ဝင်ြ့ပုံးမြင့် မြန်မာပြန်တဲ ့တိမ်ယံသစ္စာ အပိုင်း ( ၄၃ )

alinsettAugust 8, 20121min1294

”ကလေးတွေနေတဲ့အိမ်ဆိုတာ ဘာလဲ။ မိဘမဲ့ဂေဟာလား”

စိုးရက်ပ်၏အပြုံး မှိန်ကျသွားသည်။

”ခဏလေးပဲနေရမှာ သားရဲ့”

”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့”

”စိုးရက်ပ်၊ ခဏလေးနေရမှာပါ။ ကာကာ ကတိပေးတယ်”

”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို ”
……………………………………

”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို”

စိုးရက်ပ် အသံအက်ကွဲနေသည်။ မျက်လုံးထဲမျက်ရည်များ အိုင်ထွန်း နေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျိန်းစပ်နေသည်။

”ဒါကမတူဘူးကွ။ ဒီနေရာက အစ္စလမ္မာဘက်လေကွာ။ ကဘူး မဟုတ် ဘူး။ ကာကာက သားဆီတချိန်လုံးလာကြည့်မှာ။ သားကို အမေရိကားသွားဖို့ ခေါ်ထုတ်နိုင်တဲ့အချိန်ထိ ကာကာအမြဲလာကြည့်မှာ”

”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့၊ သားကြောက်တယ်။ သားကို ရိုက်ကြလိမ့်မယ်။ သားမသွားချင်ဘူး”

”သားကို ဘယ်သူမှမရိုက်ဘူး။ ဘယ်တော့မှ မရိုက်ဘူး”

”သူတို့ကအမြဲဒီလိုပြောပြီး ရိုက်ကြတာပဲ။ သူတို့ကညာတယ်”

စိုးရက်ပ်၏ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းများကို ကျွန်တော်သုတ် ပေးသည်။

”ပန်းသီးစိမ်းလေ သားရယ် … ပန်းသီးစိမ်းဆိုတာ မမှတ်မိတော့ဘူး လား” ဟု ကျွန်တော် တိုးတိုးချော့သည်။

”ဟင့်အင်း … မဟုတ်ဘူး … မဟုတ်ဘူး”

စိုးရက်ပ်တစ်ကိုယ်လုံးတုန်နေသည်။ မျက်နှာပေါ် နှပ်နှင့်မျက်ရည်များ လူးနေသည်။ တုန်နေသော သူ့ခန္ဓာကိုယ်လေးကို ကျွန်တော်ပွေ့ယူထားပြီး ”အား လုံးကောင်းသွားမှာပါ သားရေ၊ တူတူပြန်ကြမယ်နော်”

ဟုချော့သည်။

”သားကို မိဘမဲ့ဂေဟာ မပို့ဘူးလို့ ကတိပေးပါ … ကတိပေးပါ”

ကျွန်တော့်ရင်ဘတ်ကို မျက်နှာအပ်ထား၍ ဗလုံးဗထွေးထွက်လာသော အသံထဲမှ အမောဆို့မှုကို ကျွန်တော်ကြားရသည်။

ကျွန်တော် ဘယ်နှယ့်လုပ်ကတိပေးနိုင်မည်နည်း။ သူ့ကို ကျွန်တော် တင်းတင်းဖက်ကာ လှုပ်ပေးနေမိသည်။ ကျွန်တော့်ရှပ်အကျႌ မျက်ရည်တွေစိုနစ် သွားအောင်၊ ငိုစရာမျက်ရည်မကျန်တော့အောင် သူငိုသည်။ ထို့နောက်

တုန် နေသောသူ့ခန္ဓာကိုယ်လေး ငြိမ်ကျလာသည်။ တောင်းပန်အသနားခံသံများ ပီသ ကြည်လင်စွာ ထွက်ပေါ်မလာတော့။ သူအသက်ရှူနှုန်းနှေးသွားပြီး ခန္ဓာကိုယ် ပျော့ကျသွားသည်အထိ ကျွန်တော်လှုပ်ပေးနေခဲ့သည်။

အကြောက်တရားကို ကလေး များရင်ဆိုင်ပုံသည် အိပ်မောကျသွားခြင်းပေတည်း ဟူသော ဖတ်ခဲ့ဖူးသည့်စာ တစ်ကြောင်းက ကျွန်တော့်အတွေးထဲ ချင်းနင်းလာခဲ့သည်။

စိုးရက်ပ်ကိုပွေ့ပြီး အိပ်ယာထဲသွင်းပေးကာ ကျွန်တော်လည်းအိပ်ယာ ဝင်သည်။

ကျွန်တော် အိပ်ယာထဲမှ ငေါက်ခနဲနိုးလာအောင် ဖုန်းမြည်နေချိန်သည် ပိတ်ပိတ်ပိန်းအောင်မှောင်နေချိန်။ မျက်လုံးပွတ်ပြီး အိပ်ယာဘေးမှ မီးအုပ်ဆောင်း မီးဖွင့်သည်။ ခုမှ ညဆယ်နာရီခွဲကျော်ရုံလေး ရှိသေးသည်။

ကျွန်တော် သုံးနာရီ လောက်သာ အိပ်စက်ရသေးသည်။ ဖုန်းခွက်ကောက်ကိုင်ပြီး ”ဟယ်လို” ဟု ဖုန်းထူးသည်။

”အမေရိကားက ခေါ်နေတာဗျ” ဟု ဟိုတယ်မန်နေဂျာ၏ ပျင်းရိငြီးငွေ့ သံ ပေါ်ထွက်လာသည်။

”ကျေးဇူးပဲဗျာ”

ရေချိုးခန်းမီးလင်းနေသည်။ အိပ်ယာဝင်ကာနီး စိုးရက်ပ်ရေချိုးနေသည်။

”ဆာလမ်၊ ရှေ့နေနဲ့တွေ့တာ ဘယ်လိုလဲ”

စိုးရာယာ၏အသံ တက်ကြွနေသည်။ အိုမာဖေဇယ်၏ အကြံပြုချက်ကို ကျွန်တော်ပြောပြလိုက်သည်။

”ဒီအကြံကိုမေ့လိုက်တော့ အေမားရေ။ ဒါမျိုးလုပ်စရာ မလိုတော့ဘူး”

ကျွန်တော် ထထိုင်ကာ ”ဘာဖြစ်လို့လဲ။ ဘာတွေဖြစ်ကုန်တာလဲ”

”ကာကာရှာရဖ်ဆီက ကျွန်မကြားခဲ့တာ။ သူပြောတာက အဓိကသော့ ချက်ကတော့ စိုးရက်ပ်ကို အမေရိကားရောက်အောင် ခေါ်ခဲ့ဖို့ပဲ။ အမေရိကား ကို ရောက်တာနဲ့ နည်းလမ်းတွေရှိပြီ။ INS က မိတ်ဆွေတွေဆီ

သူဖုန်းခေါ်တယ်။

စိုးရက်ပ်အတွက် လူသားချင်းစာနာတဲ့ဗီဇာ ချပေးဖို့သေချာသလောက်ပဲ”

”နောက်နေတာမဟုတ်ပါဘူးနော်။ အိုး … ဘုရားကိုကျေးဇူးတင်လိုက် တာ။ သဘောကောင်းလိုက်တဲ့ ကာကာရှာရဖ်ကြီး”

”ကျွန်မတို့က စပွန်ဆာလုပ်ရမယ်။ ဗီဇာက တစ်နှစ်လောက်ပဲကောင်း တယ်။ တစ်နှစ်အတွင်း မွေးစားခွင့်ရအောင်လုပ်ဖို့ဆိုတာ အချိန်တွေအများကြီး ရှိတာ”

”တကယ်ပဲဖြစ်လာတော့မှာလား စိုးရာယာ”

”ဖြစ်လာမှာ”

စိုးရာယာအသံ မြူးကြွနေသည်။ ကျွန်တော်တို့ ဖုန်းချလိုက်ကြသည်။

”စိုးရက်ပ်ရေ” ဟုခေါ်ကာ ကျွန်တော်အိပ်ယာမှထသည်။ ”သတင်းထူး ကြီးရပြီကွ” ဟုပြောပြီး ရေချိုးခန်းတံခါးကိုခေါက်သည်။ ”စိုးရက်ပ် … စိုးရက်ပ် ကာလီဖိုးနီးယားက ဖုန်းလာတယ်သားရေ …

သားကို ဂေဟာပြန်ပို့စရာမလို တော့ဘူး။ အမေရိကားကို သွားကြရတော့မယ်။ ကာကာပြောတာကြားလား။ ကာကာတို့ အမေရိကားသွားကြတော့မယ်”

ကျွန်တော်တံခါးတွန်းဖွင့်ပြီး ရေချိုးခန်းထဲဝင်ကြည့်သည်။

ဗြုန်းဆို ကျွန်တော်ဒူးထောက်လျက်သားကျသွားသည်။ ကျွန်တော် အသံကုန်အော်သည်။ သွားစေ့၍ ကျွန်တော်အသံကုန်ဟစ်သည်။ လည်ချောင်းကွဲ လုအောင်၊ ရင်တစ်ခုလုံးပွင့်လုအောင် ကျွန်တော်အော်နေခဲ့သည်။

နောက်ပိုင်းတွင် အရေးပေါ်ကားရောက်သည်အထိ ကျွန်တော်အော်နေဆဲ ဖြစ်ကြောင်း သူတို့ပြန်ပြောပြကြသည်။

___________________–

အခန်း(၂၅)

ကျွန်တော့်ကို အခန်းထဲဝင်ခွင့်မပေးကြ။

သူ့ကို ဘီးတပ်လက်တွန်းလှည်းပေါ်တင်၍ တွန်းသွားကြစဉ် ကျွန်တော် သူတို့နောက်မှလိုက်သည်။ ဆင်နားရွက်တံခါးကို ကျွန်တော်ပစ်တိုက်၍ဝင်သွား သော် အိုင်အိုဒင်းနှင့် ပါရောက်ဆိုက်အနံ့များက

ကျွန်တော့်ကိုဝင်တိုက်သည်။ ကျွန်တော်မြင်သမျှအကုန်မှာ လူနာတင်စင်အနီးတိုးဝှေ့နေသော ခွဲစိတ်ဦးထုပ် ဆောင်းအမျိုးသားနှစ်ဦးနှင့် အစိမ်းဝတ်အမျိုးသမီးတစ်ဦး။ လူနာတင်စင်ပေါ်မှ အဖြူရောင်ပိတ်စ။ ပိတ်စအောက်မှ

ထိုးထွက်နေသော ခြေထောက်သေးသေးနှစ် ချောင်း။

ထိုစဉ်ထောင်ထောင်မောင်းမောင်း လူတစ်ဦး ကျွန်တော့်ကိုရင်ဘတ်မှ တွန်းထုတ်သည်။ ကျွန်တော် သူ့ကိုဆဲပြီး ရှေ့အတင်းတက်ရာ သူကအင်္ဂလိပ်လို ပြောပြီးပိတ်ပင်သည်။ သူ့အပြောက ယဉ်ကျေးသော်လည်း

ခိုင်မာသည်။ ”အပြင် မှာစောင့်နေရပါမယ်” ဟုပြောပြီး ကျွန်တော့်အား လူနာစောင့်ခန်းထဲခေါ်လာ သည်။

ကျယ်ဝန်းသောကော်ရစ်ဒါခန်းထဲတွင် နံရံတစ်လျှောက်စီချထားသော ခေါက်ကုလားထိုင်များပေါ် လူတွေပြည့်နေသည်။ အချို့က ကော်ဇောပေါ်တင် ထိုင်ကြသည်။ ကျွန်တော်သံကုန်ဟစ်ချင်လှတော့သည်။ ဤနေရာမှ

ကျွန်တော် ထွက်ပြေးချင်သည်။ လက်ရှိအမှန်တရားမှ ကျွန်တော်ထွက်ပြေးချင်သည်။ တိမ် တိုက်လေးလို လေထဲလွင့်ကာ အဝေးတစ်နေရာတောင်ကုန်းများပေါ် မိုးအဖြစ် ရွာချလိုက်ချင်သည်။ သို့သော်

ကျွန်တော်ဒီရောက်နေပြီ။ ကျွန်တော့်ခြေထောက် များက ကွန်ကရစ်ကြမ်းခင်းပေါ်မှာ။ ကျွန်တော့်အဆုတ်များထဲ လေမရှိ။ ကျွန် တော့်လည်ချောင်းပူထွက်နေသည်။ လေထဲလွင့်စရာ ဘာမှမရှိ။ ယနေ့ညအဖို့

အခြားအမှန်တရားမရှိ။ မျက်နှာကျက်မှ ပိုးဖလံလေးများ အလင်းဖန်ြ>ွပန်ချောင်း များဆီ တိုးဝင်နေကြဆဲ။

ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ကျွန်တော်ဘာလုပ်ရမည်ကို သိလာရသည်။ ဘယ်ဘက်တွင် ပစ္စည်းသိုလှောင်သောအခန်းမှောင်မှောင် တစ် ခန်းရှိသည်။ အခန်းထဲတွင် ကျွန်တော်လိုချင်သောပစ္စည်းတွေ့ပါပြီ။

အိပ်ယာခင်း ပိတ်ဖြူကို ကျွန်တော်ဆွဲယူလာပြီး ရဲသားနှင့်စကားပြောနေသော သူနာပြုဆရာမ ကို အနောက်အရပ် ဘယ်ဘက်နည်းဟုမေးကြည့်သည်။ ကျွန်တော့်မေးခွန်းကို ဆရာမလေးက နားမလည်။ ကျွန်တော်ကတော့

လည်ချောင်းကွဲနေပြီ။ ကျွန်တော့် မျက်လုံးများ ချွေးဖြင့်စပ်ရှိန်းနေသည်။ အသက်ရှူလိုက်တိုင်း မီးကိုရှူရသည့်နှယ်။ ကျွန်တော်ငိုနေခဲ့သည်ဟုထင်သည်။ ကျွန်တော်မေးသည်။ တောင်းပန်သည်။ အနောက်အရပ်ကိုညွှန်ပြသူမှာ

ရဲသားဖြစ်နေသည်။

ကျွန်တော့်ဆုတောင်းခင်းပိတ်ကို ကြမ်းပေါ်ဖြန့်ခင်းကာ နဖူးကိုမြေပြင် နှင့်ထိကပ်နေအောင်၊ ကျွန်တော့်မျက်ရည်များ ပိတ်စပေါ်ရွှဲနစ်နေအောင် ကျွန် တော်ဘုရားရှိခိုးသည်။ ကျွန်တော်ဘုရားမရှိခိုးခဲ့သည်မှာ

တစ်ဆယ့်ငါးနှစ်ကြာခဲ့ ပါကကောလား။ ဘုရားစာကို ကျွန်တော်သတိမရ။ သို့သော်အရေးမကြီး။ တစ်လုံး တစ်လေလောက်တော့ မှတ်မိသေးသည်။

ဘာဘာမှားမှန်း ကျွန်တော်ယခုမှသိသည်။ ဘုရားရှိသည်။ အမြဲတမ်း အတွက် ဘုရားရှိခဲ့သည်ပဲ။ ကျွန်တော် အနောက်အရပ်ကိုရှိခိုးသည်။ မြေပြင်ကို နမ်းရှုတ်သည်။ တပည့်တော် ဇာခက်လုပ်မည်။ ယဇ်ပူဇော်မည်။

ဥပုသ်ကာလအ တွင်း ဥပုသ်စောင့်မည်။ ဥပုသ်ကာလကျော်လွန်သွားသည်အထိ ဥပုသ်ဆက်စောင့် မည်။ ယနေ့မှစ၍ ဘုရားကိုမမေ့တော့။ တပည့်တော်သစ္စာဆိုပါသည်။ တစ်ခု

တည်းသောတောင်းဆုသည်သာ ပြည့်ဝရစေသား။ တပည့်တော်လက်များ ဟက် ဆန့်သွေးစွန်းခဲ့သည်။ ဟက်ဆန့်သား၏သွေး တပည့်တော်လက်ပေါ် မစွန်းပါ ရစေနဲ့ အရှင်ဘုရား။

ကြယ်မခသော မှောင်မိုက်ည။

ကော်ရစ်ဒါအပြင်ဘက်မှ ဧည့်ခန်းလေးထဲ ကျွန်တော်ကြမ်းပေါ်ထိုင် နေသည်မှာ နာရီပိုင်းမျှသာရှိသေးသည်။ ကျွန်တော့်ရှေ့တွင် အညိုမှိုင်းမှိုင်းကော် ဖီစားပွဲ။ စားပွဲပေါ်တွင် သတင်းစာများ မဂ္ဂဇင်းအဟောင်းများ။

မျက်နှာချင်းဆိုင် မှ လက်တွန်းဘီးတစ်စီးပေါ်တွင် ကျောက်စိမ်းရောင်အာဖဂန် အဝတ်အစားဝတ် ထားသော အဘွားအိုတစ်ဦး။ အဘွားအိုသည် တော်ကြာငိုက်သွားလိုက်၊ တော် ကြာနိုးလာပြီး ဘုရားစာရွတ်လိုက်ရှိနေသည်။

ယနေ့ညအဖို့ ဘယ်သူ့ဆုတောင်း ကို ဘုရားကြားမည်နည်း။ ကျွန်တော့်ဆုတောင်းလော။ အဘွားအို၏ဆုတောင်း လော။

ကျွန်တော်လေလိုအပ်သည်။

ပြတင်းထဖွင့်လိုက်တော့ တိုးဝင်လာသည့်လေက အောက်သိုးသိုးနှင့် ပူလောင်နေသည်။ အမှည့်လွန်စွန်ပလွံသီးနံ့နှင့်မြင်းချေးနွားချေးအနံ့ ဖြစ်နေသည်။ ထိုလေကိုသာ

အဆုတ်ထဲအားရပါးရသွင်းယူသည်။ ပြုတ်တူညှပ်ခံရသလို လည် မျိုထဲတင်းကြပ်နေသော ဝေဒနာရှင်းလင်းမသွား။ ကြမ်းပြင်ပေါ် ကျွန်တော်ပုံ ကျသွားသည်။ တိုင်းမ်မဂ္ဂဇင်းတစ်စောင်ကောက်ယူပြီး စာရွက်လှန်သည်။ ဘာစာ

မျှ ဖတ်မရ။ ဘာတစ်ခုမှ အာရုံမစိုက်နိုင်။ နာရီကြည့်လိုက်တော့ မနက်လေးနာ ရီကျော်ရုံကလေးရှိသေးသည်။ အရေးပေါ်ခန်းနှင့် ကျွန်တော့်ကို အဆက်အသွယ် ဖြတ်တောက်ထားသည်မှာ ငါးနာရီကျော်သွားပြီ။ ဘာသတင်းမှ

ကျွန်တော်မကြားရ။

အိပ်ချင်လာပြီမို့ ဖုန်ပေနေသောကြမ်းပေါ် လှဲချလိုက်သည်။

ကျွန်တော်နိုးလာတော့ ဟိုတယ်ရေချိုးခန်းထဲမှမြင်ကွင်းသည် အိပ်မက် တစ်စဖြစ်နေသည်။ ဘုံပိုင်ခေါင်းမှ တစက်စက်ကျနေသောရေ။ ရေချိုးကန်ထဲမှ သွေးရောင်ရဲနေသောရေ။ ရေချိုးကန်ဘေး

တွဲလောင်းကျနေသောလက်။ ဂမုတ် ပေါ်မှ သွေးရဲနေသောသင်တုန်းဓား။ တစ်နေ့ကတင် ကျွန်တော်မုတ်ဆိတ်ရိတ်ခဲ့ သော သင်တုန်းဓား။ အသက်မဝင်တော့သော တစ်ဝက်ဖွင့်သူ့မျက်လုံးများ။ အရာအားလုံးထက်

ထိုမျက်လုံးများကို ကျွန်တော်မေ့နိုင်ချင်သည်။

ကျွန်တော့်ပခုံးကိုလာပုတ်နေ၍ ကျွန်တော်မျက်လုံးဖွင့်ကြည့်သည်။ ကျွန် တော့်ဘေးတွင် ဒူးထောက်နေသောလူတစ်ယောက်။ ထိုလူ၏နှာခေါင်းစည်းပေါ် တွင် သွေးစက်လေးများမြင်လိုက်ရ၍

ကျွန်တော့်စိတ်ထဲဘယ်လိုဖြစ်သွားမှန်းမသိ။ နှာခေါင်းစည်းကို သူချွတ်လိုက်၍တော်ပါသေးသည်။ စိုးရက်ပ်၏သွေးကို ကျွန် တော်ထပ်မမြင်ရ။ သူ့အမည် ဒေါက်တာနာဝဇ် ဖြစ်ကြောင်း ဗြိတိသျှလေသံ ဖြင့်ပြောသည်။

ကျွန်တော် သူ့အနားမှထွက်ပြေးချင်စိတ်ပေါက်လာသည်။ စိုးရက်ပ် သတင်းကို ကျွန်တော်မကြားရဲမကြားဝံ့။ စိုးရက်ပ်သည် ခပ်နက်နက်လှီးလိုက်၍ သွေးထွက်လွန်သွားကြောင်းသူပြောရာ ကျွန်တော့်နှုတ်မှ

ဘုရားစာအလိုလိုရွတ် နေသည်။

သွေးပုလင်းတွေ အများကြီးသွင်းရတယ်။

သတိပြန်လည်အောင် နှစ်ခါတောင်လုပ်ရတယ်။

ကလေးသာ နှလုံးအားမကောင်းရင် အသက်ဆုံးရှုံးတော့မှာ။

သူအသက်ရှင်တယ် …

ဒေါက်တာနာဝဇ်ပြုံးသည်။ ဒေါက်တာ စကားဆက်ပြောနေသော်လည်း ကျွန်တော် မကြားတော့။ ဒေါက်တာ့လက်များကို ကျွန်တော်ဆွဲယူ၊ ကျွန်တော့် မျက်နှာနှင့်အပ်ထားသည်။

အင်္ဂလိပ်အက္ခရာ ူပုံ အထူးဂရုစိုက်ခန်း၏ ထောင့်စွန်းတွင် စိုးရက်ပ် အိပ်ယာရှိသည်။ ဒေါက်တာနာဝဇ် ရှေ့မှဦးဆောင်ကာ ပလတ်စတစ်စလိုက်ကာ ခြားထားသော အိပ်ယာတန်းကြားထဲ

ကျွန်တော့်ကိုခေါ်လာသည်။ ဒေါက်တာနာ ဝဇ်နှင့်အတူ စက်လှေခါးတက်လာစဉ်တုန်းက စိုးရက်ပ်ကိုမြင်လျှင် ကျွန်တော် ငိုမိမည်ဟုထင်ခဲ့သည်။ လက်တွေ့တွင် ပိုက်အရှုပ်အထွေးကြားမှ ဖြူဖတ်နေသော

စိုးရက်ပ်မျက်နှာလေးကို မြင်သောအခါ ကျွန်တော့်မျက်လုံးများ ခြောက်ခန်းနေ သည်။ ဖောင်းချည်ပိန်ချည် သူ့ရင်အုပ်ကလေးကိုကြည့်ပြီး ထူးထူးဆန်းဆန်း ကျွန်တော့်တစ်ကိုယ်လုံးထုံနေသည်။ ကားကိုအပြင်းမောင်းလာစဉ်

ကားခေါင်းချင်း ဆိုင် တိုက်မိရန် နည်းနည်းကလေးအလိုတွင် ကံကောင်းထောက်မစွာ ရှောင်တိမ်း လိုက်နိုင်သော ခံစားချက်မျိုးဖြစ်နေသည်။

စိုးရက်ပ် အိပ်ယာဘေးတွင် ကျွန်တော်ငိုက်မြည်းနေခဲ့ပြီး တဖန်ပြန်နိုး လာချိန်တွင် နေပွင့်လာသည်ကို ပြတင်းမှမြင်ရသည်။ အခန်းထဲရွှေစောင်းစွာ ကျလာသောနေရောင်ကြောင့် ကျွန်တော့်အရိပ်

စိုးရက်ပ်ပေါ်ထင်ဟပ်နေသည်။ စိုးရက်ပ် နိုးမလာသေး။

နေ့ဘက်တွင် စိုးရက်ပ်ဘေးနား ကျွန်တော်နိုးနိုးကြားကြားရှိနေသည်။ ညဘက်တွင် ဆေးရုံ၏ေြ>ွမလိမ်ေြ>ွမကောက် ကော်ရစ်ဒါပေါ် ကျွန်တော်လမ်းသလား သည်။ ကိုယ့်ရှူးဖိနပ်သံကိုယ်နားထောင်ရင်း

စိုးရက်ပ်နိုးလာပါက ဘာစကား ပြောရကောင်းမလဲ စဉ်းစားခန်းထုတ်သည်။

အထူးခန်းထဲတွင် သုံးရက်ကြာသွားပြီးနောက် စိုးရက်ပ်ကို အသက်ရှူ ပိုက် ဖြုတ်ပေးကြသည်။ ပုံမှန်အိပ်ယာပေါ်ပြောင်းပေးကြသည်။ ထိုနေ့က ဆေး ရုံတွင် ကျွန်တော်မရှိ။ ဟိုတယ်ပြန်အိပ်ပြီး အိပ်ယာပေါ်

တလူးလူးတလိမ့်လိမ့် နှင့် မိုးလင်းခဲ့ရသည်။ မနက်မိုးလင်းတော့လည်း ရေချိုးကန်ကို မကြည့်ဖြစ်အောင် နေရသည်။ ရေချိုးကန်ကို ဆေးကြောထားကြသည်။ သွေးများသုတ်ထားကြသည်။

ကြမ်းခင်းအသစ်လဲကာ နံရံကိုပါဆေးကြောထားကြသည်။

ဧည့်ကြိုခန်းမှ ကျွန်တော်ထွက်ခါနီးတွင် ဟိုတယ်မန်နေဂျာ မစ္စတာ ဖေရိဇ်က ကျွန်တော့်အားတွေ့သွားသည်။

”ခင်ဗျားအတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျုပ်ဟိုတယ်မှာ မတည်းပါနဲ့တော့ဗျာ။ ကျုပ်စီးပွားရေးကို ထိခိုက်လို့ပါ” ဟုဆိုသည်။

ကျွန်တော်နားလည်ကြောင်း ပြောပြလိုက်သည်။ ဟိုတယ်ခရှင်းပေးသော အခါ ဆေးရုံတွင်နေသော သုံးရက်စာအတွက် သူကမယူ။ ဟိုတယ်ဧည့်ကြိုခန်း အပြင်ဘက်တွင် အငှားကားစောင့်ရင်း

မစ္စတာဖေရိဇ် ပြောခဲ့သောစကားတစ်ခွန်း ကို ကျွန်တော်ပြန်သတိရနေသည်။ စိုးရက်ပ်ကိုလိုက်ရှာသောနေ့က သူပြောခဲ့သည်။ မင်းတို့အာဖဂန်တွေအကြောင်းပြောရရင် … မင်းတို့ကောင်တွေ နည်းနည်းတော့

နမော်နမဲ့နိုင်တယ်ကွာ။ သူ့စကားကို ကျွန်တော်ရယ်ခဲ့သည်။ ခုတော့ ကျွန်တော် ပြန်တွေးနေရသည်။ စိုးရက်ပ်အကြောက်ဆုံးသတင်းကို ကျွန်တော်ပေးပြီး ကျွန် တော် တကယ်ပဲအိပ်မောကျသွားသလော။

အငှားကားပေါ်တက်ပြီး ယာဉ်မောင်းအား ပါရှားစာအုပ်ဆိုင်သိသလား မေးကြည့်ရသည်။ ဆေးရုံအသွားလမ်းတွင် ကျွန်တော်စာအုပ်ဆိုင်ဝင်သည်။
္ထ

စိုးရက်ပ်၏အိပ်ယာသည် ပြတင်းနားတွင်ရှိသည်။ ဖရဲစေ့ဝါးနေသော ယူနီဖောင်းဝတ်လုံခြုံရေးအစောင့်တစ်ဦး ရပ်စောင့်နေသည်။ စိုးရက်ပ် နောက် တစ်ကြိမ် မိမိကိုယ်ကိုမကြံစည်အောင်

၂၄နာရီအချိန်ပြည့် စောင့်ကြပ်ထားသော ဆေးရုံစည်းမျဉ်းဖြစ်ကြောင်း ဒေါက်တာနာဝဇ် ကျွန်တော့်အားပြောပြထားသည်။ ကျွန်တော်ဝင်လာသည်ကို အစောင့်မြင်သော် ဦးထုပ်ထိတို့နှုတ်ဆက်ပြီး အခန်းထဲ

မှထွက်ခွာသွားသည်။

ဆေးရုံအဝတ်အစားဝတ်ထားသော စိုးရက်ပ်သည် အိပ်ယာပေါ်ပက်လက် ကလေးလှန်နေသည်။ စောင်ကိုရင်ဘတ်ထိအောင် ဆွဲခြုံထားပြီး ပြတင်းဆီမျက် နှာမူထားသည်။ အိပ်ပျော်နေပြီထင်သည်။ သူ့အိပ်ယာဘေး

ကျွန်တော်ကုလား ထိုင်ယူလာသောအခါ သူမျက်တောင်ပုတ်ပြီး မျက်လုံးပွင့်လာသည်။ ကျွန်တော့်ကို ကြည့်ပြီး မျက်နှာလွှဲသွားသည်။ သွေးတွေသည်လောက်သွင်းထားပါလျက် မျက် နှာလေးဖြူဖျော့နိုင်လွန်းသည်။

”နေကောင်းရဲ့လား” ဟုကျွန်တော်မေးတော့ သူဘာမျှမဖြေ။ ဆေးရုံဝင်း ထဲ ငေးနေသည်။

”စောစောတုန်းက ဒေါက်တာနာဝဇ်နဲ့ ကာကာစကားပြောကြသေးတယ် ကွ။ တစ်ရက်နှစ်ရက်ကြာရင် သားဆေးရုံကဆင်းလို့ရပြီတဲ့။ ဒါသတင်းကောင်း မဟုတ်ဘူးလား”

တိတ်ဆိတ်မှုနှင့်သာ ကျွန်တော်ရင်ဆိုင်ရသည်။ စိုးရက်ပ်၏လက်ကောက် ဝတ်ဒဏ်ရာကို ကျွန်တော်မကြည့်မိအောင်နေရင်း ”သားအခန်းကို ကာကာကြိုက် တယ်ကွာ။

လင်းလင်းကျင်းကျင်းနဲ့ မြင်ကွင်းလည်းကောင်းတယ်”

တိတ်နေပြန်သည်။ မသက်မသာတိတ်ဆိတ်မှုကာလကို ကျော်လွှားရပြန် သည်။ ကျွန်တော့်နဖူးနှင့် အပေါ်နှုတ်ခမ်းချွေးပြန်လာသည်။ စင်ပေါ်မှလက်ရာ မယွင်းသေးသော ပဲစိမ်းလှော်ပန်းကန်ကို

ကျွန်တော်လက်ညှိုးထိုးပြပြီး ”တစ်ခုခု စားရမယ်နော်။ ဒါမှအားပြန်ရှိအောင်။ ကာကာ ခွံ့ကျွေးရမလား”

သူ ကျွန်တော့်ကိုကြည့်ပြီး မျက်လုံးလွှဲသွားပြန်သည်။ သူ့ကိုရေချိုးကန် ထဲမှ ကျွန်တော်ဆွဲထုတ်စဉ်ကအတိုင်း သူ့မျက်လုံးများ အရောင်အဆင်းကင်းမဲ့ နေသည်။ ဗလာနတ္ထိဖြစ်နေသည်။

ကျွန်တော် စက္ကူအိတ်ထဲမှ စာအုပ်ထုတ်သည်။ ပါရှားစာအုပ်ဆိုင်မှ ဝယ်လာခဲ့သော ရှာနာမာစာအုပ်အဟောင်း။ စိုးရက်ပ်ကို စာအုပ်မျက်နှာဖုံးထောင် ပြကာ ”ကာကာငယ်တုန်းက သားအဖေကို

ခဏခဏဖတ်ပြခဲ့တဲ့စာအုပ်ကွ။ အိမ်နားကတောင်ကုန်းပေါ်ကိုတက်၊ တလည်းပင်ကြီးအောက်မှာထိုင်ပြီး …” ကျွန် တော့်အသံအဖျားဆွတ်တိမ်ဝင်သွားသည်။ ပြတင်းအပြင်ကိုသာ စိုးရက်ပ်မျှော် နေဆဲ။

ကျွန်တော်ညှစ်ပြုံးသည်။ လည်ချောင်းရှင်းပြီး စတင်ဖတ်သည်။ ”မျက် ရည်များဖြင့်ပြောသော ပုံပြင်ဖြစ်သည့်တိုင် … စိုးရက်ပ်နှင့်ရိုစတမ်တို့၏ တိုက်ပွဲ အကြောင်း နားဆင်ကြလော့ …”

အခန်း(၁)ကို ကျွန်တော်အကုန်နီးပါးဖတ်ပြသည်။

”ကာကာ ဆက်ဖတ်ပြရမလား။ နားထောင်ချင်လား” ဟုမေးကြည့်ရာ စိုးရက်ပ် ခေါင်းခါသည်။ စိုးရက်ပ် ပါးစပ်ပွင့်လာပြီး ကြမ်းရှသောအသံ ထွက်

လာသည်။ လေရှူပိုက်ကြောင့်ဖြစ်မှန်း ဒေါက်တာနာဝဇ် ပြောပြထားသည်။

”မောတယ်”

”ကာကာသိပါတယ်ကွယ်။ ဒေါက်တာနာဝဇ်ပြော-”

စိုးရက်ပ် ခေါင်းရမ်းသည်။

”ဘာလဲ စိုးရက်ပ်”

”အားလုံးကိုမောတယ်”

ကျွန်တော်သက်ပြင်းချပြီး ကုလားထိုင်ပေါ်ပုံကျသွားသည်။ ကျွန်တော် နှင့်စိုးရက်ပ်ကြားဝယ် နေခြည်တစ်တန်းဖြာဆင်းနေသည်။ နေခြည်တန်း၏ ဟိုမှာ ဘက်တွင် ကျွန်တော့်အားကြည့်နေသော ဖြူရော်မွဲပြာနေသည့်

စိုးရက်ပ်၏မျက်နှာ။ ထိုမျက်နှာသည် ဟက်ဆန်နှင့်ချွတ်စွပ်တူနိုင်လွန်းသော အစားထိုးမျက်နှာ။ ကျွန် တော်နှင့် ကျောက်ဒိုးရိုက်နေသော ဟက်ဆန်တော့မဟုတ်။ တောင်ကုန်းအတိုင်း ကျွန်တော်အပြေးလိုက်ခဲ့သော

ဟက်ဆန်လည်းမဟုတ်။ ဟက်ဆန့်ကို ကျွန်တော် နောက်ဆုံးမြင်ခဲ့ရသော ပိုင်ဆိုင်သမျှအထုပ်အပိုးလေးသယ်ကာ ဘာဘာ့ကားနောက် ခန်းထဲ ခွေနုံးစွာလိုက်ပါသွားသော ဟက်ဆန်ဖြစ်နေသည်။

”အားလုံးကိုမောတယ်” ဟု စိုးရက်ပ်ထပ်ပြောသည်။

”ကာကာ ဘာလုပ်ပေးရမလဲ။ ပြောပြပါလား”

”သား – သားအရင်ဘဝကိုပဲ ပြန်လိုချင်တယ်”

”ဪ … သားရယ်”

”အဖေရယ် … အမေရယ် … စာစာရယ် … ခြံထဲမှာ ဆပ်ရာဟင်ခန် နဲ့ကစားချင်တယ်။ သားတို့အိမ်မှာပဲ ပြန်နေချင်တယ်။ အရင်ဘဝကိုပဲ ပြန်လို ချင်တယ်”

ကျွန်တော် ဘာပြောရမှန်းမသိ။ ဘယ်ကြည့်ရမှန်းမသိ။ ကိုယ့်လက်သာ ကိုယ်ငုံ့ကြည့်နေမိသည်။ အတွေးများကတော့ အပြေးအလွှား။ အရင်ဘဝတဲ့လား။ ကာကာလည်း ဒီအတိုင်းပါပဲကွာ။ ဒီခြံထဲမှာပဲ ကာကာ

ကစားခဲ့တာ။ ဒီအိမ် ထဲမှာပဲ ကာကာနေခဲ့တာ။ ခုများတော့ မြက်တွေကခြောက်လို့။ အိမ်ရှေ့မှာရပ် ထားတာ သူများကား။ ကာကာတို့ရဲ့ အရင်ဘဝတဲ့လား။ ပျောက်ဆုံးသွားပြီ လေ။ ခုတော့ ကာကာရယ်

သားရယ် နှစ်ယောက်ထဲ။

”ဒါတော့ ကာကာပြန်မပေးနိုင်ဘူးလေ” ဟု ကျွန်တော်ဖြေလိုက်သည်။

”မပေးခဲ့ရင်ကောင်းသား”

”ဒီလိုမပြောပါနဲ့”

”မပေးခဲ့ရင်ကောင်းသား။ သားကို ရေထဲမှာဒီအတိုင်းထားခဲ့လိုက်စေ ချင်တာ”

”တော်တော့၊ နောင်ဘယ်တော့မှ ဒီစကားမပြောရဘူး။ သားကို သား ရဲ့အရင်ဘဝ ကာကာပြန်မပေးနိုင်ဘူး။ ဒါပေမယ့် ကာကာနဲ့အတူခေါ်သွားနိုင် တယ်။ ရေချိုးခန်းထဲ ကာကာဝင်လာတာ ဒီအကြောင်းပြောပြမလို့။

အမေရိကား သွားဖို့ သားဗီဇာရပြီ။ ကာကာနဲ့ ကာကာ့ဇနီးနဲ့အတူ နေလို့ရပြီ။ တကယ် ပြောတာ။ ကာကာ ကတိပေးတယ်”

စိုးရက်ပ် သက်ပြင်းချပြီး မျက်လုံးများမှိတ်ထားသည်။ နောက်ဆုံးစ ကားနှစ်ခွန်းကို ကျွန်တော်မပြောခဲ့မိကောင်းသား။

”ကာကာလေ … ဘဝမှာ နောင်တရစရာတွေ အများကြီးလုပ်ခဲ့တယ်။ သားကို ကတိပေးခဲ့တဲ့အပေါ်မှာ ထပ်ပြီးမလုပ်မိချင်တော့ဘူး။ ကာကာ စိတ် မကောင်းလိုက်တာသားရယ်။ ကာကာ့ကို ခွင့်လွှတ်နော်။ ကာကာ့ကို

ခွင့်လွှတ် နိုင်မလား။ ကာကာ့ကို သားယုံကြည်ပေးနိုင်မလား။ ကာကာနဲ့အတူ လိုက်ခဲ့ မလား”

စိုးရက်ပ်ထံမှ အဖြေကိုစောင့်ရင်း ကျွန်တော့်စိတ်အစဉ်က အတိတ် တစ်ချိန်ဆီလွင့်ပါးသွားပြန်သည်။ နှင်းတွေတဖွေ့ဖွေ့ေြ<ွကနေခဲ့သောနေ့။ စွန်လိုက် ရင်း ချယ်ရီပင်အောက်

ဟက်ဆန့်ကို မြေမှုန့်စားမလားမေးကာ သူ့သစ္စာရှိမှုကို ကျွန်တော်ကစားခဲ့ဖူးသည်။ ခုတော့ ကျွန်တော့်တန်ဖိုးကို သက်သေပြဖို့ မှန်ဘီလူးအောက် ကျွန်တော်ရောက်နေရပြီ။

စိုးရက်ပ်သည် ကိုယ်ကိုစောင်း၍ ကျွန်တော့်ကိုကျောပေးသည်။ အတန် ကြာအောင် စကားမပြော။ သူအိပ်ပျော်စပြုပြီဟု ကျွန်တော်ထင်လိုက်ချိန်၌ သူ့ အသံအက်ကွဲထွက်လာသည်။

''သားသိပ်မောတယ်''

သူအိပ်ပျော်သွားချိန်ထိ ကျွန်တော်စောင့်သည်။ သူနှင့်ကျွန်တော့်ကြား တစ်ခုခုပျောက်ဆုံးနေခဲ့ပြီ။ စိုးရက်ပ် ကျွန်တော့်ကိုစကားပြောဖို့ နောင်တစ်နှစ် နီးပါးကြာအောင် စောင့်ရမည်ကို ကျွန်တော့်မသိဘဲ

ကျွန်တော် ဆေးရုံခန်းမှ ခွာကာ ဟိုတယ်နောက်တစ်လုံးအရှာထွက်ရသည်။

……………………………………

……………………………………
_____________________________

ဆက်ပါဦးမည်..။

____________________________

မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI

______________________________

မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ် စာအုပ်တန်ဖိုး

… 3000 ကျပ်

_________-

လေးစားစွာဖြင့်…

…………………….

4 comments

  • အလင်းဆက်

    August 8, 2012 at 6:06 pm

    ‘ဒီအပိုင်းမှာ ကျွန်တော်..စိတ်အထိခိုက်ဆုံးစာသားက
    စိုးရက်ပ်လေးပြောတဲ ့
    အားလုံ့းကို မောတယ်….. ဆိုတာပါ ။

    ကျွန်တော်… သူ ့ ခံစားချက်ကို ကိုယ်ချင်းစာ..လို ့ရသွားတယ် ။

    ကျွန်တော်ကိုယ်တိုင်..နာကျင်စရာတွေ ကြုံတဲ့ အခါ..တိုင်း…လည်း

    အားလုံးကို မောတယ်..လို ့ ပြောချင်တယ် ။

  • shwe kyi

    August 9, 2012 at 9:15 am

    ဖတ်နေရင်းကို မောနေရပါတယ်။ အဆင်ပြေသွားကြမယ်မဟုတ်လားဟင်။
    အားလုံးကိုမောတယ်တဲ့ ကောင်းလိုက်တဲ့စကား တခွန်းတည်းနဲ့ တဘဝလုံးစာထိရောက်ပါပေတယ်။
    ဆက်ပါဦးရှင်။

  • မောင်ပေ

    August 9, 2012 at 9:27 am

    စိုးရပ်လေးကို သနားမိသလို
    အေမားနေရာကို ဝင်ကြည့်မိတော့ ပိုမောလာတယ်
    မူရင်းရော ဆရာမဝင်းပြုံးမြင့်ပါ စာရေးအရမ်းကောင်းတာပါကလား
    ဒါနဲ့ပရိုဖိုင်ပုံထဲက စိုးဆက်ကတော့ တော်၂ကံကောင်းတဲ့ပုံပဲ

  • အလင်းဆက်

    August 9, 2012 at 6:23 pm

    ရွှေကြည်ရေ..
    အဆက်မပြတ် ဖတ်ရှုလာတာ.
    အခုဆို..နောက်တစ်ပိုင်းမှာ..ပြိးဆုံးပါတော့မယ် ။ ကျေးဖူး အထူးတင်ပါတယ်..ရွှေကြည် ။

    ဦးပေ…ရေ..
    စိုးဆက်..တဲ ့လား ။
    ကျွန်တော်.. ကံကောင်းပါတယ် ။ ချော နေလို ့လေ…။ အဟိ ။

    ဦးပေ..ကျေးဇူးပါပဲ.နော် ။ ဦးပေ..လည်း.. ကျွန်တော်.တင်ပေးသမျှ အပိုငိး တိုင်းကို… ဖတ်လာတာ.ေ.လ ။

    စာချစ်သူများ.အားလုံးကို…
    ကျေးဇူးလည်း.တင်တယ် ။ ခင်မင်လေးစားပါတယ် ။

    အလင်းဆက်

Leave a Reply