“ မြေဖျက်ပိုး ”
* ဘိုးဘွား စဉ်အဆက်
ပိုင်ဆိုင်ပြီး ချန်ရစ်ခဲ့လို့
အမွေအဖြစ် တည်လာတဲ့
မြေ လယ်ယာ တစ်ရိုးကို
သား….. တန်ဖိုး ထားလာခဲ့တယ်… အမေ။
* ရာသီတွေက မမှန်
ပိုးတွေ အကောက်ကြံလို့
သီးနှံတွေက ဖောက်ပြန်
ထွက်နှုန်းစံတွေ ဗလာချလို့
အရှုံးတွေ ပြပြီးရင်း ပြခဲ့ပေမယ့်
သား…. စွန့်ချန် မထားရက်ခဲ့ပါဘူး…. အမေ။
* အရင်းအနှီးကို စိန်ခေါ်ခဲ့မိတိုင်း
ရင်းပေမယ့် မနီးနိုင်ကြလို့
စာရင်းအပြမှာ လက်မှိုင် ချချခဲ့ရပေမယ့်
မိုးဖြိုင်ဖြိုင် ရွာချလေတိုင်း
ကိုင်း ကျွန်းမှီသူ ဘဝပေမို့
လယ်ယာမြေ ကွင်းထဲဆင်းပြီး
သား… အားပြန်တင်းရတယ် … အမေ။
* ဘိုးဘွားတွေ ချန်သွားခဲ့တဲ့
ဒီယာမြေ အများကို
တပါးသူလက် အရောက်မခံနိုင်လို့
ကြံဖန် ဖြစ်ညှစ်ပြီး
တစ်နှစ်ပြီး တစ်နှစ် တင်းခံနေရတာ
ပြန်မလာနိုင်တော့တဲ့ အရင်းတွေကိုလည်း
သား… စာရင်း မပြနိုင်သေးဘူး… အမေ။
* ရင်းနှီးပြီး ပျိုးထားခဲ့တဲ့
သီးနှံတွေ ဖျက်တဲ့ ပိုးကိုလည်း
ဆေးတွေ အမျိုးမျိုးလိုက်
အင်အားစိုက်လို့ လုံးပန်းပြီး
အရှုံးစခန်းဆီ မဝင်ရောက်စေဖို့
သား… စောင့်ရှောက်ခဲ့ရသေးတယ်… အမေ။
* အခုတော့……
သီးနှံ ဖျက်တဲ့ ပိုးထက်
အဆတစ်ရာမက ပိုပိုဆိုးတဲ့
မြေဖျက်မယ့် ပိုးတစ်မျိုးဟာ
ဘိုးဘွားပိုင် ယာမြေတလင်းဆီ
ချဉ်းနှင်း ဝင်ကပ်လာခဲ့ပြီ…. အမေ…..။
* အဲဒီမြေဖျက်မယ့် ပိုးတစ်မျိုးကြောင့်
မျှော်လင့်ချက် အိပ်မက်
ပျက်ပျယ်ကာ ဆိတ်သုန်း
တစ်ဆွေလုံး…. တစ်မျိုးလုံး
တစ်နယ်လုံး… တစ်မြို့လုံး
လူလုံးဘဝ ပျောက်မှာမို့
အဲဒီလယ်ယာမြေ ဖျက်မယ့်ပိုးကို
အလဲ ထိုးနိုင်မယ့်ဆေး
အမေ…. ဖော်စပ်ပေးပါတော့လား….?
3 comments
YE YINT HLAING
August 31, 2012 at 11:48 pm
ကိုယ့်ချွေးနည်းစာ နဲ့ ရှာဖွေ စုဆောင်းထားတဲ့ ငွေလေးနဲ့ မြေလေးဘာလေး ဝယ်ချင်ပေမဲ့ ဘယ်နေ့ ဘယ်သူတွေ ဘယ်ကုမ်မဏီ က ဘယ်လိုအကြောင်းပြချက်နဲ့ လာသိမ်းမလဲ တွေးပူမိလို့ ဝယ်တော့ပါဘူး ! ဘုန်းကြီး ကျောင်းပဲ သွားနေတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ် ။ သူဌေးတွေ — သူဌေးတွေ — ဒီလောက် ချမ်းသာနေတာတောင် သူများ ပစ်စည်း မတရား လိုချင်နေကြပါလား !
ရဲစည်
September 1, 2012 at 10:02 am
တချို့တွေ အဲ့လို ကြိုတွေးမိသလား မသိ
ရိပ်သာတွေမှာ အဆောင်ဆောက်ပီး သွားနေနေကျပီ
တကယ်
တကယ်… 🙁
Mobile
December 13, 2012 at 9:17 pm
မြေငှားပြီးနေဖို့ပဲ စဉ်းစားရမလိုဖြစ်နေပြီ။