ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၄၄ ) ဇာတ်သိမ်း
အိပ်ပျော်စပြုပြီဟု ကျွန်တော်ထင်လိုက်ချိန်၌ သူ့ အသံအက်ကွဲထွက်လာသည်။
”သားသိပ်မောတယ်”
သူအိပ်ပျော်သွားချိန်ထိ ကျွန်တော်စောင့်သည်။ သူနှင့်ကျွန်တော့်ကြား တစ်ခုခုပျောက်ဆုံးနေခဲ့ပြီ။ စိုးရက်ပ် ကျွန်တော့်ကိုစကားပြောဖို့ နောင်တစ်နှစ် နီးပါးကြာအောင် စောင့်ရမည်ကို ကျွန်တော့်မသိဘဲ
ကျွန်တော် ဆေးရုံခန်းမှ ခွာကာ ဟိုတယ်နောက်တစ်လုံးအရှာထွက်ရသည်။
……………………………………
နောက်ဆုံးတွင် စိုးရက်ပ်သည် ကျွန်တော့်ကမ်းလှမ်းချက်ဟူသမျှကို ခေါင်းမညိတ်ခေါင်းမခါ တုံဏှိဘာဝေလုပ်နေတော့သည်။ သို့သော် သူ့ပတ်တီး
များကိုခွာချပြီးလျှင်၊ ဆေးရုံအဝတ်အစားကိုချွတ်ပြီးလျှင်၊ သူသည် နေအိမ်မဲ့ မိဘမဲ့ ဟာဇာရာကလေးတစ်ယောက်ဘဝကိုသာ ပြန်ရောက်ရတော့မည်ဟု သူသိ နေခဲ့သည်။
သူ့မှာ ဘာများရွေးချယ်ခွင့်ရှိဦးမည်နည်း။ သူ ဘယ်ကိုများသွား နိုင်ဦးမည်နည်း။ သို့ဖြစ်ရာ ကျွန်တော်ကသူ့ထံမှ ခေါင်းညိတ်မှုကိုတောင်းခံနေ လျှင်
သူ၏လက်သင့်ခံခြင်းမဟုတ်ဘဲ အသံတိတ်အရှုံးပေးခြင်းသာ ဖြစ်နေလိမ့် မည်။ သူတမ်းတနာကျင်နေသည်က သူ့အရင်ဘဝ။ သူရသည်က ကျွန်တော်နှင့် အမေရိကား။
သိပ်တော့မဆိုးဟု ကျွန်တော်ပြောမထွက်နိုင်။ ခေါင်းထဲအပူမီး တောက်နေသူအဖို့ လက်တွေ့ဘဝနှင့်ကင်းလွတ်နေရခြင်းသည် ဖြေသာရာတစ် မျိုးပင်တည်း။
ဤသို့ဖြင့် နိုင်လွန်ကတ္တရာခင်းလေယာဉ်ပြေးလမ်းကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြကာ ဟက်ဆန့်သားကို အာဖဂန်နစ္စတန်မှ အမေရိကားရောက် အောင်
ကျွန်တော်ခေါ်လာခဲ့ပြီ။ သေသေချာချာဖြစ်ပျက်နေသော ဝရုန်းသုန်းကား အခြေအနေမှ မသေချာမရေရာမှုများ ဝရုန်းသုန်းကားဖြစ်နေသောနေရာဆီ သူ့ကို ခေါ်လာနိုင်ခဲ့ပြီ။
၁၉၈၃-၈၄ ပတ်ဝန်းကျင်က ဖရီးမောင့်ရှိ ဗီဒီယိုဆိုင်တွင် အနောက် တိုင်း ရုပ်ရှင်ကားများကို ကျွန်တော်ကြည့်ရှုနေသည်။ ကျွန်တော့်ဘေးမှ ကုတ် သောက်နေသော
ငနဲတစ်ကောင်က ‘ခုနစ်ဦးခုနစ်ဖော်’ ကားကို လက်ညှိုးထိုးပြီး ကျွန်တော့်အား ကြည့်ပြီးပြီလားမေးသည်။ ”ဆယ့်သုံးခါကြည့်ပြီးပြီ” ဟု ကျွန် တော်ဖြေလိုက်သည်။
”အဲဒီကားထဲမှာ ချားလ်ဘရွန်ဆန်သေတယ်။ ဂျိမ်းစ်ကို ဘန်း လည်းသေတယ်။ ရောဘတ်ဗွန်ရောပဲ” ဟု ကျွန်တော်ပြောလိုက်ရာ ထိုငနဲ
မျက်နှာအကြီးအကျယ်ပျက်သွားသည်။ ကျွန်တော်ကပဲ သူသောက်နေသောခွက်ထဲ တံတွေးထွေးချလိုက်သလို။ အမေရိကားတွင် ကျွန်တော်သင်ကြားခဲ့ရသည်မှာ ထို ကိစ္စ။
ရုပ်ရှင်ကား၏ဇာတ်သိမ်းကို ထုတ်မပြောရ။ ဇာတ်သိမ်းကိုဖျက်ဆီးမိပါက ငြိုငြင်ခံရသည်။
အာဖဂန်နစ္စတန်တွင်မူ ဇာတ်သိမ်းသည်သာ အခရာ။ ဟက်ဆန်နှင့် ကျွန်တော် ရုပ်ရှင်ကြည့်ပြီးပြန်လာပါက အိမ်ရှိလူကုန်တင်မက
အိမ်ကိုဝင်ထွက် နေသော နှစ်ဝမ်းကွဲသုံးဝမ်းကွဲ ဆွေမျိုးများကပါ ဇာတ်သိမ်းကိုမေးကြသည်။ ရုပ်ရှင်ထဲမှ
မင်းသမီးလေးနှင့်မင်းသားလေး ပျော်ရွှင်စွာဇာတ်ပေါင်းသွားကြသ လော။ သူတို့သိလိုသည်မှာ အဆုံးတွင်ပျော်ရွှင်ကြရသလော။
ဟက်ဆန်၊ စိုးရက်ပ်နှင့် ကျွန်တော်၏ဇာတ်လမ်းကို ထိုမေးခွန်းမျိုးမေး ပါက ကျွန်တော်မဖြေတတ်။
ဘယ်သူများဖြေနိုင်အံ့နည်း။
နောက်ဆုံးမတော့ ဘဝဟူသည် ဟိနီ္ဒရုပ်ရှင်ကားမဟုတ်။ ဘဝသည် အစတွေအဆုံးတွေကို ဂရုမထားဘဲ မနေမနားတသွားတည်းသွားလျက်ရှိနေသည်သာ။
ကျွန်တော် အမေရိကားမှထွက်လာခဲ့ပြီး နောင်ခုနစ်လအကြာ ၂ဝဝ၁ခု၊ ဩဂုတ်လတွင် ကျွန်တော်အိမ်ပြန်ရောက်သည်။ ကျွန်တော်တို့ကို လေဆိပ်တွင်
စိုးရာယာလာကြိုသည်။ စိုးရာယာနှင့်ကျွန်တော် သည်လောက်ကြာကြာမခွဲဖူးခဲ့။ ကျွန်တော့်လည်ပင်းကို စိုးရာယာသိုင်းဖက်လိုက်တော့မှ စိုးရာယာကို ဘယ်လောက်
လွမ်းနေမှန်း ကျွန်တော့်ဖာသာသိတော့သည်။
စိုးရက်ပ်နှင့် မျက်စိတစ်တန်းတည်းကျအောင် စိုးရာယာထိုင်ချလိုက်ပြီး ”ဆာလမ်၊ စိုးရက်ပ်။ သားကို အားလုံးစောင့်နေကြတာ” ဟုနှုတ်ဆက်သည်။
စိုးရက်ပ်ကိုပြုံးကြည့်နေသော စိုးရာယာ မျက်ရည်လည်နေသည်။
စိုးရက်ပ် မျက်နှာလွှဲသည်။
အပေါ်ထပ်စာကြည့်ခန်းကို စိုးရာယာက စိုးရက်ပ်အတွက် အိပ်ခန်းအဖြစ် ပြောင်းပေးထားသည်။ ခုတင်စွန်းတွင် စိုးရက်ပ်ဝင်ထိုင်သည်။ အိပ်ယာခင်းသည်
နက်ပြာခံပေါ်မှ ရောင်စုံစွန်များ။ ဗီရိုဘေးမှ နံရံပေါ်ဝယ် စိုးရာယာသည် ကလေး တစ်ယောက်အရပ်တိုင်းရန် ပေနှင့်လက်မ အမှတ်အသားများ ရေးချွတ်ထားသည်။
ခုတင်ခြေရင်းမှကြိမ်ခြင်းထဲတွင် မီးရထားကစားစရာ၊ ရေဆေးနှင့် စာအုပ်များ ထည့်ထားပေးသည်။
အခန်းကိုကြိုက်ရဲ့လားဟု စိုးရာယာမေးနေစဉ် စိုးရာယာသည် စိုးရက်ပ် ၏လက်ကောက်ဝတ်ဒဏ်ရာကို မကြည့်ဖြစ်အောင် တမင်မျက်စိလွှဲထားသည်။
မျက်စိလွှဲသော်လည်း စိုးရာယာမျက်လုံးများ ထိုလက်ကောက်ဝတ်ဒဏ်ရာဆီသာ ရောက်ရောက်နေသည်။ စိုးရက်ပ် ခေါင်းငုံ့သည်။ လက်များကို ပေါင်ကြားထဲသွင်း ပြီး
ဘာမျှမဖြေ။ ထို့နောက် အိပ်ယာပေါ် စိုးရက်ပ်လှဲချလိုက်သည်။ ငါးမိနစ် မကြာခင် စိုးရက်ပ်ဟောက်နေသည်ကို စိုးရာယာနှင့်ကျွန်တော် တံခါးဝတွင် ရပ်ကြည့်နေခဲ့ကြသည်။
နောက်တစ်နေ့ညတွင် စိုးရာယာ၏မိဘနှစ်ပါး ဗိုလ်ချုပ်ကြီးနှင့် ခါလာ ဂျမီလာ ကျွန်တော်တို့အိမ်ကို ညစာလာစားသည်။ စိုးရက်ပ်လေးကိုမြင်ပြီး ခါလာ ဂျမီလာ
မျက်နှာကြီးဝင်းသွားသည်။ ”ရော့။ ဒီမှာ သားအတွက် ဘွားဘွားထိုး ထားတာ” ဟုဆိုကာ အပြာရောင်ဆွယ်တာအကျႌလေးပေးသည်။ ”နောင်နှစ် ဆောင်းလောက်ဆို
သားနဲ့အတော်ဘဲ” ဟုပြောသည်။
စိုးရက်ပ် ဆွယ်တာလှမ်းယူသည်။
ဗိုလ်ချုပ်ကြီးသည် တုတ်ကောက်ပေါ်လက်နှစ်ဖက်စလုံးဖြင့် အားပြုပြီး စိုးရက်ပ်အား အဆန်းအပြားအလှဆင်ပစ္စည်းတစ်ခု ကြည့်သလိုကြည့်သည်။
ကျွန်တော့်ဒဏ်ရာများအကြောင်း ခါလာဂျမီလာကို တဖြေတည်းဖြေနေရ သည်။ ကျွန်တော်ရိုက်၍လုယက်ခံရကြောင်း စိုးရာယာကိုပြောခိုင်းထားသည်။
စိုးရာယာတို့သားအမိ ညစာပြင်နေကြစဉ် ဗိုလ်ချုပ်ကြီးနှင့်ကျွန်တော် ဧည့်ခန်းထဲထိုင်၍ ကဘူးမြို့တော်နှင့် တာလီဘန်များအကြောင်းပြောကြသည်။
ဗိုလ်ချုပ်ကြီး ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေသည်။ ခြေတုရောင်းသူအကြောင်း ရောက်တော့ ဗိုလ်ချုပ်ကြီးစုတ်သပ်သည်။ ဂါဇီအားကစားရုံနှင့် အာစွပ်အကြောင်း ကိုမူ
ကျွန်တော်ချန်ထားသည်။ ရာဟင်ခန့်ကျန်းမာရေးဆီ စကားရောက်သွားရာ ဗိုလ်ချုပ်ကြီး ခေါင်းရမ်းနေသည်။ သို့သော် စကားပြောနေစဉ်တစ်လျှောက်လုံး
ဗိုလ်ချုပ်ကြီး၏မျက်လုံးများ ကွပ်ပျစ်ပေါ်အိပ်နေသောစိုးရက်ပ်ထံ ရောက်ရောက် သွားပုံမှာ အမှန်တကယ်သူသိလိုသောအကြောင်းအရာမှ ကျွန်တော်တို့တမင် ဝေ့
လည်ကြောင်ပတ်လုပ်နေကြသလိုဖြစ်၏။
နောက်ဆုံးတွင် ညစာထမင်းစားပွဲပေါ်၌ ဝေ့လည်ကြောင်ပတ်လုပ်ခြင်း များ ကိစ္စတုံးသွားသည်။ ဗိုလ်ချုပ်ကြီးသည် ခက်ရင်းကိုချလိုက်ပြီ။
”ကဲ၊အေမား။ ဒီကောင်လေးကို ဘာကြောင့်ဒီခေါ်လာသလဲ ပြောမယ် မဟုတ်လား”
”အို ဘယ်လိုမေးလိုက်တာလဲ” ဟု ခါလာဂျမီလာ ဝင်ဟန့်သည်။
”မင်းဆွယ်တာထိုးနေတဲ့အချိန်မှာ ငါကပတ်ဝန်းကျင်နဲ့ ဖြေရှင်းရမှာကွ။
လူတွေကမေးကြတော့မယ်။ ငါတို့သမီးက ဘာဖြစ်လို့ ဟာဇာရာကောင်လေး အိမ်ခေါ်ထားသလဲမေးကြတော့မယ်။ ဒီတော့ ငါဘာဖြေရမလဲ”
စိုးရာယာ ဇွန်းချပြီး အဖေ့ဘက်လှည့်သည်။ ”ပြောလိုက်ပေါ့-”
”ရတယ် စိုးရာယာ။ အိုကေ … အိုကေ၊ ဗိုလ်ချုပ်ကြီးပြောတာ မှန် ပါတယ်။ လူတွေမေးကြတော့မယ်” ဟု ကျွန်တော်ဝင်ပြောသည်။ ”ကျွန်တော့် အဖေက
အစေခံရဲ့မိန်းမနဲ့ အတူအိပ်တယ်။ မွေးလာတဲ့ကလေးက ဟက်ဆန်။ ခုတော့ ဟက်ဆန်သေပြီ။ ဟိုကွပ်ပျစ်ပေါ်ကကောင်လေးက ဟက်ဆန့်သား။ ကျွန်တော့်တူပေါ့။
လူတွေမေးရင် ဒီတိုင်းသာဖြေလိုက်ပါဗျာ”
အားလုံး ကျွန်တော့်ကိုပြူးကြည့်နေကြသည်။
”ပြီးတော့ နောက်တစ်ခုပြောချင်ပါတယ်။ ကျွန်တော့်ရှေ့မှာ သူ့ကို ဟာဇာရာကောင်လေးလို့ မခေါ်ပါနဲ့။ သူ့မှာ နာမည်ရှိတယ်။ စိုးရက်ပ်တဲ့”
ကျန်ထမင်းစားချိန်တစ်လျှောက်လုံး ဘယ်သူမှ ဘာမှမပြောကြတော့ချေ။
စိုးရက်ပ်ကိုအေးသည်ဟု သတ်မှတ်လျှင်မှားသည်။ အေးခြင်းသည် ငြိမ်း ချမ်းခြင်း၊ ငြိမ်ဆိမ်ခြင်းပင်ဖြစ်၏။ ဘဝအပေါ်အသံတိုးပြခြင်းဟု ဆိုလိုသည်။
တိတ်နေခြင်းကမူ ဘဝ၏အသံကိုပိတ်လိုက်ခြင်းမည်၏။ အစစအရာရာ အလုံးစုံကို ပိတ်သိမ်းလိုက်ခြင်း။ ချောင်ကလေးတချောင်ထဲ မှောင်ရိပ်ခိုကာ အစွန်းအစလေးပင်
မထွက်ရအောင် ကျုံ့ကျုံ့ရုံ့ရုံ့လေးကွေးနေသော စိုးရက်ပ်၏ တိတ်ဆိတ်ခြင်း။
စိုးရက်ပ်သည် ကျွန်တော်တို့မိသားစုထဲ ရှိနေသည်ဟုပင်မထင်ရ။ သူ ဝင်လာလျှင် ကျွန်တော် စာအုပ်ပေါ်မှတစ်ချက်မော့ကြည့်မည်။ သူဘယ်အချိန်တုန်း က
ကျွန်တော့်ရှေ့ဝင်ထိုင်နေသလဲ ကျွန်တော်သတိမထားမိလိုက်။ စိုးရက်ပ်သည် လမ်းလျှောက်လျှင် ခြေရာလေးထင်မည်ကိုပင် စိုးရွံ့နေသလို။ သူ့ဘေးနားမှလေထု
လှုပ်ရှားသွားမည်ကိုပင် စိုးရွံ့နေသလို။ များသောအားဖြင့် အိပ်နေတတ်သည်။
စိုးရက်ပ်၏တိတ်ဆိတ်ခြင်းသည် ကျွန်တော့်ဇနီးစိုးရာယာကိုလည်း အထိ နာစေခဲ့သည်။ ပါကစ္စတန်မှ ကျွန်တော်ဖုန်းခေါ်ကတည်းက စိုးရက်ပ်အတွက်
စိုးရာယာစီစဉ်ခဲ့သည်များက မနည်းလှ။ ရေကူးသင်း၊ ဘောလုံးသင်း၊ လက်ပစ် ဘောအသင်း။ ခုတော့လည်း စိုးရာယာသည် စိုးရက်ပ်အခန်းရှေ့ဖြတ်လျှောက် ရုံသာ။
အခန်းတွင်းတစ်ချက်ကဲကြည့်လိုက်လျှင် ကြိမ်ခြင်းထဲမှ စာအုပ်များ လက်ရာမယွင်းသေး။ အရပ်တိုင်းထားခြင်းများမရှိ။
စိုးရက်ပ် တိတ်နေခဲ့သော်လည်း ကမ္ဘာကြီးကတော့ တိတ်မနေခဲ့။ ပြီးခဲ့ သော စက်တင်ဘာ၊ အင်္ဂါနေ့တစ်မနက်တွင် အမွှာမျှော်စင်ပြိုကျခဲ့ပြီး ထိုတစ် ညအတွင်းမှာပင်
တကမ္ဘာလုံးပြောင်းလဲသွားခဲ့သည်။ နေရာတိုင်း အမေရိကန် အလံများ ပလူပျံသွားသည်။ အဝါရောင်တက္ကစီကားများ၏ ကောင်းကင်တိုင်၊ ခြေကျင်သမား၏ အကျႌလည်ခွံကွေး၊
သူတောင်းစားဦးထုပ် … ကြည့်လေရာရာ အမေရိကန်အလံများချည်း။
အမွှာမျှော်စင်တိုက်ခိုက်ခံရပြီး သိပ်မကြာ အမေရိကားက အာဖဂန်နစ္စ တန်ကို ဗုံးကြဲသည်။ မြောက်ပိုင်းမဟာမိတ်များလှိမ့်ဝင်လာသဖြင့် တာလီဘန် များ
ြ<ွကက်ကလေးများလို သေပြေးရှင်ပြေးတွင်းအောင်းရတော့သည်။
ထိုနှစ် ဒီဇင်ဘာတွင် ပက်ရှ်ထန်၊ တာဂျစ်၊ အုဇဘက်နှင့် ဟာဇာရာများ ဘွန်းမြို့တွင် စည်းရုံးကြသည်။ ကုလသမဂ္ဂ၏စောင့်ကြည့်သော မျက်လုံးအောက် တွင်
စိတ်မချမ်းသာစရာကောင်းလှသော နှစ်နှစ်ဆယ်ဘာသာရေးစစ်ပွဲ တစ်နေ့ နေ့တွင် အဆုံးသတ်သွားစေဖို့ စီမံကိန်းတစ်ခု စတင်ဆွဲခဲ့ကြသည်။
စိုးရက်ပ်ကတော့ အိပ်မက်ယောင်ရင်း လမ်းလျှောက်ကောင်းဆဲ။
ကျွန်တော်တို့၏အိမ်အပေါ်ထပ် တိတ်နေသည်။ တိတ်လိုက်သမှ တွင်းနက် က အရာရာကိုစုပ်ယူလိုက်သလို တိတ်နေသည်။ စိုးရာယာနှင့်ကျွန်တော်ကတော့
အာဖဂန်စီမံကိန်းထဲ ပါဝင်ခဲ့သည်။ ကျွန်တော်သည် လှုပ်ရှားတက်ြ<ွကသောလူစား မျိုး ဘယ်တုန်းကမှမဟုတ်ခဲ့။ သို့သော် ကေဘာ ဟုခေါ်သော
အာဖဂန်သံအမတ် ဟောင်းတစ်ဦးက ဆိုဖီယာမှတဆင့် ကျွန်တော့်အား ဆေးရုံကိစ္စတွင်ကူညီမလား မေးရာ ကျွန်တော်သဘောတူလိုက်သည်။
မိုင်းထိသောအာဖဂန်ဒုက္ခသည်များအား ခွဲစိတ်ကုသပေးသော အာဖဂန်- ပါကစ္စတန်နယ်စပ်ရှိ ဆေးရုံလေးတစ်ရုံသည် ယခုအခါဘဏ္ဍာရေးအကြပ်အတည်း ကြောင့်
ပိတ်လိုက်ရသည်။ ကျွန်တော်က ထိုစီမံကိန်း၏မန်နေဂျာဖြစ်လာသည်။ စိုးရာယာက ကျွန်တော့်လက်ထောက်။ ကျွန်တော်သည် စာကြည့်ခန်းထဲထိုင်ပြီး ကမ္ဘာအရပ်ရပ်ကို
အီမေးလ်ပို့ရသည်။ ထောက်ပံ့ကြေးတောင်းခံရသည်။ ဘဏ္ဍာငွေ မြှင့်တင်ရေးအတွက် စည်းရုံးရသည်။ ထို့အပြင် စိုးရက်ပ်ကို အမေရိကားခေါ် လာခြင်းသည်
မှန်ကန်သောလုပ်ရပ်ဟု ကျွန်တော့်ကိုယ်ကျွန်တော်ပြောရသည်။
ထိုတစ်နှစ်လုံးကို စိုးရာယာနှင့်ကျွန်တော် ကွပ်ပျစ်ပေါ်ထိုင်၊ တီဗွီကြည့် ရင်း အချိန်ဖြုန်းခဲ့ရသည်။
၂ဝဝ၂ခု၊ မတ်လ၏မိုးစွေသောနေ့တစ်နေ့တွင် အံ့ဩစရာဖြစ်ရပ်ကလေး တစ်ခုပေါ်ပေါက်ခဲ့သည်။
မနေ့က အာဖဂန်တို့၏နှစ်သစ်ကူးနေ့မို့ ပင်လယ်အော်ဘက်မှအာဖဂန် များ ပျော်ပွဲရွှင်ပွဲစီစဉ်ထားသည်။ ကေဘာ၊ စိုးရာယာနှင့်ကျွန်တော်တို့အား အပို
ထပ်ဆောင်းထားသောအပျော်မှာ ကျွန်တော်တို့၏ ဆေးရုံလေးကို ပြီးခဲ့သောအပတ် က ဖွင့်လှစ်နိုင်ခဲ့ပြီ။
စိုးရာယာ၊ ခါလာဂျမီလာနှင့် စိုးရက်ပ်ကိုခေါ်ကာ အာဖဂန်များစုဝေး ရာ ဖရီးမောင့်၏အဲလီဇဘက်သ်ကန်သာယာပန်းခြံဆီ ကျွန်တော်တို့သွားကြသည်။ ဗိုလ်ချုပ်ကြီးကမူ
လွန်ခဲ့သောနှစ်ပတ်ကတည်းက အာဖဂန်နစ္စတန်သို့ ထွက်ခွာ သွားသည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးမျှော်လင့်သည့်အတိုင်း မိခင်တိုင်းပြည် သည် ဗိုလ်ချုပ်ကြီးအား
ဝန်ကြီးရာထူးအတွက် ဆင့်ခေါ်ခဲ့ပြီ။ အာဖဂန်နစ္စတန် သို့သွားရာတွင် ဗိုလ်ချုပ်ကြီးသည် အညိုရောင်စစ်ဝတ်စစ်စားနှင့် အိတ်ဆောင် နာရီကို ထားရစ်ခဲ့၏။ ခါလာဂျမီလာသည်
သုံးလေးလစောင့်ပြီးမှ ဗိုလ်ချုပ်ကြီး နောက်ကိုလိုက်မည်။ ဗိုလ်ချုပ်ကြီး၏ကျန်းမာရေးတွက် ခါလာပူပန်နေသော်လည်း လောလောဆယ်ကျွန်တော်တို့နှင့်အတူနေရန်
ခါလာ့ကိုကျွန်တော်တို့ဆွဲထားသည်။
မွန်းတည့်တွင် ကျွန်တော်တို့ရောက်သွားရာ ပလတ်စတစ်မိုးထားသော ယာယီတဲအောက် လူအချို့ရောက်နေကြပြီ။ တစ်ယောက်ကကြော်လှော်နေသည်။
လက်ဖက်ရည်ခွက်များ အငွေ့တထောင်းထောင်းထလျက်။ ပဝေသဏီက အာမက် ဇာဟာ၏တေးက ကက်ဆက်မှဂျစ်ဂျစ်သံမြည်ကာ လွင့်ပျံနေသည်။ စိုစိစိကွင်း ပြင်ကို
ကျွန်တော်တို့လေးဦးသား အပြေးဖြတ်လာကြစဉ် ကျွန်တော်ပြုံးမိသည်။ စိုးရာယာနှင့်ကျွန်တော်က ရှေ့မှ၊ ခါလာဂျမီလာက အလယ်၊ နောက်ဆုံးတွင်မှ စိုးရက်ပ်။
စိုးရက်ပ်ဝတ်ထားသော အဝါရောင်မိုးကာအကျႌ၏ ခေါင်းဆောင်းလေး ကျောပေါ်တဖုတ်ဖုတ်ခုန်နေသည်။
”ဘာတွေများပျော်စရာတွေ့နေလို့လဲ” ဟုစိုးရာယာက သတင်းစာခေါက် ခေါင်းပေါ်မိုးထားရင်း ကျွန်တော့်အားမေးသည်။
”ပါမင်ကနေ အာဖဂန်တွေကိုဖယ်ထုတ်ပစ်လို့ရတယ်။ အာဖဂန်တွေ ရင်ထဲက ပါမင်ကိုတော့ ဘယ်ဖယ်ထုတ်လို့ရမလဲ”
ယာယီတဲထဲ ကျွန်တော်တို့ခေါင်းငုံ့ပြီး ဝင်လာကြသည်။ စိုးရာယာနှင့် ခါလာဂျမီလာက ကြော်လှော်နေသော အဝလွန်အမျိုးသမီးကြီးထံသွားကြသည်။
စိုးရက်ပ်ကတော့ ပေါင်းမိုးလေးအောက် ခဏသာနေပြီး မိုးရေထဲပြန်ထွက်သည်။ မိုးကာအကျႌအိတ်ထဲ လက်များထည့်ထားသည်။ ဆံပင်များမိုးရွှဲ၍ ဦးရေပြားပေါ်
ကပ်နေသည်။ ကော်ဖီရောင်ဗွက်အိုင်လေးနားသွားပြီး ကြည့်နေပြန်သည်။ သူ့ကို သတိထားမိသူရှိပုံမရ။ တဲထဲဝင်ရန် ခေါ်သူမရှိ။
အချိန်ကြာသည်နှင့်အမျှ ကျွန်တော်တို့၏ ဤမျှအူကြောင်ကြောင်နိုင်သော မွေးစားခြင်းကိစ္စအပေါ် အာဖဂန်များစပ်စပ်စုစုမလုပ်ကြတော့။ စိုးရက်ပ် ဘာဖြစ်
လို့စကားမပြောသလဲ၊ ဘာဖြစ်လို့အခြားကလေးများနှင့်အတူ မဆော့သလဲ၊ မမေး ကြတော့။
ကေဘာနှင့်ကျွန်တော် လက်ဆွဲနှုတ်ဆက်ကြသည်။ သူက ကျွန်တော့်အား နောက်ထပ်လူတစ်ဒါဇင်ခန့်မျှနှင့် မိတ်ဆက်ပေးသည်။ အငြိမ်းစားကျောင်းဆရာ ပါသည်။
ယခုတော့စက်ပြင်ဖြစ်နေသည့် ယခင်ဗိသုကာပညာရှင်ပါသည်။ ယခု ဟော့ဒေါ့ဆိုင်ဖွင့်ထားသော ယခင်ခွဲစိတ်ကုဆရာဝန်ပါသည်။ ကဘူးတွင် ဘာဘာ့ ကိုသိကြကြောင်း
သူတို့အားလုံးပြောကြသည်။ သူတို့၏ဘဝတွေထဲ ဘာဘာသည် တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေသည်။ ဘာဘာ့လိုဖခင်မျိုးရထား ခြင်းသည်
ကျွန်တော်ကံကောင်းခြင်းဖြစ်ကြောင်း ပြောဆိုကြလေသည်။
ထိုစဉ် တစ်ယောက်က ဆရာကြီးနာရူဒင်ဟာသကိုထပြော၍ အားလုံး ရယ်ကြရပြန်သည်။
နေ့လည်သုံးနာရီတွင် မိုးစဲသွားသည်။ ဖြူရော်ရော်ကောင်းကင်သည် တိမ်လိပ်တို့ဖြင့် လေးပင်အိတွဲလျက်ရှိသည်။ ပန်းခြံထဲ လေနုအေးလေးသွေးလာ ချိန်တွင်
မိသားစုများ တဖွဲဖွဲရောက်လာကြပြီ။ အာဖဂန်များပွေ့ဖက်နှုတ်ဆက် ကြသည်။ မုန့်ဖလှယ်ကြသည်။ တစ်ယောက်က အသားကင်ဖိုကိုမီးမွှေးလိုက်၍ မကြာခင်
ကြက်သွန်ဖြူရနံ့နှင့် အသားခပတ်ရနံ့ကြိုင်ထွက်လာသည်။ သီချင်းသံ ကြားရပြန်သည်။ အဆိုတော်အသစ်ကို ကျွန်တော်မသိ။ ကလေးတွေခိုးခိုးခစ်ခစ် ရယ်ကြသည်။
စိုးရက်ပ်ကတော့ အဝါရောင်မိုးကာအကျႌလေး မချွတ်သေး။ အမှိုက် ပုံးကိုမှီပြီး ပန်းခြံထဲငေးကောင်းနေဆဲ။
ယခင်ခွဲစိတ်ကုဆရာဝန်နှင့် ကျွန်တော်စကားကောင်းနေစဉ် ကျွန်တော့် အကျႌလက်စကို စိုးရာယာလာဆွဲသည်။
”အေမားရေ … ဟိုမှာကြည့်စမ်း”
ကောင်းကင်ပေါ်ဝယ် အနီအဝါအစိမ်း အစက်အပြောက်လေးများ။ စွန် ခြောက်ကောင်လေထဲပျံဝဲနေသည်။
စွန်ရောင်းနေသူတစ်ဦးကို စိုးရာယာညွှန်ပြပြန်သည်။
”ရော့ … ကိုင်ထား” ဟုကျွန်တော့်လက်ဖက်ရည်ခွက် စိုးရာယာကိုပေး ကာ ဧည့်သည်ကိုခွင့်တောင်းပြီး စွန်သည်ဆီ ကျွန်တော်သွားသည်။ ”ပျော်ရွှင်စ
ရာနှစ်သစ်ပါ” ဟု စွန်သည်ကပြောပြီး ကျွန်တော့်အား စွန်နှင့်မှန်စာကြိုးပါသော ရစ်လုံးကမ်းသည်။ ဟက်ဆန်နှင့်ကျွန်တော် လုပ်နေကျပုံစံအတိုင်း မှန်စာကြိုးကို လက်မ
လက်ညှိုးပွတ်ဆွဲလိုက်ရာ ကြိုးသည်သွေးဖြင့်ရဲတက်သွားသည်။ စွန်သည်ကြီး ပြုံးသည်။
အမှိုက်ပုံးကိုမှီနေဆဲ စိုးရက်ပ်ထံ ကျွန်တော်စွန်ယူသွားသည်။ ”ဒီစွန်ကို သားကြိုက်လား” ဟု စွန်ကိုကျွန်တော်ထောင်ပြရာ မိုးပေါ်ရောက်နေသော သူ့ မျက်လုံးများ
စွန်ပေါ်ရောက်လာကာ မိုးပေါ်ပြန်ရောက်သွား၏။ သူ့ဆံပင်မှ ရေစီးကြောင်းလေး မျက်နှာပေါ်တလိမ့်လိမ့်စီးကျလာသည်။
”ကာကာဖတ်ခဲ့ဖူးတာ ပြောပြမယ်။ မလေးရှားမှာ ငါးမျှားတာစွန်လွှတ် ပြီးမျှားတယ်ကွ။ သားမသိဘူး မဟုတ်လား။ သားမသိပါဘူးကွာ … ကာကာ လောင်းရဲတယ်။
ငါးမျှားကြိုးကိုစွန်မှာချည်ပြီး ရေတိမ်တိမ်ပေါ်မှာလွှတ်လိုက်တာ။ ဒီတော့ ရေထဲအရိပ်မထင်ဘူး။ ငါးတွေလန့်မပြေးဘူးပေါ့ကွာ။ ရှေးခေတ်တရုတ် ပြည်မှာ စစ်ဗိုလ်ချုပ်ကြီးတွေ
ဘာလုပ်လဲ။ စစ်တလင်းကိုဖြတ်ပြီး စွန်လွှတ်တယ်။ ဒီနည်းနဲ့သူ့လူတွေဆီ သတင်းပို့တာ။ တကယ်ပြောတာ။ ကာကာဖြီးနေတာ မဟုတ်ဘူး”
သွေးရဲနေသော ကျွန်တော့်လက်မ သူ့ကိုပြကာ ”မှန်စာကြိုးကတော့ စံချိန်မှီပဲဟေ့” ဟုပြောလိုက်သည်။
ကျွန်တော်တို့ကိုကြည့်နေသော စိုးရာယာကို ကျွန်တော့်မျက်လုံးထောင့်မှ မြင်နေရသည်။ လက်နှစ်ဖက်ကို ချိုင်းအောက်နာနာသွင်းထား၏။ စိုးရာယာက
ကျွန်တော်နှင့်မတူ။ စိုးရက်ပ်အပေါ် တဖြည်းဖြည်းလက်လျှော့လာသည်။ ပြန်ဖြေ ပေးဖော်မရသောမေးခွန်းများအတွက်၊ အကြည့်သေများအတွက်၊ တိတ်ဆိတ်လွန်း မက
တိတ်ဆိတ်နေမှုများအတွက် စိုးရာယာခါးသီးခဲ့ရသည်။
ကျွန်တော်လက်ညှိုးကို တံတွေးဆွတ်ပြီးထောင်ထားကာ ”လေတိုက်တဲ့ ဘက်ကို သားအဖေဘယ်လိုသိလဲ၊ ကာကာမှတ်မိတာပေါ့ကွ။ ဖုန်တွေကို ကန်
ထည့်လိုက်တာလေ။ ဒါဆို လေဘယ်ကတိုက်လဲ သိတာပဲ။ သူ့မှာက နည်းလမ်း တွေတော်တော်များသားကွ” ကျွန်တော်လက်ညှိုးကိုချကာ ”အနောက်ဘက်က
တိုက်တယ်ထင်တယ်” ဟုပြောသည်။
စိုးရက်ပ်သည် နားရွက်မှရေများသပ်ချပြီး ထရပ်သည်။ ဘာမျှမပြော။ စိုးရက်ပ်၏အသံဘယ်လိုနေလဲဟု တလောက စိုးရာယာမေးခဲ့ဖူးသည်။ ကျွန်တော်
မမှတ်မိတော့ကြောင်းပြောခဲ့ရသည်။
”ဝဇီရာအက္ခဘာခန်ရပ်ကွက်မှာ သားအဖေကစွန်လိုက်အတော်ဆုံးဆိုတာ သားကို ကာကာပြောပြဖူးလား။ ကဘူးတမြို့လုံးမှာတောင် အတော်ဆုံးဖြစ်နိုင်တယ်”
ကျွန်တော် စွန်ကြိုးကိုချည်ကာ ”အိမ်နီးချင်းကောင်လေးတွေဆို သားအ ဖေကို သိပ်မနာလိုဖြစ်တာ။ သူကမိုးပေါ်မော့မကြည့်ဘဲ ဒီတိုင်းပြေးတာကွ။ ဒီတော့
သူများတွေကပြောတယ်၊ စွန်ရဲ့အရိပ်နောက်ကိုလိုက်တာတဲ့။ ဒါပေမယ့် ကာကာ သိသလို သူတို့ဘယ်သိပါ့မလဲ။ သားအဖေက စွန်ရဲ့အရိပ်နောက်ကိုလိုက်တာ မဟုတ်ဘူး။
စွန်ကျမယ့်နေရာကို သူ့ဖာသာအလိုလိုသိနေတာ”
နောက်ထပ်စွန်ခြောက်ကောင် မိုးပေါ်တက်လာသည်။ လူတွေလက်ဖက် ရည်ခွက်ကိုယ်စီဖြင့် မျက်လုံးများမိုးပေါ်မျှော်ကုန်ကြပြီ။
”ကာကာ့ကို စွန်ထိုးပေးမလား” ဟုကျွန်တော်မေးတော့ စိုးရက်ပ်သည် ကျွန်တော်နှင့်စွန်ကို တစ်လှည့်စီကြည့်ပြီး မိုးပေါ်ပြန်ကြည့်နေသည်။
”အိုကေ … ကာကာ့ဖာသာပဲ လုပ်ရတော့မှာပေါ့”
ရစ်လုံးကို ဘယ်လက်ဖြင့်ထိန်းပြီး မှန်စာကြိုးကိုသုံးပေခန့်ဆွဲထုတ်သည်။ အဝါရောင်စွန်ကလေးကို တွဲလောင်းထားပြီး ”နောက်ဆုံးအခွင့်အရေးနော်” ဟု
ကျွန်တော်ပြောလိုက်သော်လည်း စိုးရက်ပ်သည် သစ်ပင်နှင့်ငြိနေသောစွန်နှစ်ကောင် ကိုသာ အကြည့်ကပ်ထားသည်။
”ကောင်းပြီ။ ကဲ … လွှတ်ပြီဟေ့”
စွန်ကြိုးကိုမြှောက်ကိုင်ပြီး ကျွန်တော်စတင်ပြေးရာ ဗွက်အိုင်များကြောင့် ရေများတဖြန်းဖြန်းစင်ထွက်နေသည်။ ယခုလိုစွန်မလွှတ်ရသည်မှာ ကြာပြီ။ နှစ် တွေမနည်းတော့။
ရစ်လုံးကို အလိုက်သင့်လျှော့ပေးရင်း စွန်တက်သွားသည်နှင့် အမျှ ကျွန်တော့်ညာလက်ဖဝါးကို မှန်စာကြိုးပွတ်ဆွဲသွားသည်။ ကျွန်တော့်ပခုံး ပေါ်
စွန်မြင့်သည်ထက်မြင့်တက်လာသည်။ ကျွန်တော်မြန်မြန်ပြေးသည်။ ညာ လက်ဖဝါးပေါ် နောက်တစ်ချက်ကြိုးရှသွားပြန်သည်။
ကျွန်တော်အပြေးရပ်ပြီး မိုးပေါ်မော့ကြည့်လိုက်တော့ ရီမှောင်ကောင်းကင့် လယ်မှာ ကျွန်တော့်စွန်ကလေး နာရီချိန်သီးလိုယိမ်းကနေပြီ။ ကဘူး၏ဆောင်း မနက်ခင်းတိုင်း
ကျွန်တော်နားယဉ်နေခဲ့ရသော စက္ကူတောင်ပံသံလေး ဖလပ်ဖ လပ်ပေးနေပြီ။ ကျွန်တော် စွန်မလွှတ်ခဲ့ရသည်မှာ ရာစုနှစ်၏လေးချိုးတစ်ချိုးပင် ရှိရော့မည်။
ဆယ့်နှစ်နှစ်သားခံစားချက်က ကျွန်တော့်ကိုယ်ထဲ ရုတ်ချည်းအပြေး ဝင်လာသည်။
ကျွန်တော့်ဘေးနား တစ်ယောက်ယောက်ရောက်နေသလို။ ငုံ့ကြည့်လိုက် သော် စိုးရက်ပ်။ မိုးကာအကျႌအိတ်ထဲ လက်များထည့်လျက်။ ကျွန်တော့်နောက် ကို
သူလိုက်ခဲ့သည်ပဲ။
”လွှတ်ချင်လား” မေးကြည့်တော့ သူဘာမျှမဖြေ။ စွန်ကြိုးကိုသူ့ထံကမ်း ပေးရာ အိတ်ထဲမှသူ့လက်ထုတ်သည်။ တုန့်နေပြီးမှ ကြိုးလှမ်းယူသည်။
ကျွန် တော်ရစ်လုံးပြန်ရစ်စဉ် ကျွန်တော့်နှလုံးစည်းချက်မြန်နေသည်။ နှစ်ယောက်သား စကားမဆိုဘဲ မိုးပေါ်လည်တဆန့်ဆန့်မော့ကြည့်နေသည်။
ကျွန်တော်တို့အနီးတွင် မြက်ခင်းပေါ်ပြေးလွှားနေသော ကလေးများ။ ပလတ်စတစ်စခင်းပြီး မွန်းလွဲပိုင်းဘုရားရှိခိုးနေသော လူကြီးများ။ လေထုထဲဝယ် အသားကင်ရနံ့၊
မီးခိုးနံ့၊ မြက်စိမ်းရနံ့။ အချိန်တွေရပ်တန့်သွားပါစေတော့။
ထိုစဉ် အစိမ်းရောင်စွန်တစ်ကောင် ကျွန်တော်တို့ဆီချဉ်းကပ်လာနေ သည်။ ကြိုးတစ်လျှောက်စူးစမ်းကြည့်မှ စွန်ပိုင်ရှင်သည် ကျွန်တော်တို့နှင့်ကိုက် သုံးဆယ်ခန့်အကွာမှ
တီရှပ်ဝတ်ကောင်လေးတစ်ယောက်ဖြစ်နေသည်။ သူ့ကို ကြည့်နေသောကျွန်တော့်ကိုမြင်ပြီး သူပြုံးပြသည်။ လက်ဝေ့ရမ်းပြသည်။ ကျွန်တော် ကလည်း သူ့ကိုလက်ပြန်ပြသည်။
စိုးရက်ပ်က ကျွန်တော့်ကိုစွန်ကြိုးပြန်ပေးနေသည်။ ကျွန်တော့်ထံမှရစ်လုံးကို သူယူသည်။
”အိုကေ … ဒီကောင်လေးကို ကာကာတို့ပညာပြလိုက်ကြရအောင်”
စိုးရက်ပ်မျက်လုံးထဲမှ ဗလာနတ္ထိအကြည့်များ ပျောက်ဆုံးသွားသည်။ ကျွန်တော်တို့စွန်နှင့် အစိမ်းရောင်စွန်ဆီ သူ့မျက်လုံးများ တဖျပ်ဖျပ်ခုန်နေသည်။
မျက်နှာလေးရဲတက်လာသည်။ သူ့မျက်လုံးများ ရုတ်ချည်းအသက်ဝင်လာသည်။ လန့်နိုးသွားသည်။ အခြားအရာများကို အသာထား၊ သူသည် လူမမည်ကလေး
တစ်ယောက်မျှသာတည်း။ ထိုအချက်ကို ကျွန်တော်ဘယ်တုန်းကများ မေ့လျော့သွား မိပါလိမ့်။
အစိမ်းရောင်စွန်လေး ရွေ့လာနေပြီ။ ”စောင့်ဦးမယ်ကွာ။ ဒီ့ထက်နီးလာ ပစေ” စွန်ကလေး နှစ်ကြိမ်ဒိုင်ဗင်ထိုးပြီး ကျွန်တော်တို့အနားတွားလာနေပြီ။ ”လာစမ်းကွာ
… လာစမ်းပါကွာ” စွန်စိမ်းလေး ကျွန်တော်တို့အထက်ရောက် လာသည်။ ကျွန်တော်ခင်းထားသော ထောင်ချောက်ထဲ အမှုမဲ့အမှတ်မဲ့ဝင်လာပြီ။
”ကြည့်နေနော်၊ စိုးရက်ပ်။ သားအဖေအကြိုက်ဆုံး ကစားနည်းကလေးကို ပြမယ်။ ပင့်ပြီးဆွဲချတဲ့နည်း”
ကျွန်တော့်ဘေးနားမှစိုးရက်ပ် အသက်ရှူမြန်နေသည်။ သူ့လက်ဖဝါးထဲ ရစ်လုံးလည်နေသည်။ လက်ကောက်ဝတ်မှဒဏ်ရာသည် ယခုတော့ကြိုးရှဒဏ်ရာ လို။
ကျွန်တော်မျက်လုံးပုတ်ခတ်လုပ်လိုက်တော့ ရစ်လုံးကိုင်လက်ပိုင်ရှင်သည် နှုတ်ခမ်းကွဲကောင်လေး၏ အသားမာတက်နေသောလက်များဖြစ်နေသည်။ ကျီး အာသံကြားလိုက်ရ၍
ကျွန်တော်မိုးပေါ်ပြန်မော့ကြည့်သည်။ ပန်းခြံသည် နှင်းပွင့် လေးများဖြင့် ဖိတ်လက်နိုင်လွန်းသည်။ မျက်လုံးဖန်အောင် ဖြူနိုင်လွန်းသည်။ ထိုစဉ် မုန်လာဥနီရနံ့ဝေ့လာသည်။
ပြီးတော့ … ပိုးစာသီးရနံ့၊ လိမ္မော်ရနံ့၊ သစ်ကြားသီးနှင့် လွှစာမှုန့်ရနံ့။ ဟုန်ညံနေသောအသံများ … နှင်းပွင့်တို့တဖွေ့ ဖွေ့ေြ<ွကသံ … ဟိုးအဝေးမှ အသံတစ်သံ
… ကျွန်တော်တို့ကို အိမ်ပြန်လာဖို့ခေါ် သံ … ။
စွန်အစိမ်းလေး ကျွန်တော်တို့အထက်တွင် လေဟုန်စီးနေသည်။ ”သူ ကာကာတို့ဆီလာတော့မယ်ကွ။ အချိန်မရွေးပဲ”
စွန်အစိမ်းလေးတန့်နေပြီးမှ ဟန်ချက်ထိန်းကာ ဦးစိုက်ဆင်းလာသည်။ ”ဟော လာပြီကွ”
နှစ်တွေသည်လောက်ကြာပြီးမှ ကျွန်တော်လှလှပပကစားနိုင်ခဲ့သည်။ ပင့် ပြီးဆွဲချသော နည်းလမ်းဟောင်းကြီး။ ကျွန်တော် စွန်ကြိုးကိုလျှော့ချပြီး
အစိမ်း ရောင်စွန်ကလေးကိုရှောင်ထွက်သည်။ စွန်ကြိုးကို ရုတ်ခနဲရုတ်ခနဲ အကြိမ်ပေါင်း များစွာဆွဲရာ စွန်ကလေးနာရီလက်တံအတိုင်း ကော့တက်သွားပြီး ကျွန်တော်က
သူ့စွန်ပေါ်ရောက်သွားသည်။ ခုတော့ စွန်စိမ်းလေး မောကြီးပန်းကြီးဗျာရိုက်နေပြီ။ သူနောက်ကျသွားပြီ။ စွန်ကြိုးကို ကျွန်တော်ခပ်ပြင်းပြင်းဆွဲချ၍ ကျွန်တော့်စွန်
ဦးစိုက်ဆင်းလာသည်။ ကျွန်တော့်စွန်ကြိုးက သူ့စွန်ကြိုးပေါ်လှီးချလိုက်သည်ကို ကျွန်တော်ကိုယ်တိုင်ခံစားလိုက်ရသလို။ ကျွန်တော်ကိုယ်တိုင် နားနှင့်ဆတ်ဆတ်
ကြားလိုက်ရသလို။
စွန်စိမ်းလေး အထိန်းအချုပ်မဲ့မွတ်မွတ်လည်ထွက်သွားသည်။
ကျွန်တော်တို့နောက်မှလူအုပ်က ဩဘာပေးသည်။ လက်ခေါက်မှုတ်သည်။ ကျွန်တော်မောနေသည်။ ၁၉၇၅ ခု၊ ဆောင်းတွင်းတုန်းက ခံစားချက်ဖြစ်နေသည်။
ထိုစဉ်က နောက်ဆုံးစွန်ကိုဖြတ်ချပြီးသည်နှင့် အိမ်ခေါင်မိုးပေါ်မှ ဘာဘာ့ကို လှမ်းကြည့်လိုက်ရာ ဘာဘာ့မျက်နှာကြီးဝင်းပြီး လက်ခုပ်တီးနေသည်။
စိုးရက်ပ်ကို ကျွန်တော်ငုံ့ကြည့်လိုက်သော် သူ့နှုတ်ခမ်းပေါ်ဝယ် …
ဒီဂရီစောင်းသွားသော အပြုံးလေးတစ်ခု … ။
သစ်ပင်များပေါ်လွင့်သွားသော စွန်နောက်ကို ကလေးတစ်အုပ်ညာသံပေး ၍လိုက်ကြပြီ။ ကျွန်တော်မျက်တောင်ပုတ်လိုက်တော့ စိုးရက်ပ်၏အပြုံးမရှိတော့။
သို့သော် စောစောကရှိခဲ့သည်။ ကျွန်တော်မြင်ခဲ့သည်။
”သားအတွက် ကာကာစွန်လိုက်ပေးရမလား”
စိုးရက်ပ်တံတွေးမျိုချ၍ လည်ဇလုတ်လှုပ်ရှားသွားသည်။ တိုက်လေက သူ့ဆံပင်များကို ဆွဲဖွပစ်လိုက်သည်။ သူခေါင်းညိတ်ပြသည်ဟု ကျွန်တော်ထင်သည်။
”သားအတွက်ဆိုရင် … အခေါက်ပေါင်းထောင်ချီသွားပစေကွာ”
ကျွန်တော့်အသံ ကျွန်တော်ပြန်ကြားလိုက်ရပြီး ကျွန်တော်ပြေးနေပြီ။ အပြုံးလေးတစ်ပွင့်၊ သည့်ထက်ဘာမျှမပို။ ဘာမဟုတ်သောအပြုံးလေးတစ်ခု။ သစ်တောကြီးထဲမှ
သစ်ရွက်လေးတစ်ရွက်။ ငှက်ကလေးလန့်ဖြန့်ပျံပြေးရာမှ လှုပ် ခတ်သွားသော သစ်ရွက်လေးတစ်ရွက်။
သို့သော်ကျွန်တော့်အဖို့ကတော့ ဝမ်းပမ်းတသာ လက်ကမ်းကြိုမည်။ နွေ ဦးပေါက်လျှင် နှင်းချပ်နှင်းလွှာများ တစ်ဖတ်ချင်းစီအရည်ပျော်ကြရစမြဲ။ ဦးဆုံး နှင်းဖတ်လေး
အရည်ပျော်ကျလာသည်ကို ခုလေးတင်ကျွန်တော်မြင်လိုက်ရသည်ပဲ။
ကျွန်တော်ပြေးသည်။ မကြီးမငယ်နှင့် ကလေးအုပ်ကြီးထဲရောက်နေသည် ကို ကျွန်တော်မမှု။ ကျွန်တော့်မျက်နှာကို လေတဖြူးဖြူးတိုးဝင်လျက်ရှိသည်။
ကျွန်တော့်နှုတ်ခမ်းပေါ်မှအပြုံးကား ပန်ဂျရှာတောင်ကြားတမျှ …
ကျွန်တော်ပြေးသည်။ ။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ် စာအုပ်တန်ဖိုး
… 3000 ကျပ်
_________-
လေးစားစွာဖြင့်…
…………………….
7 comments
မောင်ပေ
August 9, 2012 at 6:58 pm
မှန်စာကြိုးရယ် နိုင်လွန်စက္ကူစွန်ရယ် နဲ ့ကောင်းကင်တိုက်ပွဲအကြောင်းကို အသေးစိတ်ရေးပြထားတာ အရမ်းစိတ်ဝင်စားစရာကောင်းသလို ၊ ဒီစွန်တိုက်ပွဲကြောင့်မို ့သားအဖ နှစ်ယောက် ချစ်ကြည်ရေး နားလည်မှု ပြန်ရသွားတာလေးကို ဖွဲ ့နွဲ ့ပြီး ဇါတ်သိမ်းသွားတာ မထင်မှတ်စရာပါပဲ ။
ဆရာမ မဝင်းပြုံးမြင့်ကော
အဆက်မပြတ် ပြန်တင်ပေးတဲ့ အလင်းဆက်ကော ကို ကျေးဇူးတင်ပါတယ်
အလင်းဆက်
August 9, 2012 at 7:07 pm
အခုဆိုရင်… တိမ်ယံသစ္စာ ဝတ္ထုကြီး.ပြီးဆုံးပါပြီ။
ဝတ္ထု အစ မှ အဆုံးတိုင်အောင်…. အဆက်မပြတ် ဖတ်ရှု..လာကြသူများ ဖြစ်ကြသော…
ဦးပေ… ၊ ရွှေကြည်နဲ ့
သကြားလုံးကြော်…..
အခြား..စာဖတ်သူများ….
အားလုံးကို ခင်မင်လေးစားစွာ..
အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ.။
ဒီ စာအုပ် ပြိးချိန်မှာ… ကျွန်တော်တို ့ ရင်ထဲ မှာ..ကျန်ခဲ့တာတွေ…
အများကြီးပါ.။
ကျွန်တော်..ဆိုရင်… အခုချိန်ထိ ဒီစာအုပ် ရဲ ့အကြောင်း…ပဲ..လွှမ်းမိုး ခံနေရတုန်းပါ ။
စိုးရက်ပ်လေးပြောတဲ ့ အားလုံးကိုမောတယ်… ဆိုတဲ ့စကား… က ကျွန်တော်.့ အတွေးထဲမှာ.နေရာယူထားတယ်။
ပြီးတော့ ဟက်ဆန်ပြောတဲ ့ မင်းအတွက်ဆိုရင်… အခေါက်ပေါင်း ထောင်ချီ သွားပါစေ….ဆိုတဲ ့စကား..လည်း… ဒီလိုပါပဲ.။
ဘာသာပြန်သူရဲ ့ ပြေပြစ် ပြီး.မှတ်မိလွယ်စေတဲ ့စကားအသုံးလေးတွေကိုလည်း..
အံ့ဩမိပါတယ် ။ မူရင်းစာရေးသူ..ရဲ ့ စာရေးခြင်း အတတ်ပညာကလည်း….
ကျွန်တော်… ဖျားသွား..မတတ်…။
တာလီဘန်တွေရဲ ့ရက်စက်မှုတွေ… ကိုလည်း..ကြောက်စရာ..
စိတ်ပျက် စရာ..အဖြစ် မြင်လိုက်ရတော့….
အာဖဂန်ရဲ ့ အခြေအနေ .. လူမျိုးရေး မုန်းတီးမှု..ကြောင့် ဖြစ်လာတဲ ့ နောက်ဆက်တွဲ ရလဒ်တွေက်ို
ရင်နာနာနဲ ့ တွေ ့လိုက်ရပါတယ် ။
လူ ့ဘဝရဲ ့ အလှည့်အပြောင်း…ကိုလည်း.. အဆန်းတကြယ်တွေ ့ရတယ် ။
သစ္စာ တရား နဲ ့ပေးဆပ်သူ…တို ့ရဲ ့ မြင့်မြတ် ဖြူစင်မှုက်ိုလည်း… အားကျ အတုယူရတယ် ။
ဒိ ဝတ္ထုကို… ဖတ်လိုက်ကြသူများ…..
ဝတ္ထု တစ်အုပ်က ပေးစွမ်းနိုင်တဲ ့ ရသ….ထက် ပိုတဲ ့….
အခြားသော..ခံစားချက်..အတွေးများ …. အမြင်များ… ကို ရနိုင်မယ်..ထင်ပါတယ် ။
အဲဒီလို..အတွေး အမြင် နဲ ့အနုပညာ ရဲ ့ရသ တစ်စုံတစ်ရာကို..
ခံစား လက်ခံ.ရရှိလိုက်တယ်..ဆိုရင်…
ကျွန်တော်..တိမ်ယံသစ္စာကို( ၄၄ ) ပိုင်းတိုင်တိုင် .ပြန်လည် တင်ပြ ပေးရတာ…..
တန်ပါတယ် ။ တင်ပြပေးရကျိုး နပ်တယ်..ဆိုပါတော့ဗျာ..။
စာချစ်သူများ..အားလုံး..ကို
ခင်မင်လေးစားလျက်..
alinsett.art@gmail.com
http://myanmargazette.net/126269/arts-humanities
shwe kyi
August 9, 2012 at 7:43 pm
တိမ်ယံသစ္စာရဲ့ လွှမ်းမိုးမှုကတော့ ရွာထဲဝင်ပြီးအရင်ရှာမိတာတိမ်ယံပါ။
ညအိပ်ယာဝင်ရင်တောင်စဉ်းစားမိနေပါရဲ့ စိတ်ဓါတ်တွေကိုလည်းခွဲခြမ်းစိတ်ဖြာကြည့်နေမိတယ်။
ရွှေကြည်အတွက်ကတော့ ဟက်ဆန်ကမင်းသားပဲ။ သူဘယ်အချိန်ပြန်ပေါ်လာမလဲမျှော်နေမိတာ။
စိုးရက်ပ်လေးပေါ်လာတော့လည်း ကလေးကိုသနားစာနာပြီးရင်မောရတယ်။
ကိုအလင်းဆက်ပြောသလိုပါပဲ မင်းအတွက်ဆိုအခေါက်ပေါင်းထောင်ချီသွားပါစေ ဆိုတဲ့စကားလေးက
နားထဲတောင်ကြားယောင်လာသလိုပါပဲ။
ရေးသူရော ဘာသာပြန်သူရောကိုလေးစားပါတယ်။
ကိုအလင်းဆက်ကိုလည်းကျေးဇူးတင်ပါတယ်။
ပြီးသွားတော့လည်းနှမြောနေသလိုပါပဲ။
အလင်းဆက်
August 9, 2012 at 7:48 pm
ရွှေကြည်ရေ….. နှမြော တသ..စွာ.. နဲ ့တသသ ဖြစ်နေရမယ့် စာအုပ်နော် ။
နောက်ထပ် ဒီလို စာအုပ်ကောင်းလေးတွေ…ဆက်လက် တင်ပြချင်ပါသေးတယ် ။
အခုလောလောဆယ်..တိမ်ယံပြီး.ချိန်မှာ..
ကျွန်တော်.. အခန်းဆက် ရေးနေတဲ ့ ကကြီး.. ခခွေး..
အက္ခရာတွေ..နဲ ့အတူ စီးမျောပေးပါဦး။ အ ..အထိ ခရီး ဆက်မှာမို ့
ရွှေကြည်တို ့လို.. အမာခံ အားပေးသူ စာချစ်သူတွေ..လိုပါတယ် ။
အလင်းဆက် စီးမျော ခံစားခဲ့သော အက္ခရာများ..ကို.. အားပေး ဖတ်ရှု.ပါဦးလို ့… ကြော်ငြာ ဝင်လိုက်ပါတယ်နော် ။
လေးစားခင်မင်စွာ…
သကြားလုုံးကြော်
August 10, 2012 at 2:49 pm
ဒီစာအုုပ်ကလေးက ဖတ်ပြီးတော်တော်ကြာတဲ့ထိခေါင်းထဲကမထွက်ဘူး။ အာဖဂန် ကအရင်က ဒီလိုုလှလှပပသာသာယာယာ ဆိုုတာစာအုုပ်မဖတ်ခင်က မထင်မိဘူး။ သူတိုု့ငယ်ငယ်အရင်ကလှပတဲ့ အာဖဂန်နစ်စတန်ကိုု ဖတ်ရတော့ အခုုစစ်ကြောင့် ပျက်စီးကြေမွသွားရတဲ့ နိုုင်ငံကိုု သူတိုု့လိုုပဲ နှမြောမိတယ်။
ရွာစားကျော်
August 10, 2012 at 3:08 pm
စမှ အဆုံး..ပို့စ်တွေ အားလုံးကူးပြီး.. အရသာရှိရှိ ပြန်ဖတ်လိုက်ပါအုံးမည်ခင်ဗျား
ဘာသာပြန်ပေးတဲ့ ဆရာမ မဝင်းပြုံးမြင့်ကော အဆက်မပြတ် ပြန်တင်ပေးတဲ့ ကိုအလင်းဆက်ရော ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောကြားပါတယ်…
အလင်းဆက်
August 10, 2012 at 4:37 pm
သကြားလုံးကြော်ရေ..။ ဟုတ်ပါ့ရှင် ။ အဲ..လေ.. ဟုတ်ပါ့ ဗျာ..။
_____________
ရွာစားကျော်
ရေ..အသိအမှတ်ပြု..လို ့ကျေးဇူးတင်ပါတယ် နော် ။
စာချစ်သူများ.ကို ခင်မင်လေးစားလျက်