်သွားသလို သူ့အမျုးိသားကလည်းရှေ့တန်းမှာတိုက်ပွဲကျသွားတယ်လို့ သိရပါတယ်။
သည် “ဆောင်းအမှီ”သီချင်းလေးကို ကြားမိတိုင်း “မမငွေ ” လွမ်းပါတယ်။
ကျနော်တို့မြောက်ပြင် 16လမ်း အခုရွှေဘဲစားသောက်ဆိုင်ဖွင့်ထားတဲ့ဆိုင်ရဲ့အနောက်ဘက်နှစ်အိမ်ကျော်ကိုပြန်ပြောင်းပြီးနေခဲ့ပါတယ်။
အခုတောင်ကြီးမှာ ဆရာဝန်အဖြစ်နဲ့နေတဲ့အဖေ့ညီအငယ်ဆုံးဦးလေးက သူကျောင်းပိတ်ရက်ဆိုရင်
သူစက်ဘီးရှေ့ဘားတန်းပေါ်ကို ကျနော့်ကိုတင်လို့ မြို့မတီးဝိုင်းရှိတဲ့နောက်ကိုလိုက်လို့ အရပ်တကာလှည့်ပြီးနားထောင်တတ်ကြပါတယ်။
ဘယ်လိုအဓိပါယ်ရှိတယ်ဆိုတာကိုငယ်သေးလို့မသိပေမဲ့
“အခါတော်ရောက်ချိန်နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ အဝေးကချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ”
ဆိုတဲ့သံပြိုင်အပိုဒ်ကိုရောက်ရင် ရင်ထဲမှာ ခံစားမူ့တစ်ခုရောက်လာစေတတ်တဲ့ ” ပြည်တော်ဝင် “ဆိုတဲ့သီချင်းလေးပါ။
နောက်မန်းလေးသားဆိုတော့လည်းမန်းလေးစာသားပါတဲ့သီချင်းမှန်သမျှကိုနှစ်သက်တတ်ပါတယ်။
မြို့ချစ်စိတ်ဆိုတာလေး ရင်ထဲမှာကိန်းအောင်းတယ်ဆိုမှ မျိုးချစ်စိတ်ဆိုတာက နောက်က ကပ်လိုက်လာမှာကိုး။
ဦးဘိုခင်ထောင်ထားတဲ့ “မိုးကေသီ “အဖွဲ့လည်းအဲဒီအချိန်မှာ မြို့မအသင်းနဲ့အပြိုင်အသင်းတစ်ခုပါ။
အဲဒီအသင်းက ဆိုလေ့ရှိတဲ့သီချင်းကတော့ ” သာယာကာစိုပြေ သာမောရူ့ကြည့်စရာ့အထွေထွေ”လို့စာသားပါတဲ့သီချင်းရယ်။
” မန်းမြေတောင်ပေါ်မှာလေ ပျော်စရာမို့သွားကြစို့လေ”လို့မန်းလေးကိုဖိတ်ခေါ်ထားတဲ့သီချင်းလေးတွေပါ။
ကျနော်တို့ငယ်ငယ်က မန်းလေးမှာနာမယ်ကြီးအဆိုတော် “ဦးဖူးအံ့”ဆိုတာရှိပါတယ်။
သူဆိုတဲ့သီချင်းတွေများစွာထဲက ရင်ထဲမှာငြိနေ ခုတောင်ပြန်စဉ်းစားရင်ကြားနေတဲ့သီချင်းလေးတပုဒ်ရှိပါတယ်။
“ကွမ်းနဲ့အချစ်” ဆိုတဲ့ ခပ်ရွှင်ရွှင်လေး ဆိုထားတဲ့သီချင်းလေးပါ။
သီချင်းလေးအဆုံးမှာကတော့ ” ပုလင်းဆေးနဲ့ကွမ်းလေးယူခဲ့ပါ ”
လို့ခပ်ရွင်ရွင်လေးချစ်သူကိုအမှာပါးတဲ့ကွမ်းကြိုက်တဲ့သူတစ်ယောက်အကြောင်းလေးကိုဖွဲ့ထားတာပါ။
နောက်အိမ်မှာ ကျနော်အဖေတို့ အမေတို့ အလုပ်လုပ်ရင်းသံပြိုင်ဆိုကြတဲ့သီချင်းလေးကတော့ မန်းလေးမြုှီ့အကြောင်းဆိုတဲ့သီချင်းထဲမှာနာမယ်အကြီးဆုံး
လူကြိုက်အများဆုံးလို့ဆိုနိုင်တဲ့ “မစိမ်းစိမ်း” ဆိုထားတဲ့” ရွှေမန်းဆီသို့ “သီချင်းပါ။
နောက်ခြောက်နှစ်လောက် အကြာမှာ ကျနော်အဖေနဲ့အမေ ကွာရှင်းလိုက်ကြပါတယ်။
ဒီလိုဖြစ်မယ်မှန်းသိရင် အဖေနဲ့အမေ ” ရွှေမန်းဆီသို့ ” သီချင်းထဲက ” ‘ဒါတွေစုံပါပြီ မြို ့တွင်းကိုလှည့်မည်”ဆိုတဲ့နေရာကို ရောက်ရင် ပြိုင်တူဆိုကြတာလေးကို အသံဖမ်းထားလိုက်မှာပါ။
ငယ်ဘဝလေးကိုလွမ်းရင်နားထောင်ရအောင်လို့ပါ။
တစ်ခါတစ်လေ 25လမ်းကျုံးဘေးမှာနေတဲ့ အဖေ့ရဲ့အမေ့အိမ်ကိုကျနော်လိုက်နေတတ်ပါတယ်။
အဖွားက ရုပ်ရှင်ကြိုက်တော့ ကားအသစ်လဲတိုင်းအဖွားနဲ့ သွားကြည့်ပါတယ်။
26-27လမ်းကြား လမ်း80ပေါ်က ရွှေတိုက်ဝင်းဆိုတဲ့ ဝင်းထဲမှာ ရှိတဲ့ ရွှေတိုက်ရုပ်ရှင်ရုံမှာအမြဲဖွင့်နေကျ
လိုက်ဆိုလို့ကောင်းသောသီချင်းလေးကတော့ ဝင်းဦးရဲ့ ” အိုး ……..မေဘရဏီလို ရွှေပန်းချီတောင်လက်မှိုင်ချရသကိုး မမမိုး “ဆိုတဲ့စာသားလေးတွေပါတဲ့ မြူးကြွနေတဲ့ ဘိုဆန်ဆန်သီချင်းလေးပါဘဲ။
နောက်ဒီလမ်း 80ပေါ်မှာဘဲ 27-28လမ်းကြားမှာရှိတဲ့ ရွှေနဂါးရုပ်ရှင်ရုံကတော့အမြဲဖွင့်ထားတဲ့သီချင်းကတော့ ဝင်းဦး ရဲ့အလွန်မင်္ဂလာရှိသော
” သောင်းဇဗ္ဗူပေါ်တောင်းဆုခြွေကာရည်မျှော် စည်းစိမ်ဥစ္စာများ “စာသားပါတဲ့မင်္ဂလာဆုတောင်းသီချင်းလေးပါ။
နောက်ကျနော်တို့ အဖေက မီးရထားဝန်ထမ်းဆိုတော့ မြစ်ငယ်မြို့ကိုပြောင်းလာခဲ့ကြပါတယ်။
ဝန်ထမ်းတွေအတွက်ပေးထားတဲ့ ပုဆစ်တုတ်အိမ်ခန်းလေးတွေမှာနေရတာလေ။
အဲဒီတုံးက နားဆင်စရာဆိုတာရေဒီယိုဘဲရှိတာလေ ဒါတောင်အိမ်တိုင်းမရှိပါဘူး။
ဝါသနာပါတဲ့သူရဲ့အိမ်နဲ့ တတ်နိုင်သူတွေရဲ့အိမ်မှာဘဲရှိတာ။
ကျနော်တို့အိမ်မှာတော့မရှိဘူး မဝယ်နိုင်လို့ပေါ့။
ကျနော်တို့အခန်းရဲ့အရှေ့ဘက်က ဆရာမတို့လင်မယားအိမ်မှာတော့ရှိတယ်။
သူတို့ကလည်းသီချင်းကြိုက်တော့အိမ်မှာသူတို့ရှိတယ်၊ရေဒီယိုလာချိန်ဆိုအမြဲဖွင့်ထားတာပါဘဲ။
အဲဒီတုန်းကတော့အမြဲကြားနေရတဲ့သီချင်းလေးက တော့ “ဂျုန်းဂျုန်းနဲ့အော်သံပေးရထားလေးသည်”
ဆိုတဲ့စာသားပါတဲ့သီချင်းလေးပေါ့ ။
ကိုယ့်အဖေကလည်းမီးရထားဝန်ထမ်းဆိုတော့ ဒီသီချင်းလေးလာရင် လိုက်ဆိုရတာအမောပါ။
ကျနော်တို့မြစ်ငယ်မှာနေတုန်းက စနေ တနင်္ဂနွေဆိုရင် ရုပ်ရှင်ပြပါတယ်။
အမိုးမပါ အကာဘဲရှိတဲ့ ညမှသာပြလို့ရတယ် ကြယ်မြင်လမြင်ရုံပေါ.။
အဲဒီရုံမှာက ရုပ်ရှင်မပြမခြင်း ဓါတ်စက်နဲ့သီချင်းဖွင့်ထားတာကိုး။
“ကေသီနွယ် အုံးစက်ပါဘုန်းလက်ျာဖြင့်အနားဝယ် သည်မြိုင်တောင်ခြေတန်းမောင်ထမ်းခေါ်မယ် “တို့
“အဆင်းနဲ့ပြည့်စုံလို့ပင်မြတ်မျိုးမြင့်မှန်သူ ပင်စိတ်ထားက ဖြူရှင်းသန့်စင်” တို့ပါတဲ့ ” ကိုကျော်ညွန့် “ရဲ့
” အုန်းစက်ပါဘုန်းလက်ျာ “တို့ ” ပပဝင်းဝင်း “တို့ ” ချစ်သူကိုယ်စား “သီချင်းတွေပါ။
အဲဒီအချိန်တုန်းကလောက်ဘဲဖြစ်မယ်ထင်ပါတယ် ကောင်းဘွိုင်ဦးထုပ်ကြီးနဲ့ဂိုက်ပေးတတ်တဲ့ အကော်ဒီယံအုန်းကျော်ရဲ့
မိုးသံလေသံကြားရပြန်တော့လို့ဆိုတဲ့” မိုးလုံးပါတ်လည်”တို့ “ရှာပုံတော်ကျူး ကျူးလို့ပင်” ဆိုတဲ့စာသားလေးတွေပါတဲ့ “နန်းပွင့်ရွှေကြာ”သီချင်းလေးတွေပါ။
အဲဒီတုန်းက ကျနော်နှစ်တန်းကျောင်းသားလေးဖြစ်နေပါပြီ။
နောက်ကျနော်တို့မိသားစု မြစ်ငယ်ကနေပြီး 22စီလမ်းရဲ့အနောက်ပိုင်း ရွှေတစ်ချောင်းမြောင်းရဲ့အောက်ပိုင်းမှာရှိတဲ့
တောင်ပုလင်းဝင်းဆိုတဲ့အမေ့ရဲ့မိဘတွေရှိရာအရပ်ကိုပြန်ပြောင်းလာကြပါတယ်။အဲဒီတုန်းက ကျနော်သုံးတန်းကိုရောက်ပါပြီ။
အဲဒီအချိန်မှာနာမယ်ကြီးတာကတော့ “ကိုသိန်းတန် ကိုသိန်းတန်စိုးသဘောင်္ပေါ်တက်ခဲ့မယ်”ဆိုတဲ့ စိုးမိုးမေတ္တာအသံလွှင့်ဓါတ်ပြားဇာတ်ထုတ်ထဲက သီချင်းတွေတို့
ခေါင်းလောင်းထိုးသံဘယ်သူ့ကံ ဆိုတဲ့ဓါတ်ပြားထဲက “မောင်လာမယ်ဆိုဆို ပျုိုစောင့်လို့ကြို” ဆိုတဲ့သီချင်းလေးတွေပါ၊
အဲဒီအရပ်မှာနေတုန်းမှာဘဲ ကျနော်အဖေနဲ့အမေက လမ်းခွဲလိုက်ကြပါတယ်။
နောက်ကျနော်ငါးတန်းခြောက်တန်းလောက်မှာတော့ အမြဲကြားနေရတာကတော့ မြန်မာပြည်မှာ တောရောမြို့ပါ ပြိုင်ဘက်မရှိခဲ့တဲ့ တွံတေးသိန်းတန်ရဲ့သီချင်းလေးတွေပါ။ကျနော်တို့ မြို ့သားတွေက တောသီချင်းလို့သတ်မှတ်ခဲ့ကြတဲ့ သီချင်းလေးတွေပေါ့.။
ကျနော်ရင်ထဲ့ကိုလာညှိနေတဲ့သီချင်းလေးတွေကတော့ “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲမြေမှာကြဲပြန့်နေ” လို့ဆိုတဲ့ ချစ်ရက်ရှည်ရှည်အင်းလျားမြေတို့
“ကန်ပါတ်လည်ခရေ ရိပ်ရွာထိပ်က ကျောင်းတော်ကန်နဘေးဝယ်” အစချီတဲ့ ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်ပါဘဲ။
မှတ်မှတ်ရရ ကျနာ်7တန်းနှစ်မှာ မန်းလေးတစ်မြို့လုံး ဒီဇာတ်ကားမှ မကြည့်ရသေးရင်လူမဖြစ်ဘူးလို့ဆိုလောက်တဲ့ မူန်ရွှေရည်ဇာတ်ကား ရုံတင်ပါတယ်။
တစ်ရက်ကျောင်းက ပြူတင်းပေါက်ဘောင်ပေါ်ထိုင်လို့ ကျနော်သူငယ်ချင်းပီတာမောင်မောင်လေး ဖီလင်အပြည့်နဲ့ဆိုနေတဲ့သီချင်းလေးကတော့
“ချစ်ရည်ရွှန်းလဲ့မျက်ဝန်းလဲ့ပြာပြာ တိတ်တစ်ခိုးကြည့်ကာ” ဆိုတဲ့ မျက်ဝန်းလဲ့ပြာပြာသီချင်းက ခေတ်စားလာ လူုတိုင်းပါးစပ်ဖျားရောက်လာပါတယ်။
ကျနော်ရှစ်တန်းကျောင်းသားဖြစ်တဲ့အချိန်မှာ ဂီတလောက ရဲ့သမိုင်းအသစ် နာမည်ဆိုးနဲ့စခဲ့ရပေမဲ့ အခုတော့ဂန္တဝင်ဖြစ်နေတဲ့
” လမ်းသူရဲသီချင်း “တွေကို စကြားရတော့တာပါဘဲ။…………………………………………….
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
One comment
kai
June 20, 2010 at 12:13 am
ပြီးခဲ့တဲ့နှစ်က ဒေါ်မာမာအေး စာပေဟောပြောပွဲမှာ သီချင်းတွေသမိုင်းအကြောင်း ပြောဟောသွားတယ်။
သီချင်းလေးဆိုလိုက် …ရှင်းပြလိုက်နဲ့ပေါ့။
ဗီဒီယိုတယောက်ယောက်ရိုက်ထားတယ်ထင်တာပါပဲ။ ပြန်ရှာကြည့်ချင်စိတ်တောင် ပေါ်လာမိပါတယ်။
ယူအက်စ်မှာ ဦးအံ့ကြီး။ ဒေါ်မာမာအေး၊ လားရှိုးသိန်းအောင်၊ သိန်းတန်(မြန်မာပြည်) တို့နေကြပါတယ်။
မေးစရာတွေရှိလည်း ဒီမှာတင်တင်ထားပါ၊ ကြုံရင်မေးပေးပါ့မယ်။
—
ကိုပေါက်လဲ…ဆက်ရေးပါဦးဗျာ…
လမ်းသူရဲသီချင်းတွေက ဘာတွေလည်းသိချင်လို့ပါ။ ကျော်ဟိန်းတို့။ ဇော်ဝမ်းတို့ခေတ်ပေါ့နော..။
ဇော်ဝမ်းရဲ့ “ကျောက်ခဲ” ပါမလားလဲသိချင်မိတာပါပဲ။