‘‘ ပြည်သူလူထုအခြေပြုအဖွဲ့များ၏ အရေးပါမှု ’’

ကို သာSeptember 4, 20121min2202

ကျွန်တော်သည် နယ်မြို့လေးတစ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပါသည်။ ဖခင်မှာ ဝန်ထမ်းငယ်တစ်ဦးဖြစ်ပြီး မိခင်မှာရိုးရာကိုင်းကျွန်းတစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်ဖြင့် ကျွန်တော်တို့မိသားစုလေးကို ဖူလုံအောင်ကြိုးပမ်းခဲ့ကြပါသည်။ကျွန်တော့်တွင် ညီငယ်နှစ်ဦးရှိပါသည်။ နယ်ဓလေ့အရ မိသားစု ချို့ချို့တဲ့တဲ့မဟုတ်သော်လည်း ပိုပိုလျှံလျှံတော့မရှိကြပါ။ ကျွန်တော်တို့ညီအစ်ကိုများမှာလည်း ငယ်သေးသည်မို့ ဝင်ငွေရရေးမဆိုထားဘိ ကျောင်းအားချိန်များတွင်လည်း မိဘများအား ထိထိရောက်ရောက် မကူညီနိုင်ကြပါ။ အခြားအခြားသော ဝင်ငွေများပြားသည့် မိသားစုများလောက် တောက်တောက်ပပသစ်သစ်လွင်လွင် မဝတ်စားနိုင်သော်လည်း သန့်ရှင်းသပ်ရပ်စွာဝတ်နိုင်ရန် မိဘနှစ်ပါး၏ ဆိုဆုံးမစကားများကိုမူ လိုက်နာနိုင်ကြပါသည်။ ပညာရေးကိုသာ အစွမ်းကုန်ကြိုးစားကြသည်။ သူတစ်ပါးကဲ့သို့ သစ်လွင်တောက်ပသော ခေတ်မီ အဝတ်အစားများကို မိဘများအား မပူဆာဝံ့ကြပါ။ မိဘများစိတ်ဆင်းရဲမည်ကို စိုးထိတ်ကြပါသည်။
မှတ်မှတ်ရရဆိုရလျှင် ကျွန်တော်ငါးတန်းရောက်သည့်နှစ်၊ အလတ်ကောင်ကတစ်တန်း၊ အငယ်ဆုံးက ပေါက်စနလေးရှိသေးချိန်တွင် သူငယ်ချင်းတစ်ဦးက အကြံပေးပါသည်။ “ကြက်မတစ်ကောင် နှစ်ကောင်လောက်မွေးထားပါလား၊ စားကြွင်းစားကျန်ကျွေးယုံနှင့် ပိုက်ဆံရနိုင်တာပေါ့ကွ”ဟူ၍ ဖြစ်သည်။ သူပေးသောအကြံကို ကျွန်တော်သဘောကျသည်။ အဖေထံခွင့်တောင်းတော့ အဖေကလည်းလက်ခံသည်။ ထို့ကြောင့် ကြက်မသုံးကောင်အား မုန့်ဖိုးထဲမှ ဝယ်လိုက်သည်။ ညီအစ်ကိုသုံးယောက်လုံး တစ်ယောက်တစ်ကောင်စီဟူသော စိတ်ကူးဖြင့်ဖြစ်သည်။ အိမ်မှထမင်းကျန်၊ ဆန်ကွဲများကျွေးယင်းဖြင့် ကြက်သားအုပ်မသုံးအုပ်ဖြစ်လာပါသည်။ ကြက်ပေါက်များကြီးပြင်းလာပြီး အချိန်တန်လျှင် ပြန်ရောင်းသည်။ ကျွန်တော်တို့ကလေးငယ်များ အတွက် မနည်းလွန်းသော ဝင်ငွေရရှိသည်။ ရသည့်ငွေအား အဖေကိုပေးသည့်အခါ အဖေကပြုံးပြီး ကျေနပ်နေသည်။
“သားတို့အဝတ်အစားဝယ်ဝတ်ဖို့ သိမ်းထားကြ၊ တကယ်ဆိုလျှင် သားတို့ကိုအဖေတို့က ဝယ်ပေးရမှာ၊ ဒါပေမယ့်ကိုယ့်ဝင်ငွေနှင့်ကိုယ်ဆိုတော့ အခြားအရေးကြီးတာတွေမှာ သုံးနေရတယ်။ အခုသားတို့နိုင်တဲ့ဝန်ကို သားတို့ကိုယ်တိုင်ထမ်းလိုက်ကြတယ်၊ အဖေ့ဝန်ထုတ် ဝန်ပိုးကို သားတို့ကူညီကြတာပဲပေါ့၊ အဖေတို့မိသားစုဟာ ကိုယ်နိုင်တဲ့ဝန်ထမ်းရင်းနဲ့ပိုပြီးပျော်ဖို့ ကောင်းတဲ့၊ ပိုပြီးစည်းလုံးညီညွတ်တဲ့မိသားစုလေး ဖြစ်သွားတာပေါ့ကွာ၊ မင်းတို့ယူတတ်ယင် တစ်ဘဝလုံးအတွက် သင်ခန်းစာပဲကွ”
ဖခင်ကြီးဆုံမစကားသည် အလွန်မှန်ကန်လှကြောင်း အရွယ်ရောက်လေ ပိုသိလေပင် ဖြစ်သည်။
ယခုကဲ့သို့ ရှည်ရှည်လျားလျား နိဒါန်းချီနေရခြင်းမှာ အခြားကြောင့်မဟုတ်ပါ။ လတ်တလောကာလများတွင် ပူဆာသံများကို ပို၍ပို၍ကြားလာရသောကြောင့် ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံသည် တိုင်းတစ်ပါးသားတို့၏ လက်အောက်တွင်လည်း နှစ်ပေါင်း များစွာ နေလာခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆယ်စုနှစ်များစွာတွင်လည်း ပြင်ပကမ္ဘာကြီး၏ ထိရောက်သော၊ အောင်မြင်သော တိုးတက်သည့်စီမံခန့်ခွဲမှုများနှင့် သွေဖည်နေခဲ့သဖြင့် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံဖြစ်သင့်လျက်နှင့် နောက်ကျကျန်ခဲ့ပါသည်။
လတ်တလောအချိန်တွင် နိုင်ငံတော်သမ္မတကြီးနှင့် အမြော်အမြင်ရှိသော ခေါင်းဆောင်ကြီးများ၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်များကြောင့် နိုင်ငံတကာ၏ သတင်း စာမျက်နှာတွင် အကောင်းဖက်မှ ထင်ပေါ်လာသည့်နိုင်ငံဖြစ်လာပါသည်။ အလွန်အမင်းများပြား လှသော လုပ်ငန်းများကြောင့် ချက်ချင်းလက်ငင်းခရီးပေါက်ရန်မှာမူ အလျင်လိုသူများအတွက် နှေးလွန်းသည်ဟု ထင်စရာပင်ဖြစ်နေပါသည်။ တိုးတက်ချင်ဇောနှင့်မို့ နားလည်ပေးနိုင်ဖွယ် ရှိပါသည်။
ယခင်က သတင်းဆိုလျှင် စိတ်မဝင်စားတတ်သူများပင် သတင်းချိန်ကို နားစွင့်မိသည် အထိ ပြောင်းလဲမှုများရှိနေသည်ကို လက်ခံရမည်သာပင်။ ကျွန်တော်ကိုယ်တိုင်လည်း သတင်းများကို ဂရုပြုစောင့်ကြည့်မိရာမှ ကျင်းပဆဲဖြစ်သော လွှတ်တော်များ၏ သတင်းများကိုလည်း စိတ်ဝင်စားလာပါသည်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးအချို့၏ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာအတွက် ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိဆိုသော မေးမြန်းသံများ ကြားရဖန်များလာသောအခါ ပူဆာသံများဟု မြင်လာမိသည်။ ထိုအခါ ကျွန်တော်တို့ငယ်ငယ်က ကြက်သားအုပ်မများမွေးလာခဲ့သည်ကို ပြန်တွေးမိလာခြင်း ဖြစ်ပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မမှိတ်မသုန်ရှေးရှုနေသော နိုင်ငံတော်ဦးဆောင်သူများ အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုစိတ်ရှိကြမည်ကို ယုံမှားသံသယရှိရန် မလိုအပ်ပါချေ။ ဟိုမှသည်မှသည် အဖက်ဖက်မှ လိုအပ်နေသဖြင့် အရေးကြီးသည့်အရာကို ဦးစားပေးနေရမည်မှာ မုချပင်ဖြစ်ပါသည်။ တစ်ခုခုပြောင်းလိုက်၍ တစ်နိုင်ငံလုံးကောင်းသွားမည့် အချက်မျိုး၊ အကြံမျိုး တင်ပြနိုင်လျှင် ပိုမိုကောင်းလေစွဟု “တ”နေမိပါသည်။ အမြော်အမြင်ကြီးမားသည့် ပြည်သူ့ကိုယ်စားလှယ်တော် ကြီးများအား ဆရာလုပ်ပြီး ဝေဖန်ရန် မဝံ့ပါ။ မိမိကသာ သတိရမိသည့်အရာသာဖြစ်ပါသည်။ “တ”မိသည့်အရာသာ ဖြစ်ပါသည်။
ဤနေရာတွင် ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများအား သတိရမိပါသည်။ INGO နှင့် NGO များက CBO (Community Based Organization) ဟု သုံးနှုန်းကြပါသည်။ ထိုအဖွဲ့များ ဖွံ့ဖြိုးတိုးတက် ခိုင်မာရန် လိုအပ်သည်ဟု မြင်ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးသည် အဖွဲ့အစည်းနှင့် ဆောင်ရွက်ရန် ဝန်မလေးသော၊ မူလအခြေခံအသိရှိပြီးဖြစ်ကြောင်းမှာ သိသာထင်ရှားပါသည်။ ရပ်ကွက်ကျေးရွာများတွင် သာရေးနာရေးအဖွဲ့များ၊ ဆွမ်းလောင်း အသင်းများ၊ ဝတ်အသင်းများ အစရှိသည့် အဖွဲ့အစည်းများသည် ပြည်သူအခြေပြု လူ့အဖွဲ့အစည်း များပင် မဟုတ်ပါလော။ ရည်ရွယ်ချက်မျိုးစုံဖြင့် ကွဲပြားကြစေကာမူ စုပေါင်းဆောင်ရွက်တတ်သည့် ဓလေ့နှင့် ကိုယ်ထူကို်ယ်ထ ကြိုးစားကြသည့် ထုံးစံတို့သည်ကား ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ရှိ CBO များ၏ အခြေခံလိုအပ်ချက်များပင် ဖြစ်ပါသည်။ စနစ်ကျနမှု၊ ခိုင်မာမှု၊ ကိုယ်စီအသိတရားရှိမှုတို့အပေါ်တွင် မူတည်ပြီး အောင်မြင်မှုအတိုင်းအတာများ ကွာခြားသွား မည်သာ ဖြစ်ပါသည်။
သာရေးနာရေးအသင်းဖွဲ့များအနေဖြင့် ရပ်ကွက်ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အဖွဲ့များအဖြစ်သို့ ဦးတည်ဆောင်ရွက်နိုင်လျှင်ကောင်းမွန်သော တိုးတက်မှုဟု ယူဆရပေမည်။ သာရေးနာရေးသာသနာရေးတွင် တက်ကြွစွာပါဝင်ပူးပေါင်းကြသည့်နည်းတူ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ကြပါက ရပ်ရွာအတွက် ပိုမကောင်းပါလော။ ရပ်ရွာများအားလုံးကောင်းပါက တစ်နိုင်ငံလုံးအတွက် အပေါင်းလက္ခဏာပင် ဖြစ်ပါသည်။
ထင်ရှားသော သာဓကတစ်ရပ်ကို ထပ်မံညွှန်းပြလိုပါသည်။ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းဒဏ်သင့်ခံဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ပြည်တွင်းပြည်ပမှ လူမှုရေးအဖွဲ့အစည်းများ INGO နှင့် NGO များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအဖို့ မကြုံစဖူးကြီးမားသော သဘာဝဘေးဒဏ်ကြီးဖြစ်ခဲ့သဖြင့် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ ကျေးလက်ဒေသအများအပြား အတိဒုက္ခရောက်ခဲ့ကြ ရသော်လည်း ယခုအခါ ပြန်လည်နိုးထလာနိုင်ပြီ ဖြစ်ပါသည်။
အရေးပေါ်ကယ်ဆယ်ရေးကာလနှင့် ပြန်လည်ထူထောင်ရေးကာလများတွင် ကျွန်တော်သည် INGO တစ်ခုနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့ဖူးပါသည်။ အဆိုပါ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကာလအတွင်း ပြည်သူများအား အသိပညာပေးခြင်းပါ လုပ်ကိုင်ခဲ့ကြပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိ်တ်အပိုင်းတစ်ခု မျှသာဖြစ်သော ရေရရှိရေးလုပ်ငန်းကို ပမာပြပါရစေ။
နာဂစ်ဒဏ်သင့်ဒေသအများစုသည် ရေကောင်းရေသန့်ရှားပါးသော ဒေသများပင် ဖြစ်ကြပါသည်။ မိုးတွင်းကာလ မိုးရေရရှိစုဆောင်းနိုင်လျှင် အဆင်ပြေသော်လည်း နွေကာလတွင် မြစ်ချောင်းများ ရေငန်ဝင်လာသဖြင့် ရေချိုရရှိရေးအတွက် နာရီပေါင်းများစွာ၊ လုပ်အားပေါင်းများစွာ အကုန်ခံပြီး ရေချိုရှိရာသို့ သွားရောက်ခပ်ယူသုံးစွဲကြရပါသည်။ ကျေးရွာများစွာတွင် မြေသားသောက်ရေကန်များ ရှိသော်လည်း မပြုမပြင်ထားသည်က များပါသည်။ အချို့ရွာများတွင်မူ မြေသားကန်ပင်မရှိ၊ အခြားရွာများသို့ သွားခပ်ကြရသည်။
ကျွန်တော်တို့အဖွဲ့မှ ရေကန်များတူးဖော်ပေးမည်၊ ထောက်ပံ့ပေးမည်ဆိုသောအခါ ရေကန်တူးရန်မြေအလှူရှင်များ များစွာပေါ်လာသည်။ တစ်ရွာတည်းတွင်ပင် မြေအလှူရှင် သုံးလေးဦးရှိသဖြင့် ကျွန်တော်တို့က ကြားဝင်ဆုံးဖြတ်ပေးရသည်များပင် ရှိပါသည်။ ကန်များ တူးဖော်တည်ဆောက်ရာတွင်လည်း ကျွန်တော်တို့က ဝိုင်းဝန်းစည်းရုံးပေးရုံသာ။ ရွာသားများ ကိုယ်တိုင် တူးဖော်တည်ဆောက်ကြခြင်း ဖြစ်ပါသည်။ သို့ဆိုလျှင် ယခင်ကမည်သည့်အတွက် မတည်ဆောက်ခဲ့ပါသနည်း။ သူတို့အားလုံးအတွက် အဓိကလိုအပ်ချက် ဖြစ်ပါလျက် စည်းရုံးပေးမည့်သူမရှိသဖြင့်သာ မတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။
ထိုကျေးရွာများတွင် သာရေးနာရေးလူမှုရေးအဖွဲ့များရှိ/မရှိ စူးစမ်းမိရာ နာဂစ် မတိုင်ခင်ကပင် ရှိကြကြောင်း သိရပါသည်။ သူတို့လိုအပ်ချက်ဖြစ်သော
သောက်သုံးရေကန်များ မည်သည့်အတွက် မတူးဖော်မိခဲ့ကြောင်းမေးမြန်းရာ ထိုစဉ်ကမြေလှူမည့်သူ၊ လုပ်အားပေး မည့်သူများ မရှိသောကြောင့်မဟုတ်မူဘဲ
မစုစည်းမိကြခြင်းသာ ဖြစ်နေသည်က များပါသည်။ နာဂစ်ကာလတွင် လူအများ၏အသက်ကို ကယ်ခဲ့သောမြေသားရေကန်များအကြောင်း ကြားမိမှ ပို၍အသိတရားရခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။
ကျွန်တော်ဆိုလိုချင်သည်ကို ရောက်ပါပြီ။ သာရေးနာရေးလူမှုအဖွဲ့အစည်းများသည် CBO ဟူသည့် ပြည်သူလူထုအခြေပြုအဖွဲ့များ ဖြစ်ပါသည်။ ယင်းတို့၏ ရည်မှန်းချက်ကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအထိပါ တိုးမြှင့်ပြီး စနစ်ကျနခိုင်မာစွာ စုစည်းနိုင်ခဲ့လျှင် ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ့်ဘာသာနိုင်သလောက် ဖွံ့ဖြိုးစေနိုင်မည်မှာ မုချပင်ဖြစ်ပါသည်။ မနိုင်ဝန်များကို ထမ်းရန်မဟုတ်ပါ။ နိုင်သမျှဝန်ကို ထမ်းရန်ဖြစ်ပါသည်။
တာဝန်အားလုံး အိမ်ထောင်ဦးစီးသာယူရမည်ဟု မည်သူမျှမမှတ်စေလို။ မိသားစု ဝင်အားလုံးနိုင်သမျှကို ဝိုင်းကြဝန်းကြခွဲယူစေကြစေခြင်းဖြင့် သာယာပျော်ရွှင်
ဖွယ်ကောင်းသော၊ စည်းလုံးညီညွတ်သော အိမ်ထောင်စုများ ဖြစ်လာကြစေလိုပါသည်။
ပူဆာနေရုံနှင့် မပြီး၊ တစ်နိုင်တစ်ပိုင်ဝန်ကို တာဝန်သိသိထမ်းမျှခြင်းဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကြီး ဖြစ်ရေးကို ပိုမိုခရီးသွက်စေနိုင်ပါကြောင်းကို
စေတနာရှေ့ထား ရေးသားလိုက်ရပါသည်။ ။

2 comments

Leave a Reply