မျှော်လင့်ချက်တွေ ရှင်သန်ဖို့
* အိမ်မရလို့…တဲ့
ထိတ်လန့် ကြောက်ရွံ့နေတဲ့သူတွေ……၊
* စားမဝလို့…တဲ့
ပျားပန်းခတ် ရှာဖွေနေကြသူတွေ…..၊
* သွားမရလို့…တဲ့
တားဆီးပိတ်လှောင်ခံရသူတွေ…..၊
* ဝင်မရလို့….တဲ့
ပင်မ တံခါးချက်ဆီမှ
ရပ်လျက်နေရသူတွေ………၊
* ပြင်မရလို့….တဲ့
အမှားတွက် ရတက်မအေးရသူတွေ…..၊
* သင်မရလို့….တဲ့
အနာဂတ်ဘဝကို ချယ်ပပေးနေရသူတွေ…..။
ဒီလို ဒီလို အပူလှိုင်းကပ်လို့
ရင်ဝ တက်တက်လာတဲ့
ချဉ်စို့စို့ ရနံ့တွေကို
ပင့်သက်အောင့်ကာ ရူရှိုက်ရင်း
အပူလှိုင်းဟပ်သူ ဘဝတူချင်း
စီးနင်းခဲ့ကြရတဲ့
ငါတို့ တတွေရဲ့
ခရီးရှည် ရွက်လှေငယ်ဟာ
သွက်သွက်ခါကာ ရွေ့လျားခဲ့ရပေါ့……….။
´´လှိုင်း ဘယ်လောက်ကြီးကြီး
လှေရဲ့ အောက်၊
တောင် ဘယ်လောက်ကြီးကြီး
ဖဝါးရဲ့အောက်´´ဆိုတဲ့
မဂ်လောက်ဖွယ် ဆိုထုံး
ရှေးသုံး စကားနှစ်အဆီကို
မျှဝေ စားသုံးရင်း
ရုန်းရင်းဆန်ခတ် ဝင်လာကြတဲ့
ငန်သဲ့သဲ့ ပင်လယ်ရေတွေကို
ပက်ပက်ထုတ်ခဲ့ရတာလည်း မနည်းပါပေါ့……….။
* အရှေ့ဆီလား…?
အနောက်ဆီလား…?
ခွဲခြား မသိ
ဦးတည်ချက် မဲ့ခါနီးတိုင်းမှာ
လှိုင်းဂယက် အထက်ရောက်စဉ်ခိုက်
စက်အပျောက် ရေမှုန်မွှားကြားမှာ
ရောင်စဉ် မစုံတဲ့
မှုန်ဝါးဝါး နေရောင်ကို
မျက်လုံးနှစ်စုံက တွေ့ပြန်တော့
ဟောင်းနွမ်းလျော့ကျနေပြီးဖြစ်တဲ့
စောင်းကြိုးသဲ့သဲ့အသွင်
စိတ်စွမ်းအင် ခွန်အားတွေကို
ပြန်လည် မွေးဖွားဖြစ်ခဲ့ပြန်တယ်ပေါ့……..။
*ဒီလိုနဲ့ပဲ….
– နီးတော့ မလိုလိုနဲ့
ဝေးသွားခဲ့ရတဲ့ မျှော်လင့်ချက်တွေ…..။
– လင်းတော့ မလိုလိုနဲ့
မှောင်မှောင်သွားခဲ့ရတဲ့ ယုံကြည်ချက်တွေ….။
– ရတော့ မလိုလိုနဲ့
မရနိုင်သေးတဲ့ အားကိုးစရာတွေ…….။
အဲဒါတွေကြောင့်……..
– ဖြူစင်တော့ မလိုလိုနဲ့
မည်းညစ်ခဲ့ရတဲ့ စိတ်ဓာတ်တွေ၊
– လိုက်နာကြတော့ မလိုလိုနဲ့
ဖောက်ဖျက်ခဲ့ကြတဲ့ စည်းကမ်းတွေ၊
– တက်ရိပ် ပြတော့မလိုလိုနဲ့
ပြန်ပြန်ကျခဲ့ရတဲ့ ပညာရေးတွေ၊
ဒီလိုတွေနဲ့ပဲ….
ငယ်ဘဝမှာ ရပ်မနေခဲ့ကြတဲ့
ငါတို့ရဲ့ အသက်တွေဟာလည်း
တက်တက်လာခဲ့ကြတာ
ရက်တွေတောင် မနည်းတော့ဘူးလေ……။
ဒီတော့…..
လက်ကျန် အသက်တစ်ဝက်မှာ
* ငါတို့ရဲ့ မျှော်လင့်ချက်တွေဟာ
လင်းလက်လာနိုင်အုံးမှာလား…..?
* ငါတို့ရဲ့ ယုံကြည်ချက်တွေကို
ထုဆစ်နိုင်ကြအုံးမှာတဲ့လား…..?
* ငါတို့အတွက် အားကိုးစရာတွေကရော
တိုးပွားလာနိုင်ကြအုံးမှာလား……?… လို့
တွေးပြီးရင်း……..တွေး
ငေးပြီးရင်း…. ငေးလျက်ပါပဲ…….။
4 comments
မမ အညာသူ
July 25, 2012 at 9:19 am
အားပေးသွားပါဂျောင်း………………..
mamanoyar
July 25, 2012 at 9:35 am
လာရောက်ဖတ်ရှုသွားပါတယ်ရှင်
မောင် ဓုဝ
July 26, 2012 at 7:50 am
ဝင်ရောက်ဖတ်ရှုုအားပေးလိုက်ပါတယ်။
မောင်ပေ
July 26, 2012 at 1:46 pm
ငှက်တွေက ပျံရင်းနဲ ့သေတဲ့
ကျုပ်တို ့လူတွေကတော့
ကြံရင်းနဲ ့ရှည်ကြရတာပေါ့ဗျာ
ခရီးပြောပါတယ်